Chapter 48
တော်ဝင်နဂါးတံဆိပ်တုံး
ရွှယ်ယွီ စစ်သုံ့ပန်းများကိုသတ်ဖြတ်သည့်သတင်းက ပြည်သူများထံပါ ပျံ့နှံ့သွားသည်။ နန်းတွင်းမှ မှူးမတ်များသာမက သာမန်ပြည်သူများပါ ထိုလုပ်ရပ်ကြောင့် အထိတ်လန့်ဖြစ်ကုန်သည်။
သာမန်ပြည်သူများ၏စိတ်ဓာတ်က အလွန်ရိုးရှင်းလှသည်။ သူတို့က နိုင်ငံရေးနှင့် နန်းတွင်းညီလာခံ၏ ရှုပ်ထွေးမှုများကို နားမလည်ကြပေ။ သို့ဖြစ်၍ မင်းမှုထမ်းတစ်ယောက်က ဤသို့ပြုလုပ်ရခြင်းမှာ တာ့ဝမ်၏ အမိန့်ပေးမှုကြောင့်ဟုသာ ထင်ကြသည်။
ထိုနေ့တွင် ရွှယ်ကျွင်းလျန်က လူပေါင်းများစွာမုန်းတီးခံရသည့် မင်းဆိုးမင်းညစ်တစ်ယောက် ရုတ်ချည်းဖြစ်သွားခဲ့သည်။
နယ်စားမင်းကျန့်ကျန်း၏ ရည်ရွယ်ချက်ကို ရွှယ်ကျွင်းလျန်သဘောပေါက်သွား၍ အော်ရယ်ချင်စိတ်များပင် ဖြစ်ပေါ်လာသည်။ သူ ရွှယ်ယွီကို အထင်သေးခဲ့မိခြင်းပင်ဖြစ်သည်။ သူ့ညီတော်က အသက်ရှင်ရန်တစ်ခုတည်းသာ မျှော်လင့်နေခဲ့ရသည့် မင်းသားငယ်လေး မဟုတ်တော့ပဲ အရွယ်ရောက်သည့်ကျားတစ်ကောင်ဖြစ်လာကာ ယခုအချိန်တွင် အမဲလိုက်ပြီးစားသောက်ရန်ကိုပါ စတင်တွေးတောနေပြီဖြစ်သည်။
ရွှယ်ကျွင်းက ဒေသငယ်လေး၏ပြဿနာနှင့် ရိက္ခာပို့ဆောင်ရေးအကြောင်း ဧကရီကိုမေးခဲ့ပြီးဖြစ်၍ ယခုအခါတွင် သူမကို ရွှယ်ယွီ၏ ပြဿနာအကြောင်း မေးမြန်းခဲ့သည်။
သို့ရာတွင် ထန့်ယွင်က ရွှယ်ကျွင်းလျန်ကို မကူညီချင်ပေ။ ချန်းထျန်နှင့် ကျု့ကျန့်ရင်တို့၏ တိုက်ခိုက်မှုကို ကူညီဖြေရှင်းပေးခဲ့ခြင်းမှာ သူ့အတွက်လည်း အကျိုးကျေးဇူးများ ရရှိသောကြောင့်ဖြစ်သည်။ ထိုသို့ကူညီရာမှ ရွှယ်တိုင်းပြည်၏ မြေအနေအထားကို အပြည့်အဝ သိရှိခဲ့ရုံသာမက ရှေ့တန်းမှ ထန့်ရှန်၏ သတင်းများကိုလည်း ရရှိခဲ့သည်။
သို့သော် ရွှယ်တိုင်းပြည်မှ ပြည်သူများနှင့် နိုင်ငံရေးကိစ္စများတွင်မူ ထန့်ယွင်က ဖြေရှင်းချက်များကိုသိလျှင်ပင်လည်း ရွှယ်ကျွင်းလျန်ကို မပြောပြလိုပေ။ သူတို့က ယခုချိန်ထိ ရန်သူဖြစ်နေကြဆဲဖြစ်သည်။
ထန့်ယွင် ပြောလိုက်သည်။
" ချန့်ချယ်က စာအုပ်တစ်ချို့ဖတ်ထားဖူးလို့ စစ်ရေးစစ်ရာနဲ့ မဟာဗျူဟာတွေကို နည်းနည်းသိတယ်ဆိုပေမယ့် နိုင်ငံရေးနဲ့ ပြည်သူတွေရဲ့ နှလုံးသားအကြောင်းဆိုရင်တော့ ကျွန်တော်မျိုးမက အသိဉာဏ်ဗဟုသုတ မကြွယ်ဝလို့ ဘာမှမပြောရဲပါဘူး..."
ရွှယ်ကျွင်းလျန်က ဤ ' တွန့်ဆုတ်နေမှု' ကို အံ့အားသွားပြီး သူ၏ဧကရီက အပေးအယူလုပ်ရာတွင် ဆရာကျနေသည်ကို သဘောပေါက်သွားသည်။ အကယ်၍ အပေးအယူက သူမကို မည်သည့်အကျိုးအမြတ်မှ မပေးပါက မည်သည့်အရာမှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။
ရွှယ်ကျွင်းလျန်က အမိအရ တိုက်တွန်းမနေတော့ပေ။ ဧကရီ၏ထင်မြင်ချက်ကို မေးလိုက်ခြင်းမှာ ဤတစ်ကြိမ်တွင်လည်း သူမပေးမည့် အံ့အားသင့်ဖွယ်ရာများကို သိရှိလိုသောကြောင့်ဖြစ်သည်။ တိုင်းသူပြည်သားများ၏ အမြင်အတွက်မူ သူက မိုးမရွာမီကို မသိရှိမီတည်းက ထီး ပြင်ဆင်ထားတတ်သူဖြစ်သည်။
( T/N - ရွှယ်ယွီရဲ့ကိစ္စမှာ ပြည်သူတွေရဲ့အမြင်အတွက် သူက ကြိုတင်ပြင်ဆင်ထားတယ်ဆိုတဲ့သဘောပါ )
ရွှယ်ယွီ၏ ကြမ်းတမ်းရက်စက်သောလုပ်ရပ်များကို သူသဘောမတွေ့ကြောင်း ပြသရန်အတွင် ရွှယ်ဝမ်က မြောက်ပိုင်းနယ်စပ်သို့ လူတစ်ချို့စေလွှတ်ခဲ့သည်။ ရက်အနည်းငယ်အတွင်း ကျု့ကျန့်ရင်၏အလောင်းကို နန်းမြို့တော်သို့ ပို့ဆောင်ရမည်ဟုလည်း အမိန့်ချခဲ့သည်။
လူအများစုက ပဟေဠိဖြစ်ကုန်သည်။ ကျု့ကျန့်ရင်၏ခေါင်းကို ဒေသငယ်လေး၏ဝင်ပေါက်တွင် ချိတ်ဆွဲထားခြင်းဖြစ်သည်။ မြောက်ပိုင်းမှ ရာသီဥတုက ပြင်းထန်သည်ဖြစ်ရာ ရက်အနည်းငယ်အတွင်းမှာပင် သူ၏ဦးခေါင်းက ပုံပျက်ပန်းပျက် ဖြစ်နေပြီဖြစ်သည်။
ရွှယ်ယွီက ထိုကိစ္စကို ရေးကြီးခွင်ကျယ်ဟု မထင်ပေ။ ကျု့ကျန့်ရင်း ခေါင်းကို ချိတ်ထားသည့်နေရာမှ ဖြုတ်ခိုင်းလိုက်ပြီးနောက် မည်သူ့ ခန္ဓာကိုယ်ပင်ဖြစ်စေ တစ်ခုခုကို ရှာဖွေခိုင်းလိုက်ပြီး ခန္ဓာကိုယ်နှင့် ခေါင်းကို နန်းမြို့တော်သို့ ပို့ဆောင်ခိုင်းလိုက်သည်။
ရွှယ်ကျွင်းလျန်က ထိုအခေါင်းကိုဖွင့်လိုက်သည့်အခါ ထိုနေရာတွင်ရှိနေသမျှ မှူးမတ်များအားလုံး အန်ချလုနီးပါး ဖြစ်သွားရသည်။ လူ့အသား၏ ပုတ်ပွနံစော်နေသောအနံ့က ညီလာခံခန်းမဆောင်တစ်ခုလုံးကို ပြည့်နှက်နေသည်။
ရွှယ်ကျွင်းလျန်က လေးစားအားကျစရာလူတစ်ယောက်ကို ဆုံးရှုံးလိုက်ရ၍ နောင်တရကာ ပူဆွေးနေသည့်မျက်နှာဖုံးကို ဆင်မြန်းထားသည်။ ရွှယ်တိုင်းပြည်၏ ဓလေ့ထုံးတမ်းများအတိုင်း ကျု့ကျန့်ရင်၏ ဈာပနအခမ်းအနားကို ပြင်ဆင်စေလိုက်သည်။ ကျု့ကျန့်ရင်က ရွှယ်တိုင်းပြည်မှလူ မဟုတ်သော်လည်း ရွှယ်တိုင်းပြည်၏ပိုင်နက်ထဲသို့ တစ်ကြိမ်ကျူးကျော်လာနိုင်ခဲ့သူဖြစ်၍ အရည်အချင်းရှိသူဟု သတ်မှတ်ရပေမည်။ ရွှယ်ဝမ်က အရည်အချင်းရှိသူများကို အမြဲတစေ တန်ဖိုးထားတတ်သူဖြစ်သည်။ ကျု့ကျန့်ရင် အသက်ရှင်နေပါက သူ့အရည်အချင်းကို မြင်တွေ့နိုင်ပြီး ထိုလူ၏အသက်ကလည်း ဤသို့ဆုံးရှုံးသွားရလိမ့်မည် မဟုတ်ပေ။
ကျု့ကျန့်ရင်၏ ကျန်ရှိနေသောမိသားစုဝင်များကို မသတ်ဖြတ်ရန်နှင့် ဒေသခံအစိုးရက သူတို့ကိုထောက်ပံ့ပေးရန် တာဝန်ရှိသည်ဟု အမိန့်ချခဲ့သည်။
ကွက်ကျော်မြင်တတ်သူများကမူ ရွှယ်ကျွင်းလျန်၏ လုပ်ရပ်က သူတော်ကောင်းယောင်ဆောင်ပြီး ရက်စက်သည်ဟု တွေးနိုင်ကြသည်။ သို့သော် ထိုသို့လုပ်လိုက်ခြင်းဖြင့် သာမန်လူများ၏နှလုံးသားကို ရယူနိုင်ပြီး ရွှယ်ဝမ်က ကျု့ကျန့်ရင်ကို သတ်စေချင်ခဲ့သည်မဟုတ်ပဲ လူအများထင်သကဲ့သို့ မင်းဆိုးမင်းညစ်တစ်ယောက် မဟုတ်ဟု သက်သေပြပြီးသားဖြစ်သွားသည်။
ရွှယ်ကျွင်းလျန်က စစ်သုံ့ပန်းများကို သတ်ဖြတ်ခြင်းကို တားမြစ်လိုက်ပြီး ၎င်းတို့ကို သတ်ဖြတ်ရဲသူများကို ပုန်ကန်သူဟု သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
ဤအမိန့်ကသူ့ကို စောင်းပါးရိပ်ခြည် သတိပေးလိုကြောင်း ရွှယ်ယွီသိသော်လည်း ဂရုမစိုက်ပေ။ ဤနေရာက နန်းမြို့တော်မှ ဝေးကွာလှသော နေရာတစ်ခုတွင် ရှိနေသည်ဖြစ်၍ အခြေအနေများက အမြဲတစေ ပြောင်းလဲသွားနိုင်သည်။ အချို့အချိန်များတွင် စစ်တပ်ကို ထိုကဲ့သို့ စည်းမျဉ်းစဉ်းကမ်းများက မသက်ရောက်နိုင်ပေ။
ထိုကိစ္စကို ဖြေရှင်းပြီးသည့်နောက်တွင် ရွှယ်ကျင်းလျန်က ကျန်းယွီကိုခေါ်ကာ ပြောလိုက်သည်။
" ကိုယ်တော့်မှာ အမိန့်နှစ်ခုရှိတယ်..."
ကျန်းယွီက တလေးတစားဖြင့် ခေါင်းငုံ့ထားပြီး ရွှယ်ကျင်းလျန်၏အမိန့်ကို စောင့်ဆိုင်းနေသည်။
" ပထမတစ်ခုက ဧကရီရဲ့ဘေးနားက ကျောင်းရွှေကို ခေါ်လိုက်... ဧကရီ နေ့တိုင်း ဘာပြောတယ် ဘာလုပ်တယ်ဆိုတဲ့အကြောင်းတွေ တစ်ခုမကျန် ကိုယ်တော့်ကို လျှောက်တင်ရမယ်... တကယ်လို့ တစ်ခုခုမေ့ကျန်ခဲ့ရင် သူမ ထန့်ဖေးဆီကိုပြန်ပြီး ခစားရမယ်..."
" မှန်လှပါမင်းကြီး..."
" ဒုတိယတစ်ခုက... ကျောက်လုဆီကို စာတစ်စောင်ရေးပို့လိုက်... ဧကရီ ဖုန့်တိုင်းပြည်မှာနေတုန်းက သတင်းအချက်အလက်တွေကို ရှာခိုင်းလိုက်... အရေးကြီးကိစ္စကနေစလို့ အသေးအမွှားလေးတွေအထိအားလုံး စုံစမ်းခိုင်းလိုက်..."
" မှန်လှပါ ဒီအစေခံအိုကြီး အမိန့်အတိုင်း ဆောင်ရွက်လိုက်ပါ့မယ်..."
" နေဦး..."
ရွှယ်ကျင်းလျန်က ကျန်းယွီကို မထွက်သွားသေးရန် လက်အမူအရာပြလိုက်ပြီးနောက် ပြုံးလိုက်သည်။
" ဖုန့်ဝမ်က မြစ်ကိုအလည်အပတ်သွားဖို့ ထွက်ခွာလာပြီလား..."
" အရှင်မင်းကြီးကို ပြန်ဖြေကြားပါတယ်... ကျောက်လုရဲ့ ပြန်စာအရဆိုရင် ဖုန့်ဝမ်က နောက်ရက်အနည်းငယ်ကြာရင် မင်မြစ်ကို ရောက်တော့မယ်လို့ ခန့်မှန်းရပါတယ်..."
48.2
" ကိုယ်တော် အရင်ကပြောခဲ့တဲ့ကိစ္စရော ဘယ်လိုဖြစ်သွားပြီလဲ..."
" အားလုံးအဆင်သင့် ဖြစ်နေပါပြီမင်းကြီး... သုံးရက်နေရင် မင်မြစ်က မိုးအဆက်မပြတ်ရွာနေမှာဖြစ်ပြီး ဖုန့်ဝမ်ကလည်း အချိန်ကိုက် ရောက်သွားပါလိမ့်မယ်..."
ရွှယ်ကျင်းလျန် ခေါင်းငြိမ့်ပြလိုက်သော်လည်း မျက်မှောင်ကြုတ်နေဆဲဖြစ်သည်။ ကျန်းယွီက သတိပြုမိသွားကာ သူ့ကိုမေးလိုက်သည်။
" အရှင်မင်းကြီး ဘာတွေများ စိတ်ပူပန်နေရပါသလဲ..."
ရွှယ်ကျင်းလျန်ပြောလိုက်သည်။
" အချိန်ကိုက်ဖြစ်ပေမယ့် လူကတော့ မဟုတ်ဘူးလေ..."
ရွှယ်ကျင်းလျန်ဆိုလိုသည်ကို ကျန်းယွီ သဘောမပေါက်ပေ။
ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ လူတွေထပ်လိုတယ်ပြောတာများလား...
ရွှယ်ကျင်းလျန်က ပြုံးလျက်နှင့်ပင် ပြောလိုက်သည်။
" ကျောက်လုက ဖုန့်တိုင်းပြည်မှာနေတာ တော်တော်ကြာပြီလေ... သူ သံယောဇဉ်တွယ်သွားမှာကို ကိုယ်တော်စိတ်ပူတယ်... သူက ဘယ်လိုလူမျိုးလဲဆိုတာ ကိုယ်တော်သိတယ် သူက သစ္စာမဖောက်တတ်တဲ့ သူဆိုပေမယ့် စာနာတတ်တဲ့လူတစ်ယောက် ဖြစ်နေပြန်ရော... ဒီကိစ္စတွေ မပြီးဆုံးခင် ဖုန့်ဝမ်ကိုကူညီဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ကိုယ်တော်နှစ်ပေါင်းများစွာ ကြံစည်ထားတဲ့ကိစ္စတွေက နောက်ဆုံးအဆင့်ရောက်မှ ကျရှုံးသွားမှာပေါ့..."
" မင်းကြီးရဲ့ အစီအစဉ်တွေက မပျက်စီးပါဘူး..."
" ဖုန့်တိုင်းပြည်က လူတွေကို ကျောက်လုရဲ့ လှုပ်ရှားမှုတွေကိုသတိထားဖို့ မှာထားလိုက်ဦး... ဖုန့်ဝမ် နန်းမြို့တော်ကနေ ထွက်သွားနဲ့ ကျောက်လုက သူလုပ်ရမယ့်တာဝန်ကို သေချာလုပ်ပါစေ..."
—
ဖုန့်မင်က မင်မြစ်သို့သွားမည့်ခရီးစဉ်ကို စတင်လိုက်သော်လည်း တောင်ပိုင်းသို့ သွားမည်ဟုသာ ကြေညာလိုက်သည်။ မင်မြစ်မှ ဒေသခံအရာရှိများက သူရောက်ရှိလာမည်ကိုသိပြီး ကြိုတင်ပြင်ဆင်ထားမည်ကို မဖြစ်စေလိုပေ။ ထိုနေရာတွင် အမှန်တကယ်ဖြစ်ပျက်နေသည်များကို သူ့မျက်စိဖြင့် တပ်အပ်မြင်လိုသည်။
မြစ်ရေကို ထိန်းသိမ်းဖို့ နှစ်စဉ်မှာကြားပြီး ဘဏ္ဍာငွေတွေ လွှဲပေးနေတောင်မှ ဘာလို့ နှစ်တိုင်းရေကြီးနေရတာလဲ...
ဖုန့်မင်က ဤတစ်ကြိမ်တွင် ကျောက်လုကို မခေါ်သကဲ့သို့ လုရှစ်ချန်ကိုလည်း မခေါ်ခဲ့ပေ။ ကျောက်လုကို ကိုင်တွယ်ရန်အတွင် လုရှစ်ချန်ကို နန်းမြို့တော်တွင် ထားခဲ့ခြင်းဖြစ်သည်။
မထွက်ခွာမီတွင် လုရှစ်ချန်ကို အကြံဉာဏ်တချို့ပေးခဲ့သည်။ အချို့မှူးမတ်များက အခွင့်အရေးယူတတ်သူများမဟုတ်၍ ပြင်းထန်စွာ မဆက်ဆံရန် မှာကြားခဲ့သည်။ ချောင်ပိတ်ခံရသောခွေးတစ်ကောင်က နံရံပေါ် ခုန်တက်တတ်သည်။ အထူးသဖြင့် ထိုခွေးများက လုရှစ်ချန်ထက် စီနီယာကျသောအမတ်များဖြစ်ပါက ပိုဆိုးလိမ့်မည်။ မည်သည့်ကိစ္စမဆို ကျောက်လုနှင့် ဦးစွာဆွေးနွေးရန် ဖုန့်မင်က အမိန့်ပေးခဲ့သည်။
ဖုန့်ဝမ်၏ ညွှန်ကြားချက်များကြောင့် လုရှစ်ချန် စိတ်ပူသွားမိသည်။ သူကိုယ်တိုင်ကလည်း ကိုယ့်ကျင့်သိက္ခာကင်းမဲ့သည့် လူများကို မုန်းတီးသည်။ ဤသို့တွေးခြင်းက ကောင်းမွန်သည့်အရာဟုတ်သော်လည်း အခြားအမတ်များမပါဝင်ပဲ သူတစ်ယောက်တည်းဖြင့်ဆိုပါက မည်သည့်ကိစ္စမှ ဖြစ်မြောက်လိမ့်မည်မဟုတ်ပေ။ လုရှစ်ချန်က လူအများကို မည်သို့ သည်းခံရမည်ကို သင်ယူလာရသဖြင့် စည်းကမ်း မတင်းကျပ်နိုင်တော့ပေ။
ထို့အပြင် လုရှစ်ချန်က နယ်စားမင်းကျူးလုကို အမြဲတစေ လေးစားခဲ့ရသူဖြစ်၍ ဖုန့်ဝမ်၏အမိန့်က မခက်ခဲလှပေ။
တစ်ခုတည်းသောပြဿနာမှာ ဖုန့်ဝမ်က နန်းမြို့တော်မှ ထွက်ခွာသွားပြီးချိန်မှစ၍ ကျောက်လုက နာမကျန်းဖြစ်သဖြင့် နန်းတွင်းညီလာခံကို ပျက်ကွက်ခဲ့သည်။ စစ်ရေးကိစ္စများကိုပင် ကျောက်လုအစား လက်အောက်ငယ်သားတစ်ယောက်က ကိုင်တွယ်နေရသည်။
စစ်ရေးကိစ္စများကို နန်းတွင်းညီလာခံသို့ သယ်ဆောင်လာသော်လည်း စစ်ရေးအတိုင်ပင်ခံအဖွဲ့က ကိုင်တွယ်နိုင်ပါက သူတို့ကိုလွှဲပေးလိုက်သည်။ သို့ရာတွင် အရေးကြီးသော ကိစ္စများကိုမူ စစ်ရေးအတိုင်ပင်ခံအဖွဲ့သို့ မပို့မီ လွှေ့ရွှယ်မှတစ်ဆင့် နယ်စားမင်းကျူးလု၏အိမ်တော်သို့ပို့လိုက်ပြီး ပြန်လည်သုံးသပ် စဉ်းစားစေလိုက်သည်။
နယ်စားမင်းကျူးလု၏ ကျန်းမာရေးအခြေအနေက အိမ်တော်မှ ထွက်ခွာ၍ မရနိုင်သည့်အဆင့်ထိ ဖြစ်လာခဲ့သည်။ သူက ကျန်းမားရေးစစ်ဆေးရန်အတွက် သမားတော်အချို့ကို ခေါ်ခဲ့သော်လည်း ရာသီတုပ်ကွေးဖြစ်ပြီး အနည်းငယ်ပင်ပန်းနွမ်းနယ်သဖြင့် ရက်အနည်းငယ် အနားယူရမည်ဟုသာ ပြောကြသည်။
သို့ရာတွင် ညီလာခံရေးရာကိစ္စများက လျစ်လျူရှု့၍ မရသဖြင့် နယ်စားမင်းကျူးလုအိမ်တော်သို့ နေ့စဉ်ပို့နေရသည့် လျှောက်တင်လွှာများက မနည်းလှပေ။ ထိုသို့ပြုလုပ်ခြင်းက နယ်စားမင်စကျူးလု၏ နာမကျန်းမှုကို ပိုဆိုးလာစေပြီး သူ့အစေခံများကပင် သူ့ကို ရက်အနည်းငယ်ခန့်အထိ မတွေ့ရသော အခြေအနေသို့ ရောက်လာသည်။
လုရှစ်ချန်က မြို့စားမင်းကျူးလု၏ ကျန်းမားရေးကို အလွန်စိတ်ပူလှ၍ သမားတော်တစ်ယောက်ခေါ်ပြီး အိမ်တော်သို့ရောက်လာခဲ့သည်။ သို့ရာတွင် တံခါးဝ၌ပင် အတားဆီးခံလိုက်ရပြီး ဝင်ခွင့်မရပေ။ လွေ့ရွယ် ပြောလိုက်သည်။
" အရှင်အမတ်မင်းရဲ့ ကြင်နာမှုကို အရှင်နယ်စားမင်းက တန်ဖိုးထားပါတယ်... ဒါပေမဲ့ အရှင့်ကိုတွေ့မိရင် အဖျားကူးပြီး အမတ်လု ညီလာခံမတက်နိုင်ရင် ပြဿနာဖြစ်စေမှာစိုးလို့ မတွေ့တော့ပါဘူးတဲ့..."
နယ်စားမင်းပြောသည်က မှန်ကန်သည်ဟု တွေးလိုက်မိ၍ လုရှစ်ချန် ဘာမှမပြောတော့ပဲ ပြန်ထွက်သွားသည်။
နယ်စားမင်း အိမ်တော်အတွင်းတွင် လွှေ့ရွှယ်က အဝါရောင်အဝတ်စဖြင့် အုပ်ထားသည့် သစ်သားဗန်းတစ်ခုကို ကိုင်လာကာ တံခါးခေါက်ပြီး ပြောလိုက်သည်။
" အရှင်နယ်စားမင်း လွှေ့ရွှယ်ပါ..."
တံခါးဖွင့်၍ အခန်းထဲ ဝင်လာပြီးနောက် တံခါးကို ခပ်တင်းတင်းပြန်ပိတ်ထားလိုက်သည်။
လွှေ့ရွှယ်က အတွင်းဘက်အခန်းထဲသို့ဝင်လာသော်လည်း မည်သူမျှ ရှိမနေ၍ ဗန်းကို စားပွဲပေါ်တင်ကာ သက်ပြင်းချလိုက်သည်။
ဖုန့်ဝမ် မင်မြစ်သို့ ထွက်ခွာသွားသည့်ညတွင် သူမသခင်က နေမကောင်းချင်ယောင်ဆောင်ကာ ရထားလုံးနောက်မှ တိတ်တဆိတ်လိုက်သွားသည်။
သခင်က သူမကို ယုံကြည်လွန်း၍ အသေးစိတ်ညွှန်ကြားချက်များ မပေးသွားပဲ ထိုလူများကို ကိုင်တွယ်ရန် ချန်ထားခဲ့သည်။ လွှေ့ရွှယ်က တာ့ဝမ်အတွက် ပျော်နေမိသည်။ သခင်က တာ့ဝမ်အပေါ် ခံစားချက်ရှိနေသော်လည်း အနည်းငယ် ရင့်သီးလှသည်ဟု ထင်နေသည်။ သူမက အရေးကြီးသူများကို ကာကွယ်ရမည့် အပျိုတော်ဖြစ်သည်။
သခင်က သူမ ခံစားချက်များကို ဂရုစိုက်ပါကလည်း လွှေ့ရွှယ်က သူ့ကို သစ္စာဖောက်မည့်သူ မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူမက ကျောက်လု၏နောက်ကို လိုက်ခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်၍ သူမသခင်၏ မွေးရပ်မြေအပေါ် သစ္စာစောင့်သိမှုကို နားမလည်နိုင် ဖြစ်နေရသည်။ ဖုန့်မင်က လူကောင်းတစ်ယောက် ဖြစ်သည်ကိုသိပြီး ကျောက်လုအချစ်ဆုံးလူက ဖုန့်မင်ဖြစ်သည်ကိုသာ သူမသိသည်။
ကျောက်လုက အပြောမချိုသာသော်လည်း နူးညံ့သည့်နှလုံးသားရှိသည်။ ဖုန့်မင်က နန်းမြို့တော်မှ ထွက်ခွာသွားသည်နှင့် တစ်စက္ကန်မျှပင် ထိုင်မနေနိုင်တော့ပဲ ဖုန့်မင်နောက်သို့ လိုက်သွားသည်။
ဖုန့်မင် ထွက်သွားသည့်အခါ တောင်ပိုင်းသို့ဦးစွာသွားပြီး ဒေသခံအစိုးရကလည်း သူ့ကိုကြိုဆိုခဲ့သည်။ နောက်တစ်ရက်တွင်မူ မင်မြစ်သို့ ထွက်ခွာသွားသည်။
မင်မြစ်တွင် ရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာနေပြီး ဆည်က မိုးရေပမာဏကို ထိန်းထားနိုင်ခြင်းမရှိပေ။ ဒေသခံအစိုးရက ဆယ်ကို မိုးမရွာသည့်အချိန်တွင်သာ ပြင်ဆင်ထားသည်ဖြစ်၍ ယခုချိန်မှ ထပ်ပြင်သည့်အခါ အသုံးမဝင်တော့ပေ။ မိုးရွာလာသည်နှင့် ဆည်ကျိုးသွားပြီး မြစ်ရေများလျှံလာသည်။
မိုးမုန်တိုင်းက အရာရှိ အိပ်မောကျနေသည့် ညလည်ခေါင်အချိန်တွင် ဖြစ်ပေါ်ခဲ့သည်။ သူ့အိမ်က မြေနိမ့်ပိုင်း၌ တည်ရှိသောကြောင့် ရေများက သူ့တံခါးမှတဆင့် စိမ့်ဝင်လာသည်။ အစေခံက အိပ်ခန်းတံခါးခေါက်၍ အရာရှိနှင့် ဇနီးဖြစ်သူကို ကျယ်လောင်စွာနှိုးသော်လည်း အကြိမ်များစွာ အော်ခေါ်ပြီးမှ သူတို့နိုးလာကြသည်။
အရာရှိက သူ၏ရုံးအဝတ်အစားများ လျင်မြန်စွာ လဲလှယ်ဝတ်ဆင်ပြီးမှ ဆည်သို့ရောက်လာသည်။
xxxxx