🌹Chapter 8
ကျန်းချွမ်နဖူးပေါ် ဝူဝမ့်ဓားထိပ်ကို ရွယ်လျက် ယန်ရုန်ရုန် တည်ငြိမ်စွာပြောလိုက်သည်။
“အခု နင်တို့မှာ ရွေးစရာလမ်းနှစ်လမ်းပဲရှိတော့တယ်”
“ပထမလမ်းကတော့ ငါနင်တို့ကို တစ်ချက်တည်းနဲ့သေအောင် ခုတ်သတ်ပစ်လိုက်မယ်”
ကျန်းချွမ် နှစ်ခါပြန်မတွေးဘဲ ချက်ချင်း ရွေးချယ်လိုက်ပါသည်။
“ဒုတိယလမ်းကို ရွေးပါ့မယ်!”
ကျိုးယွမ်လည်း ခေါင်းအသည်းအသန်ညိတ်ရင်း ထောက် ခံသည်။
ထိုအခါ ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ ဆေးလုံးနှစ်လုံးထုတ်ကာ သူတို့နှစ်ယောက်ရှေ့ ပစ်ချပေးလိုက်သည်။
“တစ်ယောက်တစ်လုံး သောက်လိုက်ကြ”
ဆေးလုံးများကို ကျန်းချွမ်သံသယဖြစ်စွာကြည့်လိုက်ကြသည်။
“ဒါ ဘာလဲ”
ယန်ရုန်ရုန်လည်း စိတ်ရှည်လက်ရှည် ရှင်းပြလိုက်ပါသည်။
“ကူဆေးလုံးလို့ ခေါ်တယ်၊ ဆေးလုံးတစ်လုံးမှာ ကူပိုး ကောင် ဥတစ်လုံးစီပါတယ်၊ အဲ့ဒီဆေးကို သောက်လိုက်တာနဲ့ နင်တို့ဗိုက်ထဲ ကူပိုးကောင်တွေပေါက်လာမယ်၊ အခုချိန်ကစပြီး ငါ့ဆီကရမယ့် ဖြေဆေးတွေကို နင်တို့ အချိန်မှန်မှန် သောက်သုံးဖို့လိုတယ်၊ မဟုတ်ရင်တော့ နင်တို့ဗိုက်တွေထဲက ကူပိုးကောင်တွေ ဖောက်ထွက်လာပြီး အူတွေပုပ်ရင်း အသေဆိုးနဲ့သေသွားရမယ်”
ကျန်းချွမ်နှင့် ကျိုးယွမ်တို့နှစ်ယောက်စလုံး ထိုဆေးကိုမသောက်ချင်ကြပါ။
သို့သော် ဝူဝမ့်ဓားက သူတို့ခေါင်းပေါ်တည့်တည့်မှာ ရောက်နေပြီဖြစ်သည်။
မသောက်ဘူးဟု ပြောရဲပါက ဦးခေါင်းခွံထဲ ဓားသွား ဝင်လာနိုင်ပါသည်။
ကျိုးယွမ်ခက် ခက်ခဲခဲ ပြောလိုက်သည်။
“အရည်အချင်းစစ်ပြိုင်ပွဲမှာ ကျင့်ကြံသူအချင်းချင်းမသတ်ဖြတ်ရဘူးလို့ တားမြစ်ထားတယ်လေ”
ယန်ရုန်ရုန် မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း အပြစ်ကင်းစင်စွာပြောလိုက်သည်။
“ဘာကို ကျင့်ကြံသူအချင်းချင်း သတ်ဖြတ်တာလဲ ? ဒါ ပညာချင်းဖလှယ်တယ်လို့ ခေါ်တယ်၊ နင်တို့သေသွားရင်တောင် အစွမ်းအစမရှိလို့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ် တင်သင့်တာ မဟုတ်ဘူးလား”
ထို့နောက် ကျိုးယွမ်ကို လှည့်ကြည့်ကာ သူမ မေးလိုက်သည်။
“အဲ့ဒီစကားလုံးတွေ နင်ကိုယ်တိုင် ပြောခဲ့တာမဟုတ်ဘူးလား”
ကျိုးယွမ် ငိုချင်သွားသော်လည်း မျက်ရည်ကျမလာခဲ့ပါ။ နောင်တရလွန်းသဖြင့် အူများပင် စိမ်းဖန့်လာရပါပြီ။
ဒီဝတုတ်မလေးကို သူတို့ အလွယ်တကူလှည့်စားနိုင်လိမ့် မည်ဟု ထင်ခဲ့ကြသည်။ ဒီလောက် မာကျောသည့် အခွံမာသီးဖြစ်နေလိမ့်မည်ဟု မထင်မိခဲ့ကြပေ။ တကယ့် သံမဏိပြားကိုမှ ခြေထောက်နဲ့ သွားကန်မိလိုက်ခြင်းဖြစ် သည်။
အချိန်တွေသာနောက်ပြန်ဆုတ်လို့ရလျှင် သူတို့ ဓားပြတိုက်စားဖို့ စဉ်းပင်စဉ်းစားရဲလိမ့်မည် မဟုတ်တော့ချေ။
နောက်ဆုံးတော့ ယန်ရုန်ရုန်၏ခြိမ်းခြောက်မှုများကြောင့် သူတို့နှစ်ယောက် ကူဆေးလုံးများကို သောက်လိုက်ရသည်။
ရည်မှန်းချက် အောင်မြင်သွားပြီဖြစ်သဖြင့် ယန်ရုန်ရုန်လည်း ဓားကို ဓားအိမ်အတွင်း ဂွပ်ခနဲမြည်အောင် ပြန်သွင်းလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက်ကို ကြင်ကြင်နာနာ နှစ်သိမ့်အပြုံးဖြင့် ကြည့်လိုက်သည်။
“နင်တို့ ရုတ်တရက်ကြီး ဗိုက်ပြည့်သွားသလို ခံစားရတယ်မလား၊ စိတ်မပူပါနဲ့၊ အဲ့တာ ကူပိုးကောင်တွေ သားပေါက်လာပြီမို့လို့၊ အခုချိန်ကစပြီး နင်တို့ ငါ့နောက်လိုက်ရမယ်၊ ငါပြောတဲ့အတိုင်းသာလုပ်၊ နင်တို့ လိမ္မာမယ်ဆိုရင် ငါကလည်း အခက်တွေ့အောင် မလုပ်ပါဘူး”
ထိုစကားကို ကြားပြီးနောက် နဂိုကတည်းက တုန်ယင်နေသည့် ကျန်းချွမ်နှင့် ကျိုးယွမ်တို့ ပိုချောက်ခြားသွားကြသည်။ နှစ်ယောက်သားအတူတူပူးကပ်ရင်း ငိုမဲ့မဲ့ဖြစ်သွားကြလေသည်။
ယန်ရုန်ရုန် အမိန့််ပေးလိုက်သည်။
“ဟုတ်ပြီ သွားကြစို့”
ကျန်းချွမ် သတ္တိမွေးကာ တုန်တုန်ယင်ယင် မေးလိုက်ပါသည်။
“ဘယ်…ဘယ်ကို သွားရမှာလဲဟင်”
ယန်ရုန်ရုန်: “ကြက်သွားဖမ်းကြမယ်လေ”
ကြက်ဖမ်းမည်ဆိုတာ ဘာကိုဆိုလိုမှန်း ကျန်းချွမ်နှင့် ကျိုးယွမ်တို့ နားမလည်ကြပေ။ သို့သော် သူတို့အသက်သည် သူမ လက်ထဲမှာ ရှိနေသဖြင့် ဘာမှ မမေးရဲတော့ပါ။ ထို့နောက် အနိုင်ကျင့်ခံထားရသော ချွေးမလေးတွေလို ယန်ရုန်ရုန်နောက် တကုပ်ကုပ်လိုက်ခဲ့ရတော့သည်။
-
ကုန်းမြေတိုက်ကြီးကိုးခုရှိ အကျော်ကြားဆုံး နေရာတစ်ခုဖြစ်သဖြင့် ချင်းရှားလျှို့ဝှက်နယ်မြေမှာ ကောလဟာလများစွာရှိနေသည်။ အထင်ပေါ်အကျော်ကြားဆုံး ကောလ ဟာလကတော့ သမိုင်းဝင် ကောင်းကင်ဘုံနန်းတော်အကြောင်းပင်။
ဒီနယ်မြေအတွင်းမှာ ကောင်းကင်ဘုံနန်းတော်တစ်ခုကို သိုဝှက်ထားကြပြီး ထိုနန်းတော်ထဲမှာ နတ်ရတနာများဖြင့် ပြည့်နှက်နေသည်ဟု ဆိုကြသည်။ ထိုနန်းတော်ကိုသာ ရှာဖွေပါက ကျင့်ကြံခြင်းအတွက် များစွာ အထောက်အကူပြုနိုင်လိမ့်မည်။
သို့သော် နှစ်ပေါင်းများစွာကြာသည့်တိုင် ကျင့်ကြံသူများစွာ ရှာဖွေခဲ့သော်လည်း ဘယ်သူမှ ရှာမတွေ့ခဲ့ကြသေးပါ။ ထိုကောင်းကင်ဘုံနန်းတော်ဆိုတာ အမှန်တကယ်မရှိဟု အများစုကကောက်ချက်ချခဲ့ကြပြီဖြစ်သည်။
ဒါကို ယန်ရုန်ရုန်လည်း သိပါသည်။ သို့သော် သူ့ထံ ရွေးချယ်စရာမရှိပေ။
သူ ဒီမှာရှိနေမှန်း လူတိုင်းသိသွားကြလေပြီ။ ရှန်းဝမ်ချင်း၊ ဟမ်ယဲ့၊ လင်းယွမ်၊ ရှုယင်တို့ ထွက်ပေါက်မှာ စောင့်နေကြမှာ သေချာသည်။ ဒီကနေ ခြေတစ်လှမ်းထွက်လိုက်တာနဲ့ သူ ကြိမ်းသေအဖမ်းခံရလိမ့်မည်။
သို့သော် လျှို့ဝှက်နယ်မြေကိုလည်း အချိန်တစ်ခုကြာသော အခါ ပိတ်ပစ်လိုက်ကြမှာဖြစ်သည်။ ထို့ကြောင့် သူမ ဒီမှာပဲ တစ်သက်လုံး ပုန်းနေနိုင်မည်မဟုတ်ပါ။
ကောင်းကင်ဘုံနန်းတော်က သူမအတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။ ရာဇဝင်တွေသာ မှန်ကန်ပါက ထိုအထဲမှာ သူမကိုယ်သူမ ကာကွယ်နိုင်မည့် ရတနာတစ်ခုခု ရှာတွေ့နိုင်ချေရှိသည်။ လမ်းဆုံးတစ်ခုမှာ ရှင်သန်မှုကို ရှာတွေ့လိုက်သလိုမျိုး ဖြစ်လိမ့်မည်။
ရှမ့်ယွင်ဂိုဏ်း၏စာကြည့်တိုက်ထဲ ယန်ရုန်ရုန် မွှေနှောက်ခဲ့စဉ် ထိုကောင်းကင်ဘုံနန်းတော်၏ပုံရိပ်ကို အဝေးမှလှမ်းမြင်ခဲ့ဖူးသော တပည့်သားတစ်ယောက် အကြောင်း ကို ဖတ်ခဲ့ရဖူးသည်။ သို့သော် ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်တစ်ကောင်၏တိုက်ခိုက်မှုကြောင့် နန်းတော်အတွင်းသို့ ဝင်ရောက်ခွင့်မရခဲ့ပေ။
ငှက်ကြီး လက်မှလွတ်သွားသောအခါ နန်းတော်ပုံရိပ်က ပျောက်ကွယ်သွားခဲ့ပါပြီ။ ထို ရွှမ်နျောင်ငှက်ကြီးက နန်းတော်အစောင့်အရှောက်ဖြစ်မည်ဟု ဂိုဏ်းခေါင်းဆောင်ကြီးများက သုံးသပ်ကြသည်။
တစ်နည်းအားဖြင့် ငှက်ကိုရှာတွေ့ပါက နန်းတော်ကိုလည်း ရှာတွေ့ပါလိမ့်မည်။
တစ်ခုတည်းသော ပြဿနာကတော့ အမြင်မခံချင်သည့် ငှက်တစ်ကောင်အား မည်သို့ရှာဖွေရမလဲဆိုတာပင်…
-
နှစ်နာရီခန့်ကြာပြီးနောက်…
ကျန်းချွမ်နှင့် ကျိုးယွမ်တို့တစ်ကိုယ်လုံး ရောင်စုံငှက်မွေးများဖြင့် ဖုံးလွှမ်းနေခဲ့ကြသည်။ ခပ်လှမ်းလှမ်းက ကြည့်လိုက်လျှင် သူတို့နှစ်ယောက် အကောင်ကြီးကြီး ကြက်တွေနဲ့ တူနေပါသည်။
ယန်ရုန်ရုန်က အနီးနားမှာထိုင်နေကာ ကြက်ကင်စားရင်း ၎င်းတို့ကို ဝေဖန်လေကန်နေခဲ့သည်။
“အဲ့မှာ ငတုံးတွေလို ရပ်မနေနဲ့လေ ပြေးရမှာပေါ့”
အရှက်တကွဲ အကျိုးနည်းဖြစ်နေသော်လည်း ကျန်းချွမ်နှင့် ကျိုးယွမ်တို့ တွန့်ဆုတ်စွာ စပြေးရလေတော့သည်။
ယန်ရုန်ရုန် မကျေမနပ်ဖြစ်သွားသည်။
“မျက်နှာတွေက အီးမှန်ထားတာလား၊ ရွှမ်နျောင်ငှက်ကို အဲ့လိုပုံစံနဲ့ မျှားခေါ်လို့ ရမလား ? ပြုံးထားစမ်း! ခန္ဓာကိုယ်ကို လှုပ်ပြလိုက်၊ နည်းနည်းပါးပါး ဆွဲဆောင်မှုရှိအောင် နေစမ်းပါ!”
နှစ်ယောက်သား နာနာကျင်ကျင် အပြုံးတစ်ခုပြုံးလိုက်ကြပါသည်။
ယန်ရုန်ရုန် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
“နင်တို့အပြုံးက ငိုတာထက်တောင် ပိုရုပ်ဆိုးသေးတယ်”
သူတို့နှစ်ယောက် ထွက်ပြေးချင်ကြသော်လည်း ထွက်ပြေးဖို့ကြိုးစားပါက အသက်ပါ ဆုံးရှုံးလိမ့်မည်။ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ သည်းခံထားရပါမည်။
ယန်ရုန်ရုန်က ကြက်ရိုးတစ်ချောင်းကို လွှင့်ပစ်လိုက်ပြီး ကြက်တောင်ပံတစ်ဖက် ထပ်ယူကာ ဆက်ညွှန်ကြားလိုက်သည်။
“နင်တို့နှစ်ကောင်လုံး တော်တော် အသုံးမကျတာပဲ၊ အကုန် လုံးကို လိုက်သင်ပေးနေရတယ်၊ အဲ့တာကြောင့်လည်း ကျင့်ကြံခြင်းအဆင့်တွေက ဒီလောက်နိမ့်နေကြတာ၊ နှစ်ယောက်ပေါင်းလိုက်တာတောင် ငါ့ကို အနိုင်မယူနိုင်ဘူး”
ဒေါသကို ချုပ်တည်းထားရသဖြင့် နှစ်ယောက်စလုံးမျက် နှာတွေ နီမြန်းနေကြသော်လည်း ပါးစပ်ပိတ်ထားကြရသည်။
ယန်ရုန်ရုန်: “ဆက်လှုပ်နေကြလေ! ခါးလေးတွေကိုလှုပ်၊ လက်လေးတွေကိုခါ၊ ဖင်တွေလေးကိုကော့ပြီး ကကြစမ်းပါ! ကျက်သရေရှိအောင် နေစမ်း! ငါ့ကို ဘာလို့ အဲ့လိုကြည့်နေတာလဲ၊ ဖြေဆေး မလိုချင်ဘူးလား”
ရွှမ်နျောင်ငှက်မှာ အရောင်တောက်တောက်တွေကို သဘောကျသည်ဟု သူ ကောလဟာလကြားဖူးသည်။ အမှန်တကယ်ဟုတ်ရဲ့လား မသိနိုင်သော်လည်း သူ့အတွက် အရှုံးမရှိသဖြင့် ကြိုးစားကြည့်သင့်သည်။
‘ဖြေဆေး’ဟူသည့် အသံကို ကြားလိုက်ရသောအခါ ကျန်းချွမ်နှင့် ကျိုးယွမ်တို့ နှလုံးသားကို ဓားဖြင့်ရွယ်ထားခံရသလို ခံစားလိုက်ကြရသည်။
ထို့ကြောင့် ယန်ရုန်ရုန်အမိန့်အတိုင်း လိုက်လုပ်ခဲ့ကြသည်။ ခါးတွေကိုတောင့်တောင့်တင်းတင်း လှုပ်ခါရင်း လက်တွေပေါ်က ငှက်မွေးတွေ လှုပ်ခါသွားစေဖို့အတွက် လက်တွေကို အားရပါးရ ခါရမ်းနေရသည်။
ကြက်တောင်ပံပေါ်က လက်ကျန်အသားတွေကို ကုန်အောင်စားရင်း ယန်ရုန်ရုန်ငေါက်လိုက်သည်။
“ဖင်ကို ကော့ထားလို့ပြောနေတယ်! အဲ့ဒီငှက်မွေးတွေကို ဒေါင်းတစ်ကောင်လို ဖြာပြလိုက်စမ်းပါ! ပျော့ပျော့ပြောင်းပြောင်းဖြစ်အောင်လုပ် သစ်သားတုံးကြီးတွေလို တောင့်မနေနဲ့!”
အရှက်ရစရာအဖြစ်ကို အောင့်အီးသည်းခံရင်း နှစ်ယောက်သား တင်ပါးတွေကို ကော့လိုက်ပြီး ‘ဆွဲဆောင်မှု’ရှိအောင် အကောင်းဆုံး ကြိုးစားလိုက်ရသည်။ ဒီနေရာကို ဘယ်သူမှရောက်မလာစေဖို့သာ ဆုတောင်းကြရတော့သည်။
သူတို့ကို အခုလိုပုံစံမျိုးနဲ့ တစ်ယောက်ယောက်မြင်သွားပါက ကျင့်ကြံခြင်းလောကထဲ မျက်နှာထပ်ပြရဲတော့မည် မဟုတ်ပေ။
သို့သော်လည်း ကောင်းကင်ဘုံက သူတို့ကိုပြက်ရယ်ပြုချင်ပုံရသည်။
ကြည်လင်ပြတ်သားသည့် လူငယ်တစ်ဦး၏အသံ ရုတ် တရက်ထွက်ပေါ်လာခဲ့ပါသည်။
“မင်းတို့… ဘာလုပ်နေကြတာလဲ”
ကျန်းချွမ်နှင့် ကျိုးယွမ်တို့ကြက်သေသေသွားကြသည်။ အခုချိန်မှာ ကျင်းတူးပြီး မြေကြီးထဲဝင်အောင်းနေလို့ရလျှင် သိပ်ကောင်းမည်ဟု ခံစားလိုက်ကြရသည်။
လခွမ်း!
တစ်ယောက်ယောက် ရောက်လာပြီ!
ယန်ရုန်ရုန်လည်း အသံလာရာဘက်သို့ ကြည့်လိုက်သည်။ ရောက်လာသူတွေကိုမြင်သောအခါ သူညရင်တုန်သွားခဲ့သည်။
ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါလား!
ထိုလူများမှာ တခြားသူများမဟုတ်ဘဲ ရှမ့်ယွင်ဂိုဏ်းမှ တပည့်များဖြစ်ကြလေသည်။