Chapter 31
သူမကို မျက်စိကျနေတာလား ... သဝန်တိုနေမိတာလား ...
ညဘက်တွင် နန်းမြို့တော်မှ စစ်တပ်စခန်းကြီးက မီးရောင်များဖြင့် တောက်ပနေသည်။ ညဘက်ကင်းလှည့်နေသော စစ်သည်များကလည်း သတိလက်လွတ်မနေရဲကြပေ။
တဲကြီးတစ်ခုထဲမှ လူတစ်ယောက်ထွက်လာပြီး လက်နောက်ပစ်လျက် အကြောဆန့်ကာ အေးအေးလူလူဖြင့် လျှောက်လာနေသည်။ စစ်သည်များက သူတို့၏ မျက်လုံးထောင့်မှ ထိုလူ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသော်လည်း သူ့ကို မတားမြစ်ကြပေ။
ထိုလူက အပြာနုရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ အနည်းငယ် နူးညံ့သောမျက်နှာက ပညာရှိတစ်ယောက်ကဲ့သို့သော သွင်ပြင်လက္ခဏာမျိုးဖြစ်သည်။ သူက အလွန်အရပ်မရှည်၍ မသန်မာပုံပေါ်သော်လည်း အားနည်းသည့်ပုံစံမျိုးမဟုတ်ပေ။
သူက ဧရာမ လေ့ကျင့်ရေးကွင်းပြင်ကြီးနား ရောက်သည်အထိ ဦးတည်ရာမဲ့စွာ လျှောက်နေသည်။ နေ့အချိန်တွင် လေ့ကျင့်ရေးကွင်းပြင်က လူများစွာဖြင့် ထူထပ်နေတတ်သော်လည်း ဤညတွင်မူ ကွင်း၏ထောင့်လေးထောင့်တွင် မီးလင်းဖို လေးခုသာရှိသည်။ ထိုမီးလင်းဖိုလေးခုကြားမှ နေရာတွင် မှောင်မည်းနေသည်။
ထိုလူက မှောင်မည်းနေသော လေ့ကျင့်ရေးကွင်း၏ အလယ်တည့်တည့်တွင်ရပ်လိုက်ပြီး သူ မည်သည့်အရာကို ကြည့်နေသည်ကို ရှင်းလင်းစွာ မမြင်ရပေ။ ထိုနေရာတွင် ခဏရပ်နေပြီးနောက် ရှေ့တိုးကာ ရင်ပြင်၏ အနောက်ဘက်မှ စင်မြင့်ပေါ် တက်သွားသည်။ စင်မြင့်ပေါ်တွင် " ရွှယ်" ဟူသော နာမည်စာလုံး ရှိနေသည်။
ထိုလူက စင်မြင့်ပေါ် တက်သွားပြီး အဝေးကိုလှမ်းကြည့်လိုက်သည်။ စင်မြင့်က အနည်းငယ်မြင့်၍ ထိုနေရာတွင်ရပ်လိုက်သည်နှင့် အဝေးမှ အရာများကိုပါ မြင်နိုင်သည်။ သို့သော်လည်း စစ်တပ်စခန်းချရာ၏ အပြင်ဘက်တွင် မှောင်မည်းနေ၍ ထိုလူက မည်သည့်အရာကိုမှ မမြင်ရပေ။
" နယ်စားမင်းကျန့်ကျန်းကိုကြည့်ရတာ တော်တော်ငြိမ်းချမ်းနေတာပဲ ..."
တစ်စုံတစ်ယောက်က ရုတ်တရက်ပြောလိုက်သော်လည်း ထိုလူက လန့်သွားရမည့်အစား ရွှယ်ဟုန်ယန်ကိုကြည့်လိုက်သည်။
" ဒုတိယအစ်ကိုတော် ..."
ရွှယ်ဟုန်ယန်ပြောလိုက်သည်။
" ငါကြားတာတော့ မင်း ညစာကိုတောင် မထိဘူးဆို ... ငါ့တပ်ထဲမှာ မင်းကြိုက်တဲ့စားစရာမရှိတာ စိတ်မကောင်းပါဘူး... မနက်ဖြန် နန်းတော်ထဲရောက်ရင်တော့ အရှင်မင်းကြီးက မင်းကို ကြိုဆိုဖို့ စားသောက်ပွဲကြီး ပြင်ထားမှာပါ ..."
" အဲ့လိုမဟုတ်ပါဘူး အစ်ကိုတော်ရဲ့ ..."
သူက နှိမ့်ချစွာပြောလိုက်သည်။
" ကျွန်တော်က ဗုဒ္ဓရဲ့ အဆုံးအမတွေကို နာခံပြီး အသီးအရွက်ပဲ စားနေခဲ့တာ နှစ်ပေါင်းများစွာကြာပြီမို့ပါ ..."
ရွှယ်ဟုန်ယန် ခေါင်းငြိမ့်ပြလိုက်သည်။
" ဒါဆိုရင် နန်းတော်က လူတွေကို မင်းအတွက် အသီးအရွက်ဟင်းပွဲတွေ ပြင်ခိုင်းထားလိုက်မယ် ..."
" ကျေးဇူးတင်ပါတယ် ..."
ညဘက်က အလွန်တိတ်ဆိတ်အေးချမ်းနေပြီး ရွှယ်ယွီကလည်း သူနှင့် ပွင့်ပွင့်လင်းလင်းသာ စကားစမြည်ပြောနေသည်။ ရွှယ်ယွီ၏ပုံစံက မာန်မာနထောင်လွှားနေပုံမရပေ။ သို့ရာတွင်သူက ထောင်နှင့်ချီသောစစ်သားများကို ခေါ်ဆောင်လာ၍ ရွှယ်ဟုန်ယန်က သံသယဝင်နေမိသည်။ ထို့အပြင် ရွှယ်ယွီထံတွင် သူမည်သည့်နေရာသွားသွား နောက်မှလိုက်နေသည့် လန့်ကျင်းဟူသော လက်ထောက်တစ်ယောက်ရှိနေသည်။
လန့်ကျင်းက ကျွမ်းကျင်စွာလေ့ကျင့်ထားသည့် သိုင်းပညာရှင်ဖြစ်သည်ကို ရွှယ်ဟုန်ယန်သေချာသိသည်။ ထိုလူက အမြဲတမ်း မျက်နှာသေဖြင့် စကားပြောတတ်ပြီး ရွှယ်ယွီ၏ စကားကိုသာ နားထောင်သည်။
နောက်တစ်နေ့တွင် ရွှယ်ယွီက သူ့စစ်သည်များကို စခန်းတွင်သာ နေခဲ့ခိုင်းလိုက်ပြီး ရွှယ်ဟုန်ယန်၏ လိုက်ပါပို့ဆောင်မှုဖြင့် သူနှင့်လန့်ကျင်းနှစ်ယောက်သာ နန်းတော်ထဲ ဝင်ခဲ့ကြသည်။
—
ရွှယ်ကျွင်းလျန် အိပ်ရာနိုးလာသည့်အခါ ဧကရီက အိပ်ချင်ယောင်ဆောင်နေသည်ကို မြင်လိုက်ရသည်။ သူမက သူ့ကိုကျောပေးထားပြီး ဂွမ်းကပ်အောက်တွင် မြုပ်နေပြီး သူမကိုယ်သူမ အသက်ရှုကြပ်သေအောင် ကြံစည်နေသကဲ့သို့ဖြစ်နေသည်။
ကျန်းယွီကို ကိုယ်လက်သန့်စင်ရန်နှင့် အဝတ်အစားသစ်များ လဲလှယ်ရန်ခေါ်လိုက်ပြီး တမင်တကာပြောလိုက်သည်။
" ဧကရီက မနေ့ညတုန်းက တော်တော်ပင်ပန်းသွားတယ် သူမကို မနှိုးပါနဲ့ ကြာကြာအိပ်ပါစေ ..."
ကျန်းယွီ သူပြောသည်ကို တသွေမတိမ်းလိုက်နာလိုက်သည်။ ဧကရီမနိုးလာစေရန် သူ၏ အမူအယာနှင့် စကားပြောသံများကို တိတ်ဆိတ်ညင်သာစွာ ဆောင်ရွက်လိုက်သည်။
ထန့်ယွင်က ထိုအချိန်တွင် အိပ်ရာနိုးနေပြီဖြစ်သည်။ ရွှယ်ကျွင်းလျန်၏ စကားများကို ကြားလိုက်ရသည့်အခါ သူ့သွားများကို အမှုန့်ဖြစ်မတတ် ဖိကြိတ်ထားလိုက်မိသည်။ ယမန်နေ့ညက ရွှယ်ကျွင်းလျန်ကို ကူညီဖြေလျှော့ပေးရန်အတွက် တွန်အားပေးခံခဲ့ရသည်။ ညတစ်ညလုံး သူအိပ်မပျော်နိုင်ခဲ့ပဲ လက်များလည်း မီးတောက်နေသကဲ့သို့ ခံစားနေရသညိ။
ထန့်ယွင်က နှစ်ပေါင်းများစွာကြာသည်အထိ သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်းနေခဲ့ပြီး မည်သူနှင့်မှလည်း ချစ်ကြိုက်ခဲ့ဖူးပေ။ တစ်စုံတစ်ယောက်က သူ့ကိုယ်သူ ဖြေလျှော့နေခြင်းကို ကူညီပေးရလိမ့်မည်ဟုလည်း မထင်ခဲ့မိပေ။ ထန့်ယွင်က စိတ်ဓာတ်မာကျောသည့် စစ်သူကြီးတစ်ယောက်ဖြစ်၍ စစ်မြေပြင်တွင် အသက်ပေးရမည်ကို မကြောက်ရွံ့သော်လည်း ယခုနောက်ပိုင်းတွင်မူ ရွှယ်ကျွင်းလျန်၏ အရှက်မဲ့မှုများကို ကြောက်လာမိသည်။
မနက်ခင်းညီလာခံကျင်းပချိန်တွင် ရွှယ်ကျွင်းလျန်က ရွှယ်ယွီကို သူ၏အချစ်ဆုံးညီငယ်လေးတစ်ယောက်ကဲ့သို့ နွေးထွေးစွာကြိုဆိုခဲ့သည်။ ညီလာခံပြီးချိန်တွင် ရွှယ်ယွီအတွက် ကျင်းပပေးသော စားပွဲသောက်ပွဲတွင် မှူးမတ်များအားလုံး တက်ရောက်ရန် ဖိတ်ကြားလိုက်သည်။
ရှို့ယောင်က ဧကရီကိုကူညီ၍ ကိုယ်လက်သန့်စင်ပေးလိုက်ပြီး ရွှယ်ဝမ်ချီးမြင့်ထားသည့် အဝတ်အစားများကို အံ့ဆွဲထဲ ဂရုတစိုက် ခေါက်ထည့်ထားလိုက်သည်။ ထို့နောက် ဧကရီ့ကို ပြောလိုက်သည်။
" အရှင်မ ဒီဝတ်စုံကို နောက်တစ်ခါ ထပ်ဝတ်ချင် ဝတ်လို့ရအောင်ပါ ..."
နေ့မွန်းတည့်ချိန် ရောက်နေပြီဖြစ်ပြီး ရွှယ်ကျွင်းလျန်က ကျန်းယွီကိုလွှတ်၍ ဧကရီကို စားသောက်ပွဲကြီးကို ဖိတ်ကြားလိုက်သည်။ ဤပွဲက မိသားစုဝင်တစ်ယောက်ကို ကြိုဆိုသည့်ပွဲဖြစ်၍ ဧကရီနှင့် အိမ်ရှေ့စံမင်းသားက မဖြစ်မနေ တက်ရောက်ရမည်ဖြစ်သည်။
ကျန်းယွီက စားသောက်ပွဲကျင်းပမည့် ပန်းဥယျာဉ်ထဲသို့ ထန့်ယွင်ကို ဦးဆောင်ခေါ်သွားသည်။ စင်္ကြန်တစ်ခုကို ဖြတ်သွားပြီးသည့်အခါ တစ်ဖက်မှနေ၍ ပန်းဥယျာဉ်ထဲသို့ ဝင်လာသော နယ်စားမင်းကျန့်ကျန်းနှင့် ဆုံမိကြသည်။
ရွှယ်ယွီမှာ ဧကရီကို မြင်လိုက်ရချိန်တွင် အံ့အားသင့်သွားပြီးနောက် နှုတ်ဆက်လိုက်သည်။
" ချန်တိ မရီးတော်ကို ဂါရဝပြုပါတယ် ..."
မူလက ထန့်ယွင်မှာ ဤလူကို မမှတ်မိပေ။ သို့ရာတွင် သူ၏နှုတ်ဆက်လိုက်ပုံအရ နယ်စားမင်းကျန့်ကျန်းဖြစ်လိမ့်မည်ဟု ထင်လိုက်သည်။
31.2
ဂါရဝပြုခြင်းကို လက်ခံလိုက်ပြီးနောက် ထန့်ယွင်က နယ်စားမင်းနှင့် ကြာကြာစကားမပြောတော့ပေ။ သူ ရှေ့သို့ လျှောက်သွားမည်အပြုတွင် ရွှယ်ယွီက တားမြစ်လိုက်သည်။ ရွှယ်ယွီက တစ်ခုခုပြောစရာရှိ၍ သူ့ကို တားလိုက်သည်ဟု ထင်သော်လည်း သူ့နားရွက်မှ အမာရွတ်ကို လာထိမည်ဟု မထင်လိုက်ပေ။
ရွှယ်ယွီ၏ အပြုအမူကြောင့် ကျန်းယွီ လန့်သွားရသည်။ နယ်စားမင်းကျန့်ကျန်း၏ အပြုအမူကို သတိထားရန် ပြောမည်အပြုတွင် စင်္ကြန်လမ်းတစ်ဖက်မှ လာနေသည့် လူအုပ်စုကို လှမ်းမြင်လိုက်ရသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ရွှေရောင်အနားကွပ်ဖြင့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းပုတီးသရဖူကို ဆောင်းထားသည်။
ရွှယ်ယွီက လုပ်ရိုးလုပ်စဉ်ကိစ္စတစ်ခုကို လုပ်လိုက်သကဲ့သို့ အေးအေးဆေးဆေးပင် လက်ပြန်ရုတ်လိုက်သည်။
ရွှယ်ကျွင်းလျန်၏မျက်နှာတွင် အပြုံးဖျော့ဖျော့တစ်ခုရှိနေပြီး သူ့ပုံစံက အနည်းငယ်မျှပင် ဒေါသထွက်နေသည့်ပုံမပေါ်ပေ။
ဤအခြေအနေကို မြင်လိုက်သူတိုင်း၏ ရင်ထဲတွင် ကြောက်လန့်မှုကြောင့် တုန်လှုပ်နေကြသည်။ သူတို့အားလုံး ဒူးထောက်လိုက်ကြပြီး ' မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ ' ဟု ကြွေးကြော်ကုန်ကြသည်။
ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို ထူပေးလိုက်ကာ ပြုံးပြလိုက်သည်။
" ကိုယ်တော်က မင်းကို စောင့်နေတာ ... ဒါပေမဲ့ မင်းတို့တစ်ယောက်နဲ့တစ်ယောက် ဆုံပြီးပြီဆိုတော့ အတိတ်က အကြောင်းတွေ ပြန်အမှတ်ရလောက်ရောပေါ့..."
ရွှယ်ယွီက ဒူးထောက်လျက်နှင့် ပြန်ဖြေလိုက်သည်။
" မင်းကြီးကို ပြန်ဖြေကြားပါတယ် ... ချန်တိက နန်းမြို့တော်ကို မရောက်တာ ကြာပြီဆိုတော့ ကိစ္စတော်တော်များများကို မသိတော့ပါဘူး ..."
ရွှယ်ကျွင်းလျန်၏လေသံက ဘာဖြစ်နေသည်ကို ခန့်မှန်း မရနိုင်ပေ။
" အိုး ဟုတ်လား ... ဒါဆိုရင် နောက်မှ ကိုယ်တော့်ဆီလာပါဦး အတိတ်အကြောင်းတွေ ပြောကြတာပေါ့ ..."
ထို့နောက် အားလုံးကို မတ်တပ်ရပ်ခွင့်ပြုလိုက်ပြီး ပန်းဥယျာဉ်မြို့တော်ဆီသို့ ဦးတည်သွားလိုက်သည်။
" စားသောက်ပွဲကျင်းပရာနေရာတွင် ညီလာခံ အမတ်များက မင်းကြီးနှင့် ဆွေတော်မျိုးတော်များရောက်လာမည့်အချိန်ကို တရိုတသေ စောင့်ဆိုင်းနေကြသည်။
ရွှယ်ကျွင်းလျန်က စကားအနည်းငယ် မိန့်ကြားပြီးနောက် အဆိုအကပညာရှင်များကို စတင်ခွင့်ပြုလိုက်သည်။ ရွှယ်ဝမ်နှင့် ဧကရီက အမြင့်ဆုံးခုံတွင် ထိုင်ကြသည်။ ရွှယ်ဟုန်ယန်က ဒုတိယအမြင့်ဆုံးနေရာတွင်ထိုင်ပြီး ရွှယ်ယွီက သူ့အောက် တစ်ဆင့်နိမ့်သော နေရာတွင်ထိုင်သည်။ တော်ဝင်မိသားစုထဲတွင်သာမက ရာထူးရာခံအတိုင်းဆိုလျှင်ပင် ရွှယ်ယွီ၏ အနေအထားက ရွှယ်ဟုန်ယန် ( နယ်စားမင်း ဝမ်နျန် )လောက် မမြင့်ပေ။ သူတို့ကို ပေးအပ်ထားသော ဘွဲ့အရဆိုလျှင်ပင် မည်သူ့ကို ရွှယ်ဝမ်က ပိုယုံကြည်ကြောင်း ထင်ရှားလှသည်။
[T/N : ဝမ်နျန်ဆိုတဲ့ အဓိပ္ပါယ်က 'နှစ်တစ်သောင်း' ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး ကျန့်ကျန်းဆိုတဲ့နာမည်က 'နယ်စပ်သို့စေလွှတ်ခြင်း' လို့ ဆိုလိုပါတယ် ... ဝမ်နျန်ဆိုတဲ့နာမည်က ဆုတောင်းစာ (သို့) ကောင်းချီးပေးခံရခြင်း လို့ သဘောသက်ရောက်ပေမယ့် ကျန့်ကျန်းဆိုတဲ့နာမည်ကတော့ ဖြစ်ရပ်တစ်ခုကို ပြောပြနေတဲ့ပုံစံသာသာပဲ ဖြစ်နေပါတယ် ]
ရွှယ်ယွီက သင့်တင့်လျောက်ပတ်စွာသာ ဝတ်စားထားပြီး အလွန်အမင်း မျက်စိစပါးမွှေးစူးစရာ ဖြစ်မနေပေ။ သူ၏ အပြုအမူက နူးညံ့ညင်သာ၍ ယဉ်ကျေးမှုရှိကာ အကျင့်စရိုက်ကလည်း ရိုးသား၍ ကြင်နာမှုရှိသည်။ သူ့မျက်နှာထက်တွင် အပြုံးတစ်ပွင့်ကို အမြဲတမ်းဆင်မြန်းထားသော်လည်း ရံဖန်ရံခါတွင် သူ၏အကြည့်က အမြင့်ဆုံးထိုင်ခုံနေရာများသို့ ရောက်သွားသည်။
သူ ကြည့်နေသည်မှာ သေချာပေါက် ရွှယ်ကျွင်းလျန်မဟုတ်ပေ။ သူက ထန့်ယွင်ကို ကြည့်နေခြင်းသာဖြစ်သည်။
ညီလာခံအမတ်များအားလုံးကလည်း သူ၏ အပြုအမူကို သတိထားမိကြသည်။ သူတို့အားလုံးက ရွှယ်ယွီ ကြည့်နေသူကို သတိပြုမိကြသော်လည်း ဘာမှမသိသကဲ့သို့ ဟန်ဆောင်နေကြသည်။
ရွှယ်ကျွင်းလျန်က ယနေ့တွင်မှ အထူးတလည်ပင် ကြင်နာတတ်သော လူတစ်ယောက်ဖြစ်နေသည်။ သူက ထန့်ယွင်နှင့်စကားပြောဆိုရာတွင် စီးဆင်းနေသောရေကဲ့သို့ ချောမွေ့နေသည်။ ထန့်ယွင်က လက်ပင်မြှောက်လိုက်စရာ မလိုပဲ သူလိုအပ်သည့် ဟင်းပွဲများကို ရွှယ်ကျွင်းလျန်ကိုယ်တိုင် ထည့်ပေးနေကာ သောက်စရာများလည်း ဖြည့်ပေးနေသည်။ သူတို့နှစ်ယောက်၏ပုံစံက အလွန်ချစ်ခင်ကြသော ဇနီးမောင်နှံနှစ်ယောက်၏ ပြီးပြည့်စုံသော ပုံရိပ်ကဲ့သို့ ဖြစ်နေသည်။
သူတို့နောက်တွင် ရပ်နေသည့် ကျန်းယွီနှင့် ရှို့ယောင်က ကြည့်မနေနိုင်တော့ပေ။ ရှို့ယောင်မှာ ခိုးကြောင်ခိုးဝှက်ဖြင့် ချွေးသုတ်နေရသည်။ မင်းကြီးက ဧကရီကို ကောင်းမွန်စွာဆက်ဆံနေသည့်အတွက် သူမ ပျော်ရွှင်ရသော်လည်း ဧကရီ့ကို ထိုကိစ္စများ သူကိုယ်တိုင် မလုပ်ပေးရန် ဆုတောင်းနေမိသည်။ ဟင်းလျာများ တည်ခင်းပြီး သောက်စရာများထည့်ပေးရခြင်းက အစေခံများ၏တာဝန်ဖြစ်သည်။ သူတို့က အနောက်ပိုင်းတွင် ဘာမှမလုပ်ပဲ ရပ်နေရပြီး အရှင်မင်းကြီးက ထိုအလုပ်များကို ကိုယ်တိုင်လုပ်နေသည့်အတွက် အစေခံများအားလုံး မနေတတ်တော့ပေ။
ထန့်ယွင်က သူနှင့်မနီးမဝေးတွင် ထိုင်နေသော ရွှယ်ယွီကို လှမ်းကြည့်လိုက်သည်။ ဧကရီ့အပေါ် ရွှယ်ယွီ၏ ခံစားချက်များက မစစ်မှန်ဟု သူ ထင်နေမိသည်။ အဘယ့်ကြောင့်ဆိုသော် ရွှယ်ယွီက ဧကရီ့ကိုအမှန်တကယ် ချစ်မြတ်နိုးပါက သူမ တစ်စုံတစ်ယောက်ကို လက်ထပ်လိုက်သည်ကို လက်ခံလိုက်ပြီး အချိန်ကြာမြင့်မှ သူမကိုတွေ့ရန်အတွက် နန်းမြို့တော်သို့ ရောက်လာမည်မဟုတ်ပေ။
ရွှယ်ကျွင်းလျန်က ထန့်တိုင်းပြည်နှင့်တိုက်ခိုက်ရန်အတွက် သူ၏ စစ်တပ်ကို နယ်စပ်တွင် နေရာချထားသည်။ ယခုအချိန်တွင် ထန့်တိုင်းပြည်က နှိမ်နင်းခံလိုက်ရသော်လည်း ရွှယ်တိုင်းပြည်အတွင်းတွင် စစ်သည်အင်အားလျော့နည်းသွားပြီး စစ်သည်များကလည်း စစ်ပွဲပြီးဆုံးသည့်နောက်တွင် ပြန်လည်နားလန်ထူရန် လိုအပ်နေသည်။ ရွှယ်ယွီက ဤအချိန်တွင်မှ နန်းမြို့တော်ကို ပြန်ရောက်လာသည့်အတွက် သူ့ထံတွင် မရိုးသားမှုများ ရှိနေနိုင်သည်။
ထန့်ယွင်က ရွှယ်ကျွင်းလျန်နှင့် ရွှယ်ယွီတို့အကြားမှပြဿနာတွင် ဝင်မပါလိုပေ။ သို့ရာတွင် ထန့်ယွင်က ယခုလက်ရှိအချိန်တွင် ရွှယ်တိုင်းပြည်၏ ကာကွယ်မှုအောက်တွင် နေထိုင်ရသော ဖုန့်တိုင်းပြည်၏ မင်းသမီးဖြစ်နေသည်။ သို့ဖြစ်၍ ရွှယ်ကျွင်းလျန်နှင့် ရွှယ်ယွီတို့၏ အရှုပ်အထွေးကြားထဲသို့ အလိုလို ရောက်ပြီးသားဖြစ်နေသည်။
သုံးခွက်ခန့် သောက်ပြီးချိန်တွင် ထန့်ယွင်က ထိုလူနှစ်ယောက်၏ အပြုံးတုများကို ကြည့်နေရခြင်းကို ပင်ပန်းလာသည်။ ရွှယ်ကျွင်းလျန်က သူမကို မေးသည့်အခါ ပြန်ခွင့်ပြုရန် တောင်းဆိုလိုက်သည်။
ရွှယ်ကျွင်းလျန်က စိတ်ဆိုးရမည့်အစား ပြုံးပြကာ နောက်ပြောင်ကျီစယ်သော လေသံဖြင့်ပြောလိုက်သည်။
" မနေ့ညက တော်တော်ပင်ပန်းသွားတယ်ထင်တယ် ... ကိုယ်တော် တောင်းပန်ပါတယ် ..."
ထန့်ယွင်က ချက်ချင်းပင် ယမန်နေ့ညက ကိစ္စကို တွေးမိသွားသည်။ သူ့မျက်နှာကို ရေနွေးပူဖြင့် ပက်လိုက်သကဲ့သို့ ပူထူလာပြီး လက်များလည်း လောင်ကျွမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ စကားအနည်းငယ်ပြောပြီးနောက် ရှို့ယောင်နှင့်အတူ နန်းဆောင်သို့ ပြန်လာခဲ့လိုက်သည်။
သူ ဝိုင်အနည်းငယ် သောက်လာခဲ့မိ၍ ရီဝေဝေ ဖြစ်နေသည်။ ထန့်ယွင်၏ အရက်ကိုခံနိုင်ရည်စွမ်းအားက မြင့်သော်လည်း ဤခန္ဓာကိုယ်က အလွန်အားနည်းလှ၍ ခေါင်းကိုက်ပြီး မသက်မသာဖြစ်လာသည်။
ထန့်ယွင်က နန်းဆောင်သို့ ချက်ချင်းမပြန်သွားပဲဥယျာဉ်ငယ်လေးနားတွင် လမ်းလျှောက်နေလိုက်သည်။ ရာသီဥတုက အေးလာပြီဖြစ်၍ ညဘက်တွင် လေအေးများတိုက်ခတ်နေ၍ အလွန်လန်းဆန်းစေသည်။
ရှို့ယောင်ပြောလိုက်သည်။
" ဧကရီ ပြန်ကြရအောင်ပါ ... ဒီမှာ တော်တော်အေးတော့ အအေးမိသွားနိုင်တယ် ..."
ထန့်ယွင်က သဘောတူလိုက်သော်လည်း မလှုပ်ရှားနိုင်ဖြစ်နေသည်။ သူ၏ခေါင်းကိုက်မှုက လေအေးများတိုက်ခတ်နေခြင်းကြောင့်သာ အနည်းငယ် သက်သာလာခြင်းဖြစ်သည်။ စစ်တန်းလျားတွင်နေစဉ်က ဤကဲ့သို့ အသေးအဖွဲ့ကိစ္စများကို အာရုံမစိုက်နေပေ။ စစ်တန်းလျားမှ အခြေအနေက အမြဲတစေ ကောင်းမွန်မနေပေ။ ထန့်ယွင်သည်ပင် စစ်သည်များနှင့်အတူစားသောက်နေထိုင်ရသည်။ နန်းတွင်းညီလာခံက စစ်တပ်ကို ထောက်ပံ့ရန်အတွက်ဆိုလျှင် အမြဲတစေ ယောင်ခြောက်ဆယ်လုပ်နေ၍ အထောက်အပံ့ရိက္ခာများက အမြဲမလောက်မငှဖြစ်နေသည်။ စစ်သည်များက ရာသီဥတုပြင်းထန်သော ကိစ္စများကိုပင် နေသားကျအောင် သင်ယူထားရသည်။
အေးစိမ့်စိမ့်လေကြောင့် အတိတ်ကို လွမ်းဆွတ်သတိရမိပြီး ရုတ်တရက် ပူဆွေးလာမိသည်။ ရွှယ်တိုင်းပြည်၏ ချောင်ပိတ်တိုက်ခိုက်ခြင်းခံခဲ့ရစဉ်က စစ်ပွဲတွင် မတော်တဆ အဖမ်းခံခဲ့ရပြီး သူ့ကိုယ်သူ မကာကွယ်နိုင်ခဲ့ပေ။ ထို့အပြင် သူ ထန့်ရှန်ကို မတွေ့ရသည်မှာ လဝက်ခန့်ကြာမြင့်ပြီဖြစ်သည်။
ထန့်ရှန်က အမျိုးသားတစ်ယောက်ဖြစ်၍ အတွင်းဘက်နန်းဆောင်များကို မကြာခဏ လာခွင့်မရှိပေ။
xxxxx