Chapter 42
သဝန်တိုမှု ( ၁ )
ရွှယ်ကျွင်းလျန်က မျက်ခုံးမွှေးတစ်ဖက်ပြီး တစ်ဖက်ကို ဂရုတစိုက်ဖြင့် ဆွဲပေးနေသည်။
ရှို့ယောင်၏ အမြင်တွင်မူ ရွှယ်ဝမ်ထက်ပို၍ ချစ်တတ်သောဘုရင် မရှိတော့ပေ။ သို့ရာတွင် ထန့်ယွင်ကမူ ရွှယ်ကျွင်းလျန်ကို ခန့်မှန်းရခက်သောလူဟုသာ တွေးနေမိသည်။
ရွှယ်ကျွင်းလျန်က သူ့ကို ရက်အနည်းငယ်အကြာထိ အေးတိအေးစက် ဆက်ဆံခဲ့သည်။ သူတို့မျက်နှာချင်းဆိုင်ရမည့်အချိန်ရောက်တိုင်း သူ့ပုံစံက ဒေါသထွက်နေသည့် အမူအယာဖြစ်သွားသည်။ ထန့်ယွင်က သူ့ကို သတ်ရန်ကြံစည်ခဲ့သူဖြစ်၍ ထိုသို့ဖြစ်သည်မှာ ကျိုးကြောင်းသင့်လျော်ပေသည်။ သူ့အကြံအစည်က ကျရှုံးခဲ့သော်လည်း သူ့ကိုလွတ်ပေးထားသည့်အပြင် ဧကရီ့ကို ဤမျှချစ်မြတ်နိုးနေသည့် အမူအယာဖြင့် ဆက်ဆံစရာအကြောင်းမရှိဟု တွေးနေမိသည်။
ရွှယ်ကျွင်းလျန် မျက်ခုံးမွေးဆွဲပြီးသည့်အခါ သူ့လုပ်ဆောင်ချက်ကို ကျေနပ်အားရနေပြီး သဘောတကျဖြင့် ကြည့်နေသည်။ ထို့နောက် အစေခံများကို လက်ကာပြလိုက်ကာ အပြင်ထွက်ရန်အမိန့်ပေးလိုက်ပြီး ဤည ယွင်ဖုန့်နန်းဆောင်တွင် အချိန်ကုန်ဆုံးမည်ဟု မှာကြားလိုက်သည်။
ရွှယ်ကျွင်းလျန်က ဧကရီ၏ မျက်နှာပေါ်တွင် မျက်နှာချေအနည်းငယ် လိမ်းပေးလိုက်သည်။ ထို့နောက်တွင် သူမမျက်နှာက ယခင်ကခန့် သွေးရောင်မလွှမ်းနေတော့သော်လည်း မျက်နှာပြောင်ဖြစ်နေသည်နှင့် နှိုင်းစာပါက ပိုကြည့်ကောင်းသွားသည်။
ရွှယ်ကျွင်းလျန်က သစ်သားဘီးတစ်ချောင်းကိုယူ၍ ဧကရီ၏နောက်တွင် ရပ်လိုက်ပြီး သူမဆံနွယ်များကို နူးညံ့ညင်သာစွာ ဖြီးပေးနေသည်။
ထန့်ယွင်က ကြေးမုံထဲတွင် ရောင်ပြန်ဟပ်နေသော ရွှယ်ကျွင်းလျန်ကို ကြည့်နေသည်။ ရွှယ်ကျွင်းလျန်၏ မျက်နှာက အနည်းငယ်မှုန်ဝါးနေ၍ ထန့်ယွင် အိမ်မက်မက်နေသည်ဟုပင် ထင်ရသည်။ ထန့်ယွင် အသက်ပြင်းပြင်းရှုလိုက်ပြီး သူ့မျက်နှာတစ်ပြင်လုံး ပူထူမလာအောင် ကြိုးစားလိုက်သည်။
ရွှယ်ကျွင်းလျန်နှင့် ထန့်ယွင်တို့နှစ်ယောက်လုံး ဘာမှမပြောကြပေ။ တစ်ယောက်က တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေပြီး တစ်ယောက်ကလည်း ခေါင်းဖြီးရုံသာ ဖြီးပေးနေသည်။
ထို့နောက်တွင် ထန့်ယွင်ပြောလိုက်သည်။
" အရှင်မင်းကြီး မြောက်ပိုင်းနယ်စပ်ကိုပို့လိုက်တဲ့ စစ်တပ်က အလှစ်ချောင်းမြောင်းတိုက်ခံရတယ်လို့ ကျွန်တော်မျိုးမ ကြားပါတယ်..."
ထန့်ယွင်မှာ သူ၏အကြံအစည်က ပေါ်သွားခဲ့ပြီဖြစ်၍ အသက်အန္တရာယ် ကျရောက်တော့မည်ကို စိုးရိမ်မနေတော့ပေ။ နောင်တရရန်လည်း မတွေးသကဲ့သို့ ရွှယ်ကျွင်းလျန်၏ရှေ့တွင် သူ့ကိုယ်သူ ချန့်ချယ်ဟုလည်း သုံးနှုန်းစရာ မလိုတော့ပေ။
ရွှယ်ကျွင်းလျန် ကြေးမံပြင်ကို ကြည့်လိုက်သည့်အခါ ထန့်ယွင်နှင့် အကြည့်ချင်းဆုံသွားခဲ့သည်။ သူ ပြုံး၍ ပြောလိုက်သည်။
" အိုက်ဖေးက ကိုယ်တော့်ကို စကားစပြောတာ ပထမဆုံးပဲ... ကိုယ်တော် အရမ်းဝမ်းသာတာပဲ... ဒါဆိုရင် ကိုယ်တို့ရဲ့ ဆက်ဆံရေးက ချစ်ခင်မှုတွေ ပိုတိုးလာတယ်လို့ ပြောလို့ရတယ်လေ..."
ထန့်ယွင်က ရွှယ်ကျွင်းလျန်၏မေးခွန်းကို မကြားသကဲ့သို့ တုံ့ပြန်ခြင်းမပြုပဲ ပြန်ဖြေချင်းလည်းမရှိပေ။
ရွှယ်ကျွင်းလျန်က ဧကရီ၏ ဆံပင်ကို ဖြီးသင်ပေးနေခြင်းကို မရပ်တန့်လိုက်ပေ။ အနက်ရောင်တောက်တောက် ဆံနွယ်များက ရေတံခွန်နှင့်ပင် တူနေသည်။ ဧကရီ့ကို အိပ်ယာပေါ်တွင် အုပ်မိုးခဲ့သည့်ညကို အမှတ်ရသွားခဲ့သည်။ သူမဆံပင်က ပြေကျပြီး ကပိုကရိုဖြစ်နေခဲ့သည်။
" မင်းက ချန်းထျန်ရဲ့ တိုက်ခိုက်မှုက အောင်မြင်လား မအောင်မြင်လားသိချင်တာလား ... ဒါမှမဟုတ် ရွှယ်ယွီအကြောင်းမေးချင်တာလား..."
ရွှယ်ကျွင်းလျန်က ရွှယ်ယွီအကြောင်း စကားစလိုက်သည့်အခါမှ နန်းတော်ထဲမှ လူအများစုက ဧကရီနှင့် နယ်စားမင်းကျန့်ကျန်းကို ဆက်နွယ်မှုရှိသည်ဟု ထင်နေကြဆဲဖြစ်ကြောင်း ထန့်ယွင် သတိရသွားသည်။ အကယ်၍ ထန့်ယွင်က ငြင်းဆန်ရန်ကြိုးစားလိုက်လျှင်လည်း ရွှယ်ကျွင်းလျန်၏နားထဲသို့ အဓိပ္ပါယ်မဲ့စွာ ဖြတ်သန်းသွားမည်ကို သိလိုက်သည်။
[ T/N : မဟုတ်ဘူးလို့ ငြင်းလိုက်ရင်လည်း ရွှယ်ကျွင်းလျန်က ယုံမှာမဟုတ်ဘူးဆိုတာ သိတယ်လို့ ပြောချင်တာပါ ]
ထန့်ယွင် ပြန်ဖြေလိုက်သည်။
" တစ်ခုမှ မဟုတ်ပါဘူး..."
" အိုး... တစ်ခုမှ မဟုတ်ဘူးလား..."
ဧကရီ၏ အဖြေမှာ သူ့ကို စိတ်မပျံ့လွင့်စေသည့်အပြင် စိတ်ဝင်စားမှု လုံးဝမဖြစ်ပေါ်စေသကဲ့သို့ ဆံနွယ်များကိုသာ ဆက်လက်ဖီးပေးနေသည်။
ထန့်ယွင် ထပ်ပြောလိုက်သည်။
" ကျွန်တော်မျိုးမက ထန့်ရှန်အကြောင်းမေးချင်တာပါ..."
ထိုအခါမှ ရွှယ်ကျွင်းလျန်ကရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
" အိုက်ဖေး မကြားမိဘူးထင်တယ် ... ထန့်ချမ်ယီက မင်းနဲ့ ထန့်ရှန်တို့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ အရင်ကပြောဖူးတယ်..."
ထိုစကားကိုကြားသည့်အခါမှသာ ထန့်ယွင်၏နှလုံးသားက တဒိတ်ဒိတ်ခုန်လာသည်။ ကြေးမုံကို ခိုးကြည့်လိုက်သော်လည်း ရွှယ်ကျွင်းလျန်၏မျက်လုံးများက သူ့ကိုကြည့်နေမည်ဟု မထင်မိခဲ့ပေ။ သူက ဖျတ်ခနဲကြည့်လိုက်ခြင်းဖြစ်သော်လည်း ထန့်ယွင်၏မျက်ဝန်းထဲမှ ကပျာကသီဖြစ်နေမှုကို သေချာပေါက်မြင်သွားနိုင်သည်။
ရွှယ်ကျွင်းလျန်က ဆံပင်တစ်စုကို နှုတ်ခမ်းနားကပ်ပြီး ပြုံးလိုက်သည်။
" အဲ့အချိန်တုန်းကတော့ ကိုယ်တော်သူမကိုမယုံခဲ့ဘူး... သူမကို ပြန်အော်လုနီးနီးတောင် ဖြစ်သွားသေးတယ် ... ဘာလို့လဲ အိုက်ဖေးက ထန့်ရှန်နဲ့ ရင်းနှီးတယ်ဆိုတဲ့ အမှန်တရားကို ပြောပြတော့မလို့လား..."
" အရှင်က ရှုပ်ထွေးသွားပုံရတယ် ... ဖုန့်တိုင်းပြည်နဲ့ ထန့်တိုင်းပြည်က မိုင်ပေါင်းထောင်ချီ ဝေးတယ်လေ... ထန့်ရှန်ကလည်း ဖုန့်တိုင်းပြည်ကို တစ်ခါမှ မလာဖူးဘူး... ကျွန်တော်မျိုးမတို့က ဘာကြောင့် ရင်းနှီးရမှာလဲ..."
ရွှယ်ကျွင်းလျန်က သူကိုင်နေသောဆံပင်ကို ထန့်ယွင်၏ နှုတ်ခမ်းနှင့်ပွတ်ကာ မျက်လုံးများမှေးစင်း၍ ပြုံးလိုက်သည်။
" ပြောတတ်ဆိုတတ်တဲ့ နှုတ်ခမ်းလေးပါလား..."
ရွှယ်ကျွင်းလျန် ဆက်ပြောလိုက်သည်။
" ထန့်ရှန်က အောင်မြင်မှုကြီး ဆောင်ကြဉ်းပေးနိုင်ခဲ့တယ်... သူ့ကိုလွှတ်လိုက်တာ မမှားဘူး... သူက စခန်းချမယ့်နေရာ မရောက်ခင်မှာတောင် မာကျင်းကို သတ်ပြီးနေပြီ..."
" မာကျင်းလား..."
ထန့်ယွင် သူ့နာမည်ကို ရေရွတ်လိုက်မိသည်။ မာကျင်းက လူမသိသူမသိ စစ်သူကြီးတစ်ယောက် မဟုတ်ပေ။
ချန်းထျန်က အလွန်သတ္တိရှိ၍ တိုက်ခိုက်ရာတွင် ကျွမ်းကျင်သူဖြစ်သော်လည်း အာဏာရှိသူတစ်ယောက်လည်းဖြစ်သည်။ သူက လွှမ်းမိုးမှုရှိသူတစ်ယောက်ဖြစ်၍ ညီလာခံကိုပင် ပြောင်းပြန်လှန်ပစ်နိုင်သည်။ ကံဆိုးသည်မှာ သူ့ထံတွင် သားမရှိပေ။ သူ၏ကလေးများက သမီးများသာဖြစ်သည်။ မာကျင်းက သူ့တူဖြစ်သည်။ ချန်းထျန်က သူ့ကိုကလေးဘဝတည်းက ခေါ်ယူမွေးစားခဲ့ပြီး သွေးသားအရင်းအချာကဲ့သို့ ဆက်ဆံခဲ့သည်။
မာကျင်းက ငယ်ရွယ်သေးသော်လည်း မွေးစားအဖေ၏ သတ္တိနှင့် အရည်အချင်းများကို ဆက်ခံထားသူဖြစ်သည်။ ဓားတစ်ချောင်း သို့မဟုတ် လှံရှည်တစ်ချောင်းကို ကိုင်ထားသရွေ့ မည်သူ့ကိုမျှ မရှုံးနိုင်ပေ။ ထိုသို့သောလူက ထန့်ရှန်၏လက်ထဲတွင် အသတ်ခံခဲ့ရသည်။
ထန့်ရှန် ယခင်က စစ်သူကြီးဖြစ်ခဲ့သည်။ သူက ယခင်ထန့်မင်းကြီးနှင့်အတူ စစ်မြေပြင်တိုင်းကို ရောက်ဖူးသည်။ ထိုစဉ်အချိန်က ထန့်တိုင်းပြည်၏ အတောက်ပဆုံးခေတ်တစ်ခုဖြစ်ခဲ့သည်။
သို့ရာတွင် ထန့်ယွင်၏ဖခင် လက်ရှိထန့်မင်းကြီး နန်းတက်ချိန်မှစ၍ ထန့်ရှန်၏ စစ်အင်အားကို ထိန်းသိမ်းခဲ့ပြီး ထန့်ရှန်ကို မြို့တော်မှ ထွက်ခွာခွင့်ကို တားမြစ်ခဲ့သည်။ ယနေ့ချိန်ထိဆိုလျှင် ထန့်ရှန် ဓားမကိုင်ရသည်မှာ ဆယ်နှစ်ခန့်ပင်ရှိပြီဖြစ်သည်။
ကိုယ်ခံပညာသင်ယူထားသူများက သူတို့၏စွမ်းရည် လွယ်လွယ်မကျသွားသော်လည်း အသုံးမပြုရသည်မှာ ကြာမြင့်လာလျှင် မရင်းမနှီးဖြစ်သွားတတ်သည်။ သို့ဖြစ်၍ ထန့်ရှန် စစ်မြေပြင် ပြန်ရောက်သွားသည့်အခါ ထန့်ယွင်က သူ၏လုံခြုံရေးကို စိတ်ပူနေခြင်းဖြစ်သည်။
ဧကရီက အတွေးထဲနစ်မျောနေသည်ကို ရွှယ်ကျွင်းလျန်ငေးကြည့်နေသည်။ သူမက ထန့်ရှန်အကြောင်း ထပ်မပြောတော့သော်လည်း မပျော်မရွှင်ဖြစ်သွားပုံရသည်။ ရွှယ်ကျွင်းလျန်က ဧကရီနှင့်ထန့်ရှန်က ရင်းနှီးနေမည်ဟု မတွေးပဲ မနေနိုင်အောင်ဖြစ်သွားသော်လည်း ထိုကိစ္စက မဖြစ်နိုင်ပေ။
42.2
ဧကရီကိုယ်တိုင်က သူမမှာ ဖုန့်တိုင်းပြည်နန်းတွင်း အတွင်းဆောင်တွင် မွေးဖွားလာခဲ့ခြင်းဟု ပြောခဲ့ဖူးသည်။ တော်ဝင်မိသားစုသမီးပျိုတစ်ယောက်မှာ လက်ထပ်ထိမ်းမြားရန် အရွယ်မရောက်မီအထိ လူမြင်ကွင်းသို့ မထွက်ရပေ။ ထို့အပြင် ထန့်ရှန်က ဖုန့်တိုင်းပြည်သို့ တစ်ကြိမ်မှမရောက်ခဲ့ဖူးသည်ကို သူသိသည်။
ထို့ကြောင့် ဧကရီ၏မျက်ဝန်းများက လိမ်ညာနေခြင်းမဟုတ်ကြောင်း သူသိသည်။
—
ဖုန့်တိုင်းပြည်၏ နန်းတွင်းလူရည်ချွန်စာမေးပွဲက ခြောက်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည်။ ပညာရှိတစ်ယောက်က စာမေးပွဲဖြေခွင့်မရခဲ့ပါက နောက်ခြောက်နှစ်ထပ်စောင့်ရသည်။ ဤသို့လည်ပတ်နေခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုခန့်ရှိပြီဖြစ်သည်။
ဖုန့်မင်က သူ၏ အညှာအတာကင်းမဲ့မှုကြောင့် ကျော်ကြားသော်လည်း သူ့ထံတွင် ကောင်းသည့်အချက်များနှင့် အောင်မြင်မှုများစွာလည်းရှိသည်။ အချိန်တိုအတွင်းမှာပင် ပလ္လင်ပေါ်ရောက်နိုင်ခဲ့သည့်အပြင် ၏ နန်းတွင်းလူရည်ချွန်စာမေးပွဲကို သုံးနှစ်တစ်ကြိမ် ကျင်းပစေခဲ့သဖြင့် လူများစွာက သဘောကျနှစ်သက်သည့် ဘုရင်ဖြစ်ခဲ့သည်။
ဖုန့်တိုင်းပြည်တွင် လုရှစ်ချန်ဟူသော ပညာရှင်တစ်ယောက်ရှိသည်။ လွန်ခဲ့သည့်သုံးနှစ်ခန့်က သူ့ကို နေထိုင်ရာဒေသမှ အရာရှိက ရှောင်လျန်အဖြစ် ရွေးချယ်ခဲ့သည်။
[T/N : ရှောင်လျန်ဆိုတာ နန်းတွင်းလူရည်ချွန်စာမေးပွဲဝင်ဖြေဖို့ မှူးမတ်အရာရှိတွေက ရွေးချယ်ထားတဲ့ ပညာရှင်လောင်းတွေပါ ]
လုရှစ်ချန်က တစ်တိုင်းပြည်လုံးတွင် ဉာဏ်အကောင်းဆုံးနှင့် အရည်အချင်းအရှိဆုံးပညာရှင်ရှစ်ယောက်ထဲတွင် ပါဝင်သည်ဟု ပြောနိုင်သည်။ သို့သော်လည်း လုရှစ်ချန်က ပွင့်လင်းရိုးရှင်းသူတစ်ယောက်ဖြစ်သည်။ သူက စာပေဖတ်ရှု့လေ့လာရန်သာသိပြီး နန်းတွင်းညီလာခံ၏ လုပ်ထုံးလုပ်နည်းများကို နားမလည်ပေ။
သို့သော်လည်း ရှေးယခင်အချိန်တည်းက ငွေများဖြင့် ရာထူးကြီးမှူးမတ်များကို လာဘ်ထိုး၍ နေရာကောင်းရရှိအောင်ပြုလုပ်ရသည့် ဓလေ့မျိုးရှိသည်။ ၎င်းက လူအားလုံးသိရှိကြသည့် လျှို့ဝှက်ချက်ဆိုလျှင်လည်း မမှားပေ။
လုရှစ်ချန်၏ မိသားစုက အလွန်ဆင်းရဲလှသည်။ အစားတစ်လုတ်အတွက် သူ၏ပန်းချီနှင့် လက်ရေးလှစာလုံးများရောင်းချကာ ငွေရှာရသည်။ သို့ဖြစ်၍ ငွေကြေးကိုသုံး၍ လူများကို မည်သို့လာဘ်ထိုးဆွဲဆောင်ရမည်ကိုမသိပေ။
သို့ဖြစ်၍ ရာထူးအမြင့်ပိုင်းမှလူများက လုရှစ်ချန်ကို ဒေါသထွက်သွားပြီး သူက အကောင်းဆုံးလူရည်ချွန်ဖြစ်သော်လည်း နန်းတွင်းလူရည်ချွန်စာမေးပွဲဖြေဆိုခွင့်ကို ပယ်ချလိုက်ကြသည်။ ရှောင်လျန်ဖြေဆိုခွင့်ကို လုရှစ်ချန်ထက် ပိုချမ်းသာသည့်လူတစ်ယောက်ကို ပေးလိုက်ကြသည်။
လုရှစ်ချန်က ရထားလုံးတစ်ခုငှားနိုင်သည်အထိ ငွေစု နေခဲ့သည်။ တစ်လကျော်ကြာမှ နန်းမြို့တော်သို့ ရောက်ရှိလာသည့်အခါ အခြားရှောင်လျန်တစ်ယောက်က စောစီးစွာရောက်ရှိနေခဲ့ကြောင်း ထိုအခါမှကြားသိခဲ့ရသည်။ သို့ဖြစ်၍ လုရှစ်ချန်းက အခြားလူများ၏ ရယ်စရာတစ်ခု ဖြစ်လာခဲ့သည်။
လုရှစ်ချန်က လူရယ်စရာဖြစ်လာခဲ့ပြီး နန်းတွင်းဂိတ်တံခါးဝကို မည်သည့်အခါမှ ကျော်နိုင်မည်မဟုတ်ဟု သူ့ကိုလှောင်ပြောင်ကြသည်။
သုံးနှစ်အကြာတွင်လည်း ထပ်တူညီသောအကြောင်းပြချက်တစ်ခုတည်းကြောင့် ရှောင်လျန်ဖြေဆိုခွင့်ကို ပယ်ချခံလိုက်ရပြန်သည်။ အချိန်ကုန်လူပင်ပန်းဖြစ်၍ လုရှစ်ချန်မှာ ထိုင်မနေနိုင်တော့ပေ။ သို့ဖြစ်၍ ပညာရှင်တစ်ဖွဲ့ကိုစုစည်းပြီး ဆန္ဒဖော်ထုတ်ခဲ့သည်။
ဒေသခံအစိုးရက ဆန္ဒပြမှုကို ချေမှုန်းရန် ကြိုးပမ်းသည့် ပညာရှင်အများအပြားကို ဖမ်းမိခဲ့သော်လည်း ၎င်းတို့၏ နည်းလမ်းမှာ လူထု၏ ဒေါသကို နှိုးဆွပေးခဲ့သည်။
တိုက်ဆိုင်စွာပင် ထိုအချိန်က ဖုန့်မင်မှာ နယ်စားကျူးလုနှင့် မပြေမလည်ဖြစ်နေခဲ့၍ စိတ်မတည်ငြိမ်နိုင်ဖြစ်နေသောကြောင့် နန်းတော်အပြင်သို့ထွက်ရန် ဆုံးဖြတ်လိုက်သည့်အချိန်ဖြစ်နေသည်။ နန်းတော်ပြင်ပရောက်နေစဉ် အခြေခံလူတန်းစား၏ အခြေအနေကိုသိချင်၍ လေ့လာရန်ဆုံးဖြတ်လိုက်သည်။
ဖုန့်မင်က ဒေသငယ်လေးတစ်ခုသို့ရောက်သည့်အခါ ပညာရှင်များက ဆန္ဒဖော်ထုတ်နေသည်။ မှူးမတ်များက ဆန္ဒပြသူများကို ဖိနှိပ်နေရသည့်အပြင် ဖုန့်ဝမ်ရောက်လာချိန်တွင် အဆင်သင့်ဖြစ်နေအောင် အစားအသောက်များပြင်ဆင်လျက် အလုပ်ရှုပ်နေကြသည်။
အစပိုင်းတွင် အရာအားလုံး အဆင်ပြေနေခဲ့သော်လည်း ဖုန့်ဝမ်လာနေသည့်လမ်းတွင် စာရွက်တစ်ရွက်က လေနှင့်အတူလွင့်လာပြီး သူ့ခြေထောက်အောင် ရောက်လာသည်။
စာရွက်ပေါ်မှာ ရေးထားသည်က အလွန်ရှင်းလင်းလှသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလက်ရေးကို ရင်းနှီးနေသဖြင့် စာရွက်ကိုကောက်လိုက်သည်။ ထို့နောက်တွင် လက်ရေးက ကျောက်လု(နယ်စားမင်းကျူးလု)နှင့် အလွန်တူသည်ဟုပင်ထင်လိုက်သည်။
ထိုသို့တွေးလိုက်မိခြင်းအတွကါ ဖုန့်ဝမ် သူ့ကိုယ်သူ အရူးဟုထင်လိုက်မိသည်။ လက်ရေးက ဆင်တူသော်လည်း အနီးကပ်ကြည့်လိုက်သည့်အခါ ကျောက်လု၏လက်ရေးနှင့် ကွဲပြားသည်။ ကျောက်လု၏လက်ရေးနှင့် တူသည်ဟု ထင်လိုက်ခြင်းမှာ သူကိုယ်တိုင်က ကျောက်လုအကြောင်းကို မတွေးပဲမနေနိုင်ဖြစ်နိုင်သောကြောင့်ဟုထင်လိုက်မိသည်။ အရာအားလုံးက ပြီးဆုံးသွားပြီဟု ထင်လိုက်သော်လည်း သူ့ရင်ထဲတွင်မူ လက်မလွှတ်နိုင်သေးပေ။
ထိုစာရွက်အပိုင်းအစလေးတွင် ထန့်တိုင်းပြည်မှ မှူးမတ်များ၏ လောဘ၊ လာဘ်ပေးလာဘ်ယူလုပ်မှုနှင့် သူဆင်းရဲများခံမှငွေကိုပါ အနုနည်းဖြင့် လုယက်နေမှုတို့ကို ရေးထားသည့်အပြင် ဖုန့်ဝမ်ကိုပါ ပြစ်တင်ရှုတ်ချထားမှုများ ပါဝင်နေသည်။
ဖုန့်ဝမ်ကိုလာကြိုရန် တာဝန်ကျသောအမတ်မှာ ကြောက်လန့်မှုကြောင့် တုန်ယင်နေပြီး ခေါင်းပင်မမော့နိုင်တော့ပေ။ သို့ရာတွင် ဖုန့်ဝမ်က ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
" ကောင်းလိုက်တဲ့စာအရေးအသားပဲ ..."
သို့ဖြစ်၍ လုရှစ်ချန်၏ ဂုဏ်သတင်းက ကောင်းကင်ပေါ်ထိတက်သွားသည်။ သူ့ကို ငွေကြေးထောက်ပံ့လာကြသည့်အပြင် သူနေထိုင်ရာခရိုင်မှ ဒေသခံအရာရှိများက သူ့ကို ရထားလုံးများနှင့် ငွေကြေးများပေးကာ နန်းမြို့တော်သို့ ပို့ဆောင်ပေးချင်သူများ တန်းစီလာသည်။
လုရှစ်ချန်က နန်းတော်သို့ရောက်လာခဲ့ပြီး နန်းတွင်းလူရည်ချွန်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့သည်။ ဖုန့်မင်က သူ၏အရည်အချင်းကို ထပ်မံချီးကျူးလိုက်ပြန်သည်။ သို့ဖြစ်၍ ဖုန့်ဝမ်၏ နှစ်သက်သဘောကျမှုများက နယ်စားမင်းကျူးလုထံမှပျောက်ကွယ်သွားကာ လက်ရှိမျက်နှာသာအပေးဆုံးလူက လုရှစ်ချန်ဟူသည့် စာကြမ်းပိုးလေးဖြစ်ကြောင်း အားလုံးသိလာကြသည်
ဤစာကြမ်းပိုးလေး၏ ဂုဏ်သတင်းက အလွန်မြင့်မားလာခဲ့ပြီး သူတရားဝင် တာဝန်ယူချိန်မှစ၍ သုံးလအတွင်း အဆင့်များစွာတက်ခဲ့ကာ ယခုအခါ၌ ဖုန့်တိုင်းပြည်၏ အမတ်ချုပ်နေရာသို့ ရောက်လာပြီဖြစ်သည်။
လုရှစ်ချန်က မည်သည့်ရှု့ထောင့်မှဖြစ်စေ စာကြမ်းပိုးဖြစ်သည်။ သူက အလွန်သစ္စာစောင့်သိကာ တတ်နိုင်သမျှ သဘောထားကြီးကြီးထားပြီး လူဆိုးများကို သူ၏ရန်သူသဖွယ်သဘောထား၍ မုန်းတီးသည်။ အမတ်ချုပ်ငယ်လေးက အလွန်တုံးအ၍ နန်းတွင်း၏ ညစ်ပတ်သော အမှောင်ဘက်ခြမ်းများကို မသိပေ။ သို့ဖြစ်၍ လူအများက လုရှစ်ချန်မှာ ဘုရင့်အိပ်ယာထက်သို့ ရောက်ပြီးပြီဟုပင် သံသယရှိလာကြသည်။ ထိုလောလဟာလကို အားလုံး၏ နားထဲရောက်ပြီးဖြစ်ကာ ထိုလူများထဲတွင် ယခင်က ဖုန့်ဝမ်၏အနှစ်သက်ဆုံးဖြစ်သော ကျောက်လုလည်းသိသည်။ လုရှစ်ချန်တစ်ယောက်တည်းသာ မသိခြင်းဖြစ်သည်။
တစ်ခါက ဖုန့်ဝမ်က ပန်းဥယျာဉ်ထဲတွင် ငှက်ကလေးများတေးသီနေသည်ကို ကြည့်နေပြီး အမတ်လုက သူ့ကိုအဖော်ပြုပေးနေသည်။ ဖုန့်ဝမ်က ရုတ်ချည်းထမေးလိုက်သည်။
" ဘယ်ငှက်က ပိုလှလဲ ... အစိမ်းရောင်လား အနီရောင်လား..."
လုရှစ်ချန်က ရိုးရိုးသားသားပြန်ဖြေလိုက်သည်။
" ကျွန်တော်မျိုးက မြစ်ရေကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ၊ ရေကြီးတာကိုကာကွယ်ပြီး ပြည်သူတွေကို ဘယ်လိုကာကွယ်ရမယ်ဆိုတာလောက်ပဲ သိပါတယ်... တကယ်လို့ တာ့ဝမ်က ငှက်မျိုးစိတ်တွေအကြောင်း သိချင်တာဆိုရင်တော့ ကျေးဇူးပြုပြီး တုံးအတဲ့ ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ တာ့ဝမ်ကို မကူညီပေးနိုင်ပါဘူး..."
ထိုနေရာတွင် ရှိနေသူအားလုံး ထိတ်လန့်သွားကြသည်။ ကြောက်စရာကောင်းသော မင်းဆိုးမင်းညစ်ယောက်ရှေ့တွင် ဤကဲ့သို့လေသံဖြင့် ပြောမိသော လက်အောက်ငယ်သားတစ်ယောက်မှာ ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းသာဖြစ်သည်။
သို့ရာတွင် ဖုန့်ဝမ်က အားပါးတရ ရယ်မောလိုက်သည်။
" အဲ့ဒါ ကိုယ်တော့်အမှားပါ... ရှစ်ချန်ရဲ့ ပညာရှိစကားတွေက ကိုယ်တော့်ကို အမြင်ကျယ်စေတယ်..."
သို့ဖြစ်၍ လုရှစ်ချန်၏ အနေအထားက ယုံမှားသံသယဖြစ်ဖွယ်ရာမဟုတ်ကြောင်း လူအများ ယုံကြည်သွားခဲ့သည်။
xxxxxx