အပိုင်း ၄၇
Viewers 13k

Chapter 47

ဆင့်ခေါ်ခြင်း ( ၂ )


" အိုက်ဖေးက ချန်းထျန်မဟုတ်နေတာ တော်တော်‌ကံကောင်းတာပဲ ဟုတ်တယ်မလား..."


ထန့်ယွင်၏ရင်ထဲ ဒိန်းခနဲဖြစ်သွားသည်။ သူက ရွှယ်ကျွင်းလျန်ကို အကြည့်လွှဲပြီးနောက် ပြောလိုက်သည်။


" ချန့်ချယ်က ချန်းထျန်ဖြစ်နေစရာအကြောင်း မရှိပါဘူးမင်းကြီး..."


ရွှယ်ကျွင်းလျန် ထိုင်လိုက်ပြီးနောက် ဧကရီ၏ခါးကိုဆွဲဖက်ကာ သူ့ပေါင်ပေါ် ထိုင်ခိုင်းလိုက်သည်။ ထို့နောက် သူမ၏ပါးပြင်နှင့် နားရွက်ဖျားလေးကို ငြင်ငြင်သာသာ ပွတ်သပ်နေသည်။ ရွှယ်ကျွင်းလျန်၏ လှုပ်ရှားမှုက သံသယဝင်စရာမကောင်းသဖြင့် ထန့်ယွင်က သူ့ကိုခွင့်ပြုထားသည်။


တစ်ဖက်မှ ရွှယ်ကျွင်းလျန်မှာမူ ဤအနေအထားမျိူကို အသားကျနေပြီဖြစ်သည်။ သူတို့နှစ်ယောက် တစ်စုံတစ်ရာကို ဆွေးနွေးနေချိန်တွင် ဧကရီ့ကို တစ်ခါတစ်ရံ ထိကိုင်လိုက်ပါက သူ့ကိုတွန်းမလွှတ်ပေ။ ဧကရီ၏ခါးမှ လူ့လက်များက တဖြည်းဖြည်း အပေါ်တက်လာပြီး သူမကျောကို ဖိလိုက်သည်နှင့် ခေါင်းအနည်းငယ် ငုံ့လာသည်။ ထိုအခါမှ သူကခေါင်းမော့၍ ဧကရီ၏ နှုတ်ခမ်းထောင့်စွန်းလေးကို နမ်းလိုက်သည်။


" အိုက်ဖေးက စကားပြောကောင်းတော့ မယုံပဲ နေနိုင်ပါ့မလား..."


ထန့်ယွင် လန့်သွားသည်။ ခဏတွင်းချင်းမှာပင် မတ်တပ်ရပ်၍ နောက်ကဆုတ်လိုက်မိသည်။ ထိုအခါ သူ့နောက်မှ မြေပုံကို မတော်တဆ တိုက်ချမိလိုက်သည်။ ‌မြေပုံက ဘန်းခနဲအသံဖြင့် ကြမ်းပေါ်ပြုတ်ကျသွားသည်။


ရွှယ်ကျွင်းလျန်က ထန့်ယွင်နောက်သို့ လိုက်လာသည်။ ထို့နောက် ဧကရီကို နံရံနှင့် သူ့အကြားချောင်ပိတ်ထားလိုက်မိသည်။ သူတို့နှစ်ယောက်က အလွန်နီးကပ်စွာရပ်နေကြသည်ဖြစ်၍ တစ်ဦး၏ ဝင်လေထွက်လေက နောက်တစ်ဦးကို ရိုက်ခတ်နေသည်။ ရွှယ်ကျွင်းလျန်၏ အရပ်ရှည်ရှည်နှင့် ကြံ့ခိုင်တောင့်တင်းသောခန္ဓာကိုယ်က ဧကရီ၏ ကိုယ်လုံးသေးသေးလေးကို အပြည့်အဝ အုပ်မိုးထားသည်။

  

ထန့်ယွင် တစ်ဖက်သို့လှည့်ထားပြီး ရွှယ်ကျွင်းလျန်ကို အကြည့်လွှဲလိုက်သည်။ ရွှယ်ကျွင်းလျန်က ခေါင်းအနည်းငယ်ငုံ့၍ ဧကရီ၏ ပိန်ပါး၍ ကျက်သရေရှိလှသော လည်တိုင်လေးကိုကြည့်ကာ ပြုံးလိုက်သည်။


" ခုထိ စိတ်မပါသေးဘူးလား..."


ဧကရီက တစ်ခုခုပြောရန် ပြင်လိုက်သကဲ့လို့ လည်ချောင်းက အထက်အောက် လှုပ်ရှားသွားသည်ကို ရွှယ်ကျွင်းလျန်မြင်လိုက်သော်လည်း အဆုံးတွင် သူမ ဘာတစ်ခွန်းမှ မပြောလိုက်ပေ။


ရွှယ်ကျွင်းလျန်က အလေးအနက်မတိုက်တွန်းတော့ပေ။ 

အခုလက်ရှိသူ့ပုံစံကိုကြည့်ပြီး သူက အားလုံးရဲ့အထက်က ဘုရင်တစ်ပါးလို့ပြောရင် ဘယ်သူမှယုံမယ်မထင်ဘူး... သူ့ရဲ့ ဧကရီကိုတောင် သူတစ်ခါမှ မထိနိုင်ဖြစ်နေတာ...


" ကိုယ်တော်က နှစ်‌ဦးသဘောတူဖြစ်ချင်တယ်ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါဘူး... အိုက်ဖေးကိုလည်း ဖိအားမပေးချင်ဘူး ဒါပေမဲ့..."


ရွှယ်ကျွင်းလျန်က ထန့်ယွင်၏မေးစေ့ကိုမော့လိုက်ပြီး သူ့မျက်နှာကိုကြည့်စေလိုက်သည်။


" ကိုယ်တော် ဒီတစ်ခုတော့ မေးမှရမယ်... မင်းက ထန့်ရှန်ကို တကယ်လေးစားတာလား..."


" အရှင်မင်းကြီး..."


ရွှယ်ကျွင်းလျန်ကို ကြည့်နေသော ထန့်ယွင်၏မျက်လုံးများက ပြူးကျယ်လာသည်။ သို့ရာတွင် ရွှယ်ကျွင်းလျန်၏ပုံစံက စိတ်ဆိုး ဒေါသထွက်နေပုံမရပဲ ထပ်ပြောလိုက်သည်။


" အဖြေပေးဖို့ မလိုပါဘူး... တကယ်လို့ ထန့်ရှန်ရဲ့ သတင်းကို သိချင်တယ်ဆိုရင် သဘောတူညီချက် လုပ်ထားရင်ရော ဘယ်လိုလဲ..."


ထန့်ယွင် ပြန်မဖြေပဲ ရွှယ်ကျွင်းလျန်ကိုသာ မျက်လုံးများပြူးကျယ်လျက် ကြည့်နေသည်။


တစ်ဖက်လူ၏ အမူအရာက သဘောကျနှစ်ခြိုက်ဖွယ်ကောင်းသည်ဟု ရွှယ်ကျွင်းလျန်ထင်လိုက်သည်။ ဧကရီ၏ ပခုံးနားအထိ ခေါင်းငုံ့သွားပြီး နူးညံ့စွာ ပြောလိုက်သည်။


" စိတ်မပူပါနဲ့ ကိုယ်တော်က ခက်ခက်ခဲခဲတွေ မတောင်းဆိုပါဘူး..."


ရွှယ်ကျွင်းလျန်က ပြောနေရာမှ ခဏရပ်လိုက်ပြီးနောက်တွင် ဆက်ပြောလိုက်သည်။


" ကိုယ်တော်က မင်းကို ဖိအားမပေးဘူးဆိုပေမယ့် မင်းက ကိုယ်တော့်ဧကရီပဲလေ...တကယ်တော့ ကိုယ်တော်က အနာကျင်ရဆုံးလူဆိုတာ သိသာနေတာပဲ... ဒီလိုဆိုရင်ရော ဘယ်လိုလဲ... မင်း ထန့်ရှန်ရဲ့ သတင်းကိုသိချင်ရင် ကိုယ်တော့်ကို နမ်းရမယ်..."


ထိုစကားကို ကြားသည့်အခါ ထန့်ယွင် သူ့ကိုယ်သူပင် မသိလိုက်ပဲ အောက်နှုတ်ခမ်းကို သပ်လိုက်မိသည်။ ထိုအပြုအမူက ရွှယ်ကျွင်းလျန်၏ရင်ထဲမှ တစ်စုံတစ်ရာကို လောင်မြိုက်သွားစေသည်။


ရွှယ်ကျွင်းလျန်က ကလူကျီစယ်ဟန်ဖြင့် ရယ်လိုက်သည်။


" ဘယ်လိုပဲကြည့်ကြည့် ဒါက မင်းအတွက် အပေးအယူကောင်းပဲလေ...စစ်ရေးကိစ္စတွေက လွယ်လွယ်နဲ့ သတင်းပေါက်ကြားလို့မဖြစ်ဘူးလေ..."


ထန့်ယွင်က ရေငုံနှုတ်ပိတ်နေပြီး အချိန်အတန်ကြာသည်အထိ မဖြေ‌တော့ပေ။ ထိုအချိန်တစ်လျှောက်လုံးရွှယ်ကျွင်းလျန်က သူ့ကို စူးစူးရဲရဲစိုက်ကြည့်နေသည်။ ထန့်ယွင်က သူ့စိတ်ထဲတွင် တိုက်ပွဲတစ်ပွဲနှင့် ရင်ဆိုင်နေရသကဲ့သို့ မျက်မှောင်ကြုတ်ထားသည်။ ထိုအမူရာက ရွှယ်ကျွင်းလျန်ကို စွဲမက်သွားစေသည်။


ရွှယ်ကျွင်းလျန်က စိတ်မရှည်ဟန်ဆောင်ပြီး ပြောလိုက်သည်။


" ဘယ်လိုလဲ... စဉ်းစားတာ အရမ်းကြာနေပြီ‌ဆိုတော့ ကိုယ်တော့်စကားကို ပြန်ရုတ်သိမ်းရမယ်ထင်တယ် ..."


ထန့်ယွင် နောက်ဆုံးတွင် စကားပြန်ပြောလာသည်။


" အရှင်မင်းကြီး ပြောပြီးသားစကားကို ပြန်မရုတ်သိမ်းသင့်ပါဘူး..."


ရွှယ်ကျွင်းလျန် ခေါင်းငြိမ့်ပြလိုက်သည်။


" ကိုယ်တော့်စကားကို ပြန်မရုတ်သိမ်းရသေး‌ဘူးလေ..."


ရွှယ်ကျွင်းလျန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေဆဲဖြစ်သည်။ ရွှယ်ကျွင်းလျန်က ဧကရီ၏ကျောကိုဖက်ထားပြီး သူနှင့် နီးကပ်လာအောင် ဆွဲလိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် သူ၏နှုတ်ခမ်းများကို လက်ညှိုးထိုးပြလိုက်ပြီး ဧကရီကို လောဆော်လိုက်သည်။

47.2


ထန့်ယွင်၏ မျက်ဝန်းထဲတွင် စိတ်ခံစားချက်ပေါင်းစုံ ရောနှောလာခဲ့သော်လည်း အချိန်အတန်ကြာသည်အထိ မလှုက်မယှက်ဖြင့် တွေးတောနေဆဲဖြစ်သည်။ ရွှယ်ကျွင်းလျန်က သူ စနောက်သည်မှာ လွန်သွားသည်ဟု တွေးမိလာချိန်တွင် ဧကရီက သတ္တိမွေး၍ ခေါင်းမော့ပြီး ရွှယ်ကျွင်းလျန်၏ နှုတ်ခမ်းကို ဖျတ်ခနဲနမ်းလိုက်သည်။


၎င်းက အနမ်းဟုပင်ဆို၍ မရပဲ နှုတ်ခမ်းကို အမြန်ထိလိုက်သည်နှင့်ပင် တူနေသည်။ ထိုအနမ်းတွင် ချစ်ခင်မြတ်နိုးမှုနှင့် နူးညံ့မှုတို့မပါဝင်ပဲ အမှတ်တမဲ့အနမ်တစ်ခုဟုသာ ဆိုနိုင်သည်။


ရွှယ်ကျွင်းလျန်က အလွန်သဘောကျသွားသဖြင့် ရယ်ချင်လာသော်လည်း ဧကရီ၏ ပါးပြင်က နီရဲတက်လာသည်ကို တွေ့လိုက်သည်။ မျက်လုံးထောင့်များကလည်း နီရဲတောက်နေပြီး သူ့ကိုကြည့်နေသော အနက်ရောင်မျက်ဆံများကလည်း တောက်ပလာသည်။


ရွှယ်ကျွင်းလျန်၏ နှလုံးသားထဲကို ဧရာမကျောက်တုံးကြီးဖြင့် ပစ်ပေါက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူ့ခေါင်းကိုငုံ့၍ ဧကရီ၏ နှုတ်ခမ်းများကို နမ်းလိုက်ပြန်သည်။ ထန့်ယွင်က ရွှယ်ကျွင်းလျန်ကို တွန်းပစ်လိုက်ချင်သော်လည်း ထိုအစား သူ့လက်များက ရွှယ်ကျွင်းလျန်၏ဝတ်ရုံလက်များကိုသာ ခပ်တင်းတင်း ဆွဲထားမိသည်။


ဧကရီက သူ့ကိုမချစ်ကြောင်းကို ရွှယ်ကျွင်းလျန် နားလည်သဘောပေါက်သည်။ သူ့မိန်းကလေးက အခြားယောက်ျားတစ်ယောက်ကြောင့် သူ့ကိုကြည်ဖြူနေရခြင်းဖြစ်၍ ဘုရင်တစ်ပါးအနေဖြင့် ရွှယ်ကျွင်းလျန်၏ မာနထိခိုက်လာသည်။ ရွှယ်ကျွင်းလျန်က သူ့ကိုယ်သူ တစ်ဖက်မှ ယောက်ျားထက် နိမ့်ကျသည်ဟု မထင်ထားပေ။ အကယ်၍ ဤအမျိုးသမီးက သူ့ကို မချစ်မနှစ်သက်လျှင်လည်း သူ့ဘေးနားတွင် တစ်ဘဝလုံးနေခိုင်းပြီး သူမနှလုံးသားကို တဖြည်းဖြည်းရယူမည်ဟု တွေးလိုက်မိသည်။


ရွှယ်ကျွင်းလျန်၏ လက်ထဲတွင် အတွေ့အကြုံများစွာရှိသည်။ ဧကရီ့ကို နူးညံ့စွာပွေ့ဖက်ပေးပြီး ညင်သာစွာနမ်းမည်ဆိုပါက ဧကရီက နူးညံ့သောဘုရင်တစ်ပါးကို ငြင်းဆန်နိုင်မည်မဟုတ်ကြောင့် သူ့စိတ်ထဲ သေချာနေသည်။


သို့ရာတွင် သူ့ဧကရီက မိန်းကလေးတစ်ယောက်မဟုတ်ကြောင်း ရွှယ်ကျွင်းလျန်မသိပေ။ သူ့ဧကရီက အမှန်တွင် သံမဏိကဲ့သို့ မာကျောသောစစ်သူကြီးတစ်ယောက် ဖြစ်နေသည်။


ကံကောင်းသည်မှာ ထန့်ယွင်သည်လည်း သူ့အကျပ်အတည်းကို သူသိသည်။ နမ်းရှိုက်သော ကိစ္စမျိုးတွင် သူက ရွှယ်ကျွင်းလျန်ခန့် အတွေ့အကြုံမရှိပေ။ အခြားယောက်ျားတစ်ယောက်၏ ကလူကျီစယ်ခံရပြီး ညင်သာစွာအနမ်းခံရ၍ သူ့စိတ်ထဲ အကြောသေသွားသကဲ့သို့ပင် ဖြစ်လာသည်။  ရွှယ်ကျွင်းလျန်၏ အနမ်းက ထန့်ယွင်နှင့် နှုတ်ခမ်းအချင်းချင်း ပွတ်တိုက်ရုံမျှပင်မကပဲ သူ့ကိုကျီစားနေသကဲ့သို့ နှုတ်ခမ်းကို ညင်သာစွာ တတိတိကိုက်နေသည်။ ယားကျိကျိ ခံစားချက်တစ်မျိုးက သူ့နောက်ကျောဘက်တွင် ပျံ့နှံ့သွားပြီး တစ်ကိုယ်လုံး ကျဉ်သွားသကဲ့သို့ပင် ခံစားရသည်။ ရွှယ်ကျွင်းလျန်က သယ့ကို ခပ်တင်းတင်းမဖက်ထားပါက ထန့်ယွင်မှာ ကြမ်းပေါ်သို့ ခွေလဲကျသွားနိုင်သည်။


နမ်းနေစဉ်တွင် ထန့်ယွင်က အသက်အောင့်ထားမိသည်။ လေအလုံအလောက် မရရှိသဖြင့် သူ့မျက်နှာတစ်ခုလုံး နီရဲလာသည်။ အသက်ရှုချင်သော်လည်း နှာခေါင်းကို အသုံးပြု၍ရသည်ကိုပင် မေ့လျော့သွားသည်။ လူနှစ်ယောက်၏ နှုတ်ခမ်းနှစ်ခုအကြားတွင် သွားရည်များပင် ကျဆင်းလာသည်။


ရွှယ်ကျွင်းလျန်က တစ်ဖက်လူ၏ တုံ့ပြန်မှုများကို အလွန်အမင်း ကျေနပ်နေသည်။ ပုံမှန်အချိန်တွင် မတုန်မလှုပ်နေတတ်သူတစ်ယောက်က သူ့ရင်ခွင်ထဲတွင် နူးညံ့သွားသည်ကို သဘောကျနေမိသည်။ ထိုကဲ့သို့သော စိတ်လှုပ်ရှားမှုမျိုးက တိုင်းပြည်တစ်ခုကို အောင်နိုင်လိုက်သည်နှင့်ပင် အလားသဏ္ဍာန်‌တူနေသည်။


အချိန်ကြာမြင့်စွာ နမ်း‌ပြီးသည့်နောက်တွင်မှ ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို လွှတ်ပေးလိုက်သည်။ ထန့်ယွင်၏ အမြင်အာရုံက ဝေါဝါးလာပြီး ခြေထောက်များလည်း တုန်ယင်နေသည်။ နံရံကိုမှီပြီး အသက်ပြင်းပြင်းရှုရန် ကြိုးစားနေရသည်။


တစ်ဖက်လူ၏ ရှုံ့မဲ့နေသော အမူအရာကြောင့် ရွှယ်ကျွင်းလျန် မျက်လုံးများ မှေးကျဥ်းမိသည်။ ခေါင်းငုံ့၍ တစ်ဖက်လူ၏ လည်တိုင်ကို နမ်းလိုက်ကာ ထိုမှတစ်ဆင့် နှုတ်ခမ်းပေါ်ရောက်လာပြီး သူမ မမျိုချလိုက်ရသည့် ငွေမှင်ရောင်သွားရည်များကိုပါ လျှာဖြင့်လျက်လိုက်သည်။


ထန့်ယွင်မှာ လည်တိုင်မှ နွေးထွေးစိုစွတ်သော ခံစားမှုကြောင့် မတုန်ယင်ပဲ မနေနိုင်တော့ပေ။ ရွှယ်ကျွင်းလျန်က ပြုံးပြီးပြောလိုက်သည်။


" အိုက်ဖေးရဲ့အရသာက ကိုယ်တော့်စိတ်ကူးထဲကအတိုင်း ချိုမြိန်နေတာပဲ..."


ထိုအချိန်မှသာ ထန့်ယွင်၏ဦးနှောက်က စတင်အလုပ်လုပ်လာသည်။ သူ့မျက်နှာတစ်ပြင်းလုံး ပူထူနေပြီး စိတ်မတည်မငြိမ်ဖြစ်သွားသည်။ သူ၏ ဖရိုဖရဲဖြစ်နေပုံကို ဖုံးကွယ်ရန်အတွက် ရွှယ်ကျွင်းလျန်ကိုသာ စူးစူးရဲရဲ ကြည့်နေလိုက်တော့သည်။


ထိုအကြည့်က ကြောက်စရာမကောင်းလှပေ။ ဧကရီ၏ အကြည့်များက စူးရှသော်လည်း မျက်ဝန်းများက နီရဲပြီး ရီဝေဝေဖြစ်နေသည်။ ထိုနှစ်ခုကို ပေါင်းစပ်ထားခြင်းက သူ့ကိုညှို့ယူဖမ်းစားနေသည်။



အခန်းထဲမှ လူနှစ်ယောက်၏ အနမ်းများက တဖြည်းဖြည်းပြင်းရှရှ ဖြစ်လာသည့်အခါ ကျန်းယွီ အလျင်အမြန်ပင် အပြင်ထွက်လိုက်ရသည်။ သူက နန်းတွင်းတွင် အချိန်ကြာမြင့်သွာနေထိုင်လာသူဖြစ်၍ စူးရှသောမျက်လုံးများရှိပြီး ထိုကဲ့သို့အခြေအနေ၌ အခန်းထဲတွင် မနေသင့်တော့သည်ကို သိသည်။


‌ဧကရီထွက်သွားသည့်အခါမှသာ ကျန်းယွီက အခန်းထဲပြန်ဝင်လာပြီး ဧကရီ၏ ရေနွေးခွက်ကို သိမ်းဆည်းလိုက်ကာ မင်းကြီး၏ခွက်ထဲ ရေနွေးထည့်ပေးလိုက်ပြီး ဘေးနားတွင်ကျနေသည့် မြေပုံကို ပြန်ချိတ်ဆွဲထားလိုက်သည်။


ကျန်းယွီက အခန်းကို သိမ်းဆည်းရှင်းလင်းနေသည်ကို မြင်သောအခါ ရွှယ်ကျွင်းလျန် ချောင်းဟန့်လိုက်သည်။ ရှုပ်ပွနေသည့်ပစ္စည်းများကြောင့် ဤနေရာတွင် တစ်ခုခုဖြစ်ခဲ့သည်ဟု ထင်ရနိုင်သော်လည်း အမှန်တွင် သူတို့နှစ်ယောက်က နမ်းရုံသာနမ်းခဲ့ခြင်းဖြစ်သည်။ ကျန်းယွီက သူ့နောက်လိုက်ခဲ့သည်မှာ အချိန်ကြာပြီဖြစ်၍ စာကြည့်ခန်းထဲတွင် မလုပ်သင့်သောအပြုအမူကို လုပ်လိမ့်မည်ဟု တွေးနေမည်ကိုသိသောကြောင့် ရွှယ်ကျွင်းလျန် အနည်းငယ် နေရခက်နေသည်။


သို့သော်လည်း ရွှယ်ကျွင်းလျန်က သူ့ကိုရှင်းပြမနေပေ။ သူသည်လည်း ဧကရီနှင့်အတူတူ စာကြည့်ခန်းထဲတွင် တစ်ခုခုပြုလုပ်ခဲ့ချင်သော်လည်း ကံဆိုးစွာဖြင့် သူ၏လှည့်ကွက်က ဧကရီကို စိတ်ပြောင်းအောင် မလုပ်နိုင်ခဲ့ပေ။


ရွှယ်ကျွင်းလျန်က မြေပုံရှေ့သို့လျှောက်သွားပြီး ၎င်းရှေ့တွင် ရပ်လိုက်သည်။ မြေပုံကို စူးစိုက်ကြည့်နေစဉ် ရုတ်တရက် ထရယ်လိုက်မိသည်။ အစောပိုင်းက ဧကရီပြသသွားသော လမ်းကြောင်းကိုကြည့်ပြီး သူ့စိတ်ထဲတွင် အကြံတစ်ခုပေါ်လာသည်။


" ကျန်းယွီ..."


" ဒီအစေခံအိုကြီး ရှိပါတယ်..."


ရွှယ်ကျွင်းလျန်ပြုံးလိုက်သည်။


" ကျောက်လုနဲ့ပတ်သက်ပြီး ကိုယ်တော် အကြံတစ်ခု တွေးမိသွားပြီ..."


ကျန်းယွီက ခေါင်းငုံ့လျက်သာရှိပြီး ရွှယ်ဝမ်ပြောကြားမည်ကို တရိုတသေဖြင့် စောင့်ဆိုင်းနေသည်။


ထိုအကြံက အလွန်ကောင်းမွန်လှသည်ဟု ရွှယ်ကျွင်းလျန်ထင်လိုက်သည်။


" မြစ်တစ်စင်းရှိတာ အရမ်းအကျိုးရှိတာပဲ... ‌မြစ်ထဲမှာ လှေစီးလို့ရသလို အဲ့လှေကို မှောက်ပစ်လို့လည်းရတာပဲ... တကယ်လို့ ဖုန့်ဝမ်က မြစ်ကိုအလည်လာမယ်ဆိုရင် သူ မြစ်ထဲမှာရေနစ်သွားဖို့ ဖြစ်နိုင်မယ်ထင်လား..."


xxxxxx