🌹Chapter 2
အချိန် ငါးမိနစ်သာကျန်တော့သဖြင့် ယန်ရုန်ရုန် ဘာမှ ထိန်းထားစရာမလိုတော့ပါ။
နှစ်ပေါင်းများစွာ အချစ်ရူးတစ်ယောက်သဖွယ် ဟန်ဆောင်ခဲ့ရပြီး နေ့ရက်တိုင်းလိုလို ဒုက္ခခံစားခဲ့ရသမျှ ရင်ထဲမှာ မျိုသိပ်ထားရသည့် ဒေါသတွေ အများကြီးရှိနေပါသည်။
ထိုအချိန် ငါးမိနစ်ကိုသုံးပြီး ဒေါသတွေအကုန် ဖွင့်ချလိုက်လို့ရသည်။
ခေါင်းငုံ့ပြီး ငြိမ်သက်သွားသည့် ယန်ရုန်ရုန်ကိုကြည့်ကာ သူမ အလိမ်အညာတွေကို ဘယ်လိုဖုံးကွယ်ရမလဲ စဉ်းစားနေတာဖြစ်မည်ဟု အားလုံး ထင်သွားခဲ့ကြသည်။ အပြစ်ကလွတ်အောင် ဘယ်လိုအဓိပ္ပာယ်မဲ့သည့် ဆင်ခြေတွေပေးဦးမလဲဆိုတာ အားလုံးစိတ်ဝင်စားနေကြသဖြင့် သူမ စကား ပြောလာမည့်အချိန်ကို တိတ်တဆိတ်စောင့်စားနေခဲ့ကြသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လွန်းသဖြင့် အပ်ကျသံကိုပင် ကြားနိုင်သည်။
ခေတ္တကြာတော့ ယန်ရုန်ရုန် ခေါင်းပြန်မော့လာခဲ့သည်။
မျက်လုံးတွေ မှေးစင်းသွားပြီး ပါးချိုင့်နှစ်ခုပေါ်လာသည်အထိ ချစ်စရာကောင်းစွာပြုံးလိုက်သည်။ သို့သော် သူမနှုတ်မှထွက်လာသည့် စကားလုံးများကတော့ အလွန်တရာမှချောက်ချားစရာကောင်းလှသည်။
“ဟင်းဟင်းဟင်း… ဟုတ်တယ် ကျွန်မလိမ်ခဲ့တာ၊ ကျူးကျူး၊ စန်းချွမ်၊ ကျုံးရှောင်းရှောင်း၊ ယောင်ယောင် အကုန်လုံး နာမည်အတုတွေချည်းပဲ”
ယောက်ျားလေးဦးစလုံး ဆွံ့အသွားခဲ့ကြသည်။
ဟမ်ယဲ့ကမူ ဒေါသအရင်ဆုံးထွက်သွားသူဖြစ်သည်။ သူ့မျက်လုံးတွေထဲ ဒေါသမီးများ တောက်လောင်နေပါသည်။
“မင်း ငါ့ကို ကစားရဲတယ်ပေါ့!”
ယန်ရုန်ရုန် ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။
“ဒီကမ္ဘာကြီးက အန္တရာယ်အရမ်းများတဲ့နေရာလေ။ ကျွန်မလို အားနည်းပျော့ညံ့တဲ့ မိန်းမသားတစ်ဦး ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ အပြင်လောကမှာ နာမည်အတုအချို့ အသုံးပြုထားတာ ဘာအပြစ်ရှိလို့လဲ”
ရှန်းဝမ်ချင်း နှုတ်ခမ်းများ တင်းစေ့သွားခဲ့သည်။ ပြစ်ချက်ကင်းပြီး ခံ့ညားသည့် သူ့မျက်နှာ ချက်ချင်းဆိုသလိုဖြူဖပ်သွားခဲ့သည်။ သူ့ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားသည့် မိစ္ဆာစိတ်တွေ ပြန်နိုးထလာတော့မည့် လက္ခဏာပြနေပါပြီ။
ထိုမိစ္ဆာစိတ်တွေကို ဖိနှိပ်ဖို့ အတတ်နိုင်ဆုံးကြိုးစားလိုက်ပြီး သိက္ခာကိုထိန်းလိုက်သည်။
“အဲ့တာဆို ငါ့ကို အစကတည်းက လိမ်ညာခဲ့တာပေါ့…”
ယန်ရုန်ရုန် တည်တည်ငြိမ်ငြိမ် မတ်တပ်ထရပ်လိုက်သည်။
သူ့ဝတ်ရုံမှာ လာကပ်နေသည့် မြက်တစ်ပင်ကိုလက်ဖြင့် ခါချရင်း ဖြည်းညှင်းစွာပြောလိုက်သည်။
“လိမ်ညာခဲ့တော့ကော ဘာဖြစ်လဲ ? အဲ့ဒီအလိမ်အညာကို ရှင်တို့ လိုလိုလားလား လက်ခံခဲ့ကြတာ မဟုတ်ဘူးလား”
ရှန်းဝမ်ချင်း မျက်လုံးများ မှောင်မိုက်သွားခဲ့သည်။
“အဲ့တာဆို ငါ့အပေါ် ခံစားချက်အစစ်အမှန်ဆိုတာ မရှိခဲ့ဘူးပေါ့ ဟုတ်လား”
ခံစားချက် အစစ်အမှန်တဲ့လား…
ယန်ရုန်ရုန် မျက်စပစ်လိုက်သည်။
သူစိမ်းတွေအတွက်တော့ ရွှမ်ယွဲ့ဓားသခင်က တောင်တန်းတစ်ခုပမာ စိတ်ဓာတ်ကြံ့ခိုင် မာကျောပြီး စွမ်းအားကြီးမားကာ ဖြောင့်မတ်မှန်ကန်သူ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သူစိမ်းတွေသိမထားသည့် လျှို့ဝှက်ချက်တစ်ခုလည်း သူ့မှာ ရှိနေပြန်သည်။
ယခု သူ့နှလုံးသားထဲမှာ ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်တွေအားလုံးကို ယန်ရုန်ရုန် ဖော်ထုတ်ပစ်တော့မှာဖြစ် သည်။
“ရှင်ကတော့ ကိုယ့်ကိုယ်ကိုယ် လျှို့ဝှက်ချက်တွေ ဖုံးထားနိုင်ပြီ ထင်နေမှာပေါ့၊ ဒါပေမယ့် အမှန်တရားကို ကျွန်မသိပြီးခဲ့တာ ကြာလှပြီ၊ ရှင်တကယ် ချစ်မြတ်နိုးရတဲ့လူက ရှင့်ရဲ့ ရှစ်ကျဲ(ဂိုဏ်းတူအစ်မ)ပဲ မဟုတ်လား!”
“ဒါပေမယ့် သူကတော့ ရှင့်အပေါ် မေတ္တာမရှိခဲ့ဘူး၊ လုံးဝကို လျစ်လျူရှုထားခဲ့တာ၊ အဲ့တာကြောင့် ဒုတိယ အကောင်းဆုံးနဲ့ပဲ စိတ်ကျေနပ်လိုက်ရပြီး လူလိမ်မဆိုတဲ့ ကျွန်မကို ရွေးချယ်ခဲ့တာ မဟုတ်ဘူးလား၊ ကျွန်မကို ရှင့်တပည့်အဖြစ် လက်ခံခဲ့တာက ပါရမီကြောင့်မဟုတ်ဘဲ မျက်နှာကြောင့်ပဲ!”
ယန်ရုန်ရုန် မျှော်လင့်ထားသည့်အတိုင်း ထိုစကားလုံးတွေကိုကြားသောအခါ ရှန်းဝမ်ချင်းမျက်နှာ အကြီးအကျယ် ပျက်သွားခဲ့သည်။
ယန်ရုန်ရုန်အား မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိခဲ့သည်။
ထိုအကြည့်ကိုမြင်တော့ ယန်ရုန်ရုန် အလွန်စိတ်ကျေနပ်သွားခဲ့ပါသည်။
ရှန်းဝမ်ချင်းက သူ့ကိုယ်သူ အမြဲတမ်းတည်ငြိမ်ချင်ယောင်ဆောင်ပြီး သူမကိုဆို တစ်ချက်ကလေးမှလှည့်ကြည့်တတ်မဟုတ်ပါ။ ထို့ကြောင့် လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခံလိုက်ရသဖြင့် ရှက်ရွံ့ဒေါသထွက်သွားသော သူ့မျက်နှာကို မြင်လိုက်ရသည့်အတွက် ယန်ရုန်ရုန်အတွက် အလွန်ကျေနပ်မိသည်။
ယန်ရုန်ရုန် ညာဘက်လက်ကို မြှောက်လိုက်ပြီး သူ့ပါးပြင်လေးကို ထိတွေ့ကာ ပြုံးလိုက်သည်။
“ကျွန်မက ရှင့် ရှစ်ကျဲနဲ့ မျက်နှာချင်းဆင်တူနေတာကြောင့်မလား ? အဲ့လိုမှမဟုတ်ရင် ကျွန်မလို ပါရမီမရှိတဲ့ လူတစ်ယောက်ကို ခြွင်းချက်ထားပြီး ရှင့်တပည့်အဖြစ် လက်ခံခဲ့မှာ မဟုတ်ဘူး”
“နှစ်ပေါင်း ၃၀ တိုင်အောင် ရှင်စိတ်ကျေနပ်အောင် ကျွန်မ ဘယ်လောက်ပဲ ကြိုးစားခဲ့ပါစေ၊ ကျွန်မကို လုံးဝလျစ်လျူ ရှုထားခဲ့တယ်၊ ရှင့်အတွက် လျှို့ဝှက်ဘုံထဲမှာ နတ်ဆေး ရည်ရှာပေးရင်း သေလုနီးပါး ဖြစ်သွားခဲ့တုန်းကတောင် ရှင် ဂရုမစိုက်ခဲ့ဘူး”
“အဲ့လိုဂရုမစိုက်ဘဲ ဆက်နေခဲ့ရင်တောင် ကိစ္စရှိမှာ မဟုတ်ဘူး၊ ဒါပေမယ့် ရှင်က ကျွန်မကို လက်ထပ်ချင်တယ်လို့ ပြောလာတယ်၊ ဟက်~…! ကျွန်မရဲ့ မေတ္တာတရားကြောင့် ရှင်စိတ်ပြောင်းသွားတာလို့ သူစိမ်းတွေကတော့ ထင်ကြလိမ့်မယ်၊ ဒါပေမယ့် ကျွန်မက ရှင့်အတွက်အသုံးချခံသက်သက်ဆိုတာ ကျွန်မတို့နှစ်ယောက်စလုံး သိကြတယ်မဟုတ်လား!”
“ဒီမင်္ဂလာပွဲကို အသုံးချပြီး ရှင့်ရှစ်ကျဲရဲ့စိတ်ကို စမ်းသပ်ချင်တာမဟုတ်ဘူးလား၊ ရှင့်မှာ ဘာခံစားချက်မှမရှိတာ ကျွန်မ သိတယ်၊ ဒါပေမယ့် ကျွန်မဘက်ကတော့ အပျော်လွန်ချင်ယောင်ဆောင်ပြီး ရှင့်ကစားပွဲမှာ ဝင်ကစားပေးခဲ့ရတာ၊ အဲ့ဒီအချိန်တုန်းက ကျွန်မဘယ်လောက်တောင် နာကျင်ခဲ့ရမလဲ ရှင်နည်းနည်းလေးတောင် ကိုယ်ချင်းစာပေးဖူးရဲ့လား!”
“ကျွန်မကို ရှင်ကိရိယာတစ်ခုလို အသုံးချသွားတာ၊ ကျွန်မနှလုံးသားကို ခြေထောက်နဲ့ နင်းခြေသွားခဲ့တာ! ရှင့်လိုလူ မျိုးကို ကျွန်မက ခံစားချက်အစစ်အမှန်နဲ့ ချစ်ရမယ်ဆို ကျွန်မ တုံးရာကျမှာပေါ့!”
စကားဆုံးတာနဲ့တစ်ပြိုင်နက် ယန်ရုန်ရုန်မျက်နှာပေါ်မှ အပြုံးလုံးဝ ပျောက်ကွယ်သွားပြီး အေးစက်မှုတွေ၊ ခံစားချက်မဲ့မှုတွေသာရှိတော့သည်။
အချိန်ကား အကန့်အသတ်ရှိသဖြင့် ဖြုန်းတီးလို့ မရပါ။
ဖြူသထက်ဖြူရော်လာသည့် ရှန်းဝမ်ချင်းမျက်နှာကို တစ်ချက်ကလေးတောင် ဆက်မကြည့်တော့ဘဲ ဟမ်ယဲ့ဘက်သို့ လှည့်ကာ ချက်ချင်းဆက်ပြောလိုက်သည်။
“အဲ့ဒီတုန်းက ရန်သူတွေလိုက်တာ ခံရပြီး ရှင်အစာငတ်သေမလို ဖြစ်နေခဲ့တာ၊ ကျွန်မက စေတနာထားပြီး ရှင့်ကို ကူညီပေးခဲ့တယ်၊ ရှင့်ကို နှစ် ၃၀ တိုင်တိုင် အပင်ပန်းခံပြီး ဂရုစိုက်ပေးခဲ့ရတာ၊ ကျွန်မ အောင်မြင်မှုတွေ သိပ်မရခဲ့ဘူး ဆိုရင်တောင် ကျေးဇူးတော့ တင်သင့်တယ် မဟုတ်ဘူးလား”
“ဒါပေမယ့် ကျွန်မ ရလိုက်တဲ့ ရလဒ်က ဘာတဲ့လဲ ? မိစ္ဆာအရှင်မင်းသားဆိုတဲ့ ရာထူးကိုပြန်ရတာနဲ့ ရှင်လုံးဝပြောင်း လဲသွားခဲ့တယ်၊ မောက်မာပြီး ရိုင်းစိုင်းလာတယ်၊ ကျွန်မကို တစ်ချက်ကလေးတောင် လှည့်မကြည့်ခဲ့ဘူး”
“ဟုတ်ပါတယ်၊ ရှင်က အဲ့ဒီတုန်းကလို သနားစရာကောင်းပြီး ခိုကိုးရာမဲ့နေတဲ့ သတ္တဝါလေးမှ မဟုတ်တော့တာ၊ အခု မိစ္ဆာမျိုးနွယ်ရဲ့ ဘုရင်ဖြစ်နေပြီပဲ! ရှင့်အတွက် ကျွန်မက ဝန်ထုပ်ဝန်ပိုးတစ်ခုသက်သက်ပဲ၊ အဲ့တာကြောင့် ကန်ထုတ်ချင်တာ မဆန်းပါဘူး”
ထိုစကားသံတွေကိုကြားပြီး ခံ့ညားထည်ဝါသည့် ဟမ်ယဲ့မျက်နှာ နီရဲသွားခဲ့သည်။ တစ်ချိန်တုန်းက အလွန်နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးလိမ္မာကာ သူ့အတွက် အရာရာပေး ဆပ်ခဲ့သည့် ‘ကျူးကျူး’က သူ့အပေါ် ဒီလိုစိတ်တွေထားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူ ဒေါသလည်းထွက်သလို စိတ်လည်းဖိစီးသွားခဲ့သည်။ သူ့မျက်နှာ ချက်ချင်းနီရဲသွားပြီး တစ်ခုခုပြောဖို့ကြံလိုက် ပါသည်။
“ငါ အဲ့လိုမဟုတ်…”
ယန်ရုန်ရုန် အမြန်ဖြတ်ပြောလိုက်သည်။
“ငြင်းဖို့ မကြိုးစားနဲ့နော်! ကျွန်မမှာ မျက်လုံးတွေ နားတွေရှိတယ်၊ ကျွန်မ ပစ္စည်းတွေကို ရှင်လွှင့်ပစ်လိုက်တာ ကျွန်မမျက်လုံးနဲ့ တပ်အပ်မြင်သလို ကျွန်မကို ဘယ်တုန်းကမှမသိခဲ့ဘူးဆိုပြီး ရှင်ပြောတာကိုလည်း နားနဲ့ဆက်ဆက် ကြားခဲ့ရတာ!”
“ရှင့်ကို ကာကွယ်ပေးဖို့ ကျွန်မ အသက်ကိုတောင် ရင်းခဲ့ရတယ်၊ ရှင်အာဏာရလာတာနဲ့ ကျွန်မကို အမှိုက်သရိုက်လို စွန့်ပစ်သွားတော့တာပဲ၊ ဟမ်ယဲ့… ရှင့်လို ကျေးဇူးကန်း နှလုံးသားမဲ့တဲ့ကောင်ကို ပါးရိုက်သတ်ပစ်ချင်လိုက်တာ!”
ပါးပြင်တစ်ခုလုံး ပူပြင်းတောက်လောင်သွားသလို ဟမ်ယဲ့ခံစားလိုက်ရသည်။ ယန်ရုန်ရုန် စကားတစ်ခွန်းတည်းနှင့်တင် မမြင်ရသည့် လက်ဖဝါးတစ်စုံက သူ့ပါးကိုတကယ်လာရိုက်နေသလို ဟမ်ယဲ့ ခံစားလိုက်ရသည်။
သူငြင်းဆန်ချင်ခဲ့သော်လည်း ယန်ရုန်ရုန်ကမူ အခွင့်အရေးမပေးခဲ့ပါ။
တစ်ဖက်မှာရှိနေသည့် နတ်ဆိုးအရှင်သခင်ထံ ယန်ရုန်ရုန် အကြည့်လှည့်လိုက်ပြီး သူ့နှာခေါင်းတည့်တည့်ကို လက် ညှိုးဖြင့်ထိုးကာ ငေါက်လိုက်သည်။
“ပြီးတော့ ရှင်! ရှင့်က အသူရာချောက်နက်ရဲ့အောက်ခြေမှာ ပိတ်လှောင်ခံထားရပြီး တစ်သက်လုံး ပြန်မွေးဖွားလာနိုင်ခွင့် မရှိခဲ့တဲ့လူပဲ”
“ကျွန်မ အသက်ကို စွန့်စားပြီး အသူရာချောက်နက်ထဲဆင်းပြီး ရှင့်ရဲ့အချုပ်အနှောင်တွေကို ဖျက်ဆီးပေးခဲ့တာ၊ အဲ့ဒီအတွက် ကျွန်မရဲ့ကျင့်ကြံမှုတွေအားလုံးကိုတောင် ဆုံးရှုံးခဲ့ရတယ်၊ ဒါပေမယ့် ရှင်ကျွန်မကို ဘယ်လို ဆက်ဆံခဲ့သလဲ”
“ကျွန်မကို နတ်ဆိုးနန်းတော်ထဲက လူတွေ အရှက်ခွဲတာကို ရှင်ဒီတိုင်းကြည့်နေခဲ့တယ်၊ ပြီးတော့ ‘ကျေးကျွန်’စာချုပ်မှာပါ လက်မှတ်ထိုးခိုင်းပြီး ရှင့်ဆီမှာ သေတဲ့အထိ တစ် သက်လုံး ကျွန်ခံခိုင်းခဲ့တယ်”
“ဒေါသထွက်စရာ ပိုကောင်းတာက အဲ့လိုကျွန်ခံရတာက ကျွန်မအတွက် ဂုဏ်ရှိတယ်ဆိုပြီးတော့တောင် ရှင်တွေးနေခဲ့တာပဲ! ကျွန်မက ရှင့်ကို ကျေးဇူးတောင်တင်ရဦးမှာပေါ့ ဟုတ်လား! ကျွန်မက အရူးမျက်ကန်းလို ရှင့်ကို ကယ်တင်ပေးခဲ့ရတာ၊ ရှင့်လို လူယုတ်မာမျိုးက အစကတည်းက တစ်သက်လုံး ပြန်မွေးဖွားမလာသင့်တာ!”
လင်းယွမ်မျက်နှာ မှောင်မိုက်သွားခဲ့သည်။ နတ်ဆိုးလောကကို သူ စတင်အုပ်ချုပ်ကတည်းက သူ့ကို ဒီလိုလေသံမျိုးနဲ့ စကားပြောရဲသူဟူ၍မရှိခဲ့ပေ။ ယန်ရုန်ရုန်သည် ပထမဆုံးနှင့်နောက်ဆုံးဖြစ်သည်။
အမျက်ဒေါသထွက်နေသည့် သူ့မျက်နှာကို ယန်ရုန်ရုန် လျစ်လျူရှုလိုက်ပြီး နောက်ဆုံးကျန်နေသည့် လူယုတ်မာဘက်ကို မျက်နှာလှည့်သွားခဲ့သည်။ ထို့နောက် ပါးစပ်ဟကာစကားလုံးများဖြင့် အားရပါးရ တိုက်ခိုက်တော့သည်။
“စိတ်ဖောက်ပြန်တာချင်း အတူတူယှဉ်လိုက်ရင်တောင် ရှုယင်ဆိုတဲ့ ရှင်က နံပါတ်တစ်ပဲ! မဟုတ်ဘူး နံပါတ်တစ် မကောင်းဆိုးဝါးဆိုရင် ပိုမှန်မယ်! ရှင်နဲ့ စဆုံတွေ့ခဲ့တဲ့ နေ့ကတည်းက ကျွန်မ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နှက်နေခဲ့တာ၊ ကျွန်မသွေးကို အသုံးချပြီး ရှင့်ရဲ့ ‘ရုပ်သေးရုပ်’တွေကို ဖန်တီးချင်လို့တဲ့လေ”
“နေ့တိုင်း နေ့တိုင်း ကျွန်မကို ဓားနဲ့မွှန်းတယ်၊ ဒဏ်ရာဟောင်းတွေ ပျောက်မသွားခင် ဒဏ်ရာအသစ်တွေ ထပ်ရောက်လာတယ်၊ ကျွန်မ ဘယ်လောက်တောင် နာကျင်ခဲ့ရမလဲဆိုတာ ရှင် တစ်ခါမှထည့်မတွက်ခဲ့ဘူး၊ ဟက်~… ရှင့်မျက်လုံးတွေထဲမှာ ကျွန်မက ရှင့်ရဲ့ရုပ်သေးရုပ်တွေဖန်တီးဖို့ ကုန်ကြမ်းသက်သက်ပဲ မဟုတ်လား”
“ကုန်ကြမ်းတွေဆိုတာ ဂုဏ်သိက္ခာမလိုအပ်ဘူး၊ ကုန်ကြမ်းတွေဆိုတာ နာကျင်မှုမရှိ၊ ကြောက်ရွံ့မှုမရှိရဘူး၊ ကုန်ကြမ်းတွေဆိုတာ ရှင်စေရာမှာ တိတ်တိတ်ထိုင်ပြီး သွေးထွက်ပေးဖို့ပဲ လိုအပ်တာမဟုတ်လား”
“ရှင့်ဘေးနားမှာ နေထိုင်ခဲ့ရတဲ့ နှစ် ၃၀ လုံးလုံး နှိပ်စက်ညှင်းပန်းမှုတွေနဲ့ပဲ ပြည့်နှက်နေခဲ့တာ၊ ကျွန်မကို သေလုမျောပါးဖြစ်ပြီး လူလို့ မထင်ရလောက်တော့တဲ့အထိနှိပ် စက်တယ်၊ အဲ့တာတောင် ရှင့်ကို ချစ်လားဆိုပြီးမေးရဲသေးတယ်နော်၊ သွားသေလိုက်!! ရှင့်လို တဏှာရူးမျိုးကို ချစ်ရအောင် ကျွန်မက ရူးနေတာမို့လို့လား မျက်စိကန်းနေတာမို့လို့လား!”
ယန်ရုန်ရုန်ကို ကြည့်ရင်း ရှုယင် မျက်လုံးများမှောင်မိုက်အေးစက်သွားခဲ့သည်။ သူ့နောက်ရှိ ဝိညာဉ်တစ္ဆေများလည်းတဖြည်းဖြည်း ကြမ်းကြုတ်လာခဲ့ကြပြီဖြစ်သည်။
ယောက်ျားလေးဦး၏ ကြောက်စရာသားရဲလိုအကြည့်တွေကိုမြင်သော်လည်း ယန်ရုန်ရုန် မကြောက်ရွံ့သည့်အပြင် သာယာမှုကိုပါ ခံစားလိုက်ရသည်။
ဒါတွေက သူ့ ခံစားချက်အစစ်အမှန်တွေပင်။ ယခင်တုန်းက ၎င်းတို့ထံမှ ကြင်နာမှုရရှိပြီး မစ်ရှင် အောင်မြင်ဖို့အတွက် ထိုခံစားချက်တွေကိုဖိနှိပ်ကာ သူတို့အပေါ် အရူးအမူးချစ်မြတ်နိုးချင်ယောင်ဆောင်ပြခဲ့ရသည်။
ထိုခံစားချက်တွေကို နှစ်ပေါင်းများစွာချုပ်တည်းထားခဲ့ရတာ အလွန်ပင်ပန်းရသည်။ ယနေ့မူ သူမ အားလုံးကိုဖွင့်ချနိုင်ခဲ့သည်။
ထိုခံစားချက်က အလွန်ကောင်းမွန်လွန်းလှသည်ပင်။