🌹Chapter 7
လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ကို အဖြူရောင်မြူစိုင်များက ဖုံးလွှမ်းထားသည်။
မြှူခိုးမြူငွေ့တွေကြားထဲမှ ယန်ရုန်ရုန်ထွက်လာသောအခါ သူမ ပထမဆုံး မြင်လိုက်ရသည့်အရာက အဆုံးမရှိအောင် ကျယ်ပြောသည့် အဖြူရောင်နှင်းလွင်ပြင်ကြီးသာ။
အရိုးထိအောင် အေးစိမ့်သွားစေသည့် လေညင်းတစ်ချက်က သူမမျက်နှာပေါ်တိုးဝှေ့လာခဲ့ပါသည်။ ကျင့်ကြံသူ တစ်ဦး ဖြစ်နေသော်လည်း ယန်ရုန်ရုန် ခိုက်ခိုက်တုန်သွားခဲ့ရသည်။
ယန်ရုန်ရုန် လက်နှစ်ဖက်ကို ပွတ်တိုက်ရင်း ပခုံးကိုကွေးကာ ရှေ့သို့ ဆက်လျှောက်လှမ်းလာခဲ့သည်။ သူမ ခြေလှမ်းနှစ်လှမ်းသာ လှမ်းရသေးချိန် လမ်းပိတ်ဆို့ခံလိုက်ရပါသည်။
“ဟေ့! ရပ်လိုက်စမ်း!”
သူ့ရှေ့မှာ ပိတ်ရပ်နေသူနှစ်ဦးက ယောက်ျားလေး ကျင့်ကြံသူနှစ်ဦးဖြစ်သည်။ နှစ်ယောက်စလုံးက အခြေခံအုတ်မြစ်အဆင့် ရှိမည်ဟု ထင်ရသည်။
ခရမ်းရောင်ဝတ်ရုံတွေကို ဆင်တူဆင်မြန်းထားသဖြင့် ဂိုဏ်းတူညီသည့် တပည့်သားတွေဖြစ်နိုင်ပါသည်။
ယန်ရုန်ရုန်လည်း ခြေလှမ်းတွေ ရုတ်တရက် ရပ်တန့်လိုက်ရသည်။
“ဘာဖြစ်လို့လဲ”
ထိုနှစ်ယောက်က ယန်ရုန်ရုန်ကို ခေါင်းအစခြေအဆုံးအကဲ ခတ်ကြည့်လိုက်ကြသည်။ သာမန်အသွင်အပြင်နှင့် ခပ်နွမ်းနွမ်း အဝတ်အစားတို့ကိုမြင်သောအခါ ကမ္ဘာကြီး၏တစ် ထောင့်တစ်နေရာရှိ ပေါပေါပဲပဲ ဂိုဏ်းတစ်ခုမှ လာခဲ့တာဖြစ်မည်ဟု ခန့်မှန်းလိုက်ကြသည်။ ထို့ကြောင့် နှစ်ယောက်စလုံး ချက်ချင်းမောက်မာသွားခဲ့ကြပါသည်။
တပည့်သားတစ်ယောက်က မေးငေါ့ပြီး အထက်စီးဆန်စွာ မေးလိုက်သည်။
“မင်းက ဘယ်ဂိုဏ်းကလဲ ? နာမည်ဘယ်လိုခေါ်လဲ ? မင်းဆရာ ဘယ်သူလဲ’
ထိုနှစ်ယောက်ရည်ရွယ်ချက်ကို ယန်ရုန်ရုန် မခန့်မှန်းနိုင်သဖြင့် အမှန်အတိုင်းပြောဖို့ စိတ်ကူးမရှိပါ။ ထို့ကြောင့် အဖြေတစ်ခု အမြန်ဖန်တီးလိုက်ပါသည်။
“ကျွန်မက ဟွားကော်တောင်ကလာတာပါ၊ မျိုးရိုးက စွန်းဖြစ်ပြီး ဆရာကရွှမ်ကျန်းလို့ခေါ်ပါတယ်”
ဟွားကော်တောင်ဆိုတာကို နှစ်ယောက်စလုံးမကြားဖူးကြသလို ရွှမ်ကျန်းဟူသည့်အမည်က ပိုလို့တောင် စိမ်းကားနေပါသေးသည်။ သူတို့ခန့်မှန်းထားတာ မှန်ကန်သည့်ပုံစံပင်။ ဒီဝတုတ်မလေး အဆင့်နိမ့်သည့် နေရာတစ်ခုမှ ရောက်လာခဲ့ခြင်းဖြစ်ပါလိမ့်မည်။
ထို့ကြောင့် သူတို့ကြောက်စရာမလိုတော့ပေ။
နှစ်ယောက်သား အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကြသည်။ ဘယ်ဘက်ရှိ တစ်ယောက်က မောက်မာစွာပြောလိုက်ပါသည်။
“ငါတို့က ကျီရှောင်ဂိုဏ်းရဲ့ တပည့်သားတွေပဲ၊ ငါက ကျန်းချွမ်၊ ဘေးကတော့ ငါ့ရဲ့ ဂိုဏ်းတူအစ်ကို ကျိုးယွမ်ပဲ၊ ကျီရှောင်ဂိုဏ်းဆိုတာကို မင်းလည်းကြားဖူးမှာပေါ့၊ ငါတို့ဂိုဏ်းက မင်းရဲ့မဖြစ်စလောက် ဟွားကော်တောင်လို မဟုတ်ဘူး၊ ကျီရှောင်ဂိုဏ်းဆိုတာ လောကကိုးပါးမှာ အကျော်ကြားဆုံး ဂိုဏ်းတစ်ခုပဲ၊ ငါတို့ကိုမြင်ရင် ဘယ်ဂိုဏ်းကမဆို ရိုသေလေးစားရတယ်”
ယန်ရုန်ရုန်လည်း ထို ကျီရှောင်ဂိုဏ်းဆိုတာကိုကြားဖူးသည်။
သူမ ရွှမ်ယွဲ့ဓားသခင်၏တပည့်ဖြစ်လာခါစ အချိန်တုန်းက ဂိုဏ်းပေါင်းများစွာမှ ဂုဏ်ပြုလက်ဆောင်တွေ အများကြီး ပို့ပေးခဲ့ကြသည်။ ထိုကျီရှောင်ဂိုဏ်းကလည်း တစ်ခုအပါအဝင်ပင်။
သို့သော် ရွှမ်ယွဲ့ဓားသခင်က အေးစက်တည်ငြိမ်ပြီး လူတွေနဲ့ပတ်သတ်ရတာ သဘောမကျသဖြင့် သံတမန်တွေအား လုံးဂိုဏ်းထဲပင်ဝင်ခွင့်မရခဲ့ဘဲ ပြန်စေလွှတ်ခံခဲ့ရသည်။
ယန်ရုန်ရုန် ဝန်ကျေတန်းကျေ ခေါင်းညိတ်လိုက်သည်။ “ဪ အဲ့တာဆို အစ်ကိုတို့က အရမ်းတော်တာပေါ့”
ကျန်းချွမ်ဘဝင်ပိုမြင့်သွားပြီး မေးစေ့ကို မိုးထိုးမတတ် ငေါ့ကာ ပြောလိုက်သည်။
“ဒါပေါ့!”
ကျိုးယွမ်ကလည်း စိတ်ပူချင်ယောင်ဆောင်ကာ ဝင်ပြောလိုက်ပါသည်။
“ညီမလေးစွန်း၊ ချင်းရှားလျှို့ဝှက်နယ်မြေဆိုတာ သာမန်နေရာတစ်ခုမဟုတ်ဘူး၊ ညီမလို အားနည်းပျော့ညံ့တဲ့ လူတစ်ယောက်က ထွက်ပေါက်ကို အလွယ်တကူ ရှာနိုင်မှာ မဟုတ်ဘူး၊ လမ်းတစ်လျှောက်မှာ အန္တရာယ်တွေနဲ့ ကြုံလာရရင်ကော ဘယ်လိုလုပ်မလဲ၊ သူတစ်ပါးကို ကူညီဖေးမရမယ်လို့ အစ်ကိုတို့ဆရာက အမြဲတမ်း ဆုံးမလေ့ရှိတယ်၊ ညီမက တစ်ယောက်တည်းဖြစ်နေပြီး သနားစရာလည်းကောင်းတာမို့လို့ အစ်ကိုတို့နဲ့ အတူတူလိုက်ခွင့် ပြုလိုက်မယ်”
ကျန်းကျွမ်ကလည်း သံယောင်လိုက်ကာ ထောက်ခံလိုက်သည်။
“အစ်ကိုတို့တွေ ရှိနေရင် ညီမ ဘာမှ စိတ်ပူစရာဈမလိုတော့ဘူး”
ယန်ရုန်ရုန် ကြည်နူးသွားချင်ယောင် ဆောင်လိုက်ပြီး မဝံ့မရဲပြောလိုက်ပါသည်။ “အစ်ကိုတို့က သဘောကောင်းလိုက်တာ။ ဒါပေမယ့် ညီမတို့က သူစိမ်းတွေမဟုတ်ဘူးလား။ ဘာလို့ ကူညီပေးချင်ရတာလဲ”
ဒီနှစ်ယောက်က လူကောင်းတွေမဟုတ်မှန်း သိသာလွန်းပါသည်။ အကြောင်းမဲ့ ကောင်းပြနေခြင်းက လိမ်ညာဖို့ သို့မဟုတ် ကောက်ကျစ်ဖို့သာဖြစ်နိုင်သည်။
သေချာပါသည်။ စက္ကန့်ပိုင်းလောက်ကြာတော့ ကျန်းချွမ်က လက်ဖဝါး ဖြန့်ပြလိုက်သည်။
ထို့နောက် သွားဖြီးလျက် သူပြောလိုက်သည်။
“အစ်ကိုတို့က လူကောင်းတွေဆိုပေမယ့် အလကားတော့ လုပ်ပေးလို့မရဘူးလေ၊ အဲ့တာကြောင့် ဝိညာဉ်ကျောက်တုံး တစ်ရာကျော်ကျော်လောက် ဆုချသင့်တယ်”
သူမခါးတွင် ချိတ်ထားသည့် ချန့်ခွင်းအိတ်ကို ဆုပ်ကိုင်ကာ ယန်ရုန်ရုတ် ပြောလိုက်သည်။
“ဒါပေမယ့် ကျွန်မမှာ ဝိညာဉ်ကျောက်တုံး အဲ့လောက်အများကြီးမှ မရှိတာ…”
ကျိုးယွမ် ချက်ချင်းဖြတ်ပြောလိုက်သည်။
“မှော်ရတနာတွေ ဒါမှမဟုတ် ဝိညာဉ်အဆောင်ပစ္စည်းတွေဆိုလည်း ဖြစ်တယ်၊ ဘာမှမရှိဘူးဆိုရင်တောင် ညီမနဲ့အတူပါလာတဲ့ အဖိုးတန်ဓားလေးဆိုလည်း မဆိုးပါဘူး”
ကျိုးယွမ်က အမြင်စူးရှပါသည်။ ဝတုတ်မလေး၏ ဓားက သာမန်ဟုထင်ရသော်လည်း အလွန်လက်ရာမြောက်လှသည်။ နတ်အာရုံဖြင့် အကဲခတ်ကြည့်လိုက်ပါက ထိုဓားပတ်လည်မှာ ဝိညာဉ်စွမ်းအင်တွေ ဝန်းရံနေတာကို ခံစားမိပါလိမ့်မည်။
ဒါကိုကြည့်ခြင်းအားဖြင့် ထိပ်တန်းအဆင့် ဝိညာဉ်ဓားတစ်လက်ဖြစ်မှန်း သိနိုင်လိမ့်မည်။
ယန်ရုန်ရုန်က ပြန်မေးလိုက်သည်။
“မပေးနိုင်ဘူးဆိုရင်ကော”
“အဲ့တာဆို ငါတို့အဆိုး မဆိုနဲ့ပေါ့ကွာ”
ဒီအခြေအနေအထိ ရောက်လာပြီဖြစ်သဖြင့် ကျန်းချွမ်နဲ့ ကျိုးယွမ်တို့ ဟန်ဆောင်မျက်နှာဖုံးတွေ ခွာချလိုက်ကြပြီး ပေါ်တင် ဓားပြတိုက်လေတော့သည်။
သူတို့ ဒီလိုလုပ်ဖူးတာ ပထမဆုံးအကြိမ်မဟုတ်ပေ။ တစ်ဦးတည်း ရှိနေတတ်သည့် ကျင့်ကြံသူငယ်သားများကို မကြာခဏ ဓားပြတိုက်တတ်သည်။ အထူးသဖြင့် ကျင့်ကြံခြင်းအဆင့်နိမ့်ပြီး နောက်ခံအင်အားမကောင်းသူတို့က သူတို့အတွက် လွယ်ကူသည့် ပစ်မှတ်များဖြစ်ပါသည်။
ထိုကျင့်ကြံသူတွေ မတရားသဖြင့်ခံခဲ့ရလျှင်တောင် သူတို့ကို တိုင်ကြားပြီး တရားမျှတမှု ရယူနိုင်မည်မဟုတ်ပေ။
ထိုကဲ့သို့ ကောက်ကျစ်သည့်နည်းလမ်းများကိုသုံးပြီး သူတို့နှစ်ယောက် အကျိုးအမြတ်အများကြီး ရရှိခဲ့ကြပါသည်။
ဒီနေ့ လျှိ့ဝှက်နယ်မြေထဲ ဝင်ရောက်လာပြီးနောက် ကျန်းချွမ်နှင့် ကျိုးယွမ်တို့က အခြားကျင့်ကြံသူတွေလို ရတနာတွေ အပြေးမရှာဖွေခဲ့ကြပေ။ ထို့အစား ဝင်ပေါက်နားမှာသာ ပုန်းနေပြီး ထောင်ချောက်ထဲဝင်လာမည့် ‘ယုန်ငယ်များ’ အား စောင့်ကြိုနေခဲ့ပါသည်။
ဒီတစ်ခေါက် ယုန်ငယ်လေး ယန်ရုန်ရုန်ကို သူတို့မိသွားခဲ့ကြသည်။
ကျန်းချွမ်နှင့် ကျိုးယွမ်တို့နှစ်ဦးစလုံးက အခြေခံအုတ်မြစ် နောက်ပိုင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။ သူတို့ နှစ်ယောက်သာ ပူးပေါင်းလိုက်ပါက ယန်ရုန်ရုန်ကို အနိုင်ယူဖို့ မခက်ခဲနိုင်ပေ။
အကြောက်တရားကင်းမဲ့နေသည့် သူတို့နှစ်ယောက်ကို ကြည့်ရင်း ယန်ရုန်ရုန် မေးလိုက်ပါသည်။
“ကျွန်မ မှတ်မိတာသာ မမှားရင် အရည်အချင်းစစ်ပြိုင်ပွဲမှာ ကျင့်ကြံသူတွေ အချင်းချင်းသတ်ဖြတ်ခွင့်မရှိဘူးလို့ တားမြစ်ထားတာ ဟုတ်တယ်မလား ? ကျွန်မ ရှင်တို့ကို တိုင်လိုက်မှာ မကြောက်ဘူးလား”
သူ့ကို ကျန်းချွမ် အသတ်ခံရတော့မည့် ဝဝဖြိုးဖြိုး သိုးငယ်လေးသဖွယ် ကြည့်လိုက်ပြီး လှောင်ရယ်ရယ်လိုက်သည်။
“ငါတို့မင်းကို မသတ်ပါဘူး၊ မင်းနဲ့ ‘ပညာချင်း ဖလှယ်’ချင်ရုံပါ၊ တကယ်လို့ ငါတို့ မင်းကိုမတော်တဆ သတ်မိသွားရင်တောင် မင်းကိုယ်မင်း အသုံးမကျလို့ အပြစ်တင်ရုံပဲရှိမယ်၊ ဒါက ကျင့်ကြံခြင်းလောကကွ၊ ကျင့်ကြံခြင်းလောကမှာ အားကြီးသူသာ အနိုင်ရစတမ်းပဲ”
ကျိုးယွမ် စိတ်မရှည်စွာ ပြောလိုက်သည်။
“အချိန်ဖြုန်းမနေနဲ့၊ မင်းမှာရှိသမျှ ဝိညာဉ်ကျောက်တုံးတွေ အကုန်ပေးစမ်း!”
ယန်ရုန်ရုန် အလွန်ကြောက်ရွံ့သွားချင်ယောင်ဆောင်လိုက်သည်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ကျွန်မပေးပါ့မယ်! ကျောက်တုံးတွေကို ရပြီးသွားရင် ကျွန်မကို လွှတ်ပေးမယ်ဆိုတဲ့ ကတိကို တည်ပါစေနော်”
ပြောပြောဆိုဆိုနဲ့ ချန့်ခွင်းအိတ်ထဲ သူ့လက်နှိုက်လိုက်သည်။
ကျန်းချွမ်နှင့် ကျိုးယွမ်တို့နှစ်ယောက်စလုံး အောင်မြင်မှုလက်တစ်ကမ်းအလိုကို ရောက်နေပြီဟု ထင်ခဲ့ကြသည်။ ယန်ရုန်ရုန်ထံမှ ဝိညာဉ်ကျောက်တုံးများနှင့် ရတနာတွေအားလုံး အကုန်ပြောင်အောင် ဘယ်လို ဓားပြတိုက်ရမလဲ အကြံထုတ် စဉ်းစားနေကြစဉ် အဖြူရောင် အလင်းတန်းတစ်ခုထွက်လာတာကို ရုတ်တရက် မြင်လိုက်ကြရသည်။
မကြာသေးခင်ကမှ ကြောက်ရွံ့တုန်လှုပ်နေခဲ့သည့် ယန်ရုန်ရုန်မျက်နှာကမူ လုံးဝပြောင်းလဲသွားခဲ့ပါပြီ။
ဝူဝမ့်ဓားကိုလည်း ဓားအိမ်အတွင်းမှ ထုတ်လိုက်ပြီဖြစ် သည်။ နှင်းလိုဖြူဖွေးသည့် ဝူဝမ့်ဓားသွားက လေထုကို လခြမ်းသဏ္ဌာန်ဖြစ်အောင် ပိုင်းဖြတ်လိုက်ရာ အားကောင်းသည့် ဓားလေပြင်းတစ်ချက်က ကျန်းချွမ်နှလုံးသားတည့်တည့်ကို လာရောက်ရိုက်ခတ်သွားသည်။
အဖြစ်အပျက်တွေ မြန်ဆန်လွန်းသဖြင့် ကျန်းချွမ် ထိတ် လန့်တကြားဖြစ်ကာ ခြေလှမ်းတွေ နောက်ဆုတ်သွားခဲ့ပါသည်။
ကျိုးယွမ်လည်း သူ့ဝိညာဉ်လက်နက်ကို အမြန်ဆင့်ခေါ်လိုက်သည်။
သူ့လက်နက်က လျှပ်စီးများဖြင့် ဝန်းရံကာ အလွန်တောက် ပနေသည့် ငွေရောင်တူတစ်ချောင်းဖြစ်သည်။
ကျန်းချွမ်နှင့် ကျိုးယွမ်တို့ နှစ်ယောက်စလုံးက အခြေခံအုတ်မြစ် နောက်ပိုင်းအဆင့်ကို ရောက်ရှိနေတာဖြစ်သဖြင့် နှစ်ယောက်ပေါင်းလိုက်လျှင် သာမန်အခြေခံအုတ်မြစ်အဆင့်ရှိ ကျင့်ကြံသူတိုင်းကို အနိုင်ယူနိုင်ပါသည်။
ထို့ကြောင့်လည်း လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်လာသည့် ကျင့်ကြံသူတွေကို ပစ်မှတ်ထားရဲတာဖြစ်သည်။ ဒီနယ်မြေထဲကို အခြေခံအုတ်မြစ်အဆင့်ထက် မြင့်မားသူတွေ ဝင်မလာနိုင်မှန်း သူတို့ကောင်းကောင်း သိကြပါသည်။
ကံမကောင်းစွာဖြင့် ယန်ရုန်ရုန်က သာမန်အခြေခံအုတ်မြစ် ကျင့်ကြံသူမဟုတ်ပေ။
တစ်ချိန်တုန်းက ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်အထိ ရောက်အောင်ကျင့်ကြံခဲ့ဖူးသည်။ မသေမျိုးလောကမှာ အကြွင်းမဲ့ စွမ်းအားကို ပိုင်ဆိုင်ထားသူမဟုတ်သော်လည်း သူမကို ဘယ်သူမှရန်မစရဲကြပေ။
နောက်တော့ သူမကျင့်ကြံခြင်းတွေ လုံးဝပျက်စီးသွားခဲ့ရပြီး ဝိညာဉ်ရင်းမြစ်ကိုပါထိခိုက်သွားခဲ့ရသည်။ နှစ်ပေါင်းများစွာကြာအောင် ခက်ခက်ခဲခဲပြန်လေ့ကျင့်ခဲ့သော်လည်း အခြေခံအုတ်မြစ်အဆင့်ထိသာ ရောက်နိုင်ခဲ့ပါသည်။
သို့သော် ယန်ရုန်ရုန်၏ စိတ်ဓာတ်နှင့် အတွေ့အကြုံတို့က သာမန်အခြေခံအုတ်မြစ်ကျင့်ကြံသူတွေထက် အများကြီး ပိုသာလွန်သည်။
မိစ္ဆာဘုရင်၊ နတ်ဆိုးအရှင်သခင်၊ တစ္ဆေဧကရာဇ်နှင့် ဓားသခင်တို့လို လူတွေကို နှိုင်းယှဉ်ဖို့လောက်အထိ ယန်ရုန်ရုန်၏ စွမ်းရည်က မမြင့်မားပေ။
သို့သော် သာမန်အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူနှစ်ဦးနဲ့ ရင်ဆိုင်ဖို့ကတော့ သူ့အတွက် လုံလောက်တာထက် ပိုပါသည်။
တိုက်ကွက်အနည်းငယ် ထုတ်သုံးလိုက်ရုံဖြင့် မကြာသေးခင်က မောက်မာရိုင်းစိုင်းနေခဲ့သည့် ကျန်းချွမ်နှင့် ကျိုးယွမ်တို့ နှစ်ဦးစလုံး မြေပေါ် ပြားပြားဝပ်သွားခဲ့ရသည်။
နှစ်ယောက်စလုံး မျက်နှာတွေ ဖူးရောင် မဲပြာသွားသည့်အထိ အထုထောင်းခံလိုက်ရပြီး အသက်ချမ်းသာပေးဖို့ အသနားခံ ငိုယိုတောင်းပန်နေရလေသည်။
“ကျွန်တော်တို့ မှားပါတယ်! နောက် မလုပ်တော့ပါဘူး! ကျေးဇူးပြုပြီး အသက်တော့ ချမ်းသာပေးပါ!”