Ch 3
Viewers 2k

🌹Chapter 3




လင်းယွမ်မျက်လုံးများ သွေးချင်းနီသွားပြီး လေသံကလည်း အေးစက်ခက်ထန်သွားခဲ့သည်။


“အစကတော့ မင်းရဲ့ အပြစ်တွေကို ပြန်ပေးဆပ်နိုင်မယ့် အခွင့်အရေးပေးဦးမလို့ပဲ၊ မင်းအရင်တုန်းက ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ ငါ့ဆီပြန်လာပြီး ငါ့နားမှာ လိမ်လိမ်မာမာနဲ့နေပေးမယ်ဆိုရင် မင်းအပေါ် ငါသက်ညှာပေးလို့ရသေးတယ်၊ ဒါပေမယ့် ကြည့်ရသလောက်တော့ အဲ့လိုအခွင့်အရေးမျိုး မင်းမလိုချင်ဘူးထင်တယ်”


သူ့ခန္ဓာကိုယ်အတွင်းမှ သွေးနီရောင် နတ်ဆိုးစွမ်းအင်များ ဖြာထွက်လာခဲ့ပြီး သူ့နောက်မှာ ဧကရာမစပါးအုံးမြွေကြီးတစ်ကောင် ပေါ်လာခဲ့သည်။ မြွေကြီးက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ဝါးမျိုနိုင်လောက်အောင် ကြီးမားလွန်းပါသည်။


ဧရာမမြွေကြီးက ယန်ရုန်ရုန်ကို အချိန်မရွေး ဝါးမျိုတော့မည့်ဟန်ဖြင့် ၎င်း၏သွေးနီရောင်ပါးစပ်ကြီးကို ဖြဲပြကာ မာန်ဖီနေလေသည်။


ဟမ်ယဲ့လည်း သူ့မူလအသွင်ဖြစ်သည့် ဧရာမ ရှေးဟောင်းမိစ္ဆာသားရဲအသွင်ကို ပြန်ပြောင်းလဲသွားခဲ့သည်။ ၎င်း၏ ခြေသည်းများဖြင့် မြေကြီးကိုကုပ်ဖဲ့လိုက်သောအခါ လောကတစ်ခုလုံး တုန်လှုပ်သွားခဲ့ရပါသည်။


ယန်ရုန်ရုန်အား သွေးချင်းနီနေသည့် မျက်လုံးများဖြင့်ကြည့်ကာ ဟမ်ယဲ့ အရူးတစ်ယောက်သဖွယ် တတွတ်တွတ် ရေရွတ်နေခဲ့လေသည်။ 


“မဖြစ်ရဘူး… ငါ့ကို မချစ်လို့ မရဘူး!! မင်းနှလုံးသားထဲမှာ ငါပဲရှိတာ သေချာတယ်၊ ငါ့ကိုပဲ ချစ်တယ်လို့ ပြောစမ်းပါ!”


သူ့စကားသံတွေ တဖြည်းဖြည်းမြန်ဆန်သထက် မြန်ဆန်လာပြီး လေသံကလည်း တဖြည်းဖြည်းစူးရှလာက နောက် ဆုံးမှာတော့ နားကွဲမတတ် ဟိန်းဟောက်သံကြီးတစ်ခုအဖြစ်ပြောင်းလဲသွားတော့သည်။


တောင်ပေါ်မှာ နေထိုင်နေကြသည့် ဝိညာဉ်သားရဲများလည်း အန္တရာယ်ကို အာရုံခံမိသွားကြပြီး အရပ်မျက်နှာပေါင်းစုံသို့ ထွက်ပြေးကုန်ကြသည်။


ရှန်းဝမ်ချင်း၏ ဓားအရှိန်အဝါမှာလည်း အမြင့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ကာ ဖိအားက ပြင်းထန်လွန်းသဖြင့် သူ့ဝတ်ရုံလက်ပွတွေ လေထဲမှာ တဖျပ်ဖျပ် လွင့်မျောနေခဲ့လေသည်။ သူ့မျက်လုံးတွေ ရေခဲပြင်လို နက်ရှိုင်းမှောင် မိုက်နေခဲ့ပြီး သွေးဆာလောင်နေသည့် ရောင်ဝါများ တောက်ပနေခဲ့ပါသည်။ ဖြူရော်နေသည့် သူ့နှုတ်ခမ်းများကို တင်းကြပ်စွာ စည်းတင်းထားပြီး သတ်ဖြတ်ချင်နေသည့် မျက်နှာထားမျိုးဖြစ်နေသည်။


တစ်ချိန်တုန်းက တည်ငြိမ်အေးချမ်းပြီး ဖြောင့်မတ်မှန် ကန်သည်ဟု ကျော်ကြားခဲ့သည့် ဓားသခင်က ယခုမူ အမျက်ဒေါသ မီးတောက်၏ဝါးမျိုမှုကို ခံထားရသည်။ ဆင်ခြင်တုံတရားများကင်းမဲ့ကာ သူ့နှလုံးသားထဲ ဖိနှိပ်ထားခဲ့တာ ကြာပြီဖြစ်သည့် မိစ္ဆာစိတ်များနောက်ဆုံးတော့ ပွင့်အံထွက်လာခဲ့သည်။


ရှန်းဝမ်ချင်း၏ ဝူနျန်ဓားလည်း လေထဲမှာ ယိမ်းနွဲ့စွာလွင့်မျောနေခဲ့သည်။ 


ရှုယင် နောက်ရှိအငြှိုးတရားကြီးမားသည့် ဝိညာဉ်တစ္ဆေတွေကလည်း လက်သည်းတွေကိုထုတ်ရင်း ယန်ရုန်ရုန်ထံ ချဉ်းကပ်လာကြပြီဖြစ်သည်။


ဒီလေးဦးကို သူမ ယှဉ်နိုင်မှာမဟုတ်မှန်း ယန်ရုန်ရုန် နားလည်သည်။


အချိန် ၅ မိနစ်ပြည့်ပြီဖြစ်သဖြင့် ကောင်းကင်ဘုံမိုးကြိုးအဆောင်ကိုလက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ရင်း စနစ်ကို အမြန်ပြောလိုက်သည်။


“စနစ်! ငါ့ကို မြန်မြန်ခေါ်သွားစမ်း!”


သူမ အမြန်ဆုံး ထွက်မသွားပါက ဒေါသကြီးနေသည့် ယောက်ျားလေးဦးလက်ထဲ တစ်စစီဖြစ်သွားမည်မှာသေချာသည်။


စနစ်၏စက်ရုပ်လေသံ ချက်ချင်းထွက်ပေါ်လာခဲ့သည်။


“အချိန်ဥမင်ကို တည်ဆောက်ပြီးသွားပါပြီ၊ အချိန်ရေတွက်မှု စတင်ပါတော့မယ်၊ ငါး… လေး… သုံး… နှစ်…”


နောက်ဆုံးစက္ကန့်ကို ရောက်သောအခါ စနစ်၏ ရေတွက်သံ ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ ထို့နောက် လျှပ်စစ် ဝါယာရှော့ခ်ဖြစ်သလို ဆူညံသံများထွက်ပေါ်လာလေသည်။


ယန်ရုန်ရုန် စိတ်ဖိစီးသွားပြီး အမြန်မေးလိုက်သည်။ 


“ဘာ ဖြစ်နေတာလဲ!”


စနစ်က စူးစူးရှရှအသံဖြင့် အသိပေးလိုက်သည်။


“သတိပေးချက်! သတိပေးချက်! ဗိုင်းရပ်စ်ဝင်ရောက်မှုကို တွေ့ရှိပါတယ်! စနစ် ကုဒ် error - အချိန်ဥမင် ပရိုဂရမ် ဖန်တီးမှု မအောင်မြင်ပါ”


“အရေးပေါ်ပြုပြင်ဖို့ စနစ်မှစတင်ဆောင်ရွက်နေပါပြီ… ပြုပြင်မှု မအောင်မြင်ပါ”


“စိတ်ရှည်သည်းခံပြီး ခေတ္တစောင့်ပေးပါ စနစ်ပိုင်ရှင်၊ စနစ်မှ အရေးပေါ် အစီအစဉ်ကို မကြာခင် အတည်ပြု… ဂျီးးးးးးးး--”


လျှပ်စစ် တဂျီဂျီမြည်သံတွေ ပိုမိုကျယ်လောင်လာခဲ့သည်။


ထို့နောက် ရုတ်ခြည်းဆိုသလို တဂျီဂျီမြည်သံတွေ ပျောက်ကွယ်သွားပြီး ယန်ရုန်ရုန် အာရုံထဲက စနစ်၏အသံပါ လုံးဝ ပျောက်ကွယ်သွားတော့သည်။


ယန်ရုန်ရုန် ဘယ်လောက်ပဲ ကြိုးစားပမ်းစားခေါ်ကြည့်ပါစေ စနစ်မှမတုန့်ပြန်လာတော့ပေ။


စနစ်ဆိုတာ တစ်ခါတုန်းကမှ မရှိခဲ့သလိုမျိုး ပျောက်ကွယ်သွားခဲ့လေပြီ။


ဒီလိုမျိုးဖြစ်လာလိမ့်မည်ဟု လုံးဝထင်မထားခဲ့သဖြင့် ယန်ရုန်ရုန် ကြက်သေသေသွားခဲ့ရသည်။


ဘေးနားမှ သတ်ချင်ဖြတ်ချင်နေသော အရှိန်အဝါတွေကို ခံစားရမှ ယန်ရုန်ရုန် အသိစိတ်ပြန်ကပ်သွားခဲ့သည်။


လည်ပင်းတစ်ခုလုံး သံချေးတက်သွားသည့်နှယ် ယန်ရုန်ရုန် ခေါင်းကို တောင့်တောင့်တင်းတင်းမော့ကြည့်လိုက်ပါသည်။


သူမရှေ့မှာ ယောက်ျားလေးဦးက သားကောင်ကိုအမဲလိုက်တော့မည့် သားရဲတွေသဖွယ် အသင့်ဖြစ်နေလေပြီ။ သူမကမူ အမဲလိုက်ခံရတော့မည့် သိုးငယ်လေးဆိုတာသေချာပါသည်။


ယန်ရုန်ရုန်:  “…”


စနစ်… ခွေး စနစ်…!


နင် ငါ့ကို လုပ်ကြံလိုက်တာ!


ရှောင်လွှဲလို့မရနိုင်သည့် သေဘေးနှင့် ရင်ဆိုင်ရမှ ယန်ရုန်ရုန်တစ်ယောက် မကြာသေးခင်က ပြည့်ဝနေခဲ့သည့် မာန် မာနတွေအကုန် ပျောက်ကွယ်သွားပြီး နှလုံးသားထဲ အကြောက်တရား ဝင်ရောက်လာကာ ရှင်သန်လိုစိတ်များ တဖွားဖွားပေါ်လာခဲ့သည်။


တုန်ယင်နေသည့် သူ့ကိုယ် သူ တင်းကြပ်စွာဖကပ်ထားလိုက်ပြီး ထစ်ငေါ့နေသည့်လေသံဖြင့် ပြောလိုက်ပါသည်။


“ခု…ခုနက… ကျွန်…ကျွန်မ သရဲပူးခံလိုက်ရလို့လေ… အဲ့တာကြောင့်… အဲ့စကားတွေကို ပြောခဲ့တာ ကျွန်မ မဟုတ်ဘူးဆိုရင် ယုံကြမှာလားဟင်…”


လင်းယွမ် ပြုံးလိုက်ပြီး အဖြေမပေးဘဲ မေးခွန်းသာပြန်မေးလိုက်သည်။ 


“မင်းက ဘယ်လိုထင်လို့လဲ”


ယန်ရုန်ရုန် တံတွေးမျိုချလိုက်ပါသည်။ 


“ယုံပေးကြမယ်လို့ ထင်တာပဲ… အားလုံးက သဘော  မနောကောင်းကြတာပဲ ဥစ္စာ…”


ထို့နောက် ယန်ရုန်ရုန် မျက်နှာလိုမျက်နှာရလုပ်ကာ ပြုံးပြလိုက်သည်။


ဒီလိုအခြေအနေမျိုးမှာ ရန်သူနဲ့ တိုက်ရိုက်ရင်ဆိုင်လိုက်ပါက သေလမ်းတစ်လမ်းတည်းသာရှိသည်။


ယခုလိုအညံ့ခံရသည်မှာ ရှက်စရာကောင်းသော်လည်း သူမလွတ်မြောက်နိုင်မည့်လမ်းဟူ၍ ဒီတစ်လမ်းတည်းသာ ရှိသည်။


လင်းယွမ် လှောင်ပြုံးပြုံးကာ သရော်လိုက်သည်။ 


“ဒါပေမယ့် ခုနကပြောတော့ ငါ့က ပြန်မွေးဖွားမလာသင့်တဲ့ လူယုတ်မာဆို”


ယန်ရုန်ရုန်မျက်နှာ အလွန်ပြောင်းလဲသွားပြီး ကြင်နာစွာ ပြောလိုက်ပါသည်။ 


“ပြန်မွေးဖွားမလာသင့်တဲ့ လူယုတ်မာ ဖြစ်နေရင်တောင် ရှင့်ကို ကျွန်မ ချစ်နေဦးမှာပါ!”


ယန်ရုန်ရုန်ကို ခံစားချက်မဲ့စွာကြည့်ရင်း ရှုယင်လည်းဝင်ပြောလိုက်သည်။ 


“ငါ့ကို တဏှာရူးလို့ ခေါ်ခဲ့တာကကော”


ယန်ရုန်ရုန် ဘာမှစဉ်းစားမနေဘဲ အမြန်ပြန်ပြောလိုက်ပါသည်။ 


“တဏှာရူးဆိုရင်တောင် ရှင်က ထူးခြားတဲ့ တဏှာရူးပါ၊ အဲ့ဒီထူးခြားတဲ့ တဏှာရူးဆွဲဆောင်မှုလေးကိုပဲ ကျွန်မက ချစ် နေရတာ!”


သူ့စကားတွေကြောင့် ဟမ့်ယဲ အလွန်မကျေမနပ်ဖြစ်သွားခဲ့သည်။ သူ့လက်တစ်ဖက်ကိုမြှောက်ပြီး မြေကြီးကို အား ဖြင့် ထုရိုက်လိုက်ရာ ဧရာမချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။


“မင်း ငါ့ကို ပါးရိုက်သတ်ချင်တယ်လို့ ပြောခဲ့တာကကော!’


ယန်ရုန်ရုန်လည်း ပြန်အော်ကာ ရှင်းပြလိုက်သည်။


“ချစ်လို့ ရိုက်တာ ကြိုက်လို့ ဆဲတာဆိုတဲ့ ဆိုရိုးစကားမကြားဖူးဘူးလား ? ရှင့်ကို ရိုက်ချင်တာကတော့ တကယ်ပါ၊ ဒါပေမယ့် ရိုက်ချက်ပြင်းလေလေ ရှင့်အပေါ်ထားတဲ့ ကျွန်မရဲ့ မေတ္တာတရားတွေက ပိုနက်ရှိုင်းလာလေလေပဲ!”


တည်ငြိမ်သည့် ဓားသခင်က အေးစက်စွာဝင်မေးလိုက်သည်။ 


“မင်း ငါ့နားကို ဘာလို့ချဉ်းကပ်ခဲ့တာလဲ”


ယန်ရုန်ရုန် မျက်တောင်ပင်မခတ်ဘဲ ပြန်ပြောလိုက်သည်။ 


“ရှင့်ကို ချစ်လို့ပေါ့!! ရှင်က ရှင့်ရဲ့ရှစ်ကျဲကို သဘောကျတယ်ဆိုရင် ရှစ်ကျဲနဲ့တူအောင် ကျွန်မ နေပေးမယ်! အခြားတစ်ယောက်ယောက်ကို သဘောကျတယ်ဆိုရင်လည်း အဲ့ဒီအခြားတစ်ယောက်လို ကျွန်မ နေပေးမယ်! ရှင်းရှင်းပြောရရင် ရှင်ကြိုက်တဲ့ပုံစံအတိုင်း ကျွန်မ နေပေးမယ်! ရှင့်ကို ကျွန်မ အဲ့လောက်ထိ ချစ်တာ!”


လင်းယွမ် ၊ ရှုယင်၊ ဟမ်ယဲ့၊ ရှန်းဝမ်ချင်း : “………….”


ဒီမိန်းမ ဒီလောက်ထိအပြောင်းအလဲမြန်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပါ။


မကြာသေးခင်ကပဲ သူတို့တွေကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ဆဲဆိုခဲ့သူမှာ ယခုတော့ သူ မဟုတ်သလိုမျက် တောင်တစ်ချက်ပင် မခတ်ဘဲ စကားချိုချိုတွေကို တရစပ် ပြောနေခဲ့သည်။


ရှန်းဝမ်ချင်း၏မျက်တောင်မွှေးများ လှုပ်ခါသွားခဲ့ပြီးအေးစက်စူးရှသော်လည်း အနည်းငယ်ပျော့ပြောင်းသွားသည့် လေသံဖြင့် ပြောလိုက်သည်။ 


“အဓိပ္ပာယ်မရှိတာ… အဓိပ္ပာယ် လုံးဝမရှိဘူး!”


လင်းယွမ်ကလည်း သူမကို စိုက်ကြည့်ပြီး ခက်ထန်စွာ မေးလိုက်သည်။ 


“မင်းရဲ့အလိမ်အညာတွေကို ငါတို့ထပ်ယုံဦးမယ်လို့ ထင်နေတာလား”


ယန်ရုန်ရုန်ကို အေးစက်စွာကြည့်ရင်း ဟမ်ယဲ့ ဟိန်းဟောက်လိုက်သည်။ 


“အလှည့်စားခံရတာလောက် ငါမုန်းတာ မရှိဘူး! မင်းကို သတ်ပစ်ရမှ ကျေနပ်မယ်!!”


ရှုယင်လည်း ရေခဲတမျှ အေးစက်သောမျက်လုံးများဖြင့် ခြောက်သွေ့တိုးညှင်းစွာ ပြောလိုက်သည်။ 


“အမှန်ပဲ… မင်းကို ရုပ်သေးရုပ်တစ်ရုပ်အဖြစ် ပြောင်းလဲလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်ထင်တယ်...အဲ့တာဆို ငါ့ကို ဘယ်တော့မှ သစ္စာဖောက်လို့ရတော့မှာ မဟုတ်ဘူး”


ပတ်လည်တဝိုက်မှ သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပိုမိုမြင့်တက်လာသဖြင့် ယန်ရုန်ရုန် တုန်လှုပ်သွားခဲ့ရသည်။


ယခုအချိန် သူမ ခေါင်းထဲမှစနစ်ကို အပြင်ဆွဲထုတ်ပြီး အသေထိုးကြိတ်ပစ်ချင်မိသည်။


အဲ့ဒီသောက်စနစ်က အရေးအကြီးဆုံးအချိန်ကျမှ error တက်ရတယ်လို့!


ထိုစနစ်ကြောင့် သူမ ဘဝပျက်ရပါတော့မည်။


ယန်ရုန်ရုန် အားတင်းကာ စိတ်တည်ငြိမ်အောင်ထားလိုက်ပြီး ခေါင်းထဲအမြန်စဉ်းစားလိုက်သည်။


စကားလုံးချိုချိုလေးတွေနဲ့ အလုပ်မဖြစ်တော့သဖြင့် တခြားနည်းလမ်းကိုသာ အသုံးချရပါတော့မည်။


ရှေ့မှ အရှင်လေးပါးကို ယန်ရုန်ရုန် ချက်ချင်းအကဲခတ်လိုက်ပြီး နောက်ဆုံး ဓားသခင်ထံအကြည့်ရပ်သွားခဲ့သည်။


အရှင်လေးပါးအပေါ် သူမ နားလည်ထားပုံအရဆိုလျှင် ဒီဓားသခင်က သွေးအေးပြီး ရက်စက်တတ်သော်လည်း အားလုံးထဲမှာ ဂုဏ်သိက္ခာအမြင့်ဆုံးဟုဆိုနိုင်သည်။ သူမ လွတ်လမ်းရှာဖွေချင်လျှင် သူ့ဆီမှာ ရှာဖွေဖို့ အသင့်တော်ဆုံးဖြစ်သည်။


ချက်ချင်းဆိုသလို ချန်းဝမ်ချင်းခြေဖျားမှောက်မှာ ယန်ရုန်ရုန် ဒူးထောက်ချလိုက်ပြီး မျက်ရည်တွေစီးကျကာငိုယို တောင်းပန်လေတော့သည်။


“အရှင်! ကျွန်မကို အရှင်မုန်းတီးနေမှန်း သိပါတယ်! ကျွန်မရဲ့ ပြစ်မှုတွေကလည်း ခွင့်မလွှတ်နိုင်လောက်အောင်ကြီး မားမှန်း နားလည်ပါတယ်!”


“ဒီနေ့ ကျွန်မသေဆုံးရမယ့် ကံပါလာရင်တောင် အရှင့်လက်ထဲမှာပဲ သေဆုံးချင်မိတယ်၊ အရင်တုန်းက ဆရာတပည့် ဖြစ်ခဲ့ဖူးတဲ့ သံယောဇဉ်ကိုထောက်ထားပြီး နာကျင်မှုမရှိရအောင် အမြန်ဆုံးအဆုံးသတ်ပေးပါလို့ပဲ တောင်းဆိုချင်ပါတယ်!’


“ဒီဘဝမှာ အရှင်နဲ့ ခွဲခွာရတော့မယ်ဆိုပေမယ့် နောက်ဘဝကျရင် ထပ်ဆုံတွေ့နိုင်ဖို့ ဆုတောင်းမိတယ်…အရှင်လည်း နောင်ဘဝကျရင် ဒီတပည့်ဆိုးလေးကို မေ့မသွားဘဲ မှတ်မိနေဦးမယ်လို့ မျှော်လင့်ပါတယ် အဟင့် အဟင့်…”


ထို့နောက် ပျော့ပြောင်းနူးညံ့လှသည့် သူ့လည်ပင်းလေးကို စောင်းပေးလိုက်သည်။ အသတ်ခံရဖို့ အဆင့်သင့်ဖြစ်နေသည့် ငန်းဖြူလေးတစ်ကောင်ပမာ အပြစ်ကင်းစင်ပြီး ခွန်အားချည့်နဲ့နေခဲ့သည်။


မျက်ရည်တွေ အဆက်မပြတ်စီးကျနေသဖြင့် သူမ ပါးပြင်တစ်ခုလုံး စိုစွတ်နေခဲ့လေသည်။