အပိုင်း ၄၃
Viewers 14k

Chapter - 43

သဝန်တိုမှု ( ၂ )


ကျောက်လု သူ့ဘေးပတ်ပတ်လည်ကိုရှာကြည့်လိုက်သည်။ သူအနည်းငယ် စိတ်ဓာတ်ကျနေသော်လည်း အကြောင်းအရင်းကို မတွေးကြည့်နိုင်ဖြစ်နေသည်။


လွေ့ရွှယ်က ပြုံးပြ၍မေးလိုက်သည်။

" သခင် ခုနောက်ပိုင်း စိတ်ညစ်နေသလိုပဲ..."


ကျောက်လု ခေါင်းငြိမ့်ပြလိုက်သည်။

" ဟုတ်တယ်..."


လွေ့ရွှယ်ပြောလိုက်သည်။

" ဒါဆိုရင် နန်းတွင်းထဲဝင်ပြီး တာ့ဝမ်ကိုသွားတွေ့ပါလား... ဒီအတိုင်းဆက်နေနေရင် ရူးသွားလိမ့်မယ်..."


ကျောက်လု မျက်ခုံးများကို ထိလုမတတ်အထိ တွန့်ချိုးလိုက်သည်။

" ဒီကိစ္စက ဖုန့်ဝမ်နဲ့ ဘာဆိုင်လို့လဲ..."


" သခင် ဖုံးကွယ်ထားဖို့ မလိုပါဘူး... လွေ့ရွှယ်က သခင့်နောက်လိုက်‌တာ ငါးနှစ်လောက်ရှိပြီလေ... ဒီရက်ပိုင်းတွေမှာ သခင် အစားလည်းသိပ်မစားဘူး ... ပြီးတော့ အိပ်ချိန်တွေလည်းမမှန် ဖြစ်နေတယ်... တာ့ဝမ် နန်းတွင်းအပြင်ထွက်သွားတုန်းကလည်း ဘယ်နေ့ပြန်လာမှာလဲဆိုတာ တစ်နေ့သုံးခါလောက် မေးနေတယ်... တာ့ဝမ်က အမတ်လုကို ရှာတွေ့ပြီးချိန်တည်းက အရှင်တစ်နေကုန် မျက်မှောင်ကြုတ်နေတာပဲ..."


ကျောက်လု ရင်ခုန်သံများမြန်သွားသည်။ လွေ့ရွှယ်၏ စကားများထဲမှ တစ်စိတ်တစ်ပိုင်းကမှန်သော်လည်း ထိုကိစ္စက သူနှင့်ဖုန့်ဝမ်၏ ဆက်ဆံရေးကြောင့်ဟု မထင်လိုက်ပေ။


ဒါမှမဟုတ် ဒါက ဖုန့်ဝမ်နဲ့ သူ့ကြားက ဆက်ဆံရေးနဲ့ ပတ်သက်နေတယ်လို့ပဲ ပြောရမလား ... 

အဘယ့်ကြောင့်ဆိုသော် လုရှစ်ချန်ကဲ့သို့ အရည်အချင်းရှိပြီး ပညာတတ်သူတစ်ယောက်ကို ဖုန့်မင်နှင့် မနီးစပ်စေချင်ပေ။ ထိုလူက ဖုန့်မင်ကိုကူညီပေး၍ ဘုရင်ကောင်းတစ်ပါးဖြစ်အောင် လမ်းပြပေးမည်ကိုသူ မလိုလားပေ။ အဘယ့်ကြောင့်ဆိုသော် ကျောက်လု၏ရည်ရွယ်ချက်မှာ ဖုန့်တိုင်းပြည်ကို လမ်းမှန်မှ သွေဖယ်သွားစေလို၍ဖြစ်သည်။ဖုန့်မင်ကိုလည်း သမိုင်းတစ်လျှောက်တွင် လုပ်ရည်ကိုင်ရည်မရှိသော မင်းဆိုးမင်းညစ်တစ်ပါးအဖြစ် ပြစ်တင်ရှုံ့ချခံရစေလိုသည် 


သူ့အကြံအစည်များက အောင်မြင်လုနီးပြီဖြစ်သည်။ သူ နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့ပြီးလို့ ဖုန့်မင်ရဲ့ ကျဆုံးချိန်ရောက်လာမှပဲ လုရှစ်ချန်က ဘယ်လိုဖြစ်လို့ ပေါ်လာရတာလဲ...


လုရှစ်ချန်က အမတ်ချုပ်ဖြစ်လာသည်မှာ လဝက်ခန့်သာရှိသေးသော်လည်း မြစ်ရေကို ထိန်းသိမ်းခြင်း၊ အခွန်များ လျှော့ချခြင်းနှင့် နန်းတွင်းလူရည်ချွန် စာမေးပွဲစည်းမျဉ်းများကို ပြင်ဆင်ပြီးဖြစ်သည်။  ပညာရှင်များအား ဒေသဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးက ရွေးချယ်တင်မြှောက်ရန် မလိုအပ်ဘဲ  နန်းတွင်းလူရည်ချွန် စာမေးပွဲကို ၎င်းတို့ကိုယ်တိုင် ဝင်ရောက်ဖြေဆိုခွင့်ပြုရန် ၎င်းက အကြံပြုခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းက ပညာရှင်များကို အလွှာအသီးသီးမှ အကျင့်ပျက်အရာရှိများ ခေါင်းပုံဖြတ်မှုမှ ကာကွယ်ပေးရန်ဖြစ်သည်။


ဖုန့်မင်က ဤလူကို သူ၏ကျေးဇူးရှင်အဖြစ် မှတ်ယူထားသည်။ လုရှစ်ချန်ကိုလည်း သူ၏အတိုင်ပင်ခံဆရာအဖြစ် ရိုသေလေးစားသည်။


ကျောက်လုက လုရှစ်ချန်နှင့် ဖုန့်မင်းအကြောင်းတွေးမိလေ ‌စိတ်အနှောင့်အယှက်ဖြစ်လာလေ ဖြစ်သည်။ နောက်ဆုံးတွင် သူ သည်းမခံနေနိုင်တော့ပေ။ သူမတ်တပ်ရပ်လိုက်ပြီး သူ့လူများကို မြင်းတစ်စီးပြင်ဆင်ခိုင်းထားလိုက်သည်။


နန်းတွင်းသို့ရောက်သောအခါ သူ့နာမည်ပြား အပ်ရန်မလိုအပ်သကဲ့သို့ မြင်းပေါ်မှဆင်းရန်လည်း မလိုသည့်အပြင် လက်နက်များကိုလည်း မပေးခဲ့ရပေ။ ၎င်းက စည်းမျဉ်းဟောင်းများသာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျောက်လုကို နန်းတွင်းတစ်ခုလုံး မသိသူမရှိကြ၍ စည်းမျဉ်းများလွတ်မှ ကင်းလွတ်ခွင့်ရထားသည်။ ဖုန့်မင်က သူတို့၏ဆက်ဆံရေး ပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာထားသော်လည်း ကျောက်လု၏ အထူးအခွင့်အရေးများကို မပိတ်ပင်ခဲ့ပေ။

ကျောက်လုက ဖုန့်မင်၏နန်းဆောင်ရှေ့မှ ကျောက်စိမ်းလှေကားထစ်များနားရောက်မှသာ မြင်းပေါ်က ဆင်းလိုက်သည်။ ပင်မခန်းမဆောင်ထဲဝင်မည်အပြုတွင် တံခါးဝ၌ စောင့်ဆိုင်းနေသော အစေခံက တားမြစ်လိုက်သည်။ အစေခံက ကျောက်လုကို အရိုအသေပြုပြီးနောက် ပြောလိုက်သည်။


" အရှင်နယ်စားမင်းက အချိန်မှားပြီးရောက်လာတာပဲ... တာ့ဝမ်က အခုလောလောဆယ် အမတ်လုနဲ့ ဆွေးနွေးနေလို့ ဘယ်သူမှ ဝင်ခွင့်မရှိပါဘူး..."


ကျောက်လု နှာမှုတ်လိုက်သည်။


" ငါတောင် ဝင်လို့မရဘူးတဲ့လား..."


ယခင်ကဆိုလျှင် သူက ဖုန့်မင်၏နန်းဆောင်ထဲ တံခါးမရှိ ဓားမရှိ ဝင်ထွက်နိုင်ပြီး ဖုန့်မင်၏အိပ်ရာပေါ် တက်နေလျှင်လည်း မည်သူမျှ မတားမြစ်ရဲပေ။


" ‌ဒါပေမဲ့ ..."


အစေခံက တွန့်ဆုတ်နေသည်။ ကျောက်လုက ရာထူးကြီးအမတ်တစ်ယောက်ဖြစ်သည့်အတွက် ထည်ဝါသော အရှိန်အဝါတစ်ခုက သူ့ကိုလွှမ်းမိုးထားသည်။ တခြားအချိန်များတွင်မူ အစေခံများက သူ့ကို မဖီဆန်ရဲသော်လည်း။ယခုအခါတွင် သတ္တိမွေးကာ ပြောလိုက်သည်။


" တာ့ဝမ်... တာ့ဝမ်က တကယ်လို့ နယ်စားမင်းကျူးလုလာရင်လည်း ဝင်ခွင့်မပြုနဲ့လို့ အမိန့်ပေးထားလို့ပါ..."


" ကောင်းပြီလေ..."


အစေခံပြောသည်ကိုကြားသောအခါမှ ကျောက်လု သဘောပေါက်သွားသည်။ ဖုန့်မင်က သူ၏နာမည်ကိုပင် အထူးတလည် ပြောထားသည်ပင်။ 

ဖုန့်ဝမ်ကို ကျေးဇူးတင်ရမလား သူ့ကိုယ်သူ ဂုဏ်ယူရမလား‌တောင် ကျောက်လု မဆုံးဖြတ်နိုင်တော့ဘူး...

43.2


ကျောက်လုက စကားတစ်ခွန်းမှမပြောပဲ ချက်ချင်းလှည့်ထွက်သွားရန်ပြင်လိုက်သည်။


အချိန်အနည်းငယ်ကြာသောအခါမှ ကျောက်လု စိတ်တည်ငြိမ်သွားပြီး ဒုတိယအကြိမ်ပြန်ရောက်လာသော်လည်း တားမြစ်ခံရပြန်သည်။


ကျရှုံးမှုများက သုံးကြိမ်ထက်ပို၍မဖြစ်နိုင်ဟု ဆိုလေ့ရှိကြသည်။ ကျောက်လုက ဤတစ်ကြိမ်ကို နောက်ဆုံးတစ်ခေါက်ဟု သဘောထားကာ တတိယတစ်ကြိမ် ရောက်လာပြန်သည်။ ကံကောင်းသည်မှာ ထိုအချိန်တွင် လုရှစ်ချန်က ဖုန့်ဝမ်၏နန်းဆောင်ထဲမှ ထွက်လာသည်။ ကျောက်လုက နယ်စားမင်းဖြစ်သော်လည်း သူ့အဆင့်က လုရှစ်ချန်နှင့် အတူတူဖြစ်သည်။ သူတို့နှစ်ယောက်တွေ့ဆုံချိန်၌ ဦးညွတ်အရိုအသေပြုရမည့်အစား လက်နှစ်ဖက်ကို အုပ်၍သာ နှုတ်ဆက်လိုက်ကြသည်။


ကျောက်လုက အေးစက်စွာပြောလိုက်သည်။


" အမတ်လုက တစ်ချိန်လုံး ဖုန့်ဝမ်နဲ့ ဘာတွေများ ဆွေးနွေးနေပါလိမ့်... ကျုပ်ဒီကို သုံးခေါက်တောင် လာပေမယ့် သုံးခေါက်လုံး တံခါးရှေ့ရောက်မှ အထဲမဝင်ရဘူး..."


ထိုစကားကိုကြားသည့်အခါ အမတ်လု ဖုန့်ဝမ်ကို စစ်ရေးကိစ္စ လျှောက်တင်စရာရှိသည်ဟု လုရှစ်ချန်ထင်သွား၍ မဆိုင်းမတွတောင်းပန်လိုက်သည်။


" အဲ့လို ရေးကြီးခွင်ကျယ်ကိစ္စမဟုတ်ပါဘူး... ဒီရက်ပိုင်းမှာ တာ့ဝမ်က ချီ ‌ကစားရတာကို စိတ်ဝင်စားလာလို့ ကျွန်တော်ကို တူတူ ဆော့ကစားပေးဖို့ ဖိတ်ကြားလို့ပါ..."


လုရှစ်ချန် ရှင်းပြသည်ကိုကြားပြီး ကျောက်လု၏ မျက်လုံးများ မည်းမှောင်သွားသော်လည်း လုရှစ်ချန်က လုံးဝ သတိမပြုမိပေ။ နယ်စားမင်းကျူးလု၏ အရေးကိစ္စနှောင့်နှေးသွားမည်စိုးလို့ အကြိမ်ပေါင်းများစွာ တောင်းပန်ပြီးနောက် ပြန်သွားသည်။


ကျောက်လုက စိတ်ထဲတွင် ဒေါသထွက်နေပြီး ပင်မခန်းမဆောင်ထဲ ဝင်လာသည်။ ဖုန့်မင်က စာကြည့်ဆောင်ထဲတွင် လျှောက်တင်လွှာများကို ဖတ်ရှု့နေသည်။ ကျောက်လု တံခါးဖွင့်ဝင်လာသည့်အခါ အသံကြောင့် ဖုန့်မင်က ခေါင်းမော့ကြည့်လိုက်သည်။

သူတို့နှစ်ယောက် အကြည့်ချင်းဆုံသည့်အခါ ဖုန့်ဝမ်၏ မျက်ဝန်းထံမှအကြည့်ကြောင့် ကျောက်လု အနည်းငယ်စိတ်ပြေသွားပြီး စိတ်ခံစားချက်များရောထွေးသွားသည်။


အကြည့်က ဖျတ်ခနဲသာဖြစ်လိုက်ပြီး နောက်အခိုက်အတန့်တွင် ဖုန့်ဝမ်က လေသံပြတ်ပြတ်ဖြင့် အမိန့်ပေးလိုက်သည်။

" နယ်စားမင်းအတွက် ခုံတစ်ခုံယူခဲ့ကြ..."


အစေခံတစ်ယောက်က အမိန့်အတိုင်း နယ်စားမင်းကျူးလုထိုင်ရန် ခုံတစ်ခုသယ်လာပြီးနောက် အခန်းထဲမှ ပြန်ထွက်သွားကာ တံခါးကိုဖြည်းညှင်းစွာပိတ်လိုက်သည်။


ကျောက်လုက ခုံတွင်မထိုင်ပဲ မတ်တပ်ရပ်လျက်နှင့်ပက် စာကြည့်ခန်းကို စူးစမ်း‌ပြီး မေးလိုက်သည်။


" လိုက်ကာဘေးက ဗျတ်စောင်း ဘယ်ရောက်သွားတာလဲ..."


" ဗျတ်စောင်းလား..."


ကျောက်လုမေးလိုက်ကာမှ ဖုန့်မင်က ဗျတ်စောင်းအကြောင်း သတိရသွားပုံပေါ်သည်။ သူ့မျက်လုံးများက ဖတ်လက်စ လျှောက်တင်လွှာများအပေါ် ပြန်ရောက်သွားသည်။ ထို့နောက် အရေးမကြီးသည့်လေသံဖြင့် ပြောလိုက်သည်။


" အမတ်လုက အသေးအဖွဲ့ပစ္စည်းတွေက တာဝန်တွေကို အနှောင့်အယှက်ပေးတယ်ဆိုတာနဲ့ ကိုယ်တော် သူပြောတာကို သဘောတူပြီး ဗျတ်စောင်းကိုပေးပစ်ဖို့ တစ်ယောက်ယောက်ကို အမိန့်ပေးလိုက်တယ် ..."


" လွှင့်ပစ်လိုက်တာလား ..."


ကျောက်လူ၏ မျက်လုံးများ မှေးကျဉ်းသွားသည်။ ဖုန့်မင်က ဂီတတူရိယာများ တီးခတ်ရာတွင် ထူးချွန်သူဖြစ်သည်။ သို့ဖြစ်၍ ဖုန့်မင်နန်းတက်ပြီးနောက် ပထမဆုံး ကျင်းပသည့်မွေးနေ့ပွဲတွင် ကျောက်လုက ဗျတ်စောင်းကို လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။


ဖုန့်မင်က ကျောက်လုကိုကြည့်ပြီး ထပ်ပြောလိုက်သည်။

" မဟုတ်ဘူး... ဗျတ်စောင်းက လွှင့်ပစ်ရမှာ နှမျောစရာကြီးလေ ... အဲ့တော့ အမတ်လုကို လက်ဆောင်ပေးလိုက်တယ်..."


xxxxxx