Chapter 45
မဟာဗျူဟာ ( ၂ )
ရွှယ်ဟုန်ယန်က စစ်ရေးအစီရင်ခံစာနှင့် မြေပုံကိုကိုင်၍ ဝင်လာသည်။ ဧကရီက ရွှယ်ဝမ်၏ဘေးနားတွင် ထိုင်နေသည်ကို မြင်လိုက်ရသောအါ အနည်းငယ် အံ့အားသင့်သွားပုံပေါ်သည်။ သို့ရာတွင် သူမ ဤနေရာတွင် ထိုင်နေရသည့်အကြောင်းကို တွေးနေရန်အချိန်မရှိတော့၍ ရွှယ်ကျွင်းလျန်ကိုသာ အစီရင်ခံစာပေးလိုက်သည်။
ရွှယ်ကျွင်းလျန်က စာလွှာကိုဖွင့်ဖတ်လိုက်သည်။ ၎င်းက အမှန်ပင် အရေးကြီး၍ အလျင်လိုသောကိစ္စပင်ဖြစ်သည်။
ရွှယ်ယွီနှင့် ထန့်ရှန်တို့ကြားမှ ဆက်ဆံရေးမပြေလည်မှုကြောင့် စစ်တပ်က နှစ်ခြမ်းကွဲသွားခဲ့သည်။ စစ်သည်အများစုကမူ နယ်စားမင်းကျန့်ကျန်းဘက်မှ ရပ်တည်ကြသည်။ အဘယ့်ကြောင့်ဆိုသော် နယ်စားမင်း ကျန့်ကျန်းကသာ ရွှယ်တိုင်းပြည်သားဖြစ်ပြီး ရာထူးကြီးမြင့်သူဖြစ်သောကြောင့်ပင်။ စစ်တပ်မှ လူအနည်းငယ်ကမူ ထန့်ရှန်၏ဘက်မှ ရပ်တည်ကြသည်။ ထန့်ရှန်က တိုင်းတစ်ပါးသားဖြစ်သော်လည်း စစ်သည်များကိုဦးဆောင်နိုင်စွမ်းရှိပြီး ရန်သူဘက်မှ စစ်သူကြီးတစ်ယောက်ကို သတ်ဖြတ်ထားသည့် အောင်မြင်မှု ရရှိထားသောကြောင့်ဖြစ်သည်။
စစ်တပ်တွင် စိတ်ဝမ်းကွဲနေခြင်းက ရန်သူများအတွက် အခွင့်အရေးကောင်းဖြစ်သွားနိုင်သည်။
နယ်စပ်နှင့် မနီးမဝေးတွင် ဒေသငယ်လေးတစ်ခုရှိသည်။ ထိုဒေသက အလွန်ခေါင်ပြီး လူဦးရေနည်းပါးသည်။ ၎င်း၏ အနီးအနားတွင် ရေအရင်းမြစ်မရှိသည့်အပြင် တောင်များဖြင့် ဝန်းရံထားခြင်းလည်းမရှိပေ။ ထိုဒေသက တန်ဖိုးမရှိပုံပေါ်သော်လည်း ၎င်းကို စစ်ရေးအချက်အချာနေရာအဖြစ် သုံးလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။
ထန့်ရှန်က ချန်းထျန်နှင့် ကျူ့ကျန့်ရင်တို့၏ တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် ထိုဒေသငယ်လေးသို့ စစ်တပ်ကိုပို့ပြီး အကာအကွယ်ကို တိုးမြှင့်စေလိုသည်။ အကယ်၍ ထိုဒေသကို ရန်သူများ ခြေကုပ်ရယူသွားနိုင်ပါက ရန်သူများ၏ အဓိက တိုက်ခိုက်ရန်နေရာ ဖြစ်လာလိမ့်မည်။ ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ အထောက်အပံ့များကို သယ်ယူသိမ်းဆည်းနိုင်ပြီး ထိုဒေသတွင်လည်း တပ်များ ထားရှိနိုင်သည်။ ထိုမှနေ၍ နယ်နိမိတ်ချင်း ထိစပ်နေသောကြောင့် ရန်သူများက တိုက်ခိုက်ရန် လွယ်ကူနေလိမ့်မည်ဖြစ်သည်။
ရွှယ်တိုင်းပြည်အတွက်မူ ထိုဒေသငယ်လေးက ရန်သူတိုက်ခိုက်လာပါက ၎င်းတို့အား ကြိုတင်သတိပေးနိုင်မည့် စောင့်ကြည့်မျှော်စင်တစ်ခုကဲ့သို့ပင် ဖြစ်သည်။ ရန်သူအတွက်မူ ထိုနေရာက လေးကြိုးနှင့်တူသည်။ ၎င်းတို့က ထိုနေရာမှနေ၍ မြှားတစ်စင်းကိုပစ်လိုက်ပါက ရွှယ်တိုင်းပြည်နယ်မြေကို မပျက်မကွက် ထိမှန်သွားမည်ဖြစ်သည်။
ရွှယ်ဝမ်၏ စေလွှတ်မှုကြောင့်သာ စစ်မြေပြင်သို့ စိတ်မပါလက်မပါ ရောက်လာခဲ့ရသောရွှယ်ယွီက တပ်စုကို ထိုနေရာသို့ မစေလွှတ်ချင်ပေ။ ထိုနေရာသို့ တပ်စုကို စေလွှတ်လိုက်ပါက သူတို့၏ပင်မစစ်တပ်ကြီး အားနည်းသွားနိုင်သည်ဟုပြောသည်။ အကယ်၍ ရန်သူက ထိုဒေသငယ်ကို အသွင်ပြောင်းနည်းပရိယာယ်ဖြင့် မတော်တဆ တိုက်ခိုက်လာပါက သူတို့အားလုံး ဒုက္ခရောက်သွားလိမ့်မည်ဟု ထင်နေသည်။
ထန့်ရှန်က အတိုင်ပင်ခံတစ်ဦးသာဖြစ်ပြီး လက်ထောက်စစ်သူကြီးမဟုတ်၍ မည်သူမျှ သူ့စကားကို နားမထောင်လိုကြသည်မှာ သဘာဝပင်ဖြစ်သည်။ ထိုရက်မှစ၍ သုံးညအကြာတွင် ကျူ့ကျန့်ရင်ကိုယ်တိုင်ဦးဆောင်သော တပ်ငယ်လေးက စတင်လှုပ်ရှားပြီး ထိုဒေသငယ်လေးကို တိုက်ခိုက်ကြတော့သည်။
ရွှယ်တိုင်းပြည်စစ်တပ်က အထိတ်တလန့်ဖြစ်သွားပြီး နန်းတွင်းညီလာခံကို စစ်ကူပေးပို့ရန် တောင်းဆိုသည့် ဤအစီရင်ခံစာကို ချက်ချင်းပေးပို့ခဲ့သည်။
ရွှယ်ဟုန်ယန် ပြောလိုက်သည်။
" အရှင်မင်းကြီး ဒါက မဖြစ်နိုင်ပါဘူး ... ခုချိန်မှာ စစ်ကူပို့လိုက်တာက အကောင်းဆုံးဖြေရှင်းချက်မဟုတ်ဘူးလို့ ထင်ပါတယ်..."
အစီရင်ခံစာကို ဖတ်ပြီးသည့်နောက် ရွှယ်ကျွင်းလျန်က အချိန်တစ်ခုအထိ ဘာမှမတုံ့ပြန်ပေ။ အပျိုတော်များကို လက်ကာပြလိုက်ပြီး စားပွဲပေါ်မှ ဟင်းပွဲနှင့် ဝိုင်များကို သိမ်းဆည်းခိုင်းပြီးနောက် ပြောလိုက်သည်။
" ခုမှ စစ်ကူပို့မယ်ဆို အရမ်းနောက်ကျသွားပြီလို့ ကိုယ်တော်လည်းထင်တယ်..."
" ဒါ..."
ရွှယ်ဟုန်ယန် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် လက်သီးတင်းတင်းဆုပ်ထားကာ ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်သည်။
" အရှင်မင်းကြီး ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို အဲ့ဒီနေရာစေလွှတ်ပေးပါ..."
ရွှယ်ကျွင်းလျန် ရယ်ရုံသာ ရယ်လိုက်သည်။
" အလျင်မလိုပဲ ခေါင်းအေးအေးထားစဉ်းစားပါ ... အဲ့ဒီမှာ နယ်စားမင်းကျန့်ကျန်း ရှိနေပြီပဲ... ကိုယ်တော်က နယ်စားမင်းဝမ်နျန်ကို ထပ်လွှတ်လိုက်ရင် မင်းတို့နှစ်ယောက်အပြင် စစ်တပ်ကလူ သုံးပုံတစ်ပုံလောက်က အမိန့်ကို နာခံကြတဲ့ ထန့်ရှန်ကလည်းရှိနေဦးမှာ... ကျန်တဲ့ စစ်တပ်က ပိုလိုတောင် စိတ်ဝမ်းကွဲကုန်ဦးမယ်..."
" ဒါပေမဲ့..."
သူ၏ တွေးဆချက်က လိုအပ်ချက်ရှိသွားသည်ဟု ရွှယ်ဟုန်ယန် တွေးမိသွားသည်။ ထိုနေရာက သူ့ကိုခန့်အပ်တာဝန်ပေးထားရာ နေရာမဟုတ်၍ ထိုနေရာသို့ ကတိုက်ကရိုက်ထွက်ခွာသွားပါက နယ်စားမင်းကျန့်ကျန်းကို မကျေမနပ်ဖြစ်သွားနိုင်သည်။
ရွှယ်ကျွင်းလျန်က အစီရင်ခံစာကို ဘေးနားချထားလိုက်ပြီး ထန့်ယွင်ကိုကြည့်ကာပြောလိုက်သည်။
" ဧကရီ့မှာ အကြံရှိရင် ရှိမှာပေါ့..."
ထန့်ယွင် ထိတ်လန့်သွားရသည်။
ရွှယ်ကျွင်းလျန်က စစ်ရေးကိစ္စတွေမှာ ဧကရီကို ဝင်စွက်ဖက်ခွင့်ပြုတယ်ပေါ့လေ...
သို့ရာတွင် တစ်ဖက်လူ၏ ပြုံးဖန့်ဖန့်မျက်နှာကို မြင်လိုက်ရချိန်တွင် ထန့်ယွင် အနည်းငယ်သဘောပေါက်သွားသည်။
ထန့်ရှန်အကြောင်းကိုသိလိုနေသည့် သူ၏စိတ်အားထက်သန်မှုက အလွန်သိသာနေမည်ဟု မထင်ခဲ့မိပေ။ ထန့်ရှန်က သူ၏ဆွေမျိုးသားချင်းဖြစ်သည့်အပြင် သူ့ကိုရိုးသားစွာဂရုစိုက်ပေးသည့် တစ်ဦးတည်းသောလူဖြစ်သည်။ ထိုလူ၏ကြင်နာမှုများကို ထန့်ယွင် မေ့လျော့သွားခဲ့လျှင်ပင် ထန့်ရှန်ကိုမူ မမေ့နိုင်ပေ။
ထန့်ယွင်က ထန့်ရှန်ကို အလွန်စိတ်ပူနေကြောင်းသိ၍ ရွှယ်ကျွင်းလျန်ကို အစီရင်ခံစာအားပြသကာ ထန့်ယွင်၏ ထင်မြင်ချက်ကို သိရှိစေလိုခြင်းဖြစ်သည်။
ထန့်ယွင်က အစီရင်ခံစာကိုဖတ်ကြည့်လိုက်သည်။ ထို့နောက် ရွှယ်ဟုန်ယန့်ဘက်သို့လှည့်ကာ ပြောလိုက်သည်။
" အရှင်နယ်စားမင်းရဲ့ လက်ထဲကမြေပုံကို ကြည့်လို့ရမလား..."
ရွှယ်ဟုန်ယန်က တွန့်ဆုတ်နေသော်လည်း ရွှယ်ကျွင်းလျန်က ခေါင်းငြိမ့်ပြလိုက်သည့်အခါ စစ်မြေပုံကို စားပွဲပေါ်တွင် ဖြန့်ပြလိုက်သည်။
ထန့်ယွင်က မတ်တပ်ရပ်ပြီး ခေါင်းငုံ့၍ မြေပုံကိုကြည့်ကာ ဂရုတစိုက် စစ်ဆေးကြည့်ရှု့လိုက်သည်။ ဒေသငယ်လေးက နယ်စပ်မှ အနည်းငယ်သာကွာဝေးသည်။ အကယ်၍ ရန်သူများက ထိုဒေသငယ်မှ သို့မဟုတ် ၎င်းတို့၏ အဓိက စစ်အခြေစိုက်စခန်းမှ တိုက်ခိုက်မည်ဆိုပါက ရွှယ်တိုင်းပြည်စစ်တပ်က အန္တရာယ်ရှိလာမည်ဖြစ်သည်။
45.2
ထိုစဉ်က ဒေသငယ်လေးကို မကာကွယ်နိုင်ခဲ့၍ ရန်သူက အလွယ်တကူရရှိသွားခဲ့သည်။ ယခုအခါတွင် ရွှယ်တိုင်းပြည်က ကျူ့ကျန့်ရင်၏လက်ထဲမှ ထိုနေရာကို ပြန်လည်လုယူရမည်ဖြစ်၍ အခွင့်အရေး မရှိသလောက်နီးပါးဖြစ်နေသည်။
ရွှယ်ကျွင်းလျန်က ဧကရီ၏လှုပ်ရှားမှုများကို တစ်စိမ့်စိမ့်စောင့်ကြည့်နေသည်။ များသောအားဖြင့် နူးညံ့သိမ်မွေ့ကာ ထိရှလွယ်သော ဧကရီက စစ်ရေးကိစ္စ၊ မဟာဗျူဟာများအကြောင်းနှင့် စစ်ပွဲအကြောင်းပြောသည့်အခါ ပို၍အသက်ဝင်နေပုံရသည်။
ထိုကဲ့သို့ သက်ဝင်နေပုံက ရွှယ်ကျွင်းလျန်ကို အကြည့်မလွှဲနိုင်အောင် ဖြစ်စေသည်။
ရွှယ်ကျွင်းလျန်က အရည်အချင်းရှိသူများကို တန်ဖိုးထားလေ့ရှိသည်။ သူ့တိုင်းပြည်ကိုကာကွယ်ရန်နှင့် နယ်ပယ်ချဲ့ထွင်ရန်အတွက် အရည်အချင်းရှိသောလူတော်များအား ရှာဖွေနေသော်လည်း ထိုသို့သောလူများကို ရှာတွေ့ရန် ခက်ခဲလှသည်။ ထန့်ရှန်က လူတော်ဖြစ်သော်လည်း သူ့ထံတွင် မည်သည့်အခါမှ အညံ့ခံမည့်လူမျိုးမဟုတ်ပေ။ ထန့်ယွင်ကလည်း ထူးချွန်သည့်လူဖြစ်သည်။ သို့ရာတွင် ထန့်ယွင်က သူ့ရှေ့တွင် ဒူးထောက်ရမည့်အစား သေကြောင်းကြံလိုက်မည့်လူမျိုးဖြစ်သည်။ နောက်ထပ်လူတစ်ယောက်ရှိသေးသော်လည်း ကံမကောင်းသည်မှာ သူမက အမျိုးသမီးတစ်ယောက်ဖြစ်နေသည့်အပြင် ဖုန့်တိုင်းပြည်၏ မင်းသမီးဖြစ်နေသည်။
ရွှယ်ကျွင်းလျန်က သူ့ကို စူးစူးရဲရဲကြည့်နေသည်ကို ထန့်ယွင်သတိမထားမိပေ။ သူက စစ်မြေပုံကို ညင်သာစွာ ထိလိုက်သည်။ သူ၏လက်ချောင်းမျာမှတစ်ဆင့် မီးကျွမ်းနေသော ခံစားမှုကို အာရုံခံမိသော်လည်း သူ့တစ်ကိုယ်လုံးကို နွေးထွေးမှုဖြင့် ပြည့်နှက်သွားသကဲ့သို့ဖြစ်နေသည်။ ထန့်ယွင်က တိုက်ခိုက်ရသည်ကို မနှစ်သက်သော်လည်း စစ်မြေပြင်တွင်သာ သူ၏စိတ်အားထက်သန်မှုကို ရှာတွေ့ခဲ့သည်။ အပေါင်းအဖော်ကင်းမဲ့ပြီး ပိတ်လှောင်ခံထားရသော ဘုရင့်မောင်းမဆောင်ကဲ့သို့သောနေရာကို သူ သဘောမကျပေ။
ထန့်ယွင်၏ လက်ချောင်းများက မြေပုံပေါ်မှ ဒေသငယ်လေးကို ထိလိုက်သည့်အခါ သူ့မျက်လုံးများ ရုတ်တရက် အရောင်လက်သွားသည်။
ရွှယ်ကျွင်းလျန် ရယ်မောလိုက်သည်။
" ကြည့်ရတာ ကိုယ်တော် အကြံတောင်းမိတာ လူမမှားဘူးထင်တယ်..."
ထန့်ယွင်က ခေါင်းပြန်မော့လိုက်ပြီး နဂိုမူလ မတုန်မလှုပ်ပုံစံဖြင့်သာ ပြောလိုက်သည်။
" တကယ်လို့ အရှင်မင်းကြီးက အဲ့ဒေသလေးကို ပြန်လိုချင်ပြီး ချန်းထျန်နဲ့ ကျု့ကျန့်ရင်ကိုပြန်တိုက်ချင်တယ်ဆိုရင် စစ်ကူပို့စရာမလိုပါဘူး..."
ဧကရီ၏စကားကြောင့် ရွှယ်ကျွင်းလျန် မထိတ်လန့်ပဲ မနေနိုင်တော့ပေ။ သူမက အကြံအစည်ကိုနှင့် နည်းဗျူဟာများကိုပင် မချပြရသေးသော်လည်း သူမလေသံက အရာအားလုံးကို ဖြေရှင်းပြီးသွားသည့်ပုံပေါ်နေသည်ဟု သူထင်လိုက်မိသည်။
" အိုး... တကယ်လား..."
ရွှယ်ကျွင်းလျန်က ဧကရီ၏ပါးပြင်ကို ငြင်သာစွာပွတ်လိုက်ပြီးနောက် နားရွက်ဖျားလေးကိုပါ ထိလိုက်သည်။ သူ့လက်အမူအရာက ပရောပရည်လုပ်နေသည်နှင့်ပင် တူနေသည်။
ထန့်ယွင်က နောက်ဆုတ်လိုက်ပြီး ရွှယ်ကျွင်းလျန်အနားမှ မသိမသာခွာလိုက်ပြီးနောက် ဆက်ပြောသည်။
" ကျု့ကျန့်ရင်က သတ္တိရှိတဲ့အပြင် အရည်အချင်းလည်းရှိတယ်... သူက အဲ့ဒေသငယ်လေးကို ရပြီးရင်တောင်မှ အစောင့်အကြပ်တွေ ထူထပ်နေအောင် နေရာချထားလိမ့်မယ်... တကယ်လို့ အရှင်မင်းကြီးက အဲ့နေရာကို တိုက်ရိုက်ပြန်သိမ်းမယ်ဆိုရင်တော့ သေချာပေါက် ရှုံးနိမ့်သွားပါလိမ့်မယ်..."
ရွှယ်ဟုန်ယန် ခေါင်းငြိမ့်ပြလိုက်သည်။ ထိုကိစ္စကို သူလည်းတွေးပူနေမိသည်။
ထန့်ယွင် ဆက်ပြောလိုက်သည်။
" အဲ့ဒါကြောင့် တပ်စိတ်တစ်ခုကို မသုံးတာက ဉာဏ်အရှိဆုံးအစီအစဉ်လို့ပြောရမယ်... ကျု့ကျန့်ရင်က သတ္တိရှိပေမယ့် ကောက်ကျစ်လွန်းတယ်... သူ့ရဲ့ အယုံကြည်ရဆုံးစစ်သည်တွေကတောင် သူ့ကိုသတိထားနေရတယ်... အရှင်မင်းကြီးက ဒီပြစ်ချက်ကိုသုံးပြီး သူနဲ့ ချန်းထျန်ကြားမှာ သဘောထားကွဲလွဲမှုဖြစ်အောင် ဖန်တီးရပါမယ်..."
" အရင်ဆုံး ချန်းထျန်ဆီကို လူတစ်ယောက်လွှတ်လိုက်ပါ... ကျု့ကျန့်ရင်က ရွှယ်ဝမ်နဲ့ အစတည်းက သဘောတူညီချက်လုပ်ပြီးသားဖြစ်တယ် ကျု့ကျန့်ရင်က သူ့စစ်တပ်ထဲက တပ်စိတ်လေးတစ်ခုကိုပဲ ရွှယ်တိုင်းပြည်ကို တိုက်ခိုင်းရတဲ့အကြောင်းက သူ့ရဲ့ပင်မစစ်တပ်ကြီးကို နန်းမြို့တော်ကိုပြန်လွှတ်ပြီး သူ့ကိုယ်သူ ဘုရင်မြှောက်ချင်တာကြောင့်ဖြစ်တယ် လို့ပြောခိုင်းရပါမယ်... အဲ့ဒါကြောင့်မို့ စစ်ဗျူဟာအရ အဓိကကျနေတဲ့ ဒေသငယ်လေးကို ကျု့ကျန့်ရင်လိုအဘိုးကြီးက လွယ်လွယ်ကူကူသိမ်းပိုက်နိုင်သွားတယ်ဆိုပြီး အယုံသွင်းရပါမယ်..."
" ချန်းထျန်က ကျု့ကျန့်ရင်ကို သံသယဝင်ချိန်အထိ စောင့်နေလိုက်ပါ...အဲ့အချိန်ကျရင် ကျု့ကျန့်ရင်နားထဲရောက်သွားအောင် အရှင်မင်းကြီးက ကောလဟာလတစ်ခု ဖြန့်ရပါမယ်... အဲ့ဒီကောလဟာဟက - ကျု့ကျန့်ရင်က ဒီဒေသလေးမှာ ပိတ်မိနေတုန်း ချန်းထျန်က ဒီအခွင့်အရေးကိုယူပြီး သူ့ကိုရှင်းပစ်ချင်နေတယ်ဆိုတဲ့ အကြောင်းပါပဲ...ဒါမှ ရွှယ်တိုင်းပြည်ရဲ့စစ်တပ်က အဲ့ဒေသကို လာတိုက်ပြီဆိုရင် ချန်းထျန်က ကျု့ကျန်ရင်ရဲ့ ပင်မစစ်တပ်စားတပ်ရိက္ခာတွေနဲ့ စစ်ကူတွေကို သိမ်းပိုင်ထားပြီးဖြစ်နေလို့ အဲ့နေရာကို ကူညီမယ့်သူ မရှိတော့ပါဘူး... ကျု့ကျန့်ရင်ကို ဖယ်ရှားဖို့က လွယ်ပါတယ်..."
" ကောင်းပြီ..."
ရွှယ်ကျွင်းလျန်က ဧကရီပြောသမျှကို ငြင်သာစွာပြုံးလျက် နားထောင်နေသည်။
ထိုအခိုက်တွင် ရွှယ်ဟုန်ယန်မှာ အံ့ဩလွန်း၍ ဘာပြောရမည်မသိဖြစ်သွားသည်။ အတွင်းနန်းဆောင်၏ ဧကရီတစ်ဦးက သတ္တိရှိပြီး စွမ်းဆောင်နိုင်သူကဲ့သို့သော အကျင့်စရိုက်ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူမက အမျိုးသမီးတစ်ဦးမျှသာဖြစ်သော်လည်း ထိုကဲ့သို့ ခြိမ်းခြောက်သောစကားများကို ပြောဆိုနိုင်စွမ်းရှိသည်။
ရွှယ်ကျွင်းလျန်က ခေါင်းငြိမ့်ကာ ပြုံးပြလိုက်သည်။
" ဧကရီက အရမ်းထက်မြက်တာပဲ... ကိုယ်တော်တော့ မင်းကိုပိုပြီး လက်မလွှတ်ချင်တော့ဘူး..."
xxxxx