Chapter 46
ဆင့်ခေါ်ခြင်း ( ၁ )
ထန့်ယွင်၏ နည်းဗျူဟာနှင့်အတူ ရွှယ်ကျွင်းလျန်ဆီမှ ခွင့်ပြုချက် ရရှိသွားသော ရွှယ်ဟုန်ယန်က ရွှယ်ယွီနှင့် ထန့်ရှန်တို့ကို အကြောင်းပြန်ရန် အလျင်စလို ပြန်ထွက်သွားသည်။
မြောက်ပိုင်းနယ်စပ်တွင်ရှိနေဆဲဖြစ်သော ထန့်ရှန်က ဒေသငယ်လေးအကြောင်းကို ပထမဆုံးအကြိမ် သတိပေးခဲ့သူဖြစ်သည်။ ယခုအခါတွင် မင်းကြီးက အမိန့်ပေးလိုက်ပြီဖြစ်၍ ရွှယ်ယွီက တွန့်ဆုတ်နေဆဲဖြစ်သော်လည်း သူတို့တိုင်းပြည်၏နယ်မြေတစ်ခုကို ရန်သူလက်ထဲမှ ပြန်လည်ရယူရတော့မည်ဖြစ်သည်။
ဤမဟာဗျူဟာကို ထန့်ရှန်ကိုယ်တိုင် ဦးဆောင်ခဲ့သည်။ ကောလဟာလများကို တစ်လခန့် ဖြန့်ဝေပြီးနောက်တွင် ထန့်ရှန်က တပ်စိတ်တစ်ခုကိုစုစည်းပြီး ဒေသငယ်လေးဆီသို့ ထွက်လာခဲ့သည်။
ထိုဒေသမှ ကျု့ကျန့်ရင်က ကောလဟာလများကိုကြားပြီးဖြစ်၍ မည်သည့်နေရာကိုမှ တပ်ပြန်ဆုတ်၍ မရတော့ပေ။ ချန်းထျန်က နယ်စပ်ဝင်ပေါက်ကို အောင်နိုင်ပြီးချိန်မှသာ ရွှယ်တိုင်းပြည်စစ်တပ်ကို စတင်တိုက်ခိုက်တော့မည်ဖြစ်သည်။
ထန့်ရှန်၏တပ်များ ဒေသငယ်လေးဆီသို့ ချဉ်းကပ်လာသည့်အခါ ချန်းထျန်က ကျု့ကျန့်ရင်အတွက် စစ်ကူမလွှတ်ပေးချေ။ ကျု့ကျန့်ရင်က သတ္တိရှိသူဖြစ်သော်လည်း စစ်သည်အင်အား ယခုချိန်၌ စစ်သည်အလုံအလောက်မရှိဖြစ်နေ၍ ကြံရာမရဖြစ်နေသည်။ ဒေသငယ်လေးက ဝန်းရံခံရပြီး ကူကယ်ရာမဲ့နေသည်။ ထန့်ရှန်က ဤနေရာတစ်ခုလုံးကို ဝိုင်းထားပြီး နေရာပေါင်းစုံမှ တိုက်ခိုက်သည်။ ကျု့ကျန့်ရင်က အစွမ်းကုန် ခုခံတိုက်ခိုက်သော်လည်း နောက်ဆုံးတွင် စားနပ်ရိက္ခာများ ကုန်ခမ်းသွားခဲ့သည်။
ကျု့ကျန့်ရင်က ချောက်ကမ်းပါးတစ်ဖက်သို့ ရောက်နေပြီဖြစ်သည်။ ထိုနေရာတွင် သုံးရက်ကြာ ပိတ်မိနေပြီးနောက် ထိုဒေသ၏ ဂိတ်တံခါးဝကိုဖွင့်၍ အသက်ကြီးပြီး နာမကျန်းဖြစ်နေသော စစ်သည်များနှင့်အတူ အမျိုးသမီးများနှင့် ကလေးများကို လွှတ်ပေးကာ ပြိုင်ဘက်ကို စိတ်ရှုပ်ထွေးအောင် လှည့်စားဖန်တီးခဲ့သည်။ ထို့နောက် စစ်သည်များကိုဦးဆောင်ကာ ရွှယ်တိုင်းပြည်စစ်တပ်နှင့် ရင်ဆိုင်ခဲ့သည်။
ကျု့ကျန့်ရင်၏ စစ်သည်များက ဒေသငယ်လေးတွင် သုံးရက်ကြာ ပိတ်မိနေခဲ့ခြင်းဖြစ်၍ စိတ်ဓာတ်ခွန်အားများ ပျက်သုဉ်းနေသည်မှာ ဧကန်မုချဖြစ်သည်။ မကြာမီ သူတို့အားလုံးကို ထန့်ရှန်၏ စစ်သည်များက ချေမှူန်းလိုက်ပြီး ကျု့ကျန့်ရင်က အဖမ်းခံခဲ့ရသည်။
တိုက်ပွဲပြီးဆုံးသွားသောအခါ ဒေသက တိတ်ဆိတ်သွားလုနီးပါးဖြစ်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ အများအပြားမရှိတော့ပေ။
ထန့်ရှန်က ဒေသငယ်လေးကို သိမ်းပိုက်ပြီးသွားသည့်အခါတွင် ရွှယ်ယွီက စစ်သည်တစ်ထောင်ကို ဦးဆောင်၍ ထိုနေရာသို့ချီတက်ခဲ့သည်။ ရန်သူစစ်သားများရှေ့၌ပင် ကျု့ကျန့်ရင်၏ခေါင်းကို ကိုယ်တိုင်ဖြတ်ပစ်ခဲ့ပြီး ထိုဒေသ၏ဂိတ်တံခါးဝတွင် ဝါးဖြင့် ထိုးထားခဲ့သည်။ ဖမ်းဆီးခံရသောစစ်သားများကိုပါ ချွင်းချက်မရှိ သတ်ပစ်ခဲ့ပြီး ခန္ဓာကိုယ်များကို လွင့်ပစ်ခဲ့သည်။
ဝေးလံခေါင်ဖျားသောဒေသလေး၏ ပတ်ပတ်လည်တွင် ခွေးအများ၊ ကျီးကန်းများဖြင့် ပြည့်နှက်နေပြီး အလောင်းကောင်များထံမှ ပုတ်သိုးသောရနံ့များ လေထဲတွင်လှိုင်နေသည့်အကြောင်း ချန်းထျန်၏သူလျှိုက သတင်းအမြန်ရရှိသွားသည်။
ရွှယ်ယွီ၏လုပ်ရပ်က စစ်တပ်တစ်ခုလုံးကိုသာမက ရွှယ်တိုင်းပြည်ညီလာခံတစ်ခုလုံးကိုပင် ထိတ်လန့်သွားစေခဲ့သည်။
ရွှယ်ယွီက အလွန်ရက်စက်သည်ဟု အချို့ကထင်ကြသည်။ ရန်သူဘက် လက်နက်ချလိုက်သည်မှာ သိသာထင်ရှားသည်ဖြစ်၍ စစ်သားများကို သုံ့ပန်းအဖြစ်ခေါ်ယူပြီး အရည်အချင်းရှိသော စစ်သေနာပတိများကိုခေါ်ယူထားနိုင်သည်။
အချို့ကမူ ရွှယ်ယွီ၏လုပ်ရပ်က လိုအပ်ပြီး ရှောင်လွှဲ၍မရနိုင်သည်ဟု ထင်ကြသည်။ အဆုံးတွင် သုံ့ပန်းများမှာ ရန်သူများသာဖြစ်၍ လက်နက်ချလိုက်သည်နှင့် အသက်ချမ်းသာပေးလိုက်ပါက ရွှယ်တိုင်းပြည်ကို ပြန်လည်ပုန်ကန်နိုင်စေရန် အချိန်ပေးလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည်။ ထိုအကျဉ်းသားများကို အသက်ရှင်လျက်ထားရန် မလိုအပ်ပေ။
ထို့အပြင် သူတို့ကိုစစ်သားများအဖြစ် အသုံးပြုမည်ဆိုပါကလည်း သူတို့အားလုံးကို အစားအသောက်များကျွေးရန် လိုအပ်နေသေးသည်။ နယ်စပ်သို့ စားနပ်ရိက္ခာနှင့် အထောက်အပံ့ပစ္စည်းများ ပိုဆောင်ရန် အလွန်ခက်ခဲလှ၍ ရွှယ်တိုင်းပြည်မှစစ်သည်များပင် စစ်ရိက္ခာများကို အလေအလွင့်မရှိအောင် အသုံးချရသည်။
အကျဉ်းသားတွေကို ထမင်းကျွေးစရာ ဘယ်ရှိနိုင်ပါ့မလဲ...
အချိန်တစ်ခုအထိ နန်းတွင်းညီလာခံမှာ ရွှယ်ယွီ၏လုပ်ရပ်နှင့်ပတ်သက်၍ အချေအတင်ဖြစ်နေကြဆဲဖြစ်ပြီး ထန့်ရှန်၏အကြောင်းကိုပါ ပြောလာကြသည်။
46.2
ထန့်ရှန်က ရွှယ်တိုင်းပြည်အတွက် အောင်မြင်မှုကို ဆွတ်ခူးလာခဲ့ပေးသော်လည်း သူက တိုင်းတစ်ပါးမှလူဖြစ်နေသည်။ ဤ စစ်မြေပြင်တွင် နောက်လိုက်နောက်ပါစစ်သား အတော်အသင့်ရရှိခဲ့သည်ဖြစ်၍ မှူးမတ်များက ထန့်ရှန်ကို စစ်အင်အားတိုးမြှင့်လာခြင်းမှကာကွယ်ရန် အကြံပြုခဲ့ကြသည်။
ချန်းထျန်မှာ ဒေသငယ်လေးကိုအသုံးချကာ ရွှယ်တိုင်းပြည်ကို တိုက်ခိုက်မည့်အကြံ ကျရှုံးသွားခဲ့ပြီး စစ်သည်ပမာဏများစွာ ဆုံးရှုံးခဲ့ရ၍ မစူးစမ်းမဆင်ခြင်ပဲ မတိုက်ခိုက်ရဲတော့ပေ။ ထို့အပြင် ရွှယ်ယွီ၏လုပ်ရပ်ကို ကြားသိရသောအခါ ချန်းထျန်က ပိုသတိထားပြီး လှုပ်ရှားလာသည်။ စစ်မြေပြင်တွင် ရက်စက်သင့်လျှင် ရက်စက်ရမည်မှာမှန်သော်လည်း ဤကဲ့သို့ နှလုံးသားမဲ့သည့်ဖြစ်ရပ်မျိုးကို တစ်ကြိမ်မှ မကြုံတွေ့ခဲ့ဖူးပေ။
အဆုံးတွင် ချန်းထျန်က သူ့စစ်သားများကို။ သုံးဆယ်လီ ( လီ = မိုင် ) အကွာအဝေးအထိ တပ်ပြန်ဆုတ်ပေးခဲ့ရသည်။
ရွှယ်ကျွင်းလျန်က ထိုဒေသလေးအကြောင်း ထန့်ယွင်ကို မေးမြန်းသည့်အခါ သူ၏ အစီအစဉ်များကို ပြောပြပေးခဲ့သည်။ ရံဖန်ရံခါတွင် သူတို့နှစ်ယောက်က ညနက်သည်အထိ ဆွေးနွေးနေကြလေ့ရှိသည်။
သူ၏ဧကရီက နန်းတော်အတွင်းဆောင်ကဲ့သို့နေရာတွင် ပိတ်မိနေခြင်းက ကောင်းကင်ဘုံ၏ မှားယွင်းသောခြေလှမ်းဟုပင် ထင်ခဲ့မိသည်။
ယခုလက်ရှိအချိန်တွင် ထန့်ယွင်က စစ်မြေပုံကို အာရုံစူးစိုက်၍ စေ့စေ့စပ်စပ်ကြည့်နေသည်။ ကျန်းယွီက လက်ဖက်ရည်ယူလာပေးသည့်အခါ ရွှယ်ကျွင်းလျန်က ဆူဆူညံညံမလုပ်ရန် လက်အမူအရာဖြင့်ပြလိုက်သည်။ ထိုအခါမှ ကျန်းယွီက ရေနွေးခွက်ကို ထန့်ယွင်၏လက်ထဲ ညင်ညင်သာသာထည့်ပေးလိုက်သည်။
ထန့်ယွင်က သူ့ကိုရေနွေးခွက်ပေးသူကို ခေါင်းလှည့်၍ပင်မကြည့်ပဲ ရေနွေးခွက်အဖုံးကိုဖွင့်လိုက်သည်။
ရွှယ်ကျွင်းလျန်ပြောလိုက်သည်။
" သတိထားဦး ပူတယ်နော်..."
ထန့်ယွင်၏ မျက်လုံးများက မြေပုံပေါ်မှ မခွာသွားပဲ "အင်း" ဟုသာ အသံပြုလိုက်သည်။ ရွှယ်ကျွင်းလျန်နှင့် ကျန်းယွီက သဘောကျစွာ ပြုံးလိုက်မိသည်။
ရွှယ်ကျွင်းလျန်က ချန်းထျန်ကို ချေမှူန်းရန်အတွက် ကူညီပေးရခြင်းမှာ ထန့်ယွင်တွင် ကွယ်ဝှက်ထားသောအကြံရှိသောကြောင့်ဖြစ်သည်ကို ဝန်ခံရပေမည်။ သူ၏ကိုယ်ပိုင်စွမ်းရည်ကို အသုံးချ၍ ရွှယ်တိုင်းပြည်၏ အကာအကွယ်ကို တည်ဆောက်ပေးပြီး ချန်းထျန်ကို နောက်ဆုတ်သွားစေမည်ဖြစ်သည်။ ထိုအရာအားလုံးက ထန့်တိုင်းပြည်ကြောင့်သာဖြစ်သည်။
ယခုချိန်၌ ထန့်တိုင်းပြည်က ပြိုလဲလုနီးပါး အခြေအနေဖြစ်နေ၍ ရွှယ်ကျွင်းလျန်တစ်ယောက်တည်း၏ရန်သာ ရှိသည်မဟုတ်ပေ။ အကယ်၍ ချွန်းထျန်က ထန့်တိုင်းပြည်ကို တိုက်ခိုက်ချင်စိတ်ဖြစ်လာပါက ပြဿနာကြီးသွားလိမ့်မည်ဖြစ်သည်။
ဧကရီက တစ်ခါတစ်ရံတွင် မျက်ခုံးနှစ်ဖက် ထိစပ်လုမတတ်အထိ ဖြစ်နေတတ်ပြီး တစ်ခါတစ်ရံတွင် ပြုံးနေသည်ကို ရွှယ်ကျွင်းလျန်မြင်မိသည်။ သူမကို မမေးပဲ မနေနိုင်တော့ပေ။
" အိုက်ဖေး ဘာတွေကြည့်နေတာလဲ..."
ထန့်ယွင်က စိတ်နှင့်လူ ပြန်ကပ်သွားပြီး ပြောလိုက်သည်။
" နယ်စားမင်းကျန့်ကျန်းက မြောက်ပိုင်းနယ်စပ်ကိုရောက်နေတာ အချိန်တော်တော်ကြာပြီဆိုတော့ စစ်တပ်အတွက် ရိက္ခာက မလုံမလောက်ဖြစ်လာတော့မယ်... မင်းကြီးက ရိက္ခာထောက်ပံ့ဖို့ စီစဉ်ထားပါသေးလား..."
ရွှယ်ကျွင်းလျန်ပြုံးလျက်နှင့်ပင် ပြောလိုက်သည်။
" အိုက်ဖေး နေ့တစ်ဝက်လောက် မျက်မှောင်ကြုတ်နေတာ စစ်တပ်ရိက္ခာအကြောင်းတွေးနေလို့လား... သေချာပေါက် ရိက္ခာတွေကို ပြင်ပြီးပြီပေါ့... ကိုယ်တော့်စစ်သားတွေကို ဝမ်းထဲဘာမှမရှိပဲ တိုက်ခိုက်ခိုင်းမယ်ထင်လို့လား..."
ရွှယ်ကျွင်းလျန်က ဟာသတစ်ခုပြောသကဲ့သို့ပင် ပြောလိုက်သော်လည်း ထန့်ယွင်အတွက်မူ မမျှော်လင့်ထားသည့်အရာတစ်ခုဖြစ်နေသည်။ ဘုရင်များက သူတို့တိုင်းပြည့်၏စစ်သားများကို ဆာလောင်မွတ်သိပ်အောင်ထားကြမည်မဟုတ်ပေ။ ထန့်ယွင်၏ အဖေရင်းသည်ပင် ထိုသို့မလုပ်ပေ။
" တကယ်လို့မင်းကြီး ရိက္ခာတွေပို့မယ်ဆိုရင် ဒီလမ်းကြောင်းကနေ ပို့ရပါမယ်... "
ထန့်ယွင်က မြေပုံကို လက်ဖြင့်ထောက်ပြလိုက်သည်။
" ကောင်းပါပြီ..."
ရွှယ်ကျွင်းလျန် ဤရက်ပိုင်းအတွင်း အဆက်မပြတ် အံ့သြနေခဲ့ရသည်။ သူ၏ဧကရီက စစ်မြေပြင်များနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေပုံရပြီး အားစိုက်ထုတ်မှုမရှိဘဲ လမ်းများကိုမှတ်မိပြီး ခွဲခြမ်းစိတ်ဖြာနိုင်ပုံနှင့်လည်း သူအသားမကျသေးပေ။ အကယ်၍ဧကရီက တပ်ဖွဲ့များကို ဦးဆောင်ပြီး ရွှယ်တိုင်းပြည်ကို တိုက်ခိုက်ခဲ့မည်ဆိုပါက သူမက ကြောက်စရာကောင်းသည့် ရန်သူဖြစ်လာလိမ့်မည်ဟု သူထင်လိုက်မိသည်။
ရွှယ်ကျွင်းလျန်ပြောလိုက်သည်။
" ချန်းထျန်က ကိုယ်တော်တို့ ရိက္ခာပို့နေကျလမ်းကြောင်းကို အလစ်တိုက်မယ်လို့ အိုက်ဖေးဆိုလိုချင်တာလား... ဒါ မဖြစ်နိုင်ဘူး... ဒီလမ်းကြောင်းရဲ့ မြေပြင်အနေအထားက တော်တော်လေးခေါင်တယ်...အဲ့လမ်းကြောင်းကိုရှာတွေပြီး တပ်ဖွဲ့လိုက် ရောက်လာကြမယ်ဆို ကိုယ်တော်တို့တပ်တွေကို ချုံခိုတိုက်ဖို့ ပင်ပန်းနေကြလိမ့်မယ်..."
ထန့်ယွင်က ပြုံး၍ ခေါင်းခါပြလိုက်သော်လည်း ထိုအပြုံးက လှောင်ပြောင်သရော်သည်ကို ရွှယ်ကျွင်းလျန်ထင်လိုက်မိသည်။ သူက ဧကရီ၏ နှာဖျားကို လက်ဖြင့်တောက်ကာ မေးလိုက်သည်။
" အိုး ... ဘာများပါလိမ့် ... ဧကရီ့မှာ ပိုကောင်းတဲ့အကြံရှိလို့လား..."
ထန့်ယွင်က မြေပုံကိုထောက်ပြလိုက်သည်။
" ချန်းထျန်က စိတ်ကြီးဝင်နေတတ်တဲ့သူဆိုပေမယ့် ဒီရက်ပိုင်း ထပ်မလှုပ်ရှားပဲ ငြိမ်နေတယ် အဲ့ဒါသူ့ပုံစံမဟုတ်ဘူး... ပုံမှန်သွားနေကျ ရိက္ခာပို့လမ်းကြောင်းကမှာ အတော်လေးနိမ့်တဲ့ မြေနေရာတစ်ခုရှိတယ်... အဲ့ဒီနေရာက ချောက်မဟုတ်ပေမယ့် အရမ်းလည်းကျဉ်းနေတယ်... အဲ့လမ်းကျဉ်းရဲ့ဘေးတစ်ဖက်မှာ မြစ်တစ်စင်းရှိတယ်... မြစ်က ရေစီးကြမ်းလွန်းလို့ မြောက်ပိုင်းက ရာသီဥတုအေးတာတောင် ရေမခဲသွားပါဘူး..."
ထန့်ယွင်က ရွှယ်ကျွင်းလျန်ကိုပြုံးကြည့်နေကာ ဆက်ပြောသည်။
" တကယ်လို့ ကျွန်တော်မျိုးမသာ ချန်းထျန်ဆိုရင် အဲ့နားမှာ လူတွေကို တိတ်တဆိတ် ကျင်းတူးခိုင်းထားမှာပဲ... ရိက္ခာတွေသယ်လာတဲ့စစ်သည်တွေ လမ်းကျဉ်းလေးကဖြတ်မယ်ဆိုရင် ရေစီးတဲ့လမ်းကြောင်းပြောင်းသွားပြီး စစ်သည်တွေအကုန် ရေနစ်ကုန်မှာ... စားနပ်ရိက္ခာတွေလည်း ဆုံးရှုံးသွားလို့ ရှေ့တန်းက ရွှယ်တိုင်းပြည်စစ်သည်တွေသာ ကြောက်လန့်ပြီး စိတ်ဓာတ်ကျကုန်ရင် လက်နက်တစ်ခုကိုတောင် မ မ'လိုက်ရပဲ တိုက်ပွဲကို နိုင်သွားပြီလေ..."
" ဟုတ်ပါပြီ ..."
ရွှယ်ကျွင်းလျန် ခေါင်းငြိမ့်ပြီး ဧကရီကို မှင်သက်စွာကြည့်နေသည်။
ထန့်ယွင် သတိပြုမိသွားသောအခါ သူ့မျက်နှာပေါ်တွင် တစ်ခုခုရှိနေသည်ဟု ထင်လိုက်မိသည်။ သူ တသ်ခါတစ်ရံ မြေပုံကို ကြည့်ရှု့စစ်ဆေးနေချိန်၌ မှင်ဖြင့် စက်ဝိုင်များဝိုင်းခြင်း၊ အမှတ်အသားများပြုခြင်းတို့ လုပ်လေ့ရှိသည်။ မှင်များက မျက်နှာတွင်ပေနေသည်ဟုထင်၍ သူ့လက်ဖြင့် ပါးကိုပွတ်လိုက်သော်လည်း လက်ပေါ်တွင် မှင်ရာများ ရှိမနေပေ။
ရွှယ်ကျွင်းလျန်က သူ့လက်တစ်ဖက်ကိုမြှောက်ပြီး ဧကရီ၏ နှုတ်ခမ်းကို လက်မဖြင့် ပွတ်သပ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် လှည့်ဖျားတတ်သော အကြည့်တစ်ခု ပေါ်လာပြီးပြောလိုက်သည်။
" အိုက်ဖေးက ချန်းထျန်မဟုတ်နေတာ တော်တော်ကံကောင်းတာပဲ ဟုတ်တယ်မလား..."
xxxx