အပိုင်း ၄၉
Viewers 17k

Chapter 49


ထိုအချိန်တွင် ဆည်၌ ဒေသခံအရာရှိများစွာ ရောက်ရှိနေပြီဖြစ်သည်။ မိုးရေကြောင့် မြစ်ရေစောင့်ကြည့်မျှော်စင်လည်း ပြိုကျသွားခဲ့ရသည်။ ထိုနေရာမှလူတိုင်းက ဆီသုတ်ထားသည့် မိုးကာအင်္ကျီများ ဝတ်ဆင်ထားကြရသည်။ အစပိုင်းတွင် အနည်းငယ်သာလေပြင်းနေသည်ဖြစ်၍ အစေခံများက ဆီသုတ်ထားသောထီးများ ကိုင်ထားပေးကြသည်။ သို့သော်ယခုအခါတွင် ထီးများပျက်စီးကုန်ပြီဖြစ်၍ ထီးရွက်များက ရေရွှဲပြီး ဝါးထီးရိုးတိုင်ကြီးသာ ကျန်ရစ်ခဲ့သည်။


ဆီအင်္ကျီများက သူတို့ကို ကာကွယ်ရန်မလုံလောက်၍ အောက်ဘက်မှ အဝတ်အစားများနှင့် အရာရှိခေါင်းဆောင်များ စိုရွှဲကုန်ပြီဖြစ်သည်။ 


ဒေသခံအရာရှိက ထိုနေရာသို့ရောက်လာချိန်တွင် စတင်ဆဲဆိုတော့သည်။ မိုးရွာနေချိန်ဖြစ်၍ ‌ပါးစပ်ဟလိုက်တိုင်း ရေများဝင်လာပြီး လေထန်နေသောကြောင့် လေသံကလည်း ဗလုံးပထွေးဖြစ်နေကာ ရေစိုနေသောဆံပင်များက မျက်နှာတွင်ကပ်နေသည်။ သူ၏ လက်ရှိအသွင်အပြင်က ဂုဏ်သိက္ခာရှိသော တည်ရှိမှုမှန်သမျှကို လုံးဝ ပယ်ဖျက်ပစ်လိုက်သည်။


ငွေရှိလျှင်ပင် မြစ်မှ ဆည်ကြီး၏ ပျက်စီးသွားသောအပိုင်းများကို ချက်ချင်း မပြင်ဆင်နိုင်ပေ။ ဒေသခံအရာရှိက လူများစုဝေးပြီး ဆည်ကို ချက်ချင်း ပြင်ဆင်ချင်နေသည်။ မိုးသည်းထန်လွန်းလှ၍ ဤကိစ္စက အရေးပေါ်ဖြစ်နေသည်။


ဖုန့်မင်က ထိုရက် မတိုင်မီကပင် မင်မြစ်သို့ ရောက်လာခဲ့သော်လည်း သင်္ဘောကို မင်မြစ်နှင့် အနည်းငယ်ဝေးသည့်နေရာတွင် ရပ်ထားရန် အမိန့်ပေးခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဒေသခံမှူးမတ်များက သူရောက်ရှိနေသည်ကို တွေ့သွားပါက အကျည်းတန်သည့် အမှန်တရားကို ဖုံးကွယ်ထားနိုင်သည်။ သို့ဖြစ်၍ ယုံကြည်ရသည့် ကိုယ်ရံတော်တစ်ယောက်ကိုသာခေါ်ပြီး မင်မြစ်သို့ ရောက်လာခဲ့သည်။


ထိုညက မိုးသည်းထန်စွာရွာသွန်း၍ ဖုန့်ဝမ်၏ ကျန်းမာရေးထိခိုက်မည်စိုး၍ ကိုယ်ရံတော်က  သူ့ကို မင်မြစ်သို့မသွားရန် တားမြစ်ခဲ့ကြသည်။


သို့သော်လည်း ဖုန့်ဝမ်က ငြင်းဆန်‌ခဲ့၍ ထိုလူက တာ့ဝမ်၏အမိန့်ကို နာခံရန်သာ ရှိတော့သည်။ မိုးရေများက လမ်းပေါ်တွင်ပြည့်နေ၍ ဖြတ်သွားရခက်ခဲနေသော်လည်း ဖုန့်ဝမ်၏စိတ်ကို ပြောင်း၍ ရနိုင်မည်မဟုတ်ကြောင်း သိသည်။ သူ ဒူးထောက်၍ ဖုန့်ဝမ်နှင့်အတူ မင်မြစ်သို့လိုက်ခွင့်ပြုရန်သာ ခွင့်တောင်းလိုက်ရတော့သည်။


ဖုန့်မင် မြစ်သို့ရောက်လာသည့်အခါ အားလုံးထိတ်လန့်သွားကြသည်။


အရာရှိမှာ တခြားလူများကို ဆူပူအော်ဟစ်နေရန် အချိန်မဟုတ်ကြောင်း သဘောပေါက်သွားသည်။ မြေကြီးပေါ်တွင် အလျင်အမြန်ဒူးထောက်ကာ မင်းကြီးသက်တော်ရာကျော်ရှည်ပါစေဟု ဆုတောင်းလိုက်သည်။ မိုးရေကြောင့် ပြည့်လျှံနေသောမြစ်ရေအများက အားလုံး၏ ဒူးအထက်ရောက်နေသော်လည်း ဒူးထောက်နေရသည်ကို မည်သူမျှ စောဒကမတက်ရဲကြပေ။ ဖုန့်ဝမ်၏ အမူအရာနှင့် နှိုင်းယှဉ်လျှင် မြစ်ရေက ပို၍ ဖော်ရွှေနေသည်။


ဖုန့်မင်၏အကြည့်က ပျက်စီးနေသောဆည်ကို ဖြစ်ကတတ်ဆန်းပြင်ထားသည့်နေရာသို့ ရောက်သွားကာ ဒေါသပေါက်ကွဲလုမတတ်ဖြစ်လာသည်။ သူ့ကိုယ်ရံတော်က အရာရှိကို ဆူပူကျိန်းမောင်းနေ၍ ထိုလူမှာ မြေကြနှင့် ခေါင်းကိုထိမတတ် ဒူးထောက်နေရသည်။


ဖုန့်မင်က နွေးထွေးစွာပြုံး၍ ပြောလိုက်သည်။


" ယာယီပြင်ဆင်မှုပဲ လုပ်ထားတယ်ဆိုတော့ မင်းတို့က သဘောထားကြီးလှချေလား... ကိုယ်တော်ပေးနေတဲ့ ဘဏ္ဍာငွေတွေက ဒီလောက်ပြင်ဆင်ထားဖို့ပဲလား... နှစ်တိုင်း လူတွေအများကြီး သေကြရတယ်... မနက်ဖြန်မနက် မင်းတို့အားလုံးသေသွားမှ သူတို့ ဘယ်လိုခံစားခဲ့ရလဲဆိုတာ နားလည်မယ်ထင်တယ်..."


အရာရှိမှာ ဆက်တိုက်ခေါင်းငုံ့နေရ၍ မူးဝေလာသည်။ သို့သော် သူ ဘာမှမပြောရဲပဲ ကြမ်းပြင်နှင့်မျက်နှာထိမတတ်သာ ငုံ့နေမိသည်။


ဖုန့်မင် အေးစက်စွာပြောလိုက်သည်။


" ထွက်သွားစမ်း... ဒီနေရာကို ဘယ်သူမှ လာမစုံစမ်းကြတော့ မင်းတို့က နိုင်ငံ့ဘဏ္ဍာငွေတွေဖြုန်းရင်း အလုပ်များနေတယ်ပေါ့... မင်းတို့တွေက မင်းမှုထမ်းဖြစ်ဖို့ မထိုက်‌တန်တော့ဘူး... မိုးစဲသွားတာနဲ့ ဒီလူတွေကို မြစ်ထဲပစ်ချပြီး ငါးစာကျွေးလိုက်..."


ဒေသခံအရာရှိမှာ အသံတုန်တုန်ယင်ယင်နှင့် တောင်းပန်နေသည်။ 


" မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ... မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ... မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ... ဒီနိမ့်ကျတဲ့အစေခံက မင်းကြီးကို အနောက်ဆုတ်နေဖို့ တောင်းဆိုချင်ပါတယ်... မိုးအရမ်းသည်းလို့ ဆည်ပေါ်မှာ မလုံခြုံပါဘူး... ကျေးဇူးပြုပြီး အနောက်ဆုတ်နေပေးပါ..."


ဖုန့်မင်ပြောလိုက်သည်။

" ထူးဆန်းလိုက်တာ ဒီဆည်က မလုံခြုံဘူးဆိုတာ မင်းသိတယ်ပေါ့..."


" ကျွန်တော်မျိုး ကိုယ့်အပြစ်ကိုယ်သိပါတယ်... ကျွန်တော်မျိုး သေသင့်ပါတယ်... ဒါပေမဲ့ အရှင်မင်းကြီး ကျေးဇူးပြုပြီး နောက်ဆုတ်ပေးပါ... ကျွန်တော်မျိုးက ခွင့်မလွှတ်ပေးနိုင်တဲ့ပြစ်မှု ကျူးလွန်ထားမိလို့ အရှင်မင်းကြီး တစ်ခုခုဖြစ်သွားမယ်ဆို ဘိုးဘေးတွေကို မျက်နှာချင်းမဆိုင်နိုင် ဖြစ်သွားပါလိမ့်မယ်..."


ဖုန့်မင်က အရာရှိ၏ ရိုးသားဟန်ရှိသောစကားများကို နားထောင်လိုက်သည်။ သည်းထန်နေသောမိုးများအကြားတွင် အရာရှိက ဆည်ဆီသို့ပြေးသွားကာ ယာယီပြင်ဆင်မှုများလုပ်ရန် ကြိုးပမ်းနေသည်။


ဖုန့်မင်၏ စိတ်ဆိုးနေသောအမူအရာက အနည်းငယ်နွေးထွေးသွားကာ ပြောလိုက်သည်။


" မင်းတို့အားလုံးကို မှီခိုလို့မရဘူးဆိုတာ ကိုယ်တော်သိတယ်... ဒါပေမဲ့ အခြေအနေက ဒီထိရောက်လာပြီဆိုတော့ မင်းတို့တွေ မြစ်ရေထိန်းသိမ်းဖို့ ပေးထားတဲ့ ဘဏ္ဍာတွေကို မခိုးထားဘူးလို့ ပြောနိုင်သေးလား... ဆည်ပြန်ပြင်ဖို့စရိတ် မရှိဘူးလို့ ပြောနိုင်သေးလား... သာမန်ပြည်သူတွေက သူတို့သွေးချွေးနဲ့ ရှာထားရတဲ့ငွေတွေကို အခွန်ဆောင်တာ မင်းတို့လို ကုပ်သွေးစုပ်တတ်တဲ့ မျှော့တွေကို ပျိုးထောင်ဖို့ မဟုတ်ဘူးလေ... တကယ်လို့ ဆည်ကျိုးသွားပြီး လူတွေသေကုန်ရင် မင်းတို့လစာတွေ ဘယ်သူကပေးတော့မှာလဲ..."


ဖုန့်မင် မိန့်ကြားသည်ကို နားထောင်ကြသူအားလုံးသူခိုးလူမိသွားသကဲ့သို့ ဖြစ်ကုန်သည်။ လူအချို့မှာမူ မိမိကိုယ်တိုင် မကြုံတွေ့ရသေးသရွေ့ ဤအခြေ‌အနေက မည်မျှကြောက်စရာကောင်း၍ လေးနက်သည်ကို နားမလည်နိုင်ကြပေ။


၎င်းက ဖုန့်မင်အလိုရှိသည့် အကျိုးသက်ရောက်မှုဖြစ်သော်လည်း သူတို့ကို အတင်းအကြပ်ပြစ်ဒဏ်ပေးမည်မဟုတ်ပေ။

ဒီအရာရှိတွေအားလုံးကို ငါးစာကျွေးလိုက်ရင် ဘယ်သူတွေက သူ့ဖို့အလုပ်လုပ်ပေးတော့မှာလဲ...


နောက်ဆုံးတွင် ထိုလူများအားလုံး ထပ်ခါထပ်ခါ တောင်းပန်ကာမှ ဖုန့်မင်က သင်္ဘောပေါ် ပြန်လာရန်ပြင်လိုက်သည်။ မင်မြစ်မှအရာရှိများအားလုံး သူရောက်နေသည်ကို သိရှိသွားပြီဖြစ်၍ သင်္ဘောကိုအဝေးတွင်ရပ်စရာအကြောင်း မရှိတော့ပေ။


ဖုန့်မင်  တစ်ဖက်သို့လှည့်မည်အပြုတွင် အမှုထမ်းတစ်ယောက်က သူ့ဆီသို့ ပြေးလာသည်။ ထိုအရာရှိက နှုတ်ဆက်ရမည့်ဓလေ့ထုံးစံများကို လျစ်လျုရှု့ကာ အော်ဟစ်လိုက်သည်။

" ဆည်ကျိုးသွားပြီ... ‌မြစ်ရေတွေလျှံတက်လာပြီ..."


မိုးသံလေသံများက အရာရှိ၏ စကားများကို နစ်မြုပ်သွားစေသော်လည်း သူသတိပေးနေသည့်အသံက ထင်ရှားလှသည်။ အားလုံးက ချက်ချင်းပင် ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်သည်။ ဒေသခံအမတ်နှင့် အခြားမှူးမတ်များက မင်းကြီးကို အမြင့်ပိုင်းနေရာဖြစ်သည့် တောင်ကုန်းပေါ်သို့ ပို့ဆောင်ရန် ပြင်လိုက်ကြသည်။


သိုရာတွင် ရေစီးကြမ်းလွန်းလှသဖြင့် မျက်စိတစ်မှတ်အတွင်းမှာပင် ရေများက သူတိုရပ်နေသည့်နေရာသို့ ရောက်လာကာ အားလုံး၏ ခြေဖနှောင့်နားပင် ရောက်လာသည်။ ဒေါသတကြီးစီးဆင်းနေသော မြသ်ရေများအကြားတွင် တောင်ကုန်းက အလွန်သေးငယ်သွားသည်။


ဖုန့်မင်က နန်းတော်ထဲတွင်သာ တစ်နှစ်ပတ်လုံး နေထိုင်သူဖြစ်သော်လည်း သိုင်းပညာလေ့ကျင့်မှုကို အချောင်ခိုခဲ့သူမဟုတ်ပေ။ ဒေသခံ အရာရှိက ဖုန့်မင်ကဲ့သို့ ခန္ဓာကိုယ် ကြံ့ခိုင်သူမဟုတ်၍ အခြားလူများက တောင်ကုန်းအောက်ခြေသို့ရောက်ခါနီးသည့်အခါ သူက အသက်ရှုန် ခဏရပ်လိုက်ချိန်တွင် မြစ်ရေများက သူ့ပါးစပ်ထဲ ဝင်ကုန်သည်။


ဖုန့်မင်က အေးစက်၍ ဂရုမစိုက်သည့်ပုံစံဖြင့်သာနေသော်လည်း ရင်ထဲတွင် ခံစားချက်ရှိသူဖြစ်သည်။ ဒေသခံအရာရှိက မြေပေါ်တွင် လဲကျပြီး ရေနစ်ခါနီးဖြစ်နေသည့်အခါ သူ့ဆီကိုပြေးသွားပြီး ဆွဲထူကာ ကူညီပေးလိုက်သည်။

" သွားကြမယ်..."


ဖုန့်ဝမ်၏ ကူညီပေးမှုကြောင့် ထိုလူက ခံစားသွားရသည်။ သူက အဖိုးကြီးတစ်ယောက် ဖြစ်နေပြီဖြစ်၍ မပြေးလွှားနိုင်တော့ပေ။ သူ့မျက်နှာပေါ်မှ ရေများက မိုးရေစက်များလား မျက်ရည်များလားပင် မသိနိုင်တော့ပေ။

49.2


တောင်ကုန်းထိပ်တွင် ဘုရားကျောင်းငယ်လေးတစ်ခုရှိပြီး မြေပြင်အနေအထားက အတော်လေးမြင့်သည်။ ဘုရားကျောင်းငယ်၏ အမိုးများကလည်း မိုးဒဏ်ကို အပြည့်အဝ မကာကွယ်ပေးနိုင်ပေ။ အလျင်စလိုဖြစ်နေသော အခြေအနေကြောင့်သာ မဟုတ်ပါက ဤနေရာတွင် ဘုရားကျောင်းရှိသည်ကို မည်သူမျှ မှတ်မိကြမည် မဟုတ်ပေ။


ဘုရားကျောင်းအထိ အမောတကောပြေးလာခဲ့ရ၍ အားလုံးက မောပန်းကုန်ကြသည်။ ဖုန့်မင်က သစ်သားစားပွဲပေါ်တွင် လက်ထောက်လိုက်သည်။ ဤအဆောက်အဦး၏အမိုးများက နေရာအနှံ့တွင် ပေါက်ပြဲနေ၍ စားပွဲကလည်း ရေစိုနေပြီဖြစ်သည်။


ဖုန့်မင် လက်တင်လိုက်သည်နှင့် ‌စားပွဲက ကျိုးကျသွားသည်။ ဤရက်ပိုင်းအတွင်း မိုးသည်းထန်နေခဲ့သော်လည်း ညီလာခံအမတ်များ၏ စကားအရ ဤနှစ်က ယမန်နှစ်ထက်ပို၍ မိုးနည်းသည်ဟူ၍ပင်။ ရေပမာဏက ဤမျှ များပြားနေလိမ့်မည်ဟု ဖုန့်မင် မထင်ခဲ့ပေ။


သို့ရာတွင် ရွှယ်ကျွင်းလျန်က သူ၏တည်နေရာကို သိရှိနေလိမ့်မည်ဟု ဖုန့်မင် မတွေးခဲ့မိပေ။  ရွှယ်ကျွင်းလျန်က လမ်းကြောင်းတစ်ခုကို တမင်တကာပြုလုပ်ထားပြီး ရှိသမျှရေအားလုံးကို မင်မြစ်ထဲစီးဆင်းကာ ဤမြို့ကို ရေကြီးရေလျှံဖြစ်အောင် တမင်ကြံစည်ထားခြင်းဖြစ်သည်။


ဖုန့်မင်က အပြင်ဘက်တွင် ရွာသွန်းနေသောမိုးများကို စိုက်ကြည့်နေသည်။ သူတို့က ဘုရားကျောင်းထဲရောက်နေ၍ ဘေးကင်းသွားသော်လည်း မြို့ထဲတွင် လူပေါင်းများစွာ ရှိနေသေးသည်။ ဆည်ကျိုးသွားပြီဖြစ်၍ တစ်မြို့လုံး ရေကြီးတော့မည်ဖြစ်သည်။ ဘုရားကျောင်းငယ်လေးသည်လည်း ‌ကြာကြာနေမည်ဆိုပါက ဘေးကင်းနိုင်တော့မည်မဟုတ်ပေ။



ကျောက်လုက ဖုန့်မင်နှင့် သူ၏ကိုယ်ရံတော်နောက်သို့ တိတ်တဆိတ် လိုက်လာသည်။ မင်မြစ်နားသို့ရောက်သည့်အခါ အရာရှိမှူးမတ်များက ဆည်ကျိုးသွားသည့်အကြောင်း အော်ဟစ်နေသည်ကို ကြားလိုက်ရသည်။ ကျောက်လု၏နှလုံးသား ပြုတ်ကျမတတ်ဖြစ်သွားကာ အေးခဲသွားသည်။ ရွှယ်ဝမ်၏ ရည်ရွယ်ချက်ကို သူ ရုတ်ချည်းသဘောပေါက်သွားမိသည်။


ဘုရင်တစ်ပါးက အလွန်စိတ်ထားမနူးညံ့သင့်သည်ကို ကျောက်လုသိသည် ။ 

တိုင်းပြည်တစ်ခု‌ကိုတောင် အရိုးပုံတွေအပေါ် တည်ဆောက်ထားရတာ လူမသိသူမသိ မြို့လေးတစ်မြို့က ‌‌ဒုက္ခသည်တွေဆိုရင်တော့ ပြောနေစရာကို မလိုဘူး...


သို့ရာတွင် မိသားစုကို ဆုံးရှုံးရ၍ ပြန်ရန်အိမ်မရှိတော့သည်ကို ကျောက်လုတွေ့ကြုံခံစားဖူးသည်။ ဤကဲ့သို့သော ခံစားချက်မျိုးကြောင့်ပင် ကိစ္စကြီးများကို လုပ်နိုင်သော ယောကျာ်းတစ်ယောက် မည်သည့်အခါမှ ဖြစ်မလာနိုင်ကြောင်းကိုလည်း သူ့ကိုယ်သူသိသည်။


မြစ်ဘက်ခြမ်းတွင် အခြေအနေက ပရမ်းပတာဖြစ်နေသည်။ ဖုန့်မင်ကို အရာရှိများက တောင်ကုန်းပေါ်သို့ ခေါ်သွားပုံရသည်။ ကျောက်လု အံကြိတ်လိုက်ပြီး မြို့ဘက်သို့လှည့်လာသည်။


ကျောက်လုက ဒေသခံအစိုးရရုံးသို့သွားကာ သူ့တံဆိပ်ပြားကို ပြလိုက်သည်။ အမတ်က ချက်ချင်းလန့်နိုးလာရသော်လည်း ကျောက်လုကို နှုတ်ဆက်နေရန် အချိန်မရှိတော့ပေ။


ကျောက်လုက ရုံးတော်ထဲမှ အမတ်များနှင့် အစောင့်စစ်သားများအားလုံးကို တစ်အိမ်တက်ဆင်းတံခါးခေါက်၍ ရေတက်လာနိုင်၍ မြင့်ရာအရပ်သို့ ပြောင်းရွှေ့ခိုင်းရန် အမိန့်ပေးလိုက်သည်။


အားလုံးပြီးဆုံးသည့်အခါမှသာ ဖုန့်မင်ရှိရာသို့သွားရန် ပြင်လိုက်သည်။



ဖုန့်မင် ရေနစ်သွားခဲ့သည်။ သူ နိုးလာချိန်တွင် ရင်ဘတ်အထိ ရေများပြည့်နေကာ ပေါက်ကွဲမတတ်ဖြစ်ပြီး လည်ချောင်းများလည်း ခြောက်ကပ်ပူလောင်နေသည်။ ရေတစ်ငုံစာခန့် ထွေးထုတ်လိုက်ချိန်တွင် ကိုယ်တွင်းအင်္ဂါများပါ အန်ချမိမတတ်ဖြစ်သွားသည်။


ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါ ပျက်စီးယိုယွင်းနေသောအိမ်တစ်လုံးထဲ ရောက်နေပုံပေါ်သည်။ သူနှင့် မနီးမဝေးတွင် လူတစ်ယောက်ရှိနေသည်။ ဖုန့်မင်နိုးလာပြီးသော်လည်း ထိုလူက မလှုပ်၍ အိပ်ငိုက်နေသည်ဟုသာ ထင်လိုက်သည်။


ကျောက်လု ဖုန့်မင်ကို ရှာတွေ့ချိန်၌ ဘုရားကျောင်းက ရေနစ်နေပြီးဖြစ်သည်။ အားလုံးက နေရာအနှံ့ပြန့်ကျဲထွက်ပြေးကုန်ကြပြီဖြစ်သော်လည်း ဖုန့်မင်က ရေမကူးတတ်၍ အသက်ရှုလမ်းကြောင်းထဲ ရေများဝင်သွားချိန်၌ သတိလစ်သွားသည်။


ဖုန့်မင်ကိုကယ်ဆယ်၍ လုံခြုသည့်နေရာသို့ ပို့ဆောင်ပြီးသည့်နောက်တွင် ဖုန့်မင်က သူ့ကိုမှတ်မိသွားမည်ကို ကျောက်လု လန့်နေမိသည်။ ဘုရင်တစ်ပါး၏ ရက်စက်ကြမ်းကြုတ်မှုကို နားလည်ပေးနိုင်သော်လည်း သူ့လုပ်ရပ်က အပြစ်မဲ့သော လူပေါင်းများစွာကိုပါဝင်ပတ်သက်စေမည်ဟု မထင်ခဲ့ပေ။


ဖုန့်မင်၏ အဝတ်အစားက တစ်နေရာတွင် ကျန်နေခဲ့ပြီဖြစ်၍ အောက်ဘက်တွင် အဖြူရောင်ဝတ်ရုံတစ်ထည်သာ ရှိတော့သည်။ ရေညစ်ပတ်များနှင့် ရွံ့များကြောင့် ဝတ်ရုံဖြူက မီးခိုးရောင်ညစ်ညစ်ဖြစ်သွား၍ သူ၏ယခုပုံစံကိုကြည့်ကာ မည်သူမည်ဝါဖြစ်ကြောင်း သိနိုင်တော့မည်မဟုတ်ပေ။ 


ဖုန့်မင်၏ ရီဝေဝေမျက်လုံးများက တစ်ဖက်လူကို မြင်ရသော်လည်း မည်သူမှန်းမသဲကွဲပေ။ 

" မင်း ကိုယ်တော့်ကို... မင်း ကျုပ်ကို ကယ်ခဲ့တာလား..."


ဖုန့်မင်က သူ့ကိုမမှတ်မိသည်ကို ကျောက်လုသိသည့်အခါ စိတ်အေးသွားသော်လည်း သူ့အသံကို မှတ်မိသွားမည်စိုး၍ စကား‌မပြောရဲပေ။ ကျောက်လုက ခေါင်းငြိမ့်ရုံသာ ငြိမ့်ပြလိုက်သည်။


ဖုန့်မင်က ထထိုင်ရန် ကြိုးစားလိုက်သည်။ သူ၏ခြေလက်များ ထုံကျဥ်နေကာ အားနည်းနေဆဲဖြစ်သည်။ သူ့ကိုယ်သူ ဖိအားပေး၍ ထထိုင်လိုက်ကာ လက်နှစ်ဖက်ကို အုပ်လိုက်သည်။

" ကျုပ်အသက်ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..."


ဖုန့်မင်၏အသံက စကားတစ်ခွန်းပြောလိုက်တိုင်း တိမ်ဝင်သွားသည်။ သူ့ခန္ဓာကိုယ်က ရှေ့သို့ စိုက်ကျလာပြီး ကြမ်းပြင်ပေါ် လဲကျသွားတော့သည်။ ကျောက်လုက သူ့ကိုဖမ်းယူလိုက်ပြီး ကြမ်းပြင်ပေါ် ပြန်လှဲခိုင်းထားသည်။ ဖုန့်မင်နှင့် မျက်နှာချင်းဆိုင်ရမည်ကို ရှက်ရွံ့နေ၍ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ ထိုင်ချလိုက်သည်။



" တာ့ဝမ် ..."


ရွှယ်ကျွင်းလျန်က ဤရက်ပိုင်းအတွင်း အလုပ်ပါးနေ၍ အိမ်ရှေ့စံ မင်းသားငယ်လေး ရွှယ်ဖေ စာလေ့လာနေသည်ကို သွားရောက်ကြည့်ရှု့ရန် ဆုံးဖြတ်လိုက်သည်။ ရွှယ်ဖေက ထန့်ယွင်နှင့် စစ်ရေးစစ်ရာကိစ္စများကို ဆွေးနွေးနေပုံရသည်။


အိမ်ရှေ့စံမင်းသားလေးက ဧကရီနှင့် အလွန်ရင်းနှီးနေပုံပေါ်သော်လည်း ရွှယ်ကျွင်းလျန်စိတ်ထဲမထားပေ။ သူကိုယ်တိုင်ကလည်း ဧကရီကို လေးစားသည်ဖြစ်၍ အိမ်ရှေ့စံမင်းသားလေးကလည်း လေးစားမည်မှာ သဘာဝပင်ဖြစ်သည်။


ရွှယ်ကျွင်းလျန်ရောက်ရှိလာသည့်အခါ ရွှယ်ဖေနှင့် ထန့်ယွင်က ဒူးထောက်ကာ အရိုအသေပြုကြသည်။ သို့သော်လည်း ရွှယ်ကျွင်းလျန်က သူတို့ကို ယဉ်ကျေးနေရန်မလိုဟုပြောကာ တားလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်ကို ပြုံးရွှင်စွာကြည့်ပြီး ပြောလိုက်သည်။


" ဆက်ပြီး ဆွေးနွေးကြလေ... ကိုယ်တော်ဒီမှာထိုင်ပြီး နားထောင်နေမယ်..."


ခမည်းတော်၏ အပြုံးက မြူးကြွပြီး အရောင်တလလက်လက်တော်နေသည်ဟု ရွှယ်ဖေထင်လိုက်သော်လည်း မပြောရဲ၍ ထုတ်မပြောလိုက်ပေ။ ခမည်းတော်နှင့် နှိုင်းစာပါက မယ်တော်က ပို၍ တည်ငြိမ်နေ၍ လေးစားဖွယ်ကောင်းလှသည်။


ဤကဲ့သို့‌အချိန်မျိုးတွင် ကျန်းယွီက ရွှယ်ဝမ်ကို မနှောင့်ယှက်လိုသော်လည်း အရေးကြီးသည့် စစ်ရေးလျှောက်တင်လွှာတစ်စောင် ရောက်လာသည်။ အကယ်၍ ရွှယ်ဝမ်ကို လျှောက်တင်ရာတွင် နှောင့်နှေးသွားပါက အပြစ်ပေးခံရမည်ဖြစ်၍ ကျန်းယွီ သတ္တိမွေးနေရသည်။


ကျန်းယွီ ဂနာမငြိမ်ဖြစ်နေသည်ကို ရွှယ်ကျွင်းလျန်က မြင်သွား၍ ပြောလိုက်သည်။ 


" ကဲ လျှောက်တင်စရာရှိရင် ဒီမှာပဲ လျှောက်တင်လိုက် ဧကရီနဲ့ အိမ်ရှေ့စံက သူစိမ်းတွေမှ မဟုတ်တာ..."


ကျန်းယွီက သတ္တိမွေးလိုက်သော်လည်း ထိုလျှောက်တင်ချက်ကို ကျယ်ကျယ်မဖတ်ရဲပေ။ တာ့ဝမ်က ထိုစကားများပြောလိုက်ခြင်းက ဧကရီနှင့် အိမ်ရှေ့စံကို ယုံကြည်ကြောင်း ပြသချင်၍ ဖြစ်သော်လည်း ကျန်းယွီ သတိထားနေရဆဲဖြစ်သည်။


ရွှယ်ဝမ်၏အနားသို့ကပ်ကာ တီးတိုးပြောလိုက်သည်။


" အရှင်မင်းကြီး... သူလျှိုတစ်ယောက်က ဖုန့်တိုင်းပြည် နယ်စားမင်းကျူးလုရဲ့ တရားဝင်တံဆိပ်ပြားကို မင်မြစ်မှာတွေ့တယ်ဆိုပြီး သတင်းပို့ပါတယ်..."


xxxxxxx