🌹Chapter 1
ရွှမ်တောင်ထိပ်တွင် ယန်ရုန်ရုန် တင်ပလ္လင်ခွေကာ ထိုင်နေစဉ် သူ့ မျက်နှာထက် လေပြည်တချက် တိုးဝှေ့လာခဲ့သည်။ အနက်ရောင် ဆံနွယ်ရှည်များလည်း လေနှင့်အတူလွင့်မျောနေခဲ့ကာ သူ့အဖြူရောင်လွှလွှဝတ်ရုံလေး တလှပ်လှပ် လှုပ်ခါနေခဲ့သည်။
ယန်ရုန်ရုန် လက်နှစ်ဖက်အား ကျောနောက်မှာထောက်ရင်း အနောက်သို့ အနည်းငယ်မှီကာ မျက်လုံးများကို မှိတ်လျက် အသက်ဝဝ ရှူလိုက်သည်။ ထို့နောက် အလွန်စိတ်သက်သာရာ ရသွားပုံပေါ်ပြီး သက်ပြင်းချမိတော့သည်။
“နောက်ဆုံးတော့ အိမ်ပြန်နိုင်ပြီကွ!”
ကျင့်ကြံခြင်းကမ္ဘာသို့ သူ ကူးပြောင်းလာခဲ့သည်မှာ နှစ် ၂၀၀ ကျော်ကြာခဲ့ပါပြီ။
ခေါင်းဆောင်မင်းသား ၄ ဦး၏နှလုံးသားကို အောင်အောင် မြင်မြင် သိမ်းပိုက်နိုင်ပါက ကမ္ဘာအစစ်အမှန်သို့ပြန်သွားနိုင်မည်ဟု စနစ်ကပြောခဲ့သည်။
ထို့ကြောင့် လွန်ခဲ့သည့် နှစ် ၂၀၀ လုံးလုံး ခေါင်းဆောင်မင်းသား ၄ ဦးကို ခက်ခက်ခဲခဲကပ်ဖားရပ်ဖား မျက်နှာ လိုမျက်နှာရလုပ်ကာ အချစ်ရူးတစ်ယောက်သဖွယ် ပီပီပြင် ပြင်သရုပ်ဆောင်ခဲ့သည်။ နောက်ဆုံး ၎င်းတို့လေးဦး၏ ကြည်ဖြူမှု Level အား ၁၀၀ အထိ တိုးမြှင့်နိုင်ခဲ့သည်။
ယခု မစ်ရှင်အောင်မြင်သွားပြီဖြစ်သဖြင့် ဒီအရေးမပါသည့် ကျင့်ကြံခြင်းကမ္ဘာကြီးမှ သူ ထွက်ခွာသွားခွင့် ရခဲ့ပါပြီ။
ယန်ရုန်ရုန် ပျော်ပျော်ရွှင်ရွှင်ပြုံးလိုက်ပြီး ချန်ခွင်းအိတ်ထဲမှ ကောင်းကင်ဘုံမိုးကြိုးအဆောင်တစ်ခုကို ထုတ်လိုက်သည်။
ဒီအဆောင်သည် သူကိုယ်တိုင် ဖန်တီးထားသည့် အဆောင်ထူးတစ်ခုဖြစ်သည်။ ဒီအဆောင်ကို စုတ်ဖြဲလိုက်ပါက ကောင်းကင်ဘုံမိုးကြိုးကို ဆင့်ခေါ်နိုင်လိမ့်မည်။
ထို့နောက် သူ သေဆုံးချင်ယောင်ဆောင်ပြီး ကျင့်ကြံခြင်းကမ္ဘာထဲမှ ထွက်ပြေးသွားလိုက်မည်သာ။ ထိုအခါ ကျင့်ကြံခြင်းလောကထဲမှ ယန်ရုန်ရုန်ဆိုသူအား သေလူဟုသာ သတ်မှတ်သွားကြလိမ့်မည်။
ထိုစဉ် အလွန်အားကောင်းသည့် အင်အားစုကြီးလေးစု၏ အရှိန်အဝါတွေ ချဉ်းကပ်လာတာကို ယန်ရုန်ရုန် အာရုံခံမိပါသည်။
ထိုအင်အားစုကြီးလေးစုကို သူ ရင်းနှီးနေသည်။ မျက်စိတစ်မှိတ်အချိန်အတွင်း ထိုလူများမှာ သူမ၏ပစ်မှတ်လေးခုဆိုသည်ကို နားလည်သွားခဲ့သည်။
ကောင်းကင်ဘုံမိုးကြိုးအဆောင်ကို ချန်ခွင်းအိတ်ထဲအမြန်ပြန်ထည့်လိုက်သည်။
ပထမဆုံးရောက်ရှိလာသူမှာ မိစ္ဆာဘုရင် ဟမ်ယဲ့ဖြစ်သည်။
ဆန်းကြယ်သည့် သင်္ကေတများရေးထွင်းထားသော ရွှေအိုရောင်ဝတ်ရုံကြီးကို ရင်ဘတ်ဟကာ ဝတ်ဆင်ထားသဖြင့် သူ့ရင်ဘတ် ကြွက်သားများနှင့် ရင်ဘတ်ပေါ်က မိစ္ဆာသား ရဲဆေးမင်ကြောင်တို့ အထင်းသားပေါ်နေသည်။ နီရဲရှည် လျားသည့် သူ့ဆံနွယ်တွေကို ခပ်မြင့်မြင့်စုကာ စည်းထားပြီး မျက်လုံးများလည်း မီးတောက်လို ပူပြင်းတောက်ပနေသည်။
သူရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ယန်ရုန်ရုန်ထံ ကျား သစ်တစ်ကောင်သဖွယ် ခုန်အုပ်ဖို့ကြိုးစားလိုက်သည်။ သူ့လှုပ်ရှားမှုများ သွက်လက်မြန်ဆန်လွန်းသဖြင့် တစ်ခုခုကို အလွန်အလောကြီးနေသဖွယ်ဖြစ်နေသည်။
သခင်ဖြစ်သူ၏နှစ်သိမ့်မှုကို တောင့်တနေသော ခွေးတစ်ကောင်လိုပင်…
ဟမ်ယဲ့ အော်ခေါ်လိုက်သည်။
“ကျူးကျူး!”
သို့သော် ယန်ရုန်ရုန်အား သူ မထိနိုင်ခင်မှာပင် အလွန်အား ကောင်းသည့် ဓားလေပြင်းတစ်ချက်ကြောင့် ဟမ်ယဲ့ လွင့်ထွက်သွားခဲ့ရသည်။
ဟမ်ယဲ့ အနောက်သို့ အရှိန်အဟုန်ဖြင့် ပြန်ဆုတ်ခွာလိုက်ရပြီး ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲထိန်းချုပ်လိုက်ရသည်။
ထိုဓားလေပြင်း လာရာအရပ်သို့ ဟမ်ယဲ့ ဒေါသတကြီး လှည့်ကြည့်လိုက်ရာ ဝတ်ရုံဖြူနှင့် ခံ့ညားသော ဓားသမားတစ်ဦး လေပေါ်မှာဝဲပျံနေသည်ကို မြင်လိုက်ရသည်။
“မင်း ဘယ်သူလဲ”
ဓားသမားကမူ အေးစက်စွာ ပြန်ဖြေလိုက်သည်။
“တိမ်လွှာနတ်ဂိုဏ်းရဲ့ ရှန်းဝမ်ချင်း”
သူ တိမ်လွှာနတ်ဂိုဏ်း၏ ရွှမ်ယွဲ့ဓားသမားဖြစ်ပြီး ကုန်းမြေတိုက်ကိုးခုရှိ အသန်မာဆုံး ဓားသမားတစ်ဦးလည်းဖြစ် သည်။ သူ့ကျင့်ကြံခြင်းအဆင့်မှာ မဟာအောင်မြင်ခြင်းအဆင့်အထိ ရောက်ရှိနေပါပြီ။
ရှန်းဝမ်ချင်းမှာ ဖြောင့်မတ်မှန်ကန်ပြီး သူရဲကောင်းဆန် သည်။ လောကတွင် အဖြောင့်မတ်ဆုံး သူတော်စင်ဟုပင် တင်စားသတ်မှတ်ခြင်းခံရသူဖြစ်သည်။
ဓားတစ်လက်ပေါ်မှာ ရှန်းဝမ်ချင်း တည်တည်မြဲမြဲမတ်တပ်ရပ်နေပြီး မျက်ခုံးတွေ၊ မျက်လုံးတွေကလည်း စူးရှအေးစက်နေခဲ့ပါသည်။ သူ့လက်ဖျားထိပ်မှာ ဓားလေပြင်းအငွေ့ အသက်တချို့ ကျန်ရှိနေသေးသည်။ သူ့ခန္ဓာကိုယ်ဝန်း ကျင်မှာလည်း အေးစက်သည့် ဓားသွားအရှိန်အဝါများဖြင့် ဝန်းရံနေခဲ့သည်။
တောင်တန်းနှင့် လမင်းတို့ကို အချိန်မရွေးပိုင်းဖြတ်နိုင်သည့် ဓားအိမ်အပြင်ကို ရောက်နေသော ဓားတစ်လက်လိုပင်…
ဟမ်ယဲ့ထံမှ သူ့အကြည့်လွှဲလိုက်ပြီး ယန်ရုန်ရုန်ထံအကြည့် ရောက်သွားခဲ့သည်။ တစ်ခုခုကို မနည်းချုပ်တည်းထားရသကဲ့သို့ သူ့လေသံ မှောင်မိုက်နက်ရှိုင်းသွားခဲ့သည်။
“ငါက သူ့ဆရာ၊ သူ့ ခင်ပွန်းလောင်းဆိုလည်း ဟုတ်တယ်”
ဟမ်ယဲ့ဘာမှ ပြန်မပြောနိုင်ခင် အထင်အမြင်သေးစက်ဆုပ်သည့် ရယ်သံတစ်သံကို ကြားလိုက်ကြရသည်။
“ဟင်း…!”
ထိုရယ်သံ၏ပိုင်ရှင်ကား အခြားသူမဟုတ် နတ်ဆိုးအရှင် သခင် လင်းယွမ်ပဲဖြစ်သည်။ ဘယ်သူမှ မသိလိုက်သည့်အချိန်တွင် ယန်ရုန်ရုန်ဘေးသို့ သူရောက်ရှိနေခဲ့ပါပြီ။
လင်းယွမ် ခမ်းနားသည့် အနီရောင်ဝတ်ရုံတစ်ခုကိုဆင်မြန်းထားပြီး ဝတ်ရုံစများက လေထဲလှိုင်းတွေသဖွယ်လွင့်မျောနေခဲ့သည်။ ခပ်ကောက်ကောက် သူ့ဆံနွယ်ကိုဖဲကြိုးနီဖြင့် အနောက်သို့ စုကာစည်းထားသော်လည်း ဆံနွယ်တချို့မှာမူ သူ့ပခုံးပေါ် လျော့တိလျော့ရဲကျနေခဲ့သည်။ သူ့မျက်နှာဘေးမှာလည်း ဆံနွယ်တစ်မျှင်က ခပ်နွဲ့နွဲ့ ဝဲကျလျက်ရှိသည်။
ကျဉ်းမြောင်းသော မျက်ဝန်း၊ စူးရှထက်မြက်သော နှုတ် ခမ်းပါးတို့ကြောင့် ကြောက်စရာအရှိန်အဝါတစ်ခုကိုပေးစွမ်းနေပြန်သည်။
“ကိုယ့်ကိုကိုယ် သူတော်စင်လို့ ခေါ်ပြီးတော့ မုသားကို နှစ်ခါပြန်မစဉ်းစားဘဲ ဆိုရဲသေးတယ်၊ ရှောင်းရှောင်းက ငါနဲ့ ကတိသစ္စာပြုခဲ့ပြီးသား… သူ့ကို တစ်သက်တာလုံး ငါပိုင် ဆိုင်ရမှာ တခြားသူလက်ထဲ သူရောက်သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”
ထို့နောက် သူ့လက်ဖျားထိပ်ဖြင့် ယန်ရုန်ရုန့် ဆံချည်တစ်မျှင်ကို လိမ်ကျစ်ကစားရင်း ရက်စက်သည့်အကြည့်မျိုးဖြင့် ကြည့်ကာ တိုးညှင်းစွာမေးမြန်းလိုက်သည်။
“မဟုတ်ဘူးလား ရှောင်းရှောင်း”
ယန်ရုန်ရုန် ဘာမှပြန်မပြောနိုင်ခင် စတုတ္ထမြောက် အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
“မင်း လူမှားနေပြီထင်တယ်၊ သူက ရှောင်းရှောင်း မဟုတ်ဘူး”
နေဝင်ချိန် ပုစွန်ဆီရောင်သန်းနေသည့် ကောင်းကင်ကြီးက ရုတ်တရက်ဆိုသလို နှစ်ခြမ်းကွဲသွားခဲ့ပြီး အသူရာချောက်နက်သဖွယ် ချောက်ချားစရာကောင်းသည့် အနက်ရောင်တွင်းပေါက်ကြီးတစ်ခု ပေါ်လာခဲ့သည်။
ထို့နောက် မည်းနက်နေသည့် ဝတ်ရုံတစ်ခုကိုဆင်မြန်းထားသည့် လူတစ်ယောက် ထိုတွင်းပေါက်ကြီးထဲမှ ဆင်းလာခဲ့ပါသည်။
သူ့နောက်မှာ အငြှိုးကြီးမားသည့် ဝိညာဉ်တစ္ဆေများစွာပါလာခဲ့သည်။ ၎င်းတို့ဖောက်ထွင်းမြင်နေရသည့် မီးခိုး ရောင်ခန္ဓာကိုယ်များက တွန့်လိမ်ကောက်ကွေးနေပြီး ကြက်သီးထဖွယ်အသံများဖြင့် အော်ဟစ်ညည်းညူနေကြသည်။
ထိုလူကား ဝိညာဉ်လောက၏အရှင်သခင်၊ တစ်လောကလုံးက ကြောက်ရွံ့မုန်းတီးရသည့် ဝိညာဉ်ဧကရာဇ်ပင်။
သူ့ကျင့်ကြံခြင်းစွမ်းရည်မှာ အလွန်မြင့်မားပြီးတွန့်ဆုတ်မှုမရှိ သတ်ဖြတ်တတ်သူဖြစ်သည်။ အလွန်ပဟေဠိဆန်ပြီး ရက်စက်တတ်သူလည်းဖြစ်သည်။
တစ်လောကလုံးမှာ သူ့အမည်အား မသိသူဟူ၍မရှိပေ။ သူ့မျက်နှာအစစ်အမှန်ကို မြင်ဖူးသူတိုင်းလည်း သက်ဆိုးမရှည်ခဲ့ပါ။
ယန်ရုန်ရုန်သာ တစ်ဦးတည်းသော ခြွင်းချက်ဖြစ်သည်။
သူ့နောက်ကို ယန်ရုန်ရုန် နှစ်ပေါင်း ၃၀ ကြာအောင် လိုက်ခဲ့ရပြီး အခက်အခဲပေါင်းစုံကိုရင်ဆိုင်ခဲ့ရကာ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်သန်ခဲ့သည်။
ထို့ကြောင့် သူ့အကြောင်း ဘယ်သူ့ထက်မဆိုပိုသိလို့နေသည်။
သူ့အမည်အရင်းမှာ ရှုယင်ဖြစ်မှန်း ယန်ရုန်ရုန်သိသည်။ ထို့ပြင်သူသည် ဝါသနာဆန်းများ ပိုင်ဆိုင်ထားသည့် တဏှာရူးတစ်ယောက်ဖြစ်သည်ဆိုတာကိုလည်း သိနေ သည်။
ရှုယင် ဖြည်းညှင်းစွာ ခေါင်းမော့လာခဲ့သည်။ သူ့ဝတ်ရုံခေါင်းစွပ် တဖြည်းဖြည်းလျော့ကျသွားပြီး ဖြူရော်နေသော်လည်း လှပချောမွေ့သည့် မျက်နှာလေးတစ်ခုပေါ်လာခဲ့ပါသည်။
ပုံစံအားအကဲခတ်ကြည့်ရသလောက်တော့ သူက အသက် ၁၇ နှစ် ၁၈ နှစ်သာ ရှိဦးမည့် ကောင်လေးတစ်ယောက်သဖွယ်ဖြစ်နေသည်။
မျက်လုံးတွေက အေးစက်စူးရှပြီး သွေးမဲ့ပါးလွှာနေသော နှုတ်ခမ်းများကိုဟလျက် တစ်လုံးချင်းပီပီသသပြောလိုက်သည်။
“သူက ရှောင်းရှောင်း မဟုတ်ဘူး၊ ငါ့ရဲ့ ယောင်ယောင်ပဲ”
သူ့လေသံမှာပြတ်သားလွန်းပြီး ကြက်သီးထစရာအရှိန် အဝါများဖြာထွက်နေသည်။
‘ငါ့ရဲ့’ဟူသည့် စကားလုံးကို လေးလေးနက်နက်ပြောလိုက်ခြင်းဖြစ်သဖြင့် သူ့ပိုင်စိုးလိုစိတ်ကိုမြင်နိုင်သည်။
ထိုသူများအား ဟမ်ယဲ့ ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး မျက်လုံးတွေထဲ မီးဟုန်းဟုန်းတောက်လောင်နေခဲ့သည်။
သူကျယ်လောင်စွာ အော်ရင်း ကြေညာလိုက်ပါသည်။ “သူက ကျူးကျူးပဲ! မင်းတို့အားလုံး လူမှားနေပြီ!”
တည်ငြိမ်အေးဆေးသည့် ရွှမ်ယွဲ့ဓားသခင်က ယန်ရုန်ရုန်ကိုအထီးကျန်လမင်းလို မျက်ဝန်းများဖြင့် ငုံ့ကြည့်လိုက်ပြီး လေးနက်သာယာကာ ဆွဲဆောင်မှုရှိသော်လည်း ခြိမ်း ခြောက်မှုအရိပ်အယောင်တွေ ရောယှက်နေသည့်အသံဖြင့် ပြောလိုက်သည်။
“ဒါပေမယ့် ငါ့ကိုပြောတော့ မင်းနာမည်က စန်းချွမ်ပါဆို…”
လင်းယွမ် နှုတ်ခမ်းမှ ပြုံးလိုက်သော်လည်း မျက်လုံးတွေထဲမှာ အပြုံးရှိမနေပါ။ ကြက်သီးထစရာ အေးစက်ခြောက် သွေ့မှု တစ်ခုသာရှိနေသည်။
“မင်းနာမည်က ကျုံးရှောင်းရှောင်းဆို၊ ငါ့ကို လိမ်ခဲ့တာလား”
ရှုယင်ကမူ ဘာာမှဝင်မပြောဘဲ ယန်ရုန်ရုန်ကိုသာ စိုက်ကြည့်နေခဲ့သည်။ ယန်ရုန်ရုန်သာ စကားအမှားတစ်ခွန်း ပြောမိသည်နှင့် ချက်ချင်းတစ်စစီစုတ်ဖြဲကာ အရိုးတွေကိုပါအမှုန့်ကြိတ်ပစ်တော့မည့် အရှိန်အဝါမျိုးထွက်နေသည်။
သူတို့လေးဦး ဒီမှာလာဆုံကြရသည့် အကြောင်းအရင်းမှာ ယန်ရုန်ရုန်နှင့်ပတ်သတ်သည့် ကောလဟာလတချို့ကို ကြားသိခဲ့ရသောကြောင့်ပင်။
သူမသည် လှေနံနှစ်ဖက်နင်းတတ်သူဖြစ်ပြီး ယောက်ျားပေါင်းများစွာနဲ့ ပတ်သတ်ဖူးသူဖြစ်သည်ဟု ကောလဟာလများကဆိုကြသည်။
အစကတော့ ထိုကောလဟာလတွေက အတုအယောင်တွေဖြစ်လိမ့်မည်ဟု သူတို့ရင်ထဲ မျှော်လင့်ချက် ရေးရေးလေးတစ်ခုထားခဲ့ကြသေးသည်။ သို့မဟုတ် နားလည်မှုလွဲနေတာတွေ ရှိနေတာဖြစ်နိုင်သည်။
ထို့ကြောင့်လည်း စာရင်းရှင်းဖို့အတွက် ယန်ရုန်ရုန်ထံ ရောက်ရှိလာခဲ့ကြရခြင်းဖြစ်သည်။
သို့သော်ယခုတော့… သူတို့ ကိုယ့်ကိုကိုယ် မလှည့်စားနိုင်ကြတော့ပေ။
ကောလဟာလတွေ အားလုံးမှန်ကန်နေသည်။ သူတို့လေးယောက်စလုံးကို မိန်းမတစ်ယောက်တည်းက လှည့်စားသွားခြင်းဖြစ်သည်။
သူမသာ် လူလိမ်တစ်ယောက်ဖြစ်ကာ အမည်အမျိုးမျိုး အသုံးပြုလျက် သူတို့လေးဦးစလုံးကိုအရူးလုပ်ခဲ့သူဖြစ် သည်။
ဂုဏ်သိက္ခာရှိသည့် ဘယ်လိုယောက်ျားမျိုးမဆို ဒီလိုစော် ကားမှုကို သည်းခံနိုင်မည်မဟုတ်ပေ။
အထူးသဖြင့် သူတို့လေးဦးစလုံးသည် ကျင့်ကြံခြင်းလော က၏ထိပ်တန်းပုဂ္ဂိုလ်တွေဖြစ်နေကြတာကြောင့် ပိုဆိုး သည်။
ဒီလိုအရှက်တကွဲ အကျိုးနည်းဖြစ်ရပ်မျိုးကို တစ်ခါမှမခံ စားခဲ့ကြရဖူးပါ။
သူမကို ယခုချက်ချင်းသတ်ဖြတ်ပစ်လိုက်လျှင် ကောင်းမည်ဟူသည့် စိတ်များဝင်လာခဲ့ကြသည်။
ပတ်ဝန်းကျင်တစ်ခုလုံး၏အပူရှိန်များ ကျဆင်းလာတာကို ယန်ရုန်ရုန် သတိထားမိသည်။ သူ့အပေါ် ကျရောက်နေသည့် ဝိညာဉ်ဖိအားများက အလွန်အားကောင်းလာပြီး အန္တရာယ်တွေ နီးကပ်လာတာကို ခံစားမိသဖြင့် ခန္ဓာကိုယ်ကလည်း အလိုလိုတုန်ယင်လာခဲ့ပါသည်။
သူမသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်မှာသာရှိသေးတာဖြစ်သဖြင့် ထိုလေးဦးကို ယှဉ်နိုင်မည် မဟုတ်ပေ။
သို့သော် ယန်ရုန်ရုန် မကြောက်ပါ။
မစ်ရှင်တွေ အောင်မြင်ပြီးပြီဖြစ်တာကြောင့် မကြာခင် ဒီကမ္ဘာကြီးထဲမှာ ထွက်ခွာနိုင်တော့မှာဖြစ်သည်။
ခေတ်သစ်ကမ္ဘာကို သူ ပြန်ရောက်သွားတာနဲ့ ဒီလေးဦး ဘယ်လောက်ပဲ ခက်ခက်ခဲခဲကြိုးစားပါစေ သူ့အား ရှာဖွေနိုင်တော့မည်မဟုတ်ပေ။
ယန်ရုန်ရုန် စိတ်ရောကိုယ်ပါ ထိန်းချုပ်လိုက်ပြီး စနစ်ကို မေးမြန်းလိုက်ပါသည်။
“ဒီကမ္ဘာကြီးထဲက ထွက်နိုင်ဖို့ အချိန်ဘယ်လောက်ကျန်သေးလဲ”
အချိန်အနည်းငယ်ကြာသောအခါ စနစ်က ပြန်ဖြေလိုက်ပါသည်။
“စနစ်မှ အချိန်ဥမင်တစ်ခုကို တည်ဆောက်နေပါတယ်၊ အနည်းဆုံး ၅ မိနစ်ခန့် ကြာနိုင်ပါလိမ့်မယ်”