အပိုင်း ၅၀
Viewers 17k

Chapter 50

ကြောက်စရာကောင်းသည့် တောပုန်းဓားပြများ


ကျန်းယွီ၏ လျှောက်တင်ချက်ကြောင့် ရွှယ်ကျွင်းလျန်၏ အမူအရာက တစ်စက္ကန့်ခန့် အေးစိမ့်စိမ့်ဖြစ်သွားပြီးနောက် ထည်ဝါ၍တည်ငြိမ်အေးဆေးသော အမူအရာ ပြန်ဖြစ်သွားသည်။ ထို့နောက် ဧကရီသင်ကြားပေးသည်ကို နားထောင်နေသော အိမ်ရှေ့စံမင်းသားလေးထံသို့ ရောက်သွားသည်။


ကျန်းယွီတစ်ယောက်တည်းသာ ချွေးစေးများပြန်နေခြင်းဖြစ်သည်။ ရွှယ်ကျွင်းလျန် ယနေ့စိတ်ကြည်လင်နေရခြင်းမှာ ဖုန့်ဝမ်က မင်မြစ်ကိုရောက်ရှိသည့်နေ့မှာပင် တစ်မြို့လုံးကို ရေမြုပ်အောင်လုပ်မည့်အစီအစဉ်က အချိန်ကိုက်ဖြစ်သွားခဲ့ကြောင်းကို သူလျှိုတစ်ယောက်က သတင်းပို့ထား၍ဖြစ်သည်။ သို့ရာတွင် တရားဝင်တံဆိပ်ပြားတစ်ခုကို မြို့အနီးတွင်ရှာတွေ့သည်ဟူသော လျှောက်တင်ချက်တစ်ခုလည်း ရထားပြန်သည်။


မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို မှန်းဆရန်မခက်ခဲပေ။ ကျောက်လုက မင်မြစ်ကို ရောက်လာခဲ့သည်သာ ဖြစ်မည်။ မင်မြစ်တွင် ကျောက်လု မည်သည့်အရာလုပ်ခဲ့သည်ကို ရွှယ်ကျွင်းလျန် ခန့်မှန်းပြီးသားဖြစ်ကြောင်း ကျန်းယွီသေချာပေါက်သိနေသည်။


ရွှယ်ကျွင်းလျန်က နန်းဆောင်ထဲတွင် ခဏသာနေပြီးနောက် ထွက်လာသည်။ အပြင်ဘက်ကို လမ်းလျှောက်ထွက်လာသည့်အခါ ပြောလိုက်သည်။


" ကိုယ်တော် ခန့်မှန်းတာ တစ်ကြိမ်မှ မမှားခဲ့ဖူးဘူး... ဒါပေမဲ့ ဒီတစ်ကြိမ်တော့မှားပါစေလို့ မျှော်လင့်ရမှာပဲ..."


" ဒါဆိုရင် အရှင်မင်းကြီး ကျောက်လုကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားပါလဲ..."


ရွှယ်ကျွင်းလျန်က လမ်းလျှောက်နေရာမှရပ်ပြီး  ပြောလိုက်သည်။


" သူနဲ့ ရှင်းစရာမလိုပါဘူး... မျက်နှာချင်းဆိုင်ရှင်းတော့ရော ဘာများကောင်းလာမှာမို့လဲ... မသိချင်ယောင်ဆောင်တာလည်း အသုံးမဝင်ဘူး... ကျောက်လုက ဖုန့်ဝမ်ကို တစ်ကြိမ် ကူညီခဲ့ပေမယ့် သူ့ရဲ့သစ္စာရှိမှုကတော့ ရွှယ်တိုင်းပြည်အပေါ် ရှိနေတုန်းပဲ..."


ထိုစဉ်အချိန်၌ မြောက်ပိုင်းနယ်စပ်တွင် တခြားဖြစ်ရပ်တစ်ခု ဖြစ်ပျက်နေသည်။ ထန့်ယွင်ပြောသကဲ့သို့ပင် ချန်းထျန်းက စစ်တပ်စေလွှတ်ပြီး ခေါင်ဖျားသောမြေပြင်နေရာတွင် မြစ်တစ်စင်းဖြစ်အောင် တိတ်တဆိတ်တူးခိုင်းထားပြီး ရွှယ်တိုင်းပြည်စစ်သားများ စားနပ်ရိက္ခာနှင့် အထောက်အပံ့ပစ္စည်းများ သယ်ဆောင်လာပါက ရေထဲမျောပါသွားပြီး ရွှယ်ယွီနှင့် ထန့်ရှန်၏စစ်တပ်ကို တုန်လှုပ်သွားအောင် ပြင်ဆင်နေသည်။


ထန့်ယွင်က ချန်းထျန်၏ စစ်သားများကိုတိုက်ခိုက်ရန်အတွက် တပ်စိတ်ငယ်တစ်ခု စေလွှတ်ရန် အကြံပြုသည်။ ချန်းထျန်က မြစ်ကိုတူးရန်သာ စိတ်ရောက်နေ၍ အလုပ်လုပ်နေသော စစ်သည်များကို အစောင့်ချထားပေးရန် မေ့လျော့နေသည်။ ရွှယ်တိုင်းပြည် စစ်တပ်က ရောက်လာသည့်အခါ အချို့စစ်သားများက ထိုနေရာတွင်ပင် အသတ်ခံလိုက်ရပြီး အချို့က ထွက်ပြေးသွားသောကြောင့် အကွဲကွဲအပြားပြားဖြစ်ကုန်သည်။ ရွှယ်တိုင်းပြည်စစ်သားများက ထွက်ပြေးသွားသော စစ်သားများကို လိုက်လံမသတ်ဖြတ်ပဲ စစ်စခန်းသို့သာ ပြန်လာသည်။


ဤသို့သောဖြစ်ရပ်မျိုး အကြိမ်ကြိမ်အခါခါ ဖြစ်ပေါ်နေ၍ ချန်းထျန် စိတ်ကသိကအောက် ဖြစ်လာသည်။ သူ့အကြံအစည်များကို ရွှယ်ကျွင်းလျန်က ခန့်မှန်းထားနိုင်ကြောင်း သဘောပေါက်လာသည်။ မြစ်‌တစ်စင်းဖြစ်လာအောင် ဆက်လက်တူးနေပါကလည်း အသုံးမဝင်တော့သည့်အတွက် သူ့စစ်သားများကို တပ်ဆုတ်ခိုင်းလိုက်တော့သည်။


ချန်းထျန်က အခြေအနေမကောင်းတော့ဟု ထန့်ယွင်ခံစားနေမိသည်။ ဤတစ်ကြိမ်တွင် ရွှယ်တိုင်းပြည်က စစ်သည်အလုံးအရင်းဖြင့် တိုက်ခိုက်မည်ဆိုပါက ထန့်ရှန်က နန်းမြို့တော်ကို မကြာမီ ပြန်လာနိုင်တော့မည်ဟု တွက်ချက်နေမိသည်။


သို့ရာတွင် မြောက်ပိုင်းနယ်စပ်မှရွှယ်ယွီမှာ မခန့်မှန်းနိုင်သည့် ဖျက်မြင်းတစ်ကောင်ဖြစ်လာသည်။


သို့ဖြစ်၍ ထန့်ယွင်က ရွှယ်ကျွင်းလျန်ကို အစီအစဉ်တစ်ခု ဆွဲပေးလိုက်သည်။


နှစ်ကြိမ်တိတိ ကျရှုံးခဲ့သည်ဖြစ်၍ ချန်းထျန်က ဒေါသတကြီးဖြစ်လာပြီး တိုက်ပွဲစရန် ပြင်နေသည်။


သို့ရာတွင် ချန်းထျန်က နန်းတွင်းညီလာခံတွင် နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့သူဖြစ်၍ နယ်စပ်ဝင်ပေါက်နေရာကို တိုက်ရိုက်မတိုက်ခိုက်သင့်ကြောင်းသိသည်။ နယ်စပ်ဝင်ပေါက်က ကာကွယ်ရသည်မှာ လွယ်ကူသော်လည်း တိုက်ခိုက်ရန်ခက်ခဲသောနေရာဖြစ်သည်။ တိုက်ရိုက်သွားရောက် တိုက်ခိုက်မည်ဆိုပါက သူ့ကိုယ်တိုင် အရှုံးပေးလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည်သာ။ သို့ဖြစ်၍ ချန်းထျန်က ရွှယ်တိုင်းပြည်၏ စစ်တပ်စခန်းချထားရာနေရာကို စစ်သည်များ သတိလက်လွတ်ဖြစ်နေမည့် ညသန်းခေါင်ယံတွင် အလစ်ဝင်တိုက်ရန် စီစဉ်ထားသည်။


ထန့်ယွင်က မြောက်ပိုင်းနယ်စပ်မှ ရွာငယ်လေးတစ်ရွာကို ရွှယ်ကျွင်းလျန်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုရွာငယ်လေးက ချန်းထျန်၏ စစ်တပ်နှင့် အနီးဆုံးဖြစ်ကာ ကာကွယ်ရန် ခက်ခဲလှသည်။ သို့ဖြစ်၍ ချန်းထျန်က ဤနေရာကို ရယူထားမည်ဖြစ်သည်။ ထန့်ရှန်ကိုစေလွှတ်ပြီး တစ်ရွာလုံးမှလူများကို ရှင်းလင်းပေးထားရန် ထန့်ယွင် အကြံပြုလိုက်သည်။


ချန်းထျန်၏စစ်တပ်က ရွာငယ်လေးသို့ရောက်သည့်အခါ လူသူကင်းမဲ့နေသော နေရာကိုသာ မြင်လိုက်ရ၍ တစ်ခုခုဆိုးရွားသည့်အရာဖြစ်လာ‌တော့မည်ဟု ခံစားလိုက်ရသည်။ ထိုအခါမှသာ စစ်သည်တစ်ယောက်က  အလောတကြီး ရောက်လာပြီး သူတို့၏ စစ်စခန်း မီးရှို့ခံလိုက်ရပြီဖြစ်ကြောင်း လာသတင်းပို့သည်။


သူ့လှုပ်ရှားမှုများကို ရွှယ်တိုင်းပြည်က ကြိုတင်မှန်းဆထားနိုင်ကြောင်း သဘောပေါက်သွားသည်။ သူ့စစ်သားများအား စစ်စခန်းသို့ပြန်ရန် အမိန့်ပေးလိုက်သည်။ ရွာက မထွက်မီမှာပင် ထန့်ရှန်နှင့် သူ့စစ်တပ်က ရွာငယ်လေးကို ဝိုင်းထားလိုက်ပြီး ဂိတ်လေးဂိတ်တွင် သုံးဂိတ်ကို ပိတ်ထားသည်။ နောက်ဆုံးကျန်ရှိနေသောဂိတ်မှာ ရွာအပြင်ဘက်မှ မြစ်ဆီသို့ ဦးတည်ထားသောဂိတ်ဖြစ်သည်။


ချန်းထျန်၏ စစ်သားများက ရွာငယ်လေးထဲတွင် ပိတ်မိနေသည်။ ထိတ်ထိတ်ပျာပျာဖြစ်နေသော ချန်းထျန်၏ စစ်သားများက အသက်လုပြေးရန် ကြံစည်ကြတော့သည်။ ဂိတ်သုံးခုလုံးကို ပိတ်ထားသည့်အတွက် နောက်ဆုံးဂိတ်တစ်ခုကိုသာ ရွေးချယ်လိုက်ကြသည်။ သူတို့ထွက်လာသည့်အခါ မြစ်ကိုမြင်လိုက်၍ ရပ်တန့်သွားကြပြီး အခြေအနေက ပို၍ ဖရိုဖရဲဖြစ်လာသည်။


သူတို့ရှေ့တွင် မြစ်ကြီးက ပိတ်နေပြီး အနောက်ဘက်တွင်လည်း ရွှယ်တိုင်းပြည်စစ်တပ်က လိုက်နေသည်။ 'ထွက်ပြေးမလား သေမလား' ဟူသည့် အခြေအနေမျိုး ဖြစ်နေသည်။ ရွေးချယ်စရာမရှိသော စစ်သားများမှာ မြစ်ကိုဖြတ်သန်း၍ ထွက်ပြေးရန် ဆုံးဖြတ်လိုက်ကြသည်။ မြစ်ရေစီးကြမ်းနေ၍ စစ်သည်အမြောက်အများ ရေနစ်ကုန်ကြသည်။ မြစ်ကို ဖြတ်ကူးပြီးသူများကလည်း မောပန်းနေပြီး တိုက်ခိုက်ရန် အင်မားမရှိတော့ပေ။


ကျန်ရှိနေသော စစ်သားများက ချန်းထျန်ကို စစ်စခန်းသို့ ပြန်လိုက်ပို့ကြသည်။ စခန်းသို့ရောက်သည့်အခါ မီးလောင်နေခြင်းမရှိပဲ ထန့်ရှန်ကသာ စောင့်ကြည့်မျှော်စင်ပေါ်တွင်ထိုင်ပြီး လက်ဖက်ရည်သောက်နေသည်ကို မြင်လိုက်ရသည်။ ထန့်ရှန်က ပြုံးပြ၍‌သာ ပြောလိုက်သည်။


" စစ်သူကြီး ပြန်ရောက်လာတာ ကြိုဆိုပါတယ်... တိုက်ခိုက်တာ အောင်မြင်ခဲ့ရဲ့လား..."


သူ၏ အကြံများကို သိရှိသွားကြပြန်ပြီဖြစ်ကြောင်း ချန်းထျန်သဘောပေါက်လိုက်သည်။ သို့ရာတွင် ဤအခြေနေထိ ရောက်လာပြီဖြစ်၍ သူတို့၏စစ်တပ်က သွားစရာနေရာ မရှိတော့ပေ။ ရွှယ်တိုင်းပြည်စစ်တပ်ကလည်း သူတို့နောက်မှ လိုက်နေဆဲဖြစ်သည်။ သူတို့ ဤနေရာတွင် ထန့်ရှန်နှင့် တိုက်ခိုက်ရန်သာရှိတော့သည်။ 


ထွက်ပြေးလာရသည့်အတွက် မောပန်းနေကြသည့်အပြင် သူတို့၏ လက်နက်နှင့်မြင်းများကလည်း မြစ်ထဲတွင် မြုပ်သွားပြီဖြစ်၍ ကျရှုံးတော့မည်မှာ နေသည့်အရာတစ်ခုပင်ဖြစ်သည်။ 


သို့ရာတွင် ချန်းထျန်၏ လက်အောက်ငယ်သားများက ထန့်ရှန်၏စစ်သားများကို ဖောက်ထွက်လိုက်သည်။ ထန့်ယွင်နှင့် ထန့်ရှန် မှန်းဆရန် မေ့ကျန်ခဲ့သည်မှာ ချန်းထျန်တွင် သတ္တိရှိ၍ရဲရင့်သော လက်အောက်ငယ်သားများ ရှိနေသည့်အကြောင်းပင်ဖြစ်သည်။


စစ်သားသုံးယောက်က ချန်းထျန်ကို လမ်းပြပြီး ဘေးနှစ်ဖက်နှင့် အနောက်ဘက်မှ ကာကွယ်ပေးထားသည်။


သူတို့က အစွမ်းကုန်တိုက်ခိုက်ပြီး ကျန်နေသည့်တပ်သားများ တပ်ဆုတ်ရန် ဦးဆောင်သွားသည်။


ထိုစစ်သားသုံးယောက်က အလွန်အရည်အချင်းရှိသည်ဟု တွေးလိုက်သော်လည်း သူတို့ပုံစံကိုကြည့်ခြင်းအားဖြင့် ချန်းထျန်တစ်ယောက်တည်းကိုသာ သစ္စာရှိမည့်ပုံဟု သိနိုင်သည်။ ထိုလက်အောက်ငယ်သားများကို လက်နက်ချရန် ဖိအားမပေးသကဲ့သို့ စည်းရုံးခြင်းလည်းမရှိပေ။ ချန်းထျန်၏  ပျက်စီးယိုယွင်းနေပြီဖြစ်သော စခန်းကိုသာ မီးရှို့ပြီး ရွှယ်တိုင်းပြည်စစ်တပ်ကို စခန်းချသည့်နေရာသို့ ပြန်ခေါ်လာခဲ့သည်။


ထန့်ရှန်က တပ်ဆုတ်သွားသည့်စစ်သားများနောက် လိုက်လံမရှင်းလင်း၍ ရွှယ်ယွီက ဆူပူကျိန်းမောင်းပြီး သစ္စာမဲ့သူဟု အပြစ်တင်နေသည်။


ထန့်ရှန်က အေးစက်စက်လေသံဖြင့်သာ ‌သရော်လိုက်သည်။ ချန်းထျန်ကို ဤကဲ့သို့ ကျဉ်းထဲကြပ်တဲ အခြေအနေရောက်အောင် တွန်းပို့နိုင်ခဲ့သည်မှာ ရွှယ်တိုင်းပြည်စစ်တပ်၏ စွမ်းအားကြီးမှုနှင့် သူရဲကောင်းဆန်မှုကြောင့်မဟုတ်ပဲ ချန်းထျန် အကာအကွယ်မဲ့၍ သတိလက်လွတ်ဖြစ်နေချိန်ကို အခွင့်ကောင်းယူနိုင်သောကြောင့်သာဖြစ်သည်။ သူတို့က ချန်းထျန်ကို စည်းရုံးလိုက်မည်ဆိုပါက အဆုံးထိတိုက်ခိုက်ရတော့မည်ဖြစ်ကာ ယခုထက်ပို၍ ဆုံးရှုံးမှုများနိုင်သည်။


ချန်းထျန်က အရှုံးနှင့် ရင်ဆိုင်ရပြီး နန်းတော်သို့ ပြန်လာခဲ့သည်။ ချန်ထျန်း၏ ညီအရင်းဖြစ်သည့် လက်ထောက်စစ်သူကြီးက ချန်းထျန် ခြေကုန်လက်ပန်းကျနေသည်ကို တွေ့မြင်၍ သူအိပ်ပျော်နေစဉ်တွင် ချန်းထျန်၏ခေါင်းကိုဖြတ်ပြီး သူ့စစ်သားများအား နန်းတော်ကို သိမ်းပိုက်ခိုင်းလိုက်သည်။ ဘုရင်ငယ်လေးကိုလည်း ဖမ်းဆီးလိုက်ပြီး အတင်းအကြပ်ဖိအားပေးကာ နန်းစွန့်ခိုင်းလိုက်သည်။ သူ၏ကိုယ်ရံတော်များမှ တွန်းအားပေးမှုကြောင့် ဘုရင်ငယ်လေးက မငြင်းဆိုရဲပေ။ နန်းစွန့်ပေးလိုက်ပြီးနောက် ချန်းထျန်၏ညီကို  ဘုရင်အသစ်အဖြစ် တင်မြှောက်ပေးလိုက်သည်။


တိုင်းပြည်တစ်ခုလုံး ပြည်တွင်းစစ်ပွဲများဖြစ်ပေါ်လာပြီး လက်ရှိအချိန်တွင် အခြားတိုင်းပြည်များနှင့် ပြဿနာ မဖန်တီးနိုင်တော့ပေ။


ရွှယ်ကျွင်းလျန်သည်လည်း သတင်းကောင်းများ ပြန်ကြားရသည်။ မြူးကြွနေသော စိတ်အခြေအနေကြောင့် နန်းတွင်းညီလာခံ၏ထိပ်ဆုံးတွင် ထိုင်နေသော ဧကရီ့ကို ချီးကျူးလိုက်သည်။ ညီလာခံမှ အမတ်အားလုံးက မြေကြီးနှင့် ကြမပြင်ထိမတတ် ခေါင်းငုံ့လိုက်ကြပြီး ဧကရီ သက်တော်ရာကျော်ရှည်ပါစေဟု ဆုတောင်းပေးနေကြသည်။ ဤသို့သော မဟာအောင်မြင်မှုကြီးက ဧကရီ၏ နည်းဗျူဟာ အစီအစဉ်များကြောင့်ဖြစ်ကြောင်း ကြားလိုက်ချိန်တွင် သူတို့အားလုံး မယုံကြည်နိုင် ဖြစ်သွားကြသည်။


ရွှယ်ကျွင်းလျန်က ရယ်ရယ်မောမောနှင့်ပင် ပြောလိုက်သည်။

50.2


" စစ်သည်တွေရဲ့ကျေးဇူးကိုလည်း မေ့လို့မဖြစ်ဘူး.. သူတို့က မဟာအောင်မြင်မှုကြီးကို ယူလာပေးခဲ့တာဆိုတော့ ကိုယ်တော်က နယ်စားမင်းကျန့်ကျန်းနဲ့ စစ်ရေးအတိုင်ပင်ခံအမတ်ထန့်ရှန်ကို နန်းမြို့တော်ပြန်ခေါ်မယ်... ပျော်ပွဲရွှင်ပွဲကြီးလည်း ကျင်းပကြတာပေါ့..."


ရွှယ်ကျွင်းလျန်က ထန့်ရှန်ကို ပြန်လာခိုင်းမည့်အကြောင်း ကြားလိုက်ရသည့်အခါ ထန့်ယွင်၏စိတ်ထဲမှ စိုးရိမ်ပူပန်မှုများ အဝေးသို့လွင့်သွားသည်။


ရက်အနည်းငယ်အကြာတွင် အမိန့်ကျလာပြီဖြစ်၍ ထန့်ရှန်နှင့် စစ်တပ်တစ်စိတ်တစ်ပိုင်းက နန်းမြို့တော်ကို ပြန်လာကြသည်။ မူလက တပ်စိတ်ငယ်လေးတစ်ခုကသာ ထန့်ရှန်ကို သစ္စာစောင့်သိကြခြင်းဖြစ်သည်။ ရွာငယ်လေးမှတိုက်ပွဲတွင် ထန့်ရှန်က လက်ဖက်ရည်သာထိုင်သောက်နေခဲ့ခြင်းမဟုတ်ပေ။ စစ်ဗုံကို တီးပေးခဲ့ပြီး စစ်သားများ၏ စိတ်ဓာတ်ကိုမြင့်တက်လာအောင် သတ္တိမွေးပေးခဲ့သည်။


စစ်သားတွေနဲ့အတူတိုက်ခိုက်ပြီး စစ်တန်းလျားမှာ အတူတူအိပ်တဲ့ စစ်သူကြီးကို ဘယ်စစ်သားက မလေးစားပဲနေမှာလဲ...

သို့ဖြစ်၍ အဆုံးတွင် စစ်သည်အများစုက ထန့်ရှန်နောက်သို့လိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။


သို့ရာတွင် ဤတစ်ကြိမ်၌ ရွှယ်ယွီက ပြန်မလာခဲ့၍ စစ်တပ်စိတ်ကြီးတစ်ခုကလည်း ပြန်မရောက်လာပေ။ ထန့်ရှန်နောက်သို့လိုက်လာသည့် စစ်တပ်လေးက ထန့်ရှန်၏ကြိုးစားမှုရလဒ်ဖြစ်သည်။


ရွှယ်ယွီပြန်မလာမည့်အကြောင်းကို ရွှယ်ကျွင်းလျန်ခန့်မှန်းပြီးသားဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူပြန်လာပါကလည်း အကျယ်ချုပ်ကျခံရမည်ဖြစ်သည်။ ဤတစ်ကြိမ် ရွှယ်ကျွင်းလျန်၏လက်ထဲမှ လွတ်သွားသည်မှာ သူ့စစ်သည်အင်အားနှင့် အာဏာကို တိုးချဲ့တော့မည်သဘောဖြစ်သည်။ ရွှယ်ကျွင်းလျန်က အံ့အားမသင့်သကဲ့သို့ ဂရုလည်းမစိုက်ပေ။


စစ်တပ်ကြီး ပြန်ရောက်သည့်အခါ ရွှယ်ကျွင်းလျန်က ဧကရီနှင့် ညီလာခံအမတ်များအားလုံးကို ဦးဆောင်ပြီး နန်းတော်တံခါးဝတွင် သူတို့ကို ကြိုဆိုကာ အောင်ပွဲခံသည့် စားသောက်ပွဲကြီးကိုလည်း သုံးရက်တိုင်တိုင် ကျင်းပမည်ဟု အမိန့်ပေးလိုက်သည်။


အောင်မြင်မှုကို ဆောင်ကျဉ်းပေးခဲ့သည့် ထန့်ရှန်မှာ ရွှယ်တိုင်းပြည်ဘုရင်နှင့် ဧကရီကို အရိုအသေပြုလိုက်သည်။ ရွှယ်ကျွင်းလျန်ပြောလိုက်သည်။


" ကိုယ်တော်မမှားဘူးဆိုရင် ထန့်ရှန်က အရည်အချင်းရှိပြီး ရွှယ်တိုင်းပြည်ကို အောင်မြင်မှုတွေပဲ ယူဆောင်လာပေးတာပဲ..."


ထန့်ရှန် ဘာမှမပြောသောကြောင့် ရွှယ်ကျွင်းလျန်ဆက်ပြောလိုက်သည်။


" ဒါပေမဲ့ မင်းက အရမ်းသစ္စာရှိတဲ့လူတစ်ယောက်ဆိုတာ ကိုယ်တော်သိတယ်... ဘုရင်တစ်ပါးအနေနဲ့ ကိုယ်တော်က တခြားလူတွေရဲ့ ထင်မြင်ချက်ကို ဂရုမစိုက်ပဲ အတင်းဖိအားပေးလို့မရဘူး... လူတွေက ဖိအားပေးမခံရဘူးဆိုရင်တော့ ဘယ်ကိစ္စကိုမဆို ပျော်ပျော်ရွှင်ရွှင် လုပ်ကြတာပဲ..."


ထန့်ရှန်က ဟန်မပျက်နေနေသော်လည်း သူ့ရင်ထဲတွင် အမျိုးအမည်မသိရသည့် ခံစားချက်တစ်မျိုး ဖြစ်ပေါ်လာသည်။ ထိုသို့ရိုးရှင်းသည့်စည်းမျဉ်းမျိုးကို ရွှယ်ကျွင်းလျန်က နားလည်သော်လည်း ထန့်ရှန်က နားမလည်နိုင်ပေ။ ရွှယ်ကျွင်းလျန် တစ်စုံတစ်ရာ ပြောလိုက်ချိန်တိုင်း ထန့်ရှန်၏ ယုံကြည်မှုက ပြောင်းလဲသွားပြီး ရင်ထဲတွင် တဖြည်းဖြည်းသက်ရောက်မှုရှိလာသည်ဟု ခံစားနေမိသည်။


ရွှယ်ဝမ်က သူ့ကိုလက်နက်ချရန် စည်းရုံးနေသည်ကို သတိပြုမိခဲ့သော်လည်း ထန့်ရှန်ကိုယ်တိုင်ကလည်း မယိမ်းယိုင်ခဲ့ခြင်းမဟုတ်ပေ။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ရွှယ်ဝမ်၏ စကားများနှင့် စေတနာကို မငြင်းဆန်နိုင်တော့ပဲ အမှန်တကယ် အညံ့ခံမိသွားမည်ကို ကြောက်ရွံ့နေမိသည်။


ရွှယ်ကျွင်းလျန်က ပြောစရာရှိသည်များ ပြောပြီးသည့်အခါ အားပါးတရ ရယ်လိုက်သည်။


" ဒီတစ်ခါ အောင်မြင်ခဲ့တာက ဧကရီရဲ့ နည်းဗျူဟာတွေနဲ့ အကြံအစည်တွေရဲ့ ကျေးဇူးကြောင့်လည်းပါတယ်... ဧကရီက ကိုယ်တော်နဲ့ အမတ်ထန့်အကြောင်း မကြာခဏပြောတယ် ... မင်းတို့နှစ်ယောက် ခဏစကားပြောကြရင်ရော ဘယ်လိုလဲ..."


ထို့နောက်တွင် ရွှယ်ကျွင်းလျန်ထွက်သွားပြီး ကျန်းယွီက သူ့နောက်မှ လိုက်သွားသည်။


ထန့်ယွင် အံ့အားသင့်သွားမိကာ ရွှယ်ကျွင်းလျန်က သူ့အကြောင်းသိသွားပြီဟု ထင်လိုက်မိသည်။ အခန်းထဲတွင် အခြားအပျိုတော်များနှင့်အတူ ရှို့ယောင်နှင့် ကျောင်းရွှေတို့ ရှိသော်လည်း ရွှယ်ကျွင်းလျန်က ဧကရီကို ယောက်ျားတစ်ယောက်နှင့် တစ်ခါမှ မထားခဲ့ဖူးပေ။ အထူးသဖြင့် အခြားတိုင်းပြည်မှ ယောက်ျားတစ်ယောက်နှင့်ဆိုပါက ပို၍ပင် ထားခဲ့မည်မဟုတ်ပေ။


ရွှယ်ကျွင်းလျန်၏ ဆိုလိုရင်းကို ထန့်ရှန် သဘောမပေါက်ပေ။

ထန့်ရှန်ကို စည်းရုံးဖို့ သူ့မိန်းမကို လွှဲခဲ့တာများလား...


ထန့်ရှန် နေရခက်နေသည်ကိုမြင်၍ သူ့စိတ်ထဲ‌တွင် အကြောင်းအရင်းကိုမသိသော်လည်း ခါးသီးစွာမရယ်ပဲ မနေနိုင်တော့ပေ။ သူတို့နှစ်ယောက်က အမြဲတစေ ရင်းနှီးခဲ့ကြသူများဖြစ်၍ တစ်ယောက်နှင့်တစ်ယောက် သံသယဝင်ရမည့်နေ့ကို ရောက်လာလိမ့မည်ဟု မထင်ခဲ့ပေ။


ဧကရီက အချိန်အတော်ကြာသည်အထိ ဘာမှမပြောသည့်အခါ ထန့်ရှန်က စပြောလိုက်သည်။


" ဒီတစ်ကြိမ် ချန်းထျန်ကို အနိုင်ယူနိုင်ခဲ့တာ အရှင်မကြောင့်လို့ ကျွန်‌တော်မျိုး ကြားထားပါတယ်... အရှင်မရဲ့ကျေးဇူး ကြီးမားလှပါတယ်..."


ထန့်ယွင်က မတုံ့ပြန်ပဲ ထန့်ရှန်ကို ကြမ်းပြင်မှ ထူပေးရန်သာ ရှို့ယောင်ကို ပြောလိုက်သည်။


အခြားလူများ၏ သံသယဝင်မှုကို ရှောင်ရှားရန်အတွက် ထန့်ယွင်က ထန့်ရှန်ကို မျက်လုံးချင်းဆုံအောင် မကြည့်ပေ။ ထန့်ရှန်၏ အဝတ်အစားထောင့်များကိုပင် မကြည့်ပေ။ သူ့ဝတ်ရုံလက်ကိုသာ စိုက်ကြည့်နေသည်မှာ ချည်မျှင် မည်မျှပါဝင်သည်ကို ရေတွက်နေသည်ဟုသာ ထင်ရသည်။


အချိန်အတော်ကြာပြီးနောက်မှသာ ထန့်ယွင်က တုန်လှုပ်နေသောအသံဖြင့် ခက်ခက်ခဲ‌ခဲပြောလိုက်သည်။


" မင်းမှာ စစ်သည်အလုံအလောက်မရှိရင် ကိုယ် မလုပ်နိုင်ဆုံးလို့ ရန်သူတွေထင်ထားတဲ့အရာကို လုပ်ပြီး အကာအကွယ်မဲ့နေချိန်မှာ အငိုက်ဖမ်းလိုက်ပါတဲ့... အမတ်ထန့်ရဲ့ သင်ကြားမှုတွေကို ကျွန်မ မမေ့ရဲပါဘူး..."


ထို့နောက် ထန့်ယွင်က ရေနွေးကြမ်းပန်းကန်ကိုယူကာ အမြန်သောက်လိုက်သည်။ ကျောင်းရွှေက ဧကရီ ပင်ပန်းနေပြီဖြစ်၍ အနားယူတော့မည်ဖြစ်ကြောင်း အကြောင်းကြားလိုက်သည်။


ထန့်ရှန်က ဓလေ့ထုံးစံများကို အမှုမထားပဲ ခေါင်းမော့၍ ဧကရီ၏မျက်နှာကို ဖျတ်ခနဲကြည့်လိုက်မိသည်။ သို့သော် ဧကရီ၏မျက်နှာကို ရေနွေးကြမ်းခွက်ဖြင့် ကွယ်နေပြီး မျက်လွှာလည်းချထား၍ သူမ အမူအရာကို မမြင်နိုင်‌လိုက်ပေ။


ထန့်ရှန် အလွန်ထိတ်လန့်သွားရသည်။ အချိန်အတန်ကြာအထိ အတွေးထဲ နစ်မျောသွားမိသည်။ ကျောင်းရွှေက သူ့ကို သုံးကြိမ်တိတိခေါ်မှသာ စိတ်နှင့်လူ ပြန်ကပ်သွားသည်။ သူ၏ မယဉ်ကျေး‌သော အပြုအမူကြောင့် ရှက်ရွံ့သွားဟန်ဆောင်ကာ ကြမ်းပြင်နဲ့ခေါင်းကိုထိကာ တောင်းပန်ပြီးနောက် ပြန်လည်ထွက်ခွာသွားသည်။


xxxxxx