Chapter 40
ရွှယ်ယွီက သူ့မြင်းကို ခြေလှမ်းစိပ်စိပ်သာလှမ်းစေပြီး ထန့်ရှန်၏အရှိန်နှင့်လိုက်မှီအောင် တမင်လုပ်လိုက်သည်။
ထို့နောက်ပြုံးလျက်နှင့် ပြောလိုက်သည်။
" ခရီးစဉ်က တော်တော်ရှည်မှာ... အမတ်ထန့် အပင်ပန်းခံနိုင်ပါ့မလား ဒါမှမဟုတ် ခဏလောက်နားချင်သေးလား..."
ထန့်ရှန်ပြောလိုက်သည်။
" ဒီခရီးရှည်ကြီးကို ကျွန်တော်မျှော်လင့်နေခဲ့တာမို့လို့ ပင်ပန်းတယ်မထင်ပါဘူး..."
" အရှင်အမတ်မင်းက တစ်ခုခုတော့မှားနေသလိုပဲ... တကယ်ဆို လိုချင်တာအားလုံးရနိုင်ပြီး လုံခြုံတဲ့ နန်းမြို့တော်မှာပဲ နေသင့်တယ်... ကိုယ့်ရဲ့စည်းမျဉ်းစည်းကမ်းတွေကိုစွဲကိုင်ထားပြီး ဒီလိုအဆင်မပြေတဲ့အလုပ်မျိုးကို အတင်းအကြပ် မလုပ်သင့်ဘူး..."
နောက်ဆုံးတွင် ထန့်ရှန်က ရွှယ်ယွီဘက်သို့လှည့်လာသည်။
" နယ်စားမင်းကျန့်ကျန်းက အကြံပေးနေတယ်ဆိုတာ ကျွန်တော်သိပါတယ် ဒါပေမဲ့ အဲ့စကားတွေကို နယ်စားမင်းကို ပြန်ပြောရမယ်ဆိုရင်ရော ..."
ထန့်ရှန် ခဏရပ်လိုက်ပြီးနောက် ပြုံးပြလိုက်သည်။
" အရှင်က စစ်သူကြီးချုပ်အဖြစ်နဲ့ပဲ အလိုရှိတာ အားလုံးရနိုင်တဲ့ နယ်စပ်မှာပဲ သက်တောင့်သက်သာနေသင့်တာလေ... ဘာလို့ ဒီတာဝန်ကို ထမ်းဆောင်ရတာလဲ..."
ရွှယ်ယွီ၏ အမူအယာက အနည်းငယ်ပြောင်းလဲသွားပြီးနောက် သူ၏ ညင်သာကျက်သရေရှိသောပုံစံ ပြန်ဖြစ်သွားသည်။
" အမတ်ထန့်ကို မတွေ့ရတာ နှစ်ပေါင်းတော်တော်ကြာခဲ့တာတောင်မှ စကားလုံးတွေက ပြင်းထန်နေတုန်းပဲ... ထန့်တိုင်းပြည်က အမတ်ထန့်က သဘောထားကြီးပြီး ကြင်နာတယ်လို့ကြားဖူးပေမယ့် ကျွန်တော်နဲ့ စကားပြောရင်တော့ အရမ်း ရင့်သီးတာပဲ..."
ထန့်ရှန် ပြောလိုက်သည်။
" ကျွန်တော်က အရှင်နယ်စားမင်းကို အဲ့လိုပြောဖို့ မရည်ရွယ်ပါဘူး..."
ထို့နောက် ရွှယ်ယွီကိုကြည့်လိုက်သည့်အခါ သူ့မျက်ဝန်းထဲတွင် အောင်နိုင်သူကဲ့သို့သော အရိပ်အမြွက်များ ဖြတ်ပြေးသွားသည်ကို တွေ့လိုက်ရသည်။ သူက ပြုံးလျက်နှင့် ဆက်ပြောလိုက်သည်။
" အရှင်နယ်စားမင်းကသာ ကျွန်တော့်ကို မုန်လာဥ နဲ့တုတ်ချောင်းတစ်ချောင်း မပေးခဲ့ဘူးဆိုရင် ကျွန်တော်က စကားကို ပြင်းပြင်ထန်ထန် ပြောစရာမလိုပါဘူး..."
" ဘာကိုဆိုလိုတာလဲ ကျွန်တော်နားမလည်ဘူး..."
ရွှယ်ယွီပြောလိုက်သည်။
" အရှင်နယ်စားမင်း နန်းမြို့တော်ကို ရောက်မလာခင် ဧကရီကို လုပ်ကြံဖို့ကြိုးစားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရွှယ်ဝမ်က ကျွန်တော့်ကိုစုံစမ်းဖို့ အမိန့်ပေးခဲ့တယ်..."
" အိုး... ဧကရီက အတိုက်ခိုက်ခံခဲ့ရတာပေါ့... လက်သည်ကိုရှာတွေ့ပြီလား..."
ရွှယ်ယွီ အံ့ဩသွားသည်။
ထန့်ရှန် ပြောလိုက်သည်။
" အရှင်နယ်စားမင်းနဲ့ မတွေ့ခင်က ကျွန်တော် သဲလွန်စ ရှာမရခဲ့ပါဘူး... ဒါပေမဲ့ အဲ့နေ့က လက်ဖက်ရည်တူတူသောက်ပြီးတဲ့နောက်ပိုင်း အဲ့ကိစ္စရဲ့ အောက်ခြေအထိ သိသွားခဲ့တယ် ..."
" အိုး..."
ရွှယ်ယွီက သူနှင့်ဘေးချင်းယှဉ်လျက် မြင်းစီးနေသည့်အပြင် အနည်းငယ်မှ စိတ်မတည်မငြိမ်ဖြစ်နေပုံမရသည်ကို ထန့်ရှန်တွေ့လိုက်ရသည်။ သူ ဖြည်းညှင်းစွာပြောလိုက်သည်။
" လုပ်ကြံသူတွေက ထန့်တိုင်းပြည်က လူတွေဆိုတာ မှန်ပါတယ်... ဒါပေမဲ့ ကျွန်တော့်ရဲ့အရင် လက်အောက်ငယ်သားတွေ မဟုတ်ဘူး... သူတို့ကို ပထမဆုံးစစ်မေးတုန်းက ဖုန့်ဝမ်က လွှတ်လိုက်တယ်လို့ပြောပေမယ့်... နောက်တစ်ကြိမ်မှာ ဝန်ခံတော့ ကျွန်တော်က လွှတ်လိုက်တယ်ဆိုပြီးပြောကြတယ်... သူတို့က ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်ချင်နေကြတာ... သူတို့က ဖုန့်ဝမ်ကို ဒေါသထွက်စေချင်တဲ့အပြင် တစ်ချိန်တည်းမှာ ဆူးညှောင့်ခလုတ်ဖြစ်တဲ့ ကျွန်တော့်ကိုပါ ရှင်းပစ်ချင်နေကြတာ...ဒါပေမဲ့ ရွှယ်ဝမ်က ဒီကိစ္စကို ကျွန်တော့်ကို လက်လွှဲပေးလိုက်မယ်လို့ အရှင်နယ်စားမင်း မထင်ခဲ့ဘူမလား..."
" ကျွန်တော်လား..."
ရွှယ်ယွီ လုံးလုံးလျားလျား အံ့ဩသွားမိသည်။
" ဒါပေမဲ့နေပါဦး... ဘာလို့ ကျွန်တော့်ကို သံသယဝင်နေတာလဲ... ဧကရီကို လုပ်ကြံဖို့ကြိုးစားတယ်ဆိုတာ ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုကြီးပဲ... ကျွန်တော်က အဲ့လိုလုပ်စရာအကြောင်းလည်း မရှိဘူးလေ... ပြီးတော့ ဧကရီနဲ့ ကျွန်တော်က အရင်တုန်းက ခံစားချက်တွေ ရှိခဲ့ဖူးတယ်ဆိုပြီး နန်းတွင်းထဲက လူတွေပြောပြောနေကြတာ ကြားဖူးမှာပေါ့... ဘာလို့ သူမကို အန္တရာယ်ပြုရမှာလဲ..."
ထန့်ရှန် ရယ်မောကာ ပြောလိုက်သည်။
" အမြင်စူးရှတဲ့လူတွေကို လိမ်ပြောနေစရာမလိုပါဘူး... ကျွန်တော်တို့ ပထမဆုံးအကြိမ် တွေ့တဲ့နှစ်ကတည်းက အရှင်က နယ်စားမင်းကျန့်ကျန်း ဖြစ်နေပြီလေ... နယ်စားမင်းတစ်ယောက်က သူ့ကို ခန့်အပ်ထားတဲ့နေရာကနေ ခွင့်ပြုချက်မရပဲ ထွက်လာပြီး ထန့်တိုင်းပြည်ရဲ့ အကြီးတန်းအမှူထမ်းတစ်ယောက်အိမ်တော်မှာ ပညာရှိတစ်ယောက်အဖြစ် လာခစားတယ်ဆိုတော့ အရှင်နယ်စားမင်းရဲ့ တကယ့် ရည်ရွယ်ချက်က ဘာများပါလိမ့်..."
ရွှယ်ယွီက ထန့်ရှန်၏ စွပ်စွဲချက်ကို မငြင်းဆန်ပဲ ရယ်ရုံသာရယ်လိုက်သည်။ သူ့မြင်းကို ထန့်ရှန်၏ရှေ့သို့ အနည်းငယ် တိုးသွားစေလိုက်ပြီး နောက်လှည့်ကြည့်ကာ ပြောလိုက်သည်။
" အမတ်ထန့်က တိုက်ပွဲထဲကို တကယ်ဝင်ချင်နေတာပဲ... မင်းက ရည်ရွယ်ချက်ကြီးပြီး ထူးချွန်ပါတယ်... ဒါပေမဲ့ မင်းက ခေါင်းမာလွန်းတယ် ... တစ်နေ့မှာ မင်းရဲ့ သစ္စာရှိမှုက မင်းကိုပြန်သတ်လိမ့်မယ်..."
ရွှယ်ယွီပြောသည်မှာ မှန်ကန်သည်။ ထန့်ရှန်က သစ္စာရှိသူတစ်ယောက်ဖြစ်သည့်အတွက် ထန့်တိုင်းပြည်အတွက်ဆိုလျှင် သူ့ကိုယ်သူစတေးချင်စိတ်ရှိသည်။ အခြားလူများအတွက်မှု သစ္စာရှိမှုကို ပြောင်းလဲပစ်ရန် လွယ်ကူသော်လည်း ထန့်ရှန်က ထိုသို့မဟုတ်ပေ။ သွေးသားရင်းတစ်ယောက်မှ မရှိပဲ မိဘမဲ့တစ်ယောက်ဖြစ်ခဲ့ရသည့် ခံစားချက်ကို မည်သူမျှမသိပေ။ သူ့ထံတွင် မှီခိုအားထားစရာ လူတစ်ယောက်မှမရှိ၍ ထန့်ရှန်က မိမိကိုယ်ကိုသာ မှီခိုခဲ့ရသည်ကိုလည်း မသိနိုင်ကြပေ။
—
ရွှယ်ကျွင်းလျန် က နန်းတွင်းအစေခံများကို ဝတ်ရုံများ ကူဝတ်ပေးစေလိုက်သည်။ ကျန်းယွီက ဘေးနားတွင်ရပ်ကာ ခစားရန်အသင့်ရှိနေသည်။
ရွှယ်ကျွင်းလျန် မေးလိုက်သည်။
" ဧကရီရဲ့ အခြေအနေ ဘယ်လိုရှိလဲ..."
ကျန်းယွီ ပြောလိုက်သည်။
" ဒီရက်ပိုင်း နန်းတွင်းသမားတော်က အရှင်မကို နေ့တိုင်းလာစစ်ဆေးပေးပါတယ်... ယွင်ဖုန့်နန်းဆောင်က အပျိုတော်တွေ ပြောတာတော့ အရှင်မက အစားကောင်းကောင်းမစားတာကလွဲရင် တော်တော်လေး သက်သာလာပါပြီဖြစ်ကြောင်းပါ မင်းကြီး..."
ရွှယ်ကျွင်းလျန်က " အင်း " ဟုသာ တုံ့ပြန်လိုက်သည်။ ထို့နောက် နန်းဆောင်မှထွက်ကာ ညီလာခံခန်းမသို့ ဝင်သွားလိုက်သည်။
ညီလာခံကျင်းပနေစဉ်အတွင်းတွင် အမတ်ကြီးတစ်ယောက်က ရွှယ်ယွီနှင့် ထန့်ရှန်တို့၏ စစ်တပ်အကြောင်း လျှောက်တင်လွှာတစ်စောင်ကို တင်ပြလာသည်။ ရွှယ်ကျွင်းလျန်က ထိုစာလွှာကို သူ့ထံမယူလာခိုင်းပဲ ပြောလိုက်သည်။
40.2
" ဖတ်လိုက်ပါ ကိုယ်တော်ကြားချင်တယ်... သတင်းကောင်းတွေပဲဖြစ်မယ်လို့ ကိုယ်တော်ထင်တယ် ..."
ထိုအခါ စာလွှာကိုကိုင်ထားသည့် အမတ်ကြီးက အနည်းငယ် တုန်ယင်သွားသည်။
စာလွှာထဲမှာ သတင်းကောင်းပါရင် ပြဿနာမရှိပေမယ့် သူတို့စစ်တပ် ဖြိုခွင်းခံလိုက်ရတဲ့ သတင်းဆိုးဖြစ်နေရင် မင်းကြီး အရင်ဆုံး အမျက်ထွက်မှာက သူဖြစ်သွားမှာ ...
အမတ်ကြီးမှာ စိုးရိမ်ကြောင့်ကြစိတ်ဖြင့် စာလွှာကို ဖွင့်ဖတ်လိုက်သည်။ အကြောင်းအရာအများစုမှာ နယ်စားမင်းကျန့်ကျန်း(ရွှယ်ယွီ) စစ်တပ်နှင့် သူယူဆောင်လာသည့် ရိက္ခာများသည် ချန်းထျန်၏လက်ရွေးစင် စစ်သည်များ၏ ချုံခိုတိုက်ခိုက်ခြင်းကို ကြုံတွေ့ရသောအခါတွင် နယ်စပ်တွင် ကြိုတင်တပ်စွဲထားသော စစ်တပ်နှင့် မပူးပေါင်းရသေးကြောင်း တင်ပြထားသည်။ ချန်းထျန်က ကြိုတင်ပြင်ဆင်ထားခဲ့ပုံပေါ်သည်။
ကံကောင်းသည်မှာ နယ်စားမင်းကျန့်ကျန်းနှ င့်သူ၏စစ်တပ်က ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သဖြင့် ရန်သူ၏ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့သည်။ စစ်တပ်အတိုင်ပင်ခံပုဂ္ဂိုလ်ထန့်ရှန်ကလည်း ချန်းထျန်၏ ညာလက်ရုံးမာကျင်းကို အောင်မြင်စွာသတ်ဖြတ်နိုင်ခဲ့သည်။ သူတို့စစ်တပ်က စစ်ရိက္ခာအနည်းငယ်ဆုံရှုံးခဲ့ရသော်လည်း အောင်နိုင်မှုက စစ်သည်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။
အမတ်ကြီးက လျှောက်တင်လွှာ၏ ပထမစာပိုဒ်ကို ဖတ်နေစဉ် အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေခဲ့သော်လည်း ရန်သူစစ်တပ်များကို ပြန်လည်တိုက်ခိုက်နိုင်ခဲ့ကြောင်းနေရာကို ရောက်လာသည့်အခါမှသာ စိတ်သက်သာရာ ရသွားသည်။
ညီလာခံအမတ်များထဲမှ ရွှယ်ဟုန်ယန်က ချွေးများအဆက်မပြတ်စီးကျနေသည်ကို မကြာခဏသုတ်နေရသည်။ လျှောက်တင်လွှာထဲတွင် ထန့်ရှန်အကြောင်း တစ်ကြိမ်နှစ်ကြိမ်မျှသာ ပါဝင်ခဲ့သော်လည်း စစ်မြေပြင်မှ အခြေအနေများက မည်မျှအန္တရာယ်များသည်ကို သူသိသည်။ ထန့်ရှန်က ရွှယ်တိုင်းပြည်မှလူမဟုတ်သော်လည်း သူ၏နာမည်က လျှောက်တင်လွှာထဲတွင်ပါလာခဲ့သည်ဖြစ်၍ အောင်မြင်မှုကို ရယူပေးနိုင်ပြီး စစ်သည်များ၏ နှလုံးသားကိုပါ ရရှိထားကြောင်း သိနိုင်သည်။
လျှောက်တင်လွှာကိုဖတ်ပြီး အချိန်အတန်ကြာသည်အထိ ရွှယ်ကျွင်းလျန်က တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် ရုတ်တရက် ထရယ်လိုက်သည့်အခါမှသာ အားလုံးက စိတ်အေးလက်အေးဖြစ်ပြီး သက်ပြင်းချနိုင်တော့သည်။
ရွှယ်ကျွင်းလျန် ပြောလိုက်သည်။
" ချန်းထျန်က အမြဲတမ်းကောက်ကျစ်နေခဲ့တဲ့သူပဲ... သူကိုယ်တိုင်စတင်ခဲ့တဲ့တိုက်ပွဲမှာ ရှုံးသွားတယ်ဆိုတော့ အတော်လေး မာနထိခိုက်သွားမှာပဲ... ကိုယ်တော် နယ်စားမင်းကျန့်ကျန်းကို ဆုလာဒ်ကောင်းကောင်းချီးမြှင့်မယ် ... အိုး ထန့်ရှန်ကိုရောပဲ..."
ရွှယ်ကျွင်းချန် ခဏတာစဉ်းစားပြီးနောက် ပြောလိုက်သည်။
" ထန့်ရှန်က လောလောဆယ် နန်းမြို့တော်မှာ မရှိသေးတော့ ကိုယ်တော်သူ့ကို ဘာဆုချရမလဲ... ဒီလိုလုပ်ရင်ရော ထန့်ရှန်ရဲ့ ဆုလာဒ်ကို ထန့်ဖေးဆီလွှဲပေးလိုက်မယ်... အဲ့ဒါဆို သူမ အရင်က လုပ်ခဲ့တဲ့အပြစ်တွေလည်းကျေသွားပြီး အနာဂတ်မှာလည်း မကောင်းတဲ့ ကိစ္စတွေ မလုပ်နိုင်တော့လောက်ဘူး... သူမ ထပ်ပြီးအပြစ်ကျူးလွန်ရင်တော့ ကိုယ်တော် လွယ်လွယ်နဲ့ မလွှတ်ပေးတော့ဘူး..."
ညီလာခံမှ မှူးမတ်များက မင်းကြီး၏ဉာဏ်ပညာကြီးမားမှုကို ချီးကျူးပြီး အရိုအသေပြုလိုက်ကြသည်။
ရွှယ်ကျွင်းလျန် ထပ်ပြောလိုက်သည်။
" စစ်သူကြီးချုပ်ကိုရော ဘာဆုချီးမြှင့်ရမယ်ဆိုတာ အမတ်ကြီးတို့ ကိုယ်တော့်ကို အကြံပြုကြဦးလေ... သူက နယ်စားမင်းကျန့်ကျန်းဖြစ်နေပြီးပြီဆိုတော့ သူ့အဆင့်ကို တိုးပေးရမယ်ဆိုရင် ဒီခေါင်းဆောင်းကိုပေးမှ ရတော့မယ်ထင်တယ် ..."
သူက ခေါင်းပေါ်မှ ကျောက်စိမ်းလုံးများ တွဲလောင်းကျနေသော ခေါင်းဆောင်းကို ညွှန်ပြလိုက်သည်။
ညီလာခံမှ မှူးမတ်များအားလုံး ထိတ်ခနဲဖြစ်သွားသည်။ မည်သူမှ သူတို့၏ ထင်မြင်ချက်များကို မပြောရဲကြတော့ပေ။ ရွှယ်ဝမ်က ပြုံးနေဆဲဖြစ်သော်လည်း သူ၏စကားလုံးများက ဒွိဟဖြစ်စေသည့်အပြင် ချီးကျူးနေသောစကားနှင့်မတူသကဲ့သို့ ထေ့ငေါ့နေသည်နှင့်လည်း မတူပေ။
အရှင်မင်းကြီးက သူ့ရဲ့ ထီးနန်းနဲ့တောင် ဟာသလုပ်နေတာလား...
ရွှယ်ကျွင်းလျန်က မပြတ်မသားဖြင့်ပြောလိုက်သည်။
" စိတ်မပူပါနဲ့ ကိုယ်တော်က ဘာအဆိုပြုချက်ရှိလဲပဲမေးတာ မပျော်မရွှင်ဖြစ်သွားဖို့ မလိုပါဘူး... ကိုယ်တော်တို့က ဆုချီးမြှင့်မယ့်အကြောင်း ပြောနေတာလေ တစ်ယောက်ယောက်ကို နယ်နှင်ဒဏ်ပေးဖို့ ပြောနေတာမှ မဟုတ်တာ..."
အချိန်အတော်ကြာသည်အထိ မည်သူမှစကားမပြောရဲကြသဖြင့် ရွှယ်ကျွင်းလျန်ကတစ်ယောက်ယောက်ကို လက်ညှိုးထိုးကာ ပြောခိုင်းရန်လိုလာသည်။ ထိုအမတ်က နယ်စားမင်းကို ရွှေငွေများ ချီးမြှင့်ခိုင်းနေသည်။
ရွှယ်ကျွင်းလျန်က သူ၏အဆိုပြုချက်ကို စိတ်ကျေနပ်ပုံမရပဲ ပြောလိုက်သည်။
" ဟုန်ယန် မင်းရော ဘယ်လိုထင်လဲ ... နယ်စားမင်းကျန့်ကျန်းကို ကိုယ်တော်ဘာချီးမြှင့်သင့်လဲ..."
ရွှယ်ဟုန်ယန်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပြောလိုက်သည်။
" မင်းကြီးကို ပြန်လည်ဖြေကြားပါတယ်... ချန်တိအမြင်မှာတော့ နယ်စားမင်းကျန့်ကျန်းက စစ်သည်တွေအများကြီးရှိတာကို မနှစ်သက်ပုံပါပဲ.. သူက စစ်သည်တစ်ယောက်ချင်းစီကို ဂရုစိုက်လေ့ရှိတယ်... နယ်စားမင်းကျန့်ကျန်းကို ရွှေငွေတွေချီးမြှင့်မည့်အစား သူ့စစ်သည်တွေအတွက် စစ်အသုံးစရိတ်နဲ့ စားနပ်ရိက္ခာထောက်ပံ့မှုတွေ လုပ်မယ်ဆိုရင်ရောဘယ်လိုသဘောရပါသလဲမင်းကြီး... ဒီလိုဆိုရင် စစ်သည်တွေလည်း အစာရေစာမပြတ်လပ်တော့တဲ့အပြင် လက်နက်နဲ့ ချပ်ဝတ်တန်ဆာကောင်းကောင်းတွေ ရနိုင်တယ် ... အနာဂတ်မှာလည်း နယ်စားမင်းကျန့်ကျန်းက တိုက်ပွဲတွေပိုအနိုင်ရလာနိုင်ပြီး တာ့ဝမ်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကိုလည်း လျှော့ချလာနိုင်ပါလိမ့်မယ်..."
ရွှယ်ကျွင်းလျန် ခေါင်းငြိမ့်ပြလိုက်သည်။
" ဟုန်ယန်ပြောတာမှန်တယ် ... မောင်မင်းတို့အားလုံးနားထောင်ကြ သူကမှ ကိုယ်တော့်ရဲ့ ပြဿနာတွေကို ကူညီမျှဝေ ဖြေရှင်းပေးတတ်တဲ့သူပဲ... ကိုယ်တော်က သူ့ကို ရာထူးတိုးမပေးရင်တောင် သူက ကူညီပေးသေးတယ်... အကျင့်ပျက်အဆင့်နိမ့်အရာရှိတွေကိုရော ကိုယ်တော် ရာထူးတိုးပေးသင့်သေးလား... ရာဇ၀တ်ကောင်တွေနဲ့ သစ္စာဖောက်တွေကိုရော ဆုလာဘ်တွေ ပေးသင့်သေးလား..."
ညီလာခံတစ်ခုလုံး စိတ်ရှုပ်ထွေးကုန်ကြသည်။ မည်သည့်စကားက အမှန်ဖြစ်ကြောင်း သူတို့မသိကြပေ။
တာ့ဝမ်က ဉာဏ်ပညာရှိတဲ့ အုပ်ချုပ်သူလား... ဒါမှ မဟုတ် အမျက်ထွက်နေတာများလား ... တာ့ဝမ်ရဲ့ စကားပြောစွမ်းရည်ကတော့ စံထားလောက်စရာပဲ... စကားနည်းနည်းပြောရုံနဲ့ အားလုံးကို ပျာယာခတ်သွားစေနိုင်တယ်...
ထိုသို့ရှုပ်ထွေးမှုကလည်း ရွှယ်ကျွင်းလျန်အလိုရှိသည့် ရလဒ်ပင်ဖြစ်သည်။
ဤသို့ဖြင့် ယနေ့မနက်ပိုင်းညီလာခံတွင် စစ်ပွဲတွင် အောင်မြင်မှုကြီးရခဲ့သော ရွှယ်ယွီက ဆုလာဒ်ချီးမြှင့်မခံရပဲ ဟာသလုပ်ခံလိုက်ရသည်။
အနည်းဆုံးတော့ နယ်စပ်က စစ်သည်တွေ စားနပ်ရိက္ခာတွေ ပိုရသွားတာပေါ့လေ...
xxxxx