အပိုင်း ၄၁
Viewers 14k

Chapter 41

မျက်ခုံးမွေး ဆွဲပေးခြင်း


ညီလာခံပြီးသည့်နောက် ရွှယ်ကျွင်းလျန်က နန်းဆောင်ကိုပြန်ရမည့်အစား ပြောလိုက်သည်။


" လမ်းကြောင်းပြောင်းလိုက် ... ကိုယ်တော် ဧကရီ့ကို သွားတွေ့မယ်..."


ဝေါယာဉ်ကိုမထားသော အစေခံများက ယွင်ဖုန့်နန်းဆောင်ဘက် လှည့်သွားကြသည်။ လမ်းတွင် ထန့်ချမ်ယွီနှင့် ဆုံမိကြသည်။


ထန့်ချမ်ယီက မြေပြင်နှင့်ခေါင်းကိုကပ်ထားပြီး တပ်တွားနေသည်။ အေးစိမ့်နေသောအချိန်တွင်  သူမဝတ်ထားသောအဝတ်အစားများက နွေးထွေးမှုမရှိနေပဲ သူမ၏ပုံပန်းသွင်ပြင်ကလည်း သနားစဖွယ်ဖြစ်နေသည်။


ထန့်ချမ်ယီပြောလိုက်သည်။


" အရှင်မင်းကြီး ကျွန်တော်မျိုးမကို ခွင့်လွှတ်ပေးခဲ့တာ သဘောထားကြီးမားလှပါတယ်... ချမ်ယီက အရှင့်ရဲ့သဘောထားကြီးမှုကို ရင်ထဲသိမ်းထားပြီး ဒီလိုအမှားမျိုး နောက်ထပ်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်..."


ရွှယ်ကျွင်းလျန်က ဝေါယာဉ်ပေါ်မှပင် မဆင်းလာပဲပြောလိုက်သည်။


" အိုက်ဖေးက ကိုယ့်အမှားကိုယ်သိပြီဆိုတော့ ကိုယ်တော်ဒီကိစ္စကို မေ့ထားလိုက်ပါတော့မယ် ... မြေကြီးကအေးစက်နေမှာပဲ မြန်မြန်ထလိုက်..."


ထန့်ချမ်ယီက ကျေးဇူးတင်လိုက်သည်။ သူမဘေးမှ အပျိုတော်၏ အကူအညီဖြင့် မတ်တပ်ရပ်လိုက်စဉ် လဲကျမတတ်ဖြစ်သွားသည်။ ရွှယ်ကျွင်းလျန်က ဝေါယာဉ်ပေါ်မှ ဆင်းမလာသည့်အပြင် သူမကိုကူညီရန် လှုပ်ပင်မလှုပ်လိုက်ချေ။ နောက်ဆုံးတွင် သူမဘေးမှ အပျိုတော်ကသာ ထူပေးလိုက်ရသည်။


ထန့်ချမ်ယီက ရှက်ဟန်ဆောင်၍ တောင်းဆိုလိုက်သည်။


" အရှင် ချမ်ယီက ဝိုင်နဲ့ ပေါ့ပေါ့ပါးပါးဟင်းပွဲလေးတွေ ပြင်ထားပါတယ်... အရှင်က ချမ်ယီကို ခွင့်လွှတ်ပေးလိုက်တာဆိုတော့ ချမ်ယီရဲ့‌နန်းဆောင်ကိုကြွလာဖို့ ဖိတ်ခေါ်ပါတယ် ကျွန်တော်မျိုးမ အရှင့်ကို ဝိုင်နဲ့ ဧည့်ခံပါရစေ..."


ရွှယ်ကျွင်းလျန်က တောင်းဆိုမှုကို ခဏခန့် စဉ်းစားလိုက်ပြီး ပြန်မဖြေပေ။ အလွန်အမင်း တွန့်ဆုတ်နေပုံရသော်လည်း  နောက်ဆုံးတွင်သဘောတူလိုက်သည်။


ရွှယ်ကျွင်းလျန်၏ ဝေါယာဉ်က ထန့်ဖေး၏နန်းဆောင်သို့ ဦးတည်ချက်ပြောင်းသွားပြန်သည်။ ထန့်ချမ်ယီက အမှန်ပင် ဝိုင်ကိုပြင်ဆင်ထားခဲ့သည်။ သူမက ဤကိစ္စ‌မျိုးတွင် အတွေ့အကြံရှိနေသည့်လူကဲ့သို့ သီချင်းဆိုမည့်သူများနှင့် အကပညာရှင်များကိုပါ ပြင်ဆင်ထားပြီး ရွှယ်ကျွင်းလျန်ကို ချော့မော့ရန် အကောင်းဆုံးကြိုးစားနေသည်။


ရွှယ်ကျွင်းလျန်က တစ်နေ့လယ်ခင်းလုံး ထန့်ချမ်ယီ၏ နန်းဆောင်တွင်သာ စကားစမြည်ပြောလျက် အချိန်ကုန်ဆုံးခဲ့သည်။ ထန့်ချမ်ယီက ထူးထူးကဲကဲမလှပသော်လည်း ထန့်ဝမ်၏စိတ်ကို အပိုင်သိမ်းနိုင်ခဲ့သည်။ သူမ ငယ်ရွယ်စဉ်ကတည်းက မည်သို့သောလူမျိုးကိုမဆို သူမကိုချစ်ခင်အလိုလိုက်အောင်  လုပ်ရမည့် နည်းလမ်းများကိုသိသည်။ သူမက နှိမ့်ချခြင်း ရှက်ရွံ့ခြင်းများလည်း မရှိခဲ့ပေ။


ထန့်ချမ်ယီ အကျွမ်းကျင်ဆုံးအရာမှာ ချစ်စရာကောင်းအောင် ပြုမူတတ်ခြင်းပင်ဖြစ်သညိ။


နူးညံ့သည့်ဘက်ခြမ်းကိုပြသတတ်သော အမျိုးသမီးများနှင့် ချစ်စဖွယ်ကောင်းအောင် နေထိုင်ပြုမူဆတ်သော အမျိုးသမီးများကိုသာ ယောက်ျားများက သဘောကျနှစ်ခြိုက်တတ်သည်။ အထူးသဖြင့် ရွှယ်ကျွင်းလျန်ကဲ့သို့ ယောက်ျားမျိုးများက ပိုသဘောကျတတ်သည်။ သူက တစ်ခါတစ်ရံတွင် အာဏာရှိ၍ စစ်ပွဲတွင် စိတ်ဓာတ်ပြတ်သားတတ်သည့် လူမျိုးများကို သဘောကျသော်လည်း တစ်ခါတစ်ရံတွင် နာခံတတ်သည့်လူမျိုးများကိုလည်း သဘောကျသည်။


ညနေစောင်းလာသည့်အခါ ရွှယ်ဝမ်က သူမနှင့်အတူ တစ်ညတာကုန်ဆုံးတော့မည်ဟု ထန့်ချန်ယီထင်လိုက်သည်။ သို့ရာတွင် သူမ မျှော်မှန်းထားသည်နှင့် ဆန့်ကျင်စွာ ရွှယ်ဝမ်က ပြန်ရန်အချိန်ကျပြီဖြစ်သည်ဟု ဆုံးဖြတ်လိုက်သည်။


ထန့်ချမ်ယီက ရွှယ်ကျွင်းလျန်၏ရင်ခွင်ထဲတွင်မှီလျက် သူ၏ဝတ်ရုံများ ရွှေရောင်ပိုးချည်မျှင်များကို လက်ဖျားဖြင့်ထိကာ ကလူကျီစယ်နေမိသည်။


သို့ရာတွင် ရွှယ်ကျွင်းလျန်က ဂရုမစိုက်ပေ။ သူက နူးညံ့သော ထန့်ချမ်ယီကိုတွန်းပစ်ပြီး ပြောလိုက်သည်။


" ကိုယ်တော် ဝိုင်သောက်ပြီးပြီ‌ဆိုတော့ ပြန်ကြွတော့မယ်..."


" အရှင်မင်းကြီး... ဒီလိုပဲ ထွက်သွားတော့မှာလား... "


ထန့်ချမ်ယီ နှုတ်ခမ်းစူလိုက်သည်။


ရွှယ်ကျွင်းလျန်က သူမလက်ကို ပုတ်ချလိုက်သည်။ ထို့နောက် ဝေါယာဉ်ကို ပြန်ခေါ်လိုက်ပြီး ထွက်သွားသည်။


ရွှယ်ကျွင်းလျန် အလွန်ပင် စက်ဆုပ်နေမိသည်။ သူ မည်သည့်ကိစ္စကိုမှ မပြောခဲ့သော်လည်း ၎င်းက သူဘာမှမသိဟု ဆိုလိုခြင်းမဟုတ်ပေ။  

ရွှယ်တိုင်းပြည်က လူအများစုက ထန့်ချန်ယီက လှပပြီး အရည်အချင်းရှိတဲ့ မိန်းကလေးဆိုတာကို သိကြတယ်... ဒါပေမဲ့ သူမရဲ့ အပျော်အပါးလိုက်စားတဲ့ သတင်းတွေက ရွှယ်ကျွင်းလျန်ရဲ့နားထဲ မရောက်ပဲနေမလား...


သူက ဤကိစ္စကို သူမနှင့် ရှင်းရှင်းလင်းလင်းမပြောရသေးသော်လည်း မသန့်ရှင်းသောမိန်းကလေးတစ်ယောက်ကို လက်မခံနိုင်ပေ။ 


သူ့ဇနီးများထဲမှ ‌တစ်ယောက်က မသန့်မရှင်းဖြစ်နေလျှင်လည်း သူနောင်တရသည်ဟု မ‌ဆိုနိုင်ပေ။ သူ၏မောင်းမဆောင်ထဲတွင် အခြားမိန်းမပေါင်းများစွာရှိသည်။ သူက မာနကြီးသူတစ်ယောက်ဖြစ်သည်။ အခြားသူများထိကိုင်ပြီး အသုံးပြုပြီးသောအရာက သူ့အတွက် အညစ်အကြေးသာဖြစ်ပြီး သူကိုယ်တိုင်ကလည်း အညစ်အကြေးကို သဘောမကျပေ။


ဘုရင်တစ်ပါးတွင်လည်း သူသဘောကျသည့်လူ ရှိသကဲ့သို့ မုန်းတီးသူလည်းရှိသည်။ ၎င်းက မမျှတသည်ဟုထင်ရသော်လည်း အမြင့်တွင်ရှိနေသည့် မင်းဆိုးမင်းညစ်တစ်ပါးအနေဖြင့် မောင်းမဆောင်ထဲမှ အမျိုးသမီးအားလုံးက သူ့စိတ်တိုင်းကျသာဖြစ်ရမည်။


ထန့်ချမ်ယီက သူ့ကိုချွေးသိပ်လိုက်သော်လည်း ရွှယ်ကျွင်းလျန်က ယွင်ဖုန့်နန်းဆောင်သို့သွားလိုက်သည်။ သူ ဘုရင့်မောင်းမဆောင်တွင် လုပ်ကိုင်ရန်လိုသည့်ကိစ္စများက ညီလာခံတွင်လုပ်သည်များနှင့် ထူးမခြားနားပင်။


ရွှယ်ဝမ်၏ ဝေါယာဉ်က ယွင်ဖုန့်နန်းဆောင်အဝင်ဝသို့ရောက်သည့်အခါ ရှို့ယောင်က မင်းကြီးကြွချီလာမည့်သတင်းကို ယခုမှ သိလိုက်သည်။ သူမ အလျင်စလိုဖြင့် ဧကရီကို ဖီးလိမ်းပြင်ဆင်ပေးရတော့သည်။


ဧကရီက ရက်အနည်းငယ်ကြာဖျား‌နာနေခဲ့ခြင်းဖြစ်သည်။ သူမ မဖျားနာမီက ရွှယ်ဝမ်၏ အလိုလိုက်ခြင်းခံခဲ့ကသူဖြစ်၍ မည်သူမျှ ဧကရီ့ကို လျစ်လျူမရှု့ရဲတော့ပဲ သူမကို အမြဲတမ်းတောက်ပနေအောင် ဂရုစိုက်ပြင်ဆင်ပေးကြရသည်။ သို့ရာတွင် သူမ ဖျားနာနေခဲ့စဉ်က အစားနည်းခဲ့၍ ယခုအခါတွင် ပိန်ကပ်သွားခဲ့သည်။

41.2


မင်းကြီးက လွန်ကဲစွာဖီးလိမ်းပြင်ဆင်ထားသော အမျိုးသမီးများကို မနှစ်သက်ကြောင်း ရှို့ယောင်သိသည်။ ထို့ကြောင့် ယခင်က မင်းကြီးနှင့် ရံဖန်ရံခါတွေ့စဉ်တွင် သဘောမကျမည်စိုး၍ ဧကရီကို မျက်နှာချေမလိမ်းပေးခဲ့ပေ။ ထိုကိစ္စ၏ ရလဒ်အနေဖြင့် မင်းကြီးက ဧကရီတည်ရှိနေကြောင်းကိုပင် အသိအမှတ်မပြုတော့ပေ။ ယခုအခါတွင်မူ ဧကရီက မျက်နှာသာပေးခံနေရပြီဖြစ်၍ မျက်နှာချေအနည်းငယ်လိမ်းပေးရန် တွေးလိုက်သည်။


သို့ရာတွင် ထန့်ယွင်က ငြင်းပယ်လိုက်သည်။ အကြောင်းအရင်းမှာ သူ့မျက်နှာပေါ်တွင် အဖြူအနီရောင် မျက်နှာချေများလိမ်းမည်ကို သူ မနှစ်သက်ပေ။


ထို့အပြင် သူ သတ္တိမွေး၍ ရွှယ်ကျွင်းလျန်ကိုလုပ်ကြံရန် ကြိုးစားခဲ့ခြင်းမှာ ထန့်ချမ်ယီ၏အမှားကို အသုံးချ၍ ထန့်ထိုင်းပြည်ကိုတိုက်ရန် ဆင်ခြေရသွားမည်စိုးသောကြောင့်ဖြစ်သည်။ မမျှော်လင့်ထားသည်မှာ ချန်းထျန်နှင့် ကျု့ကျန့်ရင်တို့၏ စစ်တပ်က အလစ်အငိုက် တိုက်ခိုက်ခဲ့သဖြင့် ရွှယ်ကျွင်းလျန်က ထန့်တိုင်းပြည်ကို တိုက်ခိုက်မည့်အရေးကို နှောင့်နှေးသွားစေခဲ့သည်။သို့ရာတွင် ထန့်ယွင်နှင့် ရွှယ်ကျွင်းလျန်အကြားမှ ရင်းနှီးချင်ယောင်ဆောင်မှုက ကျိုးပျက်သွားပြီဖြစ်သည်။ သို့ဖြစ်၍ မျက်နှာချေလိမ်းပြီး ရွှယ်ကျွင်းလျန်ကို ချဉ်းကပ်ခြင်းကလည်း အသုံးမဝင်တော့ပေ။


ရွှယ်ကျွင်းလျန် ပင်မခန်းမ‌ဆောင်ထဲ ရောက်သွားသည်နှင့် ဧကရီက မျက်နှာချေမလိမ်းထားသည့်အပြင် ရိုးရိုးဝတ်ရုံကိုသာ ဆင်မြန်းထားသည်ကို သတိပြုမိလိုက်သည်။ သူမက ကြမ်းပြင်တွင် ဝပ်တွားနေသော်လည်း ရိုသေလေးစားမှုကြောင့် မဟုတ်ကြောင်း သိသာနေသည်။ တဗျစ်တောက်တောက်နှင့် တစာစာပြောနေတတ်သော် ထန့်ချမ်ယီနှင့်ဆိုပါက ဤအမျိုးသမီးမှာ ဆန့်ကျင်ဘက်ဖြစ်သည်။


ရွှယ်ကျွင်းလျန်က ယခင်ကဲ့သို့ပင် ဧကရီကိုထူပေးလိုက်စဉ်တွင် သူမ ပိန်သွားကြောင်း သတိပြုမိလိုက်သည်။ ရက်အနည်းငယ်သာကြာသေးသော်လည်း အလွန်ပိန်သွားခြင်းဖြစ်၍ ယုတ္တိမရှဖြစ်နေသည်။


မည်သို့ပင်ဖြစ်စေ ဧကရီက သူ့ကိုသတ်ရန် ကြံစည်ခဲ့သော်လည်း သူကိုယ်တိုင်ကပင် ဧကရီ့ကို ပြစ်ဒဏ်မပေးနိုင်သူဖြစ်နေသည်။


အပေါ်ယံကြည့်ပါက သူက အသာစီးရထားသည်ဟုထင်ထားသော်လည်း  အမှန်တွင် ဤအခြေအနေကြောင့် အကျိုးအမြတ်အရသွားဆုံးလူမှာ ဧကရီဖြစ်နေသည်။ သူမက ခံစားသွားရမည့် အကြောင်းရင်းလည်းမရှိ၍ ဤမျှပိန်ကျသွားရန်မလိုပေ။


ဧကရီ၏မျက်နှာကို မျက်နှာချေမလိမ်းထားသကဲ့သို့ နှုတ်ခမ်းနီလည်း မဆိုးထားကာ မျက်ခုံးမွှေးလည်းမဆွဲထားပေ။ ရှို့ယောင် စိတ်ထဲမကောင်းဖြစ်လာသည်။ သူမ၏အရှင်မက ရုပ်မဆိုးသည့်အပြင် ဖြူရော်ရော်လည်း ဖြစ်မနေပေ။ မည်သည့်ရှု့ထောင့်မှကြည့်ကြည့် အရုပ်နှင့်တူအောင် ပြင်ဆင်ထားတတ်သော အခြားမိဖုရား ကိုယ်လုပ်တော်များထက် သာလွန်သည်။


ရွှယ်ကျွင်းလျန်က ဧကရီကို ကြေးမုံရှေ့တွင် ထိုင်စေလိုက်သည်။ ထို့နောက် မျက်ခုံးမွေးဆွဲတံထုတ်လိုက်ကာ သူမကို မျက်ခုံးမွေး ကူဆွဲပေးမည်ဟု ပြောလိုက်သည်။


သူတို့နှစ်ယောက်က နီးကပ်စွာထိုင်နေကြသည်။ ထန့်ယွင်က မျက်လုံးများမှိတ်ထားပြီး သူ့ရှေ့မှလူကို လျစ်လျူရှု့၍ တရားထိုင်နေရန် တွေးလိုက်သော်လည်း အောင်မြင်ပုံမရပေ။


ရွှယ်ကျွင်းလျန်၏ ဝင်လေထွက်လေက ထန့်ယွင်၏ မျက်နှာကို ရိုက်ခတ်နေပြီး မျက်တောင်များကိုပါ ပွတ်သပ်သွားသကဲ့သို့ ထင်ရသည်။


သူ သတိမေ့နေစဉ်က မက်ခဲ့သော အိမ်မက်ဆိုးကိုပင် ထန့်ယွင် အမှတ်ရသွားမိသည်။ သူ့ဘဝတွင် မည်သည့်အရာကိုမှ ကြောက်ရွံ့ခြင်းမရှိခဲ့သော်လည်း ထိုနေ့က အိပ်ရာနိုးလာချိန်တွင် အလွန်ကြောက်လန့်နေခဲ့သည်။ ထန့်ယွင် မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် ရွှယ်ကျွင်းလျန် အခန်းထဲမှထွက်သွားသည်ကိုသာ မြင်လိုက်ရသည်။


ထိုနေ့က ထန့်ယွင်ကို မည်မျှကံကောင်းသူဖြစ်ကြောင်း ရှို့ယောင်က ပြောပြခဲ့သည်။ တာ့ဝမ်က အလွန်ချစ်တတ်သူဖြစ်ကြောင်း ၊ သူ ဖျား‌နာနေခဲ့စဉ်က တစ်ညလုံးဂရုစိုက်ပေးခဲ့ကြောင်းနှင့်၊ ရွှယ်ဝမ်က အခြားအစေခံများကိုပင် မကူညီစေပဲ သူကိုယ်တိုင်ပြုစုပေးခဲ့ကြောင်းတို့ကို ပြော‌ပြနေသည်။ 


ရွှယ်ကျွင်းလျန်က ထန့်ယွင်၏မေးစေ့ကို လက်တစ်ဖက်ဖြင့် ပင့်လိုက်ပြီး သူ့ဘက်လှည့်စေလိုက်သည်။ လက်တစ်ဖက်က မျက်ခုံးမွေးဆွဲတံကိုင်ထားပြီး မျက်ခုံးကို ဂရုတစိုက် ခြယ်သပေးနေသည်။ ရွှယ်ကျွင်းလျန်က ဓားလှံလက်နက်မျိုးစုံဖြင့် လေ့ကျင့်ဖူးသူဖြစ်သော်လည်း မျက်ခုံးမွေးဆွဲတံကို ယခုမှ ပထမဆုံးအကြိမ် ကိုင်ဖူးခြင်းဖြစ်သည်။


ရွှယ်ကျွင်းလျန်က အာရုံစူးစိုက်ကာ ပြုလုပ်ပေးနေသည်။ မျက်ခုံးမွေးဆွဲနေစဉ်တွင် ဧကရီ၏ပါးပြင်က နီရဲလာသည်ကို သူသတိပြုမိသည်။ သူမ၏ မျက်တောင်များက ယပ်တောင်ငယ်လေးကဲ့သို့ တဖျပ်ဖျပ်ခတ်နေသည်မှာ ရွှယ်ကျွင်းလျန်၏ ရင်ထဲ ယားကျိကျိဖြစ်လာစေသည်။


ထန့်ယွင်က နဖူးပြင်ပေါ်သို့ နူးညံ့နွေးထွေးမှုတစ်ခု ကျရောက်လာသည်ကို ခံစားမိသည်။ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ရွှယ်ဝမ်က သူမ နဖူးပြင်ကို နမ်းနေသည်ကို တွေ့လိုက်ရသည်။ ထန့်ယွင်က ထိတ်လန့်သွား၍ နောက်ဆုတ်မည်ပြင်လိုက်သော်လည်း ရွှယ်ဝမ်က သူမကိုဆွဲထားပြီး ပြုံးပြလိုက်သည်။


" မလှုပ်နဲ့လေ ...ကိုယ်တော့်လက်ချော်သွားရင် မင်းက အကျည်းတန်ဧကရီ ဖြစ်သွားမှာပေါ့..."


xxxxxx