🌹Chapter 6
မြေကြီးပေါ်မှတစ်ခုခု ကုန်းကောက်ချင်ယောင်ဆောင်လျက် ယန်ရုန်ရုန် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ထွက်ပြေးဖို့ အကြံထုတ်နေခဲ့သည်။
သို့သော် အကြီးအကဲနှစ်ဦးက သူမကိုလှည့်ပင်ကြည့်မသွားဘဲ ရှေ့သို့ ဆက်ပြေးလွှားသွားကြသဖြင့် ယန်ရုန်ရုန် အံ့အားသင့်သွားခဲ့ရသည်။
ထို့နောက် အကြီးအကဲနှစ်ဦးထွက်သွားသည့် နေရာကို ယန်ရုန်ရုန်လှည့်ကြည့်လိုက်ပြီး ထွက်သွားတာ အမှန်တကယ်ဟုတ်၊ မဟုတ် အတည်ပြုလိုက်ပါသည်။
သူမ ရှိနေကြောင်းကို ၎င်းတို့လုံးဝ သတိမထားမိခဲ့ကြပေ။
ယန်ရုန်ရုန် အနည်းငယ်စိတ်အေးသွားသော်လည်း တစ်ခုခုကိုနားမလည်နိုင်ဖြစ်မိပြန်သည်။
အကြီးအကဲလျို့ယန်နဲ့ အကြီးအကဲချီယောင်တို့ ဘာကြောင့် ရုတ်တရက်ကြီး ထွက်သွားကြတာလဲ…
သံသယဝင်နေတာ သူမတစ်ဦးတည်းမဟုတ်ပါ။ ဥပမာအားဖြင့် ယန်ရုန်ရုန်ရှေ့မှာ ရပ်နေသည့် တပည့်သားနှစ်ဦးက တီးတိုးပြောဆိုနေကြသည်။
“ခုနက ထွက်သွားတဲ့လူနှစ်ယောက်က ရှမ့်ယွင်ဂိုဏ်းရဲ့ အကြီးအကဲတွေမဟုတ်လား ? ဘာလို့ ရုတ်တရက်ကြီး ထွက်သွားကြတာလဲ ? ဧကန္တ ရှမ့်ယွင်ဂိုဏ်းမှာ တစ်ခုခုဖြစ်လို့များလား”
“မင်းမသိသေးဘူးလား ? ရွှမ်ယွဲ့ဓားသခင် ပြဿနာတက်လို့တဲ့! သူ့မှာ စန်းချွမ်လား ဘာဆိုလား တပည့်မလေးတစ်ယောက် ရှိတယ်၊ အဲ့ဒီတပည့်မလေးနဲ့ ဓားသခင်နဲ့ လက် ဆက်ထိန်းမြှားဖို့ စီစဉ်ထားကြတာတဲ့၊ ဒါပေမယ့် စန်းချွမ်က မိစ္ဆာမျိုးနွယ်ရဲ့ သူလျှိုတစ်ယောက်ဖြစ်နေတာကို သိလိုက်ရတယ်၊ အခု ရှမ့်ယွင်ဂိုဏ်းက သူ့ကို ဖမ်းဆီးဖို့ နေရာစုံအောင်ရှာနေကြပြီ”
“အဲ့လိုကြီးလား ? အဲ့တာကြောင့် အကြီးအကဲနှစ်ယောက် သုတ်ခြေတင် ပြေးသွားကြတာကိုး ? စန်းချွမ်ကို ဖမ်းဖို့ သွားကူညီပေးကြတာဖြစ်မယ်”
ဒါကိုကြားတော့ ယန်ရုန်ရုန် တွေဝေသွားခဲ့သည်။
သူ ဘယ်တုန်းက မိစ္ဆာမျိုးနွယ်အတွက် သူလျှိုဖြစ်သွားရတာလဲ…
ကိုယ့်ကိုကိုယ်တောင် မသိလိုက်ရပါလား…
တန်းစီရတာ ပျင်းစရာကောင်းလွန်းသဖြင့် အတင်းအဖျင်းပြောနေသည့် တပည့်သားများပိုပိုများလာကြသည်။
“ဒါပေမယ့် စန်းချွမ်ဘက်က ရွှမ်ယွဲ့ဓားသခင်ကို တစ်ဖက် သတ် ရူးရူးမူးမူး စွဲလမ်းနေခဲ့တာဆို၊ ဓားသခင်လို အရှိန် အဝါကြီးတဲ့လူမျိုးက ဒီလောကမှာမမြင်ဖူးတဲ့ ပြိုင်ဘက်ကင်းအလှတရားဆိုတာ ရှိပါ့မလား ? သူ့လို ကလေးမတစ်ယောက်ကို ဘာသဘောကျစရာအကြောင်းရှိလို့လဲ ? ဓားသခင်ရဲ့အချစ်ကိုမရတော့ အချစ်ကနေ အမုန်းအဖြစ်ပြောင်းပြီး မိစ္ဆာမျိုးနွယ်ထဲဝင်သွားခဲ့တာဖြစ်မယ်”
“အဲ့လိုတော့မဟုတ်လောက်ဘူး၊ ဆရာတပည့်နှစ်ယောက်က စေ့စပ်ထားကြတာလေ၊ ဒါကို ကြည့်ခြင်းအားဖြင့် ဓားသခင်ကလည်း စန်းချွမ်အပေါ် ခံစားချက်တချို့ရှိနေတဲ့သဘောပဲ၊ တစ်ယောက်ကိုတစ်ယောက် ချစ်နေကြတာ ဆိုတော့ အချစ်ကနေ အမုန်းဖြစ်သွားစရာ ဘာအကြောင်းရှိမှာလဲ”
“စန်းချွမ်က ရွှမ်ယွဲ့ဓားသခင်ပေါ်မှာ အချစ်ပိုးကောင်ကို အသုံးချခဲ့တာဖြစ်မယ်၊ ကျင့်ကြံခြင်းအဆင့်အမြင့်ဆုံး လူတွေရဲ့ စိတ်ကိုတောင် လွှမ်းမိုးနိုင်တဲ့ အဲ့လိုပိုးကောင်မျိုး ဒီလောကကြီးထဲမှာ ရှိတယ်လို့ ငါ ကြားဖူးတယ်”
“အဲ့တာ ဖြစ်နိုင်တယ်၊ ရွှမ်ယွဲ့ဓားသခင်ဆိုတာ သာမန်လူမို့လို့လား၊ ပိုးကောင်တစ်ကောင်နဲ့ လှည့်စားခံလိုက်ရတာကို သိသွားလို့ အမျက်ဒေါသကြီးသွားတာဖြစ်နိုင်တယ်၊ အဲ့တာကြောင့် ရှမ့်ယွင်ဂိုဏ်းကလည်း စန်းချွမ်ကိုအလွတ်ပေးမှာ မဟုတ်ဘူး၊ တဖြည်းဖြည်းနဲ့ အဓိပ္ပာယ်တော့ ရှိလာပြီ”
“စန်းချွမ်က ဓားသခင်တစ်ယောက်တည်းကိုပဲ အချစ်ပိုးကောင်နဲ့ လှည့်စားခဲ့တာ မဟုတ်ဘူး၊ မိစ္ဆာဘုရင်ကော၊ ဝိညာဉ်ဧကရာဇ်ကော၊ နတ်ဆိုးအရှင်သခင်တို့ကောပါသေးတယ်၊ အခု သူတို့အားလုံးက စန်းချွမ်ကို အမဲလိုက်နေကြပြီတဲ့!”
“ကျွတ်ကျွတ်ကျွတ် ဒီလို အရှက်မရှိတဲ့ စုန်းမက သေသင့်တာပေါ့!”
“အလောင်းအစားလုပ်ကြရအောင်၊ စန်းချွမ် ဘယ်နှရက်လောက် ဆက်ရှင်သန်နိုင်မယ်ထင်လဲ ? စန်းချွမ် သုံးရက်တောင် ခံမှာမဟုတ်ဘူးလို့ ငါ အောက်ခြေအဆင့်ဝိညာဉ်ကျောက်တုံး ၃၀ ကြေးလောင်းမယ်”
“မင်းတော်တော် အကောင်းမြင်တတ်တဲ့ကောင်ပဲ၊ သူတစ်ရက်တောင်ခံမှာ မဟုတ်ဘူးလို့ ငါ အလယ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၁၀ တုံး လောင်းမယ်”
“ငါ လည်းပါမယ်! သူ မနက်ဖြန်အရုဏ်တက်ချိန်ကိုတောင် မြင်နိုင်မှာ မဟုတ်ဘူးလို့ လောင်းတယ်ကွာ!”
တပည့်သားတွေ ဝိညာဉ်ကျောက်တုံးများ ထုတ်လျက် အလောင်းအစား လုပ်နေကြကာ အတော်လေးစည်ကားသိုက်မြိုက်သွားခဲ့ကြသည်။
ဒီကိစ္စတွေ သတင်းပြန့်သွားလိမ့်မည်ဟု ယန်ရုန်ရုန်မျှော် လင့်ထားပြီးသားဖြစ်သော်လည်း ယခုလိုဆိုးဆိုးရွားရွား ပုံစံနဲ့ ပြန့်နှံ့သွားလိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။
သူမမှာသာ အချစ်ပိုးကောင်တစ်ကောင်ရှိနေပါက ထိုလေးယောက်ထံမှာ နှစ်ပေါင်းများစွာကြာအောင် ကပ်ဖားရပ်ဖားလုပ်ရင်း ဒုက္ခခံစရာလိုခဲ့မည်မဟုတ်ပါ။
အချစ်ပိုးကောင်အမှန်တကယ် ရှိနေလျှင်တောင် ထိုအရှင် သခင်လေးပါးအပေါ် သက်ရောက်မှုရှိမည် မဟုတ်လောက်ပေ။
တခြားသူတွေ ခဏဘေးချိတ်ထားပြီး ရှန်းဝမ်ချင်းကိုသာ ဥပမာယူကြည့်လိုက်လျှင်တောင် သူက မဟာအောင်မြင်ခြင်းအဆင့် ဓားသိုင်းကျင့်ကြံသူဖြစ်ကာ မသေမျိုးတစ်ဝက်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရသူဖြစ်သည်။ သူ့ကို ထိန်းချုပ်နိုင်သည့် ပိုးကောင်တစ်ကောင် အမှန်တကယ် ရှိနေလျှင် ထိုပိုးကောင်က မသေမျိုးအရင်ဖြစ်သွားပါလိမ့် မည်။
ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ဦး ရောက်လာပြီး ဆူငေါက်လိုက်ခါမှ အလောင်းအစားလုပ်နေသည့် တပည့်သားတွေ ငြိမ်ကျသွားခဲ့သည်။
သို့သော် အတင်းအဖျင်းပြောသံတွေကတော့ မရပ်ဆဲသေးပေ။
‘စန်းချွမ်’ဟူသည့် အမည်ကို နေရာတိုင်းမှာကြားနေရသည်။ မိန်းမတစ်ယောက်တည်းက ကျင့်ကြံခြင်းလောက ၏ထိပ်သီးယောက်ျားလေးဦးကို ကစားသွားခဲ့သဖြင့် အလွန်ဆန်းကြယ်သည့် ဖြစ်ရပ်တစ်ခုဟု ယူဆခဲ့ကြသည်။
ယန်ရုန်ရုန်ကမူ လူတန်းရှည်ကြီးထဲမှာ တစ်လုံးမှမဟဘဲ ဂုတ်တိုကာ ပုန်းအောင်းနေခဲ့သည်။
‘စုန်းမ’ဟုသူတို့ ခေါ်ဆိုနေကြသည့်လူက သူတို့နောက်မှာတင်ရှိနေမှန်း ဘယ်သူမှမသိခဲ့ကြပေ။
လူတန်းသည် တဖြည်းဖြည်းနှင့်တိုတောင်းလာခဲ့ပါပြီ။
ယန်ရုန်ရုန်အလှည့်သို့ရောက်သောအခါ နယ်မြေဝင်ပေါက်စောင့်ကြပ်ရသည့် ကျင့်ကြံသူက အတော်လေးစိတ်မရှည်ဖြစ်နေပါပြီ။
“အမည်၊ ဂိုဏ်း၊ တံဆိပ်ပြား!”
ယန်ရုန်ရုန် တံဆိပ်ပြားကို ထုတ်ပေးလိုက်ပြီး ခေါင်းငုံ့လျက် တီးတိုးပြောလိုက်သည်။
“ယန်ရုန်ရုန်၊ ရှမ့်ယွင်ဂိုဏ်း”
ရှမ့်ယွင်ဂိုဏ်းဟူသည့်အမည်ကို ကြားလိုက်ရမှ ကျင့်ကြံသူအစောင့်၏အချိုးအနည်းငယ်ပြောင်းလဲသွားသည်။
တံဆိပ်ပြားကို လက်ခံလိုက်ပြီး မေးမြန်းလိုက်ပါသည်။
“ရှမ့်ယွင်ဂိုဏ်းက တပည့်သားတွေအကုန် ဝင်သွားကြတာ ကြာပြီ၊ မင်းက ဘာလို့ အခုမှ ရောက်လာတာလဲ”
ယန်ရုန်ရုန်; “လမ်းမှာ ပြဿနာလေးနည်းနည်းကြုံခဲ့ရလို့ နောက်ကျသွားတာပါ စိတ်မရှိပါနဲ့နော်”
ကျင့်ကြံသူအစောင့်လက်ထဲမှာ ဝိညာဉ်ကြေးမုံတစ်ချပ်ကို ကိုင်ဆောင်ထားပါသည်။ ထိုဝိညာဉ်ကြေးမုံက အရည်အ ချင်းစစ် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မည့် တပည့်သားအားလုံး၏အချက်အလက်များ ပါဝင်နေသည့် မှော်ရတနာတစ်ခုဖြစ်ပြီး တပည့်သားတွေကို စစ်ဆေးအတည်ပြုဖို့အတွက် အသုံးပြုရသည်။
တံဆိပ်ပြားကို မှော်ကြေးမုံအပေါ်မှာ ဖိကပ်လိုက်သော အခါ နဂိုက တည်ငြိမ်နေခဲ့သည့် ကြေးမုံမျက်နှာပြင်ပေါ်တွင် လှိုင်းများထကာ စာတန်းငယ်နှစ်ခု ပေါ်လာခဲ့ပါသည်။
‘ရှမ့်ယွင်ဂိုဏ်း၊ ရွှမ်ယွဲ့ဓားသခင်၏တပည့်ရင်း စန်းချွမ်‘ဤတပည့်သား အရည်အချင်းပြည့်မှီသဖြင့် လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်ခွင့်ရှိပါသည်’
‘စန်းချွမ်’ဟူသည့် အမည်ကို မြင်သောအခါ ကျင့်ကြံသူအစောင့်၏ မျက်လုံးများရပ်တန့်သွားခဲ့သည်။ အချိန်အတော်ကြာမှ သူ ထပ်မေးမြန်းလိုက်လေသည်။
“မင်းနာမည်က ဘာလို့ပြောလိုက်တာ ?”
ယခု လောကကိုးပါးစလုံးမှာ စန်းချွမ်ဟူသည့် အမည်ကို မသိ သူ မရှိနိုင်ပေ။
လူအများစုက အမည်ကိုသာကြားဖူးကြတာဖြစ်ပြီး လူကို မမြင်ဖူးကြပါ။ သို့သော် ယခု ကောလဟာလတွေထဲက စန်းချွမ်ဆိုသူ သူရှေ့တည့်တည့်ကိုရောက်နေလေပြီ။
ဒီလောက်မြန်မြန် လူ မိသွားလိမ့်မည်ဟု ယန်ရုန်ရုန်လည်း ထင်မထားခဲ့ပေ။ ယခုအချိန်ကျမှ ပြန်ပြေးဖို့ ကြိုးစားလျှင်လည်း ချက်ချင်းအဖမ်းခံရမည်မှာသေချာသည်။ လျှို့ဝှက်နယ်မြေထံသို့ မသိမသာ ခြေလှမ်းတိုးရင်း ယန်ရုန်ရုန် ဖြူစင်စွာ ပြန်ဖြေလိုက်သည်။
“ခုလေးတင် ပြောလိုက်တယ်လေ… ကျွန်မနာမည် ယန်ရုန်ရုန်ပါဆို”
ကျင့်ကြံသူအစောင့် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဒါပေမယ့် ဒီပေါ်မှာ ဖော်ပြထားတာတော့ မင်းနာမည်က စန်းချွမ်တဲ့…”
ယန်ရုန်ရုန် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။
“ရှင်အမြင်မှားတာဖြစ်မယ်၊သေချာကြည့်ပါဦး၊ ကျွန်မနာမည် ယန်ရုန်ရုန်ဆိုတာ သေချာတယ်”
ကျင့်ကြံသူအစောင့်က ယန်ရုန်ရုန်ကိုတစ်လှည့် မှော်ကြေး မုံပေါ်က စာလုံးတွေကိုတစ်လှည့် သေချာကြည့်လိုက်သည်။ သူ အမြင်မမှားတာ သေချာပါသည်။
ထို့ကြောင့် ကျင့်ကြံသူအစောင့် အသံကျယ်ကျယ်ဖြင့် အခိုင်အမာ စွပ်စွဲလိုက်သည်။
“မင်းက စန်းချွမ်ပဲ!!”
ထိုစကားသံထွက်လာတာနဲ့တစ်ပြိုင်နက် အနီးနားကလူတွေအားလုံး၏အကြည့်တို့က ယန်ရုန်ရုန်ထံ ရောက်ရှိလာခဲ့သည်။
ယန်ရုန်ရုန် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချလိုက်ပြီး လျှို့ဝှက်နယ်မြေထဲ သုတ်ခြေတင်ပြေးဝင်လေတော့သည်။
ကျင့်ကြံသူအစောင့်က သူမကို ဆွဲတားဖို့ ကြိုးစားပါသေးသည်။
"ဟေ့! မင်းဝင်လို့မရဘူး!”
သို့သော် သူခြေတစ်လှမ်းနောက်ကျသွားခဲ့သည်။
သူမ ဝတ်ရုံလည်ခွံကို လက်ချောင်းဖြင့် ထိမိခါနီးမှာပင် ယန်ရုန်ရုန်က လျှို့ဝှက်နယ်မြေထဲ ခေါင်းစိုက်ခုန်ဝင်သွားလေတော့သည်။
လျှို့ဝှက်နယ်မြေအတွင်းသို့ အခြေခံအုတ်မြစ်အဆင့်အောက် ရှိသူတွေသာဝင်နိုင်တာဖြစ်သည်။ ဂိတ်စောင့် ကျင့်ကြံသူက ရွှေအမြုတေအဆင့်ရှိနေပြီဖြစ်သဖြင့် ဝင်ပေါက်၏အဟန့်အတားကိုခံလိုက်ရပြီး အဖြူရောင်မြူခိုးတွေထဲ ယန်ရုန်ရုန်၏ ခန္ဓာကိုယ်တိုးဝင်ပျောက်ကွယ်သွားတာကို ဒီတိုင်းရပ်ကြည့်နေခဲ့ရပါသည်။
ကျင့်ကြံသူအစောင့်မှာ အခြားသူတွေကို အော်သတိပေးလိုက်သည်။
“မြန်မြန်သွားကြစမ်း! ရှမ့်ယွင်ဂိုဏ်းကလူတွေကို အမြန်သတိပေးလိုက်! စန်းချွမ် ဒီကို ရောက်နေပြီ!!”
-
နတ်အာရုံကို အသုံးပြုပြီး ရေကန်နားသို့ လင်းယွမ် ရောက်ရှိလာခဲ့သည်။
ထို့နောက် ရေကန်ထဲမှ နတ်ဘုရားတုတ်နှောင်ကြိုးကို ပြန်ဆယ်လိုက်သည်။ ဒီကြိုး၏ စည်းနှောင်ခြင်းကို ခံခဲ့ရသည့် ယန်ရုန်ရုန်ကမူ ပျောက်ကွယ်သွားခဲ့တာကြာပါပြီ။
လူသားအသွင် ပြန်ပြောင်းသွားပြီဖြစ်သည့် ဟမ်ယဲ့က စိတ်မရှည်စွာ မေးမြန်းလိုက်သည်။
“ကျူးကျူး ဘယ်မှာလဲ ? သူ ဘယ်ရောက်သွားလဲ!”
ရှုယင်ကမူ ငြိမ်သက်နေသည့် ကန်ရေပြင်ကို တိတ်ဆိတ် စွာငေးကြည့်နေခဲ့သည်။ သူ့စိတ်ထဲ ဘာတွေ တွေးတောနေသလဲ မသိနိုင်ပေ။
ဒီနေရာက ချင်းရှားလျှို့ဝှက်နယ်မြေနှင့် အလွန်နီးကပ်နေပြီဖြစ်မှန်း ရှန်းဝမ်ချင်း သိသည်။ ထို့ကြောင့် ဆက်သွယ်ရေး အဆောင်တစ်ခုကိုအသုံးပြုပြီး နယ်မြေအနီးနားမှာရှိနေသည့် အကြီးအကဲနှစ်ဦးကို ဆင့်ခေါ်လိုက်ပါသည်။
အကြီးအကဲလျို့ယန်နှင့် အကြီးအကဲချီယောင်တို့လည်း အလျှင်အမြန်ရောက်ရှိလာကြသည်။ မိစ္ဆာဘုရင်၊ နတ်ဆိုးအရှင်သခင်နှင့် ဝိညာဉ်ဧကရာဇ်တို့အားလုံးကို မြင်လိုက်ရသောအခါ အကြီးအကဲနှစ်ဦး ထိတ်လန့်သွားကြသည်။
သို့သော် ရှန်းဝမ်ချင်း ရှင်းပြဖို့ စိတ်ကူးမရှိသဖြင့် သူတို့လည်း မမေးရဲခဲ့ကြပေ။
ထိုစဉ် ရှုယင် ရုတ်တရက်ပြောလိုက်သည်။
“တစ်ယောက်ယောက် လာနေပြီ”
စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ ခြေသံတွေကို အားလုံးကြား လိုက်ရသည်။
အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ ရွှေအမြုတေအဆင့်ကျင်ကြံသူတစ်ဦး အလောတကြီး ပြေးလွှားလာတာကိုမြင်လိုက်ရပါသည်။
ပြေးလွှားရင်း နှုတ်မှလည်းအော်နေခဲ့သည်။
“စန်းချွမ်ကို ရှာတွေ့ပြီ! သူ လျှို့ဝှက်နယ်မြေထဲ ဝင်သွားပြီ!”