🌹Chapter 9
ရှမ့်ယွင်ဂိုဏ်း တပည့်သား စုစုပေါင်း ၁၂ ယောက် ချင်းရှားလျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်လာကြသည်။ အားလုံးကို ယွင်ကျဲဟုခေါ်သည့် လူငယ်တစ်ဦးက ဦးဆောင်ထားပါသည်။
ယွင်ကျဲက ရှမ့်ယွမ်ဂိုဏ်းခေါင်းဆောင်ကြီး၏ တစ်ဦးတည်းသော သားဖြစ်ကာ တာအိုပညာရှင်ဝူယွင်၏ တပည့်အရင်းဖြစ်သည်။ အသက် ၁၆ နှစ်ဝန်းကျင်သာ ရှိသေးသည်ဟု ထင်ရသော်လည်း အခြေခံအုတ်မြစ်ချနောက် ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်သဖြင့် အားလုံးထဲမှာ ကျော်ကြားသည့် တပည့်သားတစ်ဦးပင်။
တစ်ချိန်တုန်းက ရှန်းဝမ်ချင်းလက်အောက်မှာ ယွင်ကျဲ ပညာသင်ကြားချင်ခဲ့သည်ဟု ကောလဟာလများ ရှိခဲ့သည်။ သို့သော်လည်း ရှန်းဝမ်ချင်းကမူ ယန်ရုန်ရုန်ကိုသာ ရွေးချယ်လိုက်ပါသည်။
ထို့ကြောင့် ယွင်ကျဲက ယန်ရုန်ရုန်အား အမြဲတမ်း ရန်လိုမုန်းတီးနေခဲ့သည်။
ဂိုဏ်းမှာရှိစဉ် ယန်ရုန်ရုန်အား သူအထင်အမြင်သေးစက် ဆုပ်စွာ ဆက်ဆံခဲ့သည်။ ဓားသခင်အပေါ် သူမ ဘယ်ဘလောက်ထိ စွဲလမ်းနေသလဲဆိုတာကို သိလိုက်ရပြီးနောက် ငန်းသားစားချင်နေသည့်ဖားဟု လှောင်ပြောင်ခေါ်ဆိုခဲ့ပါသေးသည်။
ယခု ယန်ရုန်ရုန်က ရုပ်ပြောင်းရုပ်လွှဲပညာဖြင့် မျက်နှာကို ပြောင်းလဲထားသဖြင့် ကျင့်ကြံခြင်းအဆင့်တူညီသည့် ယွင်ကျဲက ဖောက်ထွင်းမမြင်နိုင်ခဲ့ပေ။ သူမကို သာမန်ဖြတ်သွားဖြတ်လာဟု ထင်သွားပြီး တစ်ချက်လောက်လှည့်ကြည့်ပြီးနောက် လျစ်လျူရှုခဲ့ပါသည်။
အပြင်ပန်းမှာတော့ ယန်ရုန်ရုန် ထိုက်တောင်လို တည်ငြိမ်နေသော်လည်း ရင်ထဲမှာတော့ ပျာယာခတ်နေပါပြီ။ စိတ်ထဲမှာလည်း ထပ်ခါထပ်ခါ တွေးနေခဲ့သည်။
‘ဒီနေရာကနေ သံသယဖြစ်စရာမကောင်းအောင် ဘယ်လိုထွက်သွားရမလဲ!’
ကျန်းချွမ်နှင့် ကျိုးယွမ်တို့နှစ်ယောက်ကို ယွင်ကျဲ စိုက်ကြည့်နေဆဲဖြစ်သည်။ နှစ်ယောက်စလုံးက လှုပ်လည်းမလှုပ် စကားလည်း မပြောကြသဖြင့် သူ့ဘက်က အရင် မိတ်ဆက်လိုက်ပါသည်။
“ကျုပ်က ရှမ့်ယွင်ဂိုဏ်းရဲ့ တပည့်သားယွင်ကျဲပါ၊ ဒါက ကျုပ်ရောင်းရင်းတွေ၊ တာအိုရောင်းရင်းတို့ နှစ်ယောက်ကိုကော ဘယ်လိုခေါ်ရမလဲ သိခွင့်ရှိမလား”
ရှက်စရာပုံစံနဲ့ လူမိသွားသဖြင့် ကျန်းချွမ်နှင့် ကျိုးယွမ်တို့ ထွက်ပြေးချင်စိတ်ကလွဲပြီး ဘာမှမစဉ်းစားနိုင်တော့ပါ။ သူတို့ သေချင်ယောင် ဆောင်ချင်ခဲ့ကြသော်လည်း ‘ရှမ့်ယွင်ဂိုဏ်း’ဟူသည့် အသံကိုကြားသောအခါ အတွေးများ ချက်ချင်းပျောက်ကွယ်သွားခဲ့ပါသည်။
သူတို့နှလုံးသားထဲ မျှော်လင့်ချက်စိုးစင်းလေးတစ်ခုပေါ် လာခဲ့သည်။
ဒါတွေက ရှမ့်ယွင်ဂိုဏ်းရဲ့ တပည့်သားတွေပဲ!
ကျင့်ကြံခြင်းလောကမှာ ဦးဆောင်နေသည့် ထိပ်သီးဂိုဏ်းတစ်ခုဖြစ်တာကြောင့် ရှမ့်ယွင်ဂိုဏ်းမှာ ပညာရှင်တွေ အများကြီး ရှိကြသည်။ ထို့အပြင် သူတို့က အားနည်းသူကို ကယ်တင်ပေးပြီး တရားမျှတမှုကို လိုလားကြသည့် ‘လူကောင်း’တွေ ဖြစ်ကြပါသည်။
ရှမ့်ယွင်ဂိုဏ်းသားတွေကိုသာ အကူအညီတောင်းလိုက်ပါက သူတို့ဝမ်းဗိုက်ထဲရှိ ကူပိုးကောင်များကို ဖယ်ရှားနိုင်ချေ ရှိလောက်သည်။
“ကျုပ်တို့ကို ကယ်ပါဦး တာအိုရောင်းရင်း!”
“ကျုပ်တို့က ကျီရှောင်ဂိုဏ်းရဲ့ တပည့်သားတွေပါ၊ အရည် အချင်းစစ်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ရောက်လာခဲ့ပေမယ့် နယ် မြေထဲ ဝင်လာတာနဲ့ ဒီမိစ္ဆာမကိုတွေ့တာပဲ!”
“အဲ့မှာရပ်နေတဲ့ ဝတုတ်မလေးပါ! သူ့ကျင့်ကြံခြင်းအဆင့်မြင့်နေတာကို အသုံးချပြီး ကျုပ်တို့ကို ကူဆေးလုံးတွေ မျိုချခိုင်းပြီး နည်းလမ်းပေါင်းစုံနဲ့အရှက်ခွဲခဲ့တာ!”
“ကျုပ်တို့ သေလုမျောပါးဖြစ်အောင် နှိပ်စက်ခံခဲ့ရတယ်၊ ရှမ့်ယွင်ဂိုဏ်းရဲ့ တာအိုရောင်းရင်းတို့ ကျေးဇူးပြုပြီး ကျုပ်တို့ကို ကယ်တင်ပေးပါ!”
နှစ်ယောက်သား အသနားခံရင်း ဒူးထောက်ချလိုက်ကြပါသည်။
ယွင်ကျဲ ထိတ်လန့်သွားသည်။ ပထမတော့ လမ်းမေးဖို့အတွက်သာ သူတို့နှစ်ယောက်ထံချဉ်းကပ်ခဲ့ခြင်းဖြစ် သည်။ သူဘာမှ မပြောနိုင်ခင် ထိုနှစ်ယောက်က အကုန်စင်ဖွင့်ချလာခဲ့သည်။
သူတို့စကားတွေကို နားလည်နိုင်ဖို့ ယွင်ကျဲ အချိန်အတော်ကြာအောင် စဉ်းစားလိုက်ရပြီး နောက်ဆုံး ‘ကျင့်ကြံသူ ဝတုတ်မလေး’ကို လှည့်ကြည့်လိုက်သည်။
ယန်ရုန်ရုန် လစ်ထွက်ဖို့ ခြေလှမ်းပြင်နေစဉ် ယွင်ကျဲအကြည့်ကို အာရုံခံမိသောအခါ ကြက်သေသေသွားပြီး ချက်ချင်း ငြင်းဆန်လိုက်သည်။
“ငါဘာမှမလုပ်ဘူး! ဘာမှမလုပ်ရသေးဘူး! သူတို့ပေါက် ကရပြောတာကို မယုံနဲ့!”
ထိုဝတုတ်မလေးကို ယွင်ကျဲ အကဲခတ်လိုက်သည်။ ထို့ နောက် သူ့ခါးမှာ ချိတ်ဆွဲထားသည့် အဖိုးတန်ဓားအပေါ် မျက်စိကျသွားခဲ့သည်။
ခုနက တစ်ချက်လောက်သာ လှည့်ကြည့်ခဲ့သဖြင့် သတိမထားမိခဲ့သော်လည်း ယခုသေသေချာချာ ကြည့်လိုက်မှ ထိုဓားကို ရင်းနှီးနေသည်ဟု ခံစားရပါသည်။
နေပါဦး… အဲ့ဒီဓားကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ…
ယန်ရုန်ရုန် ရင်တုန်သွားခဲ့သည်။
‘လခွမ်း…လခွမ်း! ငါ့သရုပ်မှန် ခဏလေးနဲ့ ပေါ်သွားတော့မှာလား!’
ယွင်ကျဲအာရုံထဲ တစ်ခုခုကို သတိရသွားပြီး မျက်နှာလည်း ချက်ချင်းပြောင်းလဲသွားပါသည်။
သူ မှတ်မိပါပြီ။ ထိုဓားက ဝူဝမ့်ဓားဖြစ်ပြီး စန်းချွမ်အမြဲ တမ်း ကိုင်ဆောင်ထားသည့် ဓားတစ်လက်ဖြစ်သည်။
မျက်စိတစ်မှိတ်အချိန်အတွင်း ယန်ရုန်ရုန်ရှေ့သို့ ယွင်ကျဲ ရောက်ရှိလာခဲ့သည်။ ထို့နောက် သူမမျက်နှာကို ခပ်စူးစူး စိုက်ကြည့်ရင်း မေးလိုက်ပါသည်။
“မင်း ဘယ်သူလဲ ? မင်း လက်ထဲကို ဝူဝမ့်ဓား ဘာလို့ရောက်နေရတာလဲ”
ယန်ရုန်ရုန်ရင်ထဲ လိပ်ပြာမလုံစိတ်များ တဖွားဖွားပေါ်လာခဲ့ပါသည်။ ခြေလှမ်းတွေ နောက်ဆုတ်သွားပြီး မသိနားမလည်သည့် ပုံစံမျိုးဖြင့် ပြန်မေးလိုက်ပါသည်။
“ဟင် ဘယ်က ဝူဝမ့်ဓားလဲ”
ယခု ရှမ့်ယွင်ဂိုဏ်း တပည့်သားအားလုံးက သူမကို ဝန်းရံထားလိုက်ပြီဖြစ်သဖြင့် ယန်ရုန်ရုန် ထွက်မပြေးနိုင်တော့ပါ။
ယန်ရုန်ရုန် စိတ်အေးအေးထားဖို့ အစွမ်းကုန်ကြိုးစားလိုက်ပြီး ထပ်ပြောလိုက်ပါသည်။
“နင်တို့ဘာတွေပြောနေတာလဲ ငါနားမလည်ဘူး၊ တစ်ခုခုတော့ မှားနေပြီထင်တယ်နော်”
“ငါဘယ်တော့မှ မမှားနိုင်ဘူး!”
ယွင်ကျဲ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
“ဝူဝမ့်ဓားနဲ့ ဝူနျန်ဓားက ဓားညီနောင်တွေပဲ! ဝူနျန်ဓားက သိုင်းဦးလေးရှန်းရဲ့ အသက်ဝိညာဉ်ဓားမို့လို့ သွားလေရာ ယူဆောင်သွားလေ့ရှိတယ်၊ ပြီးတော့ စန်းချွမ်ကို အဲ့ဒီဝူဝမ့်ဓား လက်ဆောင်ပေးခဲ့တာ၊အဲ့ဒီဖြစ်ရပ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါ့မျက်လုံးနဲ့တပ်အပ်မြင်ခဲ့ရတာ”
“အခု အဲ့ဒီဓားက မင်းလက်ထဲရောက်နေတယ်၊ အကြောင်း ပြချက်ကောင်းကောင်း မပေးနိုင်ဘူးဆိုရင် ငါလည်း ရွေးချယ်စရာမရှိဘဲ မင်းကို ဂိုဏ်းဆီဖမ်းခေါ်သွားပြီး သိုင်းဦးလေးရှန်းလက်ထဲ အပ်ရလိမ့်မယ်!”
သူပြောနေသည့် သိုင်းဦးလေးရှန်းဆိုတာ ရှန်းဝမ်ချင်းကို ဆိုလိုခြင်းဖြစ်သည်။
ပထမတော့ ယွင်ကျဲလည်း ကောင်းကင်ဘုံနန်းတော်နှင့် ပတ်သတ်သည့် သဲလွန်စများကို ရှာဖွေဖို့ လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်လာခဲ့တာဖြစ်သည်။ သို့သော် သိပ်မကြာခင်ကမှ ဆက်သွယ်ရေးအဆောင်မှတဆင့် ပို့ဆောင်လိုက်သော ရှန်းဝမ်ချင်း၏အမိန့်ကို ရရှိခဲ့သည်။
လျှို့ဝှက်နယ်မြေအတွင်း ရောက်ရှိနေသည့် စန်းချွမ်ကို ရှာတွေပြီး ပြန်ခေါ်လာဖို့ဖြစ်သည်။
ယွင်ကျဲ ရှန်းဝမ်ချင်းကို အရူးမျက်ကန်းလို ကြည်ညိုလေးစားသည်။ သူလေးစားရသည့် ဓားသခင် စိတ်မပျက်စေဖို့အတွက် ဒီတာဝန်ကို အောင်မြင်အောင် ထမ်းဆောင်မည်ဟု ကျိန်ဆိုခဲ့ပါသည်။
ဝူဝမ့်ဓားကို ယန်ရုန်ရုန်အား ရှန်းဝမ်ချင်းကိုယ်တိုင် လက် ဆောင်ပေးခဲ့ခြင်းဆိုတာ မှန်ကန်ပါသည်။ ယန်ရုန်ရုန့်လက်ထဲ ထိုဓားရှိနေတာ အတော်ကြာပါပြီ။
ယန်ရုန်ရုန်လည်း ဓားအပေါ် အလွန်သံယောဇဉ်ရှိသည်။ သို့သော် ဒီလိုအခြေအနေမျိုးမှာ ဒီဓားက သူမအတွက် အဟန့်အတားတစ်ခုဖြစ်လာပြီ ဖြစ်သဖြင့် ဆက်ဆောင်ထားလို့ မဖြစ်တော့ပါ။
အနီးနားမှာရှိနေသည့် ကျန်းချွမ်နှင့် ကျိုးယွမ်တို့ကို ယန်ရုန်ရုန်လှည့်ကြည့်လိုက်ပြီး ကြည်လင်ပြတ်သားစွာပြောလိုက်သည်။
“နင်တို့ ငါ့ကို လေးစားတယ်ဆိုပြီး ဒီဓားလက်ဆောင်ပေးခဲ့ကြတာ မဟုတ်ဘူးလား ? ဒီဓားကို ငါဘယ်လိုရလာလဲ မြန်မြန်ရှင်းပြလိုက်လေ!”
ထိုစကားတွေကို ကြားပြီးနောက် ကျန်းချွမ်နှင့် ကျိုးယွမ်တို့ဘက်သို့ အားလုံးအကြည့်ရောက်သွားခဲ့ကြသည်။
သူတို့နှစ်ယောက် အလွန်မှင်သက်သွားခဲ့ပါသည်။ ‘ငါတို့နဲ့ ဘာဆိုင်လို့လဲ!’
ကျိုးယွမ် ချက်ချင်း ငြင်းဆန်လိုက်သည်။
“အဲ့ဒီဓားက ငါတို့ဟာ မဟုတ်ဘူး! မဟုတ်တမ်းတရားတွေ မစွပ်စွဲနဲ့!”
ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားပြီး နာကျင်စွာပြောလိုက် ပါသည်။
“ခုနက နင်တို့ အန္တရာယ်တောထဲ ကျရောက်နေလို့ ငါဝင်ကူညီပေးခဲ့တာ၊ အဲ့ဒါကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ ငါ့ကို ဒီဓား လက်ဆောင်ပေးခဲ့ကြတာ မဟုတ်ဘူးလား ? ငါ့နောက်လိုက်တွေလုပ်ပြီး ငါ့အမိန့်မှန်သမျှကို နာခံမယ်လို့တောင် ပြောခဲ့တာလေ၊ အဲ့တာတွေအကုန်လုံး နင်တို့ပြောခဲ့တာ မဟုတ်ဘူးလား ? ဘာလို့ ရုတ်တရက်ကြီး ငါ့ကို သစ္စာ ဖောက်နေကြတာလဲ”
ကျန်းချွမ် ပြန်ချေပလိုက်သည်။
“ငါတို့ အဲ့တာမျိုးတစ်ခွန်းမှ မပြောဖူးဘူး မင်းလိမ်နေတာ!”
ယွင်ကျဲကိုကြည့်ကာ ကျိုးယွမ်အလောတကြီး ပြောလိုက်သည်။
“တာအိုရောင်းရင်း! ကျုပ်တို့ကို ယုံကြည်စမ်းပါ! အဲ့ဒီမိန်းမတစ်ကိုယ်လုံး အလိမ်အညာတွေနဲ့ ပြည့်နေတာ၊ ကျုပ်တို့ကို သူဘာမှကယ်တင်ပေးခဲ့တာ မဟုတ်ဘူး၊ အဲ့ဒီဓားကလည်း အစကတည်းက သူ့အပိုင်ပဲ!”
ယန်ရုန်ရုန် ပြန်ချေပလိုက်သည်။
“ငါနင်တို့ကို ကယ်တင်ပေးခဲ့တာ မဟုတ်ဘူးဆိုရင် ငါ့နောက်ကိုဘာလို့ ကြည်ကြည်ဖြူဖြူနဲ့ လိုက်လာကြတာလဲ!”
“ငါတို့ဗိုက်ထဲ မင်း ကူပိုးကောင်တွေ ထည့်ထားတာကိုး!!”
ကျန်းချွမ် ဒေါသတကြီး ဟိန်းဟောက်လိုက်ပါသည်။
ကျိုးယွမ်ကလည်း ချက်ချင်း ထောက်ခံလိုက်သည်။
“အမှန်ပဲ! သူကျုပ်တို့ကို ကူဆေးလုံးတွေ တိုက်ထားတာ၊ တာအိုရောင်းရင်းတစ်ချက်လောက် စစ်ကြည့်လိုက်တာနဲ့ ဘယ်သူအမှန်တရားကို ပြောနေတာလဲ သိရလိမ့်မယ်!”
ကူဆေးလုံးဆိုတာ တားမြစ်ထားသည့် ပညာရပ်တစ်ခုဖြစ်သည်။ ဖြောင့်မတ်သည့် ကျင့်ကြံသူဆိုလျှင် ဒီလို အောက်တန်းကျသည့် ပညာကို သုံးစရာလိုမှာ မဟုတ်ပါ။
ယွင်ကျဲကိုယ်တိုင် စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ကူပိုးကောင်တွေကို အမှန်တကယ်ရှာတွေ့ပါက ထိုနှစ်ယောက် အမှန်တရားပြောနေတာဖြစ်ပြီး ဒီအမျိုးသမီးကျင့်ကြံသူက ယုတ်ညံ့သူဖြစ်လိမ့်မည်။
ကျိုးယွမ်နှင့် ကျန်းချွမ်တို့ကို ယွင်ကျဲ အနားခေါ်လိုက်ပြီး သူတို့ရင်ဘတ်ပေါ် လက်ဖဝါးဖြင့် ဖိကာ နတ်အာရုံဖြင့် အာရုံခံလိုက်ပါသည်။
ယွင်ကျဲ၏ နတ်အာရုံက သူတို့နှလုံးသွေးကြားများမှတဆင့် တစ်ကိုယ်လုံးဆီ ပြန့်နှံ့သွားခဲ့ပြီး ကိုယ်တွင်းအင်္ဂါတိုင်းကို ရှာဖွေနိုင်ခဲ့ပါသည်။
နောက်ဆုံးမှာတော့ သူဘာမှ ရှာမတွေ့ခဲ့ပေ။
ယွင်ကျဲ နတ်အာရုံကို ပြန်ပိတ်သိမ်းလိုက်ပြီး သူတို့နှစ်ယောက်ကို ခံစားချက်မဲ့စွာကြည့်လိုက်ပါသည်။
“မင်းတို့ခန္ဓာကိုယ်ထဲ ဘာ ကူပိုးကောင်မှ မရှိဘူး”
ကျန်းချွမ်နှင့် ကျိုးယွမ်တို့ ကြက်သေသေသွားခဲ့ပါသည်။
‘ဘယ်… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!’
ကျိုးယွမ် ဂယောင်ချောက်ချားဖြစ်စွာ ပြောလိုက်သည်။
“တာအိုရောင်းရင်း မှားနေပြီထင်တယ်! သူကျုပ်တို့ကို ကူဆေးလုံးတွေ တကယ်သောက်ခိုင်းခဲ့တာ! ကျုပ်တို့ ကျိန်ရဲပါတယ်!”