အပိုင်း ၄၄
Viewers 13k

Chapter 44

မဟာဗျူဟာ (၁)


ကျောက်လုက ဖုန့်မင်ကို ကြည့်ရုံသာကြည့်နေပြီဘာမှမပြောပေ။ မူလက ဖုန့်မင် သူ့ကိုပြန်ကြည့်ရန် ရည်ရွယ်လိုက်သော်လည်း အကြည့်လွှဲလိုက်သည်။ သူ့ရင်ထဲတွင် ဤလူကို အပြည့်အဝ လက်မလွှတ်နိုင်သေးပေ။ ကျောက်လုကိုကြာကြာကြည့်မိပါက လက်လျှော့ပေးလိုက်ရမည်ကို ဖုန့်မင်ကြောက်နေမိသည်။


ကျောက်လုက ရယ်ရုံသာရယ်လိုက်ပြီး ပြန်ထွက်သွားရန် ပြင်လိုက်သည်။


ထိုအခါမှသာ ဖုန့်မင်က ဖြည်းညင်းစွာပြောလိုက်သည်။


" နယ်စားမင်း နေပါဦး..."


" အရှင့်မှာ အမိန့်ပေးစရာများ ကျန်နေသေးလို့လား..."

ကျောက်လုက လှည့်ပင်မကြည့်ပဲပြောလိုက်သည်။


ဖုန့်မင်က ကျောက်လု၏ကျောပြင်ကိုငေးကြည့်နေသည်။ သူ နောက်ဆုံးတွင် သက်ပြင်းချပြီး ပြောလိုက်သည်။

" ကိုယ်တော် မင်မြစ်ကို တစ်လလောက်သွားလည်ဖို့ တွေးထားတယ်..."


" မင်မြစ်..."


ကျောက်လုက အတွေးထဲ နစ်မျောသွားပုံရသည်။ ထိုနေရာက သူတို့နှစ်ယောက် ပထမဦးဆုံးအကြိမ် တွေ့ခဲ့သည့်နေရာဖြစ်သော်လည်း ဖုန့်မင်ကမူ မသိလောက်ပေ။ ထိုနှစ်က သူ မင်မြစ်ကို အလည်သွားစဉ်က ဖုန့်မင်နှင့် တွေ့ခဲ့သည်။ ထိုအချိန်က ကျောက်လုမှာလူငယ်လေးဖြစ်ပြီး သူ၏မိသားစုနှင့် ဆွေမျိုးသားချင်းများလည်း အသက်ရှင်လျက်ရှိနေသေးသည် 


ဖုန့်မင်ပြောလိုက်သည်။

" ဒီနေ့ ညီလာခံမှာ ကိစ္စတစ်ခုကို လျှောက်တင်ခဲ့တယ်...  မင်မြစ်က ရေကာတာက ကျိုးပျက်သွားတာ နှစ်ပေါင်းများစွာကြပြီမို့ ဒုက္ခသည်တွေရဲ့အခြေအနေက ပြဿနာဖြစ်နေတယ်... ကိုယ်တော် အဲ့နေရာကို ကိုယ်တိုင်သွားကြည့်ချင်လို့ နန်းမြို့တော်က ကိစ္စတွေကို မင်းကိုလက်လွှဲခဲ့မယ်..."


ကျောက်လု ခဏရပ်သွားပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။

" ပေးအပ်တဲ့တာဝန်ကိုကျေပွန်အောင် ကျွန်တော်မျိုး အကောင်းဆုံးထမ်းဆောင်ပါ့မယ်..."


ထို့နောက် အခန်းထဲမှ ထွက်သွားသည်။


လွေ့ရွှယ်က ဖုန့်ဝမ်နန်းဆောင်၏ အပြင်ဘက်တွင်ရပ်နေသည်။ အရှင်နယ်စားမင်းက ဖုန့်ဝမ်နှင့် ပြန်တွေ့ပြီးသည့်နောက် ပြန်လည်သင့်မြတ်သွားရန် သူမ မျှော်လင့်ခဲ့မိသည်။ သို့ရာတွင် ကျောက်လုက အေးစက်စက် အမူအယာဖြင့် ပြန်ထွက်လာသည်ကို သူမ မြင်လိုက်ရသည်။


အမှန်တွင် သူတို့နှစ်ယောက် မသင့်မမြတ်ဖြစ်ခြင်းက တစ်ကြိမ် နှစ်ကြိမ် မကတော့ပေ။ ကျောက်လုက နန်းတွင်းထဲရောက်ခါစ နယ်စားမင်းကျူးလု မဖြစ်မီအချိန်ကပင် သူက အေးတိအေးစက်နှင့် တုံးတိတိဖြစ်သည်။ သူ ပြောချင်သည်ကိုသာ သူပြောသည်။ ဖုန့်ဝမ်က သူ့ကို အမြဲတစေ ကာကွယ်ပေးခဲ့သောကြောင့်သာ မဟုတ်ပါက ကျောက်လုကို အားလုံးက ဝိုင်းပယ်ထားကြမည်ဖြစ်သည်။


ထိုအချိန်က ကျောက်လုမှာ ငယ်ရွယ်၍ ဘဝင်မြင့်နေသူဖြစ်ပြီး ဖုန့်ဝမ်ကလည်း နန်းတက်ခါစအချိန်ဖြစ်သည်။ သူတို့နှစ်ယောက်က ခေါင်းမာသည့်နေရာတွင် တူညီကြသည်။ အကယ်၍ ဖုန့်ဝမ်ကသူ့ကို ရိုးသားစွာမဆက်ဆံပါက သူတို့နှစ်ယောက်မှာ ယနေ့အချိန်ထိ တူတူရှိနေနိုင်မည်မဟုတ်ပေ။


အရှင်နယ်စားမင်း၏ စိတ်အခြေအနေမကောင်းမွန်သည်ကို မြင်၍ လူ့စိတ်အခြေအနေကို အကဲခတ်လွယ်သောလွေ့ရွှယ်က ဤတစ်ကြိမ်တွင်လည်း သံမဏိနှလုံးသားဖြင့် တာ့ဝမ်က အရှုံးမပေးလိုက်ကြောင်းကို သိသွားသည်။


ကျောက်လု အိမ်တော်ကိုပြန်ရောက်သည့်အခါ အခန်းတံခါးပိတ်၍သာ နေတော့သည် ။ နေ့လယ်စာနှင့် ညစာစားရန်အတွက် မထွက်လာသည့်အပြင် အစေခံများကလည်း သူ့အခန်းတံခါးနားပင် မကပ်ရဲကြပေ။


လွေ့ရွယ်က ကျောက်လု၏ အခန်းတံခါးနားသို့ အကြိမ်အနည်းငယ် ရောက်သွားခဲ့သော်လည်း တံခါးခေါက်ခြင်းဖြင့်သာ အဆုံးသတ်ခဲ့ပြီး ပြန်မဖြေပေ။ နောက်ဆုံးတစ်ခေါက်သွားချိန်တွင်လည်း ပြန်မဖြေ၍ ထွက်သွားမည်အပြုတွင် ကျောက်လုက သူမကို လှမ်းခေါ်လိုက်သည်။


လွေ့ရွယ်က တံခါးဖွင့်ပြီး ဝင်လာသည်။ အခန်းက အလွန်အမင်း မှောင်မဲနေ၍ လွေ့ရွှယ်က ဖယောင်းတိုင်ထွန်းလိုက်သည်။ ကျောက်လုက ပြတင်းပေါက်ဘေးတွင် ထိုင်နေသည်ကို မြင်လိုက်သော်လည်း သူတွေးနေသောအရာကို ခန့်မှန်း၍မရပေ။


ကျောက်လုပြောလိုက်သည်။

" စားပွဲပေါ်မှာ စာတစ်စောင်ရှိတယ် ငါ့ကို ကူညီပြီး ပို့ပေးပါဦး..."


ကျောက်လုက အမိန့်အတိုင်း ဆောင်ရွက်လိုက်သည်။ သူမ စာရွက်ကို ကိုင်လိုက်ချိန်တွင် ကျောက်လုက ထပ်ပြောလိုက်သည်။

" မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့... တစ်ခု မှတ်ထားဦး စာထဲက အကြောင်းအရာတွေကို မင်းကြည့်ခွင့်မရှိဘူး..."


" ဒီအစေခံ သဘောပေါက်ပါပြီ ..."


လွေ့ရွှယ်က သူမသခင်၏အခန်းထဲမှ မြန်မြန်ထွက်သွားသည်။ သူမ အဝတ်အစားများလဲပြီး ရုပ်ဖျက်ပြီးကာမှသာ အိမ်တော်မှ ထွက်သွားသည်။ လွေ့ရွှယ်က ကျောက်လု၏စာများကို အမြဲတစေ ပို့ပေးရသူဖြစ်သည်။ သူက နယ်စားမင်းကျူးလု၏ အယုံကြည်ရဆုံးလူ ဖြစ်သကဲ့သို့ ဖုန့်ဝမ်၏ အနှစ်သက်ဆုံးအစေခံလည်းဖြစ်သည်။ မည်သူကမှ သူမကို သံသယမဝင်ရဲသကဲ့သို့ မတားမြစ်ရဲပေ။


လွေ့ရွှယ်က အနောက်ဘက်တံခါးပေါက်မှ ထွက်လာပြီးသည့်အခါ သူ့စိတ်သူ မထိန်းနိုင်တော့ပေ။ အင်္ကျီအိတ်ကပ်ထဲ လက်နှိက်လိုက်ပြီး စာကို ဂရုတစိုက်ထုတ်ယူလိုက်သည်။


သူမ သခင်က တစ်နေကုန်အခန်းပိတ်၍ ဤစာကိုရေးခဲ့ခြင်းဖြစ်သည်။ သူမ မဖတ်သင့်ကြောင်းသိသော်လည်း စာကိုအိတ်ထဲမှ ထုတ်လိုက်သည်။ ကတိုက်ကရိုက် ဖတ်ပြီးသည့်နောက်တွင် သူမလက်များ ပြင်းထန်စွာ တုန်ယင်လာပြီး စာက မြေပြင်ပေါ် ပြုတ်ကျမတတ်ဖြစ်သွားသည်။


သေးငယ်သော စာလုံးလေးများကိုကြည့်ကာ လွေ့ရွှယ်လက်သီးတင်းတင်းဆုပ်ထားပြီး မငိုမိစေရန် ကြိုးပမ်းလိုက်ရသည်။

သူမသခင်က ဒီအခြေအနေထိရောက်အောင် လုပ်မှဖြစ်တော့မှာလား...


ထိုလက်ရေးက ကျောက်လု၏လက်ရေးဖြစ်ကြောင်း သံသဝင်စရာမလိုပေ။ ပါဝင်သည့် အကြောင်းအရာမှာ စာလုံးငါးလုံးသာဖြစ်သည်။


မင်မြစ်ကိုသွားပါ...



ရွှယ်တိုင်းပြည်နှင့် ဖုန့်တိုင်းပြည်နယ်နိမိတ်ကြားတွင် မြစ်တစ်စင်းရှိသည်။ ထိုမြစ်က အနောက်မှ အရှေ့သို့စီးဆင်းနေပြီး တိုင်းပြည်နှစ်ခု၏ပိုင်နက်ကို ပိုင်းခြားပေးထားသည်။


ဖုန့်တိုင်းပြည်က မြစ်၏ တောင်ဘက်ပိုင်းတွင် တည်ရှိ၍ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မင်မြစ်ရေကြီးမှုများ ဖြစ်ပေါ်လာစေခဲ့သည်။


ထိုနေရာတွင်နေထိုင်ရသည်နှင့် ကိစ္စများကို စီမံရသည်မှာ ခက်ခဲသော်လည်း မှူးမတ်မြောက်များစွာက ထိုနေရာတွင်သာ တာဝန်ထမ်းဆောင်ချင်ကြသည်။ အကြောင်းအရင်းက အလွန်ရိုးရှင်းလှသည်။ နှစ်စဉ်နှစ်တိုင်း နန်းတွင်းညီလာခံက မြစ်ရေကို ထိန်းသိမ်းရန် ရန်ပုံငွေအမြောက်အမြား ခွဲဝေပေးခဲ့သော်လည်း အကျင့်ပျက်သည့် ဒေသခံအစိုးရမှ ရန်ပုံငွေကို အချိန်တိုင်းခိုးယူလာဘ်စားခဲ့သည်။  သဘာဝဘေးဒဏ်ကို ခံစားနေရသော ဒုက္ခသည်များက ၎င်းကြောင့် ပို၍ပင် ခံစားခဲ့ရသည်။


ရွှယ်ကျွင်းလျန်က ကျောက်လု၏စာကို အချိန်ကိုက်ရရှိခဲ့သည်။ မင်မြစ်က နယ်စပ်တွင်တည်ရှိ၍ ဖုန်ဝမ်က မင်မြစ်ကို ကိုယ်တိုင်သွားရောက်ကြည့်ရှု့သည်မှာ ကိစ္စကောင်းဖြစ်သော်လည်း အန္တရာယ်များလွန်းသည်။ အန္တရာယ်များသည်ဆိုသည်မှာလည်း ကျောက်လု၏စာကို ရွှယ်ကျွင်းလျန် လက်ခံရရှိပြီးသည့်နောက်မှသာ ဖြစ်သည်။


ရွှယ်ကျွင်းလျန်က စာကိုဖယောင်းတိုင်ပေါ်တင်၍ မီးရှို့လိုက်သည်။ သူ ပြုံးလျက်နှင့်ပင်ပြောလိုက်သည်။

44.2


" ဒီကိစ္စတွေ ပြီးသွားပြီဆိုရင် ကိုယ်တော်က ချီ'ရုပ် အပိုင်းအစလေးဖြစ်တဲ့ "လု" ကို ပြန်လာဖို့ အမိန့်ပေးရမယ် ..."


ကျန်းယွီက မီးကျွမ်းသွားသောစာရွက်အနံ့များအ‌ပြင်သို့လွင့်သွားအောင် ပြတင်းပေါက်ဖွင့်လိုက်သည်။ ထို့နောက်ပြောလိုက်သည်။

" ဒီ အစေခံအိုကြီး နားမလည်နိုင်သေးဘူး... ကျောက်လုက ဖုန့်တိုင်းပြည်မှာ တစ်ချိန်လုံးရှိနေခဲ့တာပဲ ဘာလို့အခုမှ ပြန်လာဖို့ အမိန့်ပေးလိုက်ရတာပါလဲ မင်းကြီး..."


ရွှယ်ကျွင်းလျန်က ကျန်းယွီကိုကြည့်ကာပြုံးလိုက်သည်။

" ဉာဏ်ကောင်းရုံနဲ့ လူတစ်ယောက်က ဘုရင်တစ်ပါးဖြစ်လာမယ်လို့ မောင်မင်းထင်လား..."


" ဒီ အစေခံအိုကြီး မသိကြောင်းပါ..."


" သေချာပေါက် မလုံလောက်ဘူးပေါ့..."


ရွှယ်ကျွင်းလျန် ခေါင်းခါလိုက်သည်။


" မင်းကောင်းမင်းမြတ်တစ်ပါးဆိုတာ ပြည်သူတွေရဲ့ ခံစားချက်ကိုနားလည်ပြီး စိတ်ဓာတ်တက်ကြွအောင် ဆောင်ရွက်ပေးတတ်ရတယ်... ကျောက်လုက ဖုန့်တိုင်းပြည်မှာ ရှိနေခဲ့တာကြာပြီပဲ... သူ အရင်တုန်းကတော့ လုပ်ချင်ရာလုပ်ပေမယ့် ဖုန့်ဝမ်ကို နေ့စဉ်နေ့တိုင်းတွေ့နေရတယ်... နန်းတွင်းညီလာခံကို နေ့တိုင်းတက်ရတယ်... တကယ်လို့သူဟာ ဖုန့်တိုင်းပြည်မှာ ကြာကြာနေရင် တစ်နေ့နေ့တစ်ချိန်ချိန် ကိုယ်တော်ကသူ့ကို တစ်ခုခုလုပ်ဖို့အမိန့်ပေးလိုက်ရင် မလုပ်ချင်ပဲ တွန့်ဆုတ်နေမှာစိုးရတယ်..."


ကျန်းယွီ ခေါင်းငြိမ့်ပြလိုက်သည်။

" အရှင်က ဉာဏ်ပညာကြီးမားကြောင်းပါ..."


" ကျောက်လုက သစ္စာရှိပြီး အရည်အချင်းရှိတယ်... ကိုယ်တော်က အရည်အချင်းရှိတဲ့လူတော်တွေဆို တန်ဖိုးထားတယ်... သူ ကျဉ်းထဲကျပ်ထဲရောက်နေတာကို ကိုယ်တော်ကြည့်မနေနိုင် တော့ဘူး... ဒီကိစ္စပြီးသွားရင် ကိုယ်တော်သူ့ကို အနားယူခိုင်းပြီး မိခင်တိုင်းပြည်ကို ပြန်လာခိုင်းတော့မယ် ..."


ရွှယ်ကျွင်းလျန်က ဖယောင်းတိုင်မီးမှုတ်ပြီးနောက် ထိုင်လိုက်သည်။


" ကိုယ်တော်ဒီနေ့ စိတ်အခြေအနေကောင်းနေတယ်... ဧကရီကို နန်းဆောင်ကိုလာခိုင်းပြီး ဝိုင်နဲ့ ဟင်းပွဲတချို့ ယူလာခိုင်းလိုက်..."


" မှန်လှပါ မင်းကြီး..."


ဘုရင်က မိဖုရားကို ဝိုင်နှင့် အစားအစာများ ယူလာခိုင်းခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စသာဖြစ်သည်။ မိဖုရားကလည်း အစားအစာပြင်ဆင်ရာတွင် အနည်းငယ်အားစိုက်ထုတ်ရန်သာ လိုအပ်သည်။


ထန့်ယွင်အတွက်မူ ဤကိစ္စက ပဟေဠိဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူက လုံးဝမချက်ပြုတ်တတ်သောကြောင့်ပင်။


ရှို့ယောင်က ဧကရီကိုကူညီ၍ ဝိုင်နှင့်ဟင်းပွဲများပြင်ဆင်ပေးလိုက်သည်။ သေချာတွေးကြည့်ပါက လူချမ်းသာမိသားစုမှ သမီးတစ်ယောက်က မချက်ပြတ်တတ်သည်မှာလည်း သာမန်ကိစ္စသာဖြစ်သည်။ ထို့အပြင် သူမ၏ အရှင်မက ဖုန့်တိုင်းပြည်၏ မင်းသမီးတစ်ပါးဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက နန်းတွင်းတွင် နေထိုင်ခဲ့ရသူဖြစ်သည်။ ချက်ပြုတ်ရန်မဆိုထားနှင့် အချုပ်အလုပ်နှင့် ချည်ထိုးခြင်းများက်ိုပင် ပြုလုပ်တတ်မည်မဟုတ်ပေ။


ရှို့ယောင်က စားဖိုဆောင်ကို ပေ့ါပေါ့ပါးပါးနှင့် အရသာရှိသော ဟင်းပွဲတစ်ချို့ ပြင်ဆင်ခိုင်းလိုက်သည်။ ထိုဟင်းလျာများက မရှုပ်ထွေးသည့်အပြင် သာမန်မျှသာဖြစ်သည်။


မင်းကြီးက အလွန်အကြူးချဲ့ကား‌ထားသော အစားအစာများကိုသာ နေ့တိုင်းစားနေရသူဖြစ်၍ ရိုးရိုးရှင်းရှင်းဟင်းလျာများကို သဘောတွေ့နိုင်သည်။ ထို့အပြင်တာ့ဝမ်က ဧကရီကို ဟင်းပွဲများအား ကိုယ်တိုင်ပြင်ဆင်ခိုင်းထားခြင်းဖြစ်သည်။ ဧကရီက ရှုပ်ထွေးသောဟင်းပွဲများကို ပြင်ဆင်နိုင်သည်မှာ မဖြစ်နိုင်လောက်ဟု ထင်လိမ့်မည်။ အကယ်၍ ဟင်းပွဲများက ရိုးရှင်းပါက အနည်းဆုံး ရိုးသားစစ်မှန်မှုကိုခံစားရနိုင်သည်။


ထန့်ယွင်က အလွန်အမင်းပြင်ဆင်ရခြင်းကို မနှစ်သက်ဖြင့် ရှို့ယောင်က တော်ရုံသင့်ရုံသာ ပြင်ဆင်ပေးလိုက်သည်။ ရိုးရှင်း၍ ကျက်သရေရှိသောအဝတ်အစားများကသာ ရိုးရှင်းသောဟင်းပွဲများဖြင့် လိုက်ဖက်နိုင်လိမ့်မည်ဖြစ်သည်။


စားဖိုဆောင်က ဟင်းပွဲများကို ခြင်းတစ်ခြင်းတွင် ထည့်ပေးလိုက်ပြီး ဝိုင်ကရားနှင့်အတူ ကြွေခွက်နှစ်ခွက်လည်း ထည့်ပေးလိုက်သည်။


ရှို့ယောင်က ရွှယ်ဝမ်၏နန်းဆောင်အဝင်ဝအထိ ထန့်ယွင်နှင့်အတူ လိုက်လာသည်။ ထန့်ယွင်က ခြင်းကိုယူပြီးတစ်ယောက်တည်းဝင်သွားသည်။


ဧကရီ၏ ရိုးရိုးယဉ်ယဉ်ဝတ်စားဆင်ယင်မှုက ရွှယ်ကျွင်းလျန်ကို စိတ်တိုင်းကျစေသည်။ သူ ယခင်က တာ့ဖေးကို နန်းဆောင်သို့ လာခိုင်းစဉ်က သူမက အလွန်အကြူးပြင်ဆင်ပြီး ရှုပ်ရှုပ်ယှက်ယှက် အဝတ်အစားများသာ ဝတ်ဆင်လာလေ့ရှိသည်။ ဧကရီက ထိုသို့ဝတ်ဆင်လာခြင်းမှာလည်း ဆွဲဆောင်မှုတစ်မျိုးဖြစ်သည်။


ထန့်ယွင်က ဝိုင်နှင့် ဟင်းပွဲများကို စားပွဲပေါ်တင်နေသော်လည်း သူ၏စိတ်က မိုင်ပေါင်းများစွာသို့ ရောက်နေသည်။ မူလက ရွှယ်ကျွင်းလျန်ကို စိတ်ကျေနပ်စေရန်အတွက် ထိုသို့သော အရာများကို မလုပ်ပေးချင်သော်လည်း ထန့်ရှန်၏သတင်းကို မေးမြန်းချင်နေသေးသည်ကို သတိရသွား၍ ‌အောင့်အည်းသည်းခံနေရသည်။


ဘုရင့်မောင်းမဆောင်များက တိုင်းရေပြည်ရေးကိစ္စများကို သိခွင့်မရှိကြပေ။ ရှို့ယောင်က လူအများစုနှင့်အကျွမ်းဝင်၍ သတင်းအချက်အလက်များစွာ ရယူပေးနိုင်သော်လည်း စစ်မြေပြင်မှ ထန့်ရှန်၏အကြောင်းကို သိလိုလျှင်မူ ရွှယ်ကျွင်းလျန်ကသာ တစ်ခုတည်းသော သတင်းအရင်းမြစ်ဖြစ်သည်။


ရွှယ်ကျွင်းလျန် စားပြီးသွားချိန်တွင် ကျန်းယွီက လျှောက်တင်ရန်အတွက် အပြေးတစ်ပိုင်း ဝင်လာသည်။


" အရှင်မင်းကြီး နယ်စားမင်းဝမ်နျန်က တွေ့ခွင့်တောင်းနေပါတယ်... စစ်ရေးနဲ့ဆိုင်တဲ့ အရေးတကြီးလျှောက်တင်ချက် ရှိနေပုံပါပဲ..."


ရွှယ်ကျွင်းလျန်က တူကိုချလိုက်ပြီး ထန့်ယွင်ကိုထွက်မသွားခိုင်းပဲ ပြောလိုက်သည်။


" ဝင်ခွင့်ပြုလိုက်..."


xxxxx