🌹Chapter 5
ဟမ်ယဲ့ မြေကြီးကို လက်ဖြင့် အားပြင်းစွာ ထုရိုက်ရင်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“သူ ငါတို့ကို လှည့်စားသွားပြန်ပြီ!”
ရှန်းဝမ်ချင်းကမူ တိတ်ဆိတ်နေခဲ့ပါသည်။ ယန်ရုန်ရုန်လှည့်စားတာကို ခံနိုင်ရည်ရှိဖို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးသား ဖြစ်သော်လည်း တကယ်ကြုံလိုက်ရချိန်မှာတော့ အနည်းငယ် စိတ်ပျော့အားလျော့မိဆဲဖြစ်သည်။
လင်းယွမ်ကို ရှုယင်လှည့်ကြည့်လိုက်ပြီး သုန်မှုန်အေးစက်စွာ မေးလိုက်ပါသည်။
“ယောင်ယောင် ထွက်ပြေးသွားတော့ နတ်ဘုရားတုတ်နှောင်ကြိုးပါ ပါသွားတယ်၊ အဲ့ကြိုးက မင်းလက်နက်မဟုတ်လား၊ သူဘယ်ရောက်သွားလဲ မင်းအာရုံ ခံကြည့်လို့ မရဘူးလား”
ထိုစကားကို ကြားလိုက်တာနဲ့တစ်ပြိုင်နက် ဟမ်ယဲ့နှင့် ရှန်းဝမ်ချင်းတို့ကပါ လင်းယွမ်ကို လှည့်ကြည့်လိုက်ကြသည်။
လင်းယွမ် မငြင်းခဲ့ပါ။ နတ်ဘုရားတုတ်နှောင်ကြိုးက သူ့ကို အရှင်သခင်အဖြစ် အသိအမှတ်ပြုထားတာကြာပြီဖြစ်သဖြင့် ဘယ်ရောက်ရောက်ရှာတွေ့နိုင်ပါသည်။
လင်းယွမ် မျက်လုံးမှိတ်လိုက်ပြီး နတ်အာရုံဖြင့် အာရုံခံလိုက်သည်။ နတ်အာရုံမှတဆင့် နတ်ဘုရားတုတ်နှောင် ကြိုး ရှိနေသည့်နေရာကို အမြန်ဆုံးရှာတွေ့သွားခဲ့သည်။
ဝိညာဉ်ပစ္စည်းတစ်ခုကို သူထုတ်သုံးလိုက်သည်။ ထိုပစ္စည်း လေထုထဲမှာ တဖြည်းဖြည်းကြီးမားလာပြီး နောက်ဆုံးတော့ အလွန်ခမ်းနားသည့် ရထားလုံးကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားခဲ့လေတော့သည်။
ထိုရထားလုံးကြီးပေါ် လင်းယွမ် ခုန်တက်လိုက်သည်။ အတောင်ပံပါသည့် မြင်းနက်ကြီးက ခွာများကိုမြှောက်ကာ အရှိန်ယူလိုက်ပြီး သခင်ဖြစ်သူကို အဝေးသို့ အမြန်ဆုံး ခေါ်ဆောင်သွားလေတော့သည်။
ဒါကိုမြင်တော့ အခြားသုံးယောက်ကလည်း ယန်ရုန်ရုန်ထံ လင်းယွမ် လိုက်သွားတာဖြစ်မည်ဟု ခန့်မှန်းလျက် ကိုယ့်နည်းနဲ့ကိုယ့်ဟန်ဖြင့် အမြန်ဆုံးလိုက်လာခဲ့ကြသည်။
ရထားလုံးနောက်မှာ လူတွေလိုက်လာမှန်း လင်းယွမ်သိသည်။ သို့သော် ယခုအချိန်မှာ အရေးအကြီးဆုံးက ယန်ရုန်ရုန်ကို ရှာဖွေဖို့ပင်။
အချိန်က အဖိုးတန်သဖြင့် ထိုသုံးယောက်နဲ့ စာရင်းရှင်းဖို့ အချိန်မရှိပေ။
-
ယန်ရုန်ရုန် အသိစိတ်ပြန်ဝင်လာသောအခါ သူနှင့် မရင်းနှီးသည့် နေရာတစ်ခုကိုရောက်ရှိနေခဲ့ပါပြီ။
သူမရှေ့မှာ ကြည်လင်နေသော ကန်ရေပြင်တစ်ခု ရှိနေပြီး အနောက်မှာတော့ စိမ်းစိုအုံ့မှိုင်းနေသည့် သစ်တောကြီးရှိသည်။
သူ့ ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် စည်းနှောင်ထားခဲ့သည့် နတ်ဘုရားတုတ်နှောင်ကြိုးကလည်း ပြေလျော့သွားခဲ့ပြီဖြစ်သည်။
ဒါကို ယန်ရုန်ရုန် ခန့်မှန်းထားပြီးသားပင်။ သခင်ဖြစ်သူနဲ့ ဝေးကွာသွားသည်နှင့် နတ်ဘုရားတုတ်နှောင်ကြိုး စွမ်းအားလျော့နည်းသွားလိမ့်မည်ဟု သူမ သိနေသည်။
သူ့ခန္ဓာကိုယ်ကို အားပါပါ ရုန်းကန်လိုက်ရာ နတ်ဘုရားတုတ်နှောင်ကြိုး၏စည်းနှောင်မှုမှ လွတ်မြောက်သွားခဲ့ပါသည်။
နတ်ဘုရားတုတ်နှောင်ကြိုးက အလွန်အဖိုးတန်သည့် ရတနာတစ်ပါးဖြစ်သည်။ အခြားအချိန်မှာသာဆို ထိုကြိုးကို သူမအပိုင်အဖြစ် သိမ်းပိုက်လိုက်မှာဖြစ်သည်။ ကိုယ် တိုင် အသုံးချလို့မရလျှင်တောင် ဈေးကောင်းကောင်းနှင့် ပြန်ရောင်းစားလို့ရလိမ့်မည်။
သို့သော် လက်ရှိအခြေအနေက အရေးပေါ်အခြေအနေဖြစ်နေသည်။ နတ်ဘုရားတုတ်နှောင်ကြိုးသည် လင်းယွမ်၏ လက် နက်ဖြစ်ကာ ထိုလင်းယွမ်က ဉာဏ်နီဉာဏ်နက်အလွန်များသဖြင့် သူ့ပစ္စည်းတွေကိုမကိုင်တာ အကောင်းဆုံး ဖြစ်လိမ့်မည်။
ယန်ရုန်ရုန် ရင်နာမှုကို အောင့်အီးသည်းခံရင်း နတ်ဘုရားတုတ်နှောင်ကြုံးကိုလုံးထွေးကာ ရေကန်ထဲ ပစ်ချလိုက်တော့သည်။
ထို့နောက် သူကိုယ်နဲ့ မကွာဆောင်ထားတတ်သည့် ဝူဝမ့်ဓားကိုထုတ်ကာ ဓားပျံသိုင်းကိုအသုံးပြုလိုက်ပြီး ကောင်း ကင်ပေါ် ပျံတက်သွားလိုက်သည်။ ထို့နောက် ရေကန်၏ ဆန့်ကျင်ဘက်အရပ်သို့ ပျံသန်းသွားလိုက်ပါသည်။
သေရေးရှင်ရေးကိစ္စဖြစ်သဖြင့် ယန်ရုန်ရုန် ဝိညာဉ်စွမ်းအင်တွေ အားလုံးနီးပါးကိုအသုံးပြုကာ တစ်လမ်းလုံးအမြန်ဆုံးဖြစ်အောင်အပြေးလာခဲ့ရသည်။
ထို့ကြောင့် အကာအရံတစ်ခုနှင့် ဝင်တိုက်မိသောအခါ ယန်ရုန်ရုန် တုန့်ပြန်ချိန်ပင်မရလိုက်ဘဲ သူကော၊ ဝူဝမ့်ဓားကော ကန်ထွက်သွားခဲ့သည်။ ယန်ရုန်ရုန် မြေကြီးပေါ်သို့ ကျောခင်းလျက်သားပြုတ်ကျသွားခဲ့ပါသည်။
နာကျင်လွန်းသဖြင့် အံကြိတ်ရင်း အော်ညည်းမိသည်။
ထိုအခါ လေဟုန်စီးလာသည့် ရွှေအမြုတေအဆင့်ကျင့် ကြံသူနှစ်ဦးက ယန်ရုန်ရုန်ရှေ့သို့ ရောက်ရှိလာခဲ့ပါသည်။
တစ်ယောက်က ဓားကို ထုတ်လိုက်ပြီး ယန်ရုန်ရုန်အား ရွယ်ကာ နက်ရှိုင်းသည့်လေသံဖြင့်မေးမြန်းလိုက်သည်။
“တားမြစ်နယ်မြေထဲ ဘယ်သူအတင့်ရဲပြီး ဝင်လာတာလဲကွ!”
ယန်ရုန်ရုန် တင်ပါးပွတ်နေတာကို ရပ်လိုက်ပြီး သူမရှေ့က မရင်းနှီးသည့် ကျင့်ကြံသူများကို ကြည့်ရင်း ကြောင်စီစီ မေးမြန်းလိုက်ပါသည်။
“တားမြစ်နယ်မြေ ဟုတ်လား”
ယန်ရုန်ရုန် တကယ်နားမလည်တာကို မြင်မှ ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ယောက် အနည်းငယ် စိတ်သက်သာရာရသွားပြီး သေချာရှင်းပြလိုက်ပါသည်။
“ဒီနေ့ အရည်အချင်းစစ်ပြိုင်ပွဲ ကျင်းပမှာ၊ အရှေ့မှာ ချင်းရှားလျှို့ဝှက်နယ်မြေရှိတယ်၊ ပြိုင်ပွဲနဲ့ သက်ဆိုင်သူ မဟုတ်ရင် ဝင်ခွင့်မရှိဘူး၊ ပြဿနာမဖြစ်ချင်ရင် ကျေးဇူးပြုပြီး ချက်ချင်း ထွက်သွားပေးပါ!”
ချင်းရှားလျှို့ဝှက်နယ်မြေနှင့် ပတ်သတ်ပြီး ယန်ရုန်ရုန်လည်း အနည်းအကျဉ်းနားလည်ထားသည်။
ထိုနယ်မြေကို အမည်မသိ မသေမျိုးတစ်ဦးမှ ဖန်တီးထား ခဲ့ခြင်းဖြစ်သည်။ ထိုနယ်မြေကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့သူမှာ မည်သူမည်ဝါမှန်းမသိသော်လည်း ယခုတော့ အဓိကဂိုဏ်းကြီးလေးခုက စုပေါင်းအုပ်ချုပ်ထားကြသည်။
ပုံမှန်ဆို ချင်းရှားလျှို့ဝှက်နယ်မြေတစ်ခုလုံး ချိတ်ပိတ်ခံထားရပြီး မည်သူမှ ဝင်ရောက်ခွင့်မရှိပါ။
ခြောက်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိသော အရည်အချင်းစစ်ပြိုင်ပွဲအခါကို ရောက်ရှိမှ အဓိကဂိုဏ်းကြီးလေးခုက ဝင်ခွင့် ဖွင့်လှစ်ပေးခြင်းဖြစ်သည်။
ယနေ့လည်း တိုက်တိုက်ဆိုင်ဆိုင် အရည်အချည်းစစ်ပြိုင်ပွဲ ကျင်းပမည့်နေ့ဖြစ်နေပြန်သည်။
အစဉ်အလာအရဆို အဓိကဂိုဏ်းတွေ၊ မျိုးနွယ်စုတွေက ၎င်းတို့၏ အထူးချွန်ဆုံး တပည့်သားများကို စေလွှတ်ပြီး အရည်အချင်းစစ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခိုင်းကြတာဖြစ်သည်။
ဒါမှ တပည့်သားတွေ အရည်အချင်း ပိုတိုးတက်လာမှာ ဖြစ်သလို သက်ဆိုင်ရာ ဂိုဏ်း၊ မျိုးနွယ်စုများအတွက် ဂုဏ်သတင်းလည်း ဖော်ဆောင်ပေးနိုင်မည် ဖြစ်သည်။ ကံကောင်းပါက လျှို့ဝှက်နယ်မြေအတွင်း အခွင့်အရေးကောင်းတွေတောင် ရလာနိုင်ပါသည်။
ယန်ရုန်ရုန်က ရှမ့်ယွင်ဂိုဏ်း၏ အထူးချွန်ဆုံး တပည့်သားမဟုတ်သော်လည်း လုံ့လဝီရိယနှင့် ကြိုးစားအားထုတ်မှု အပိုင်းမှာတော့ လစ်ဟာမှုမရှိပါ။
ထို့အပြင် သူ့ဆရာကလည်းဓားသခင်တစ်ဦးဖြစ်နေသဖြင့် ရှမ့်ယွင်ဂိုဏ်းက သူမကိုချင်းရှားလျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်ခွင့် ပေးထားခဲ့သည်။
ထိုအတွေးဖြင့် ယန်ရုန်ရုန် အကြံတစ်ခု ရုတ်တရက်ရသွားခဲ့သည်။
ထို့နောက် ပျော်ရွှင်မြူးထူးသွားသော မျက်နှာမျိုးလုပ်ပြကာ စိတ်လှုပ်ရှားစွာပြောလိုက်ပါသည်။
“အဲ့တာဆို ချင်းရှားလျှို့ဝှက်နယ်မြေက ရှေ့မှာကိုး! နောက် ဆုံးတော့ ရှာတွေ့ခဲ့ပြီပေါ့!”
ရွှေအမြုတေကျင့်ကြံသူ မှင်သက်သွားခဲ့သည်။ ယန်ရုန်ရုန်ကို သေချာအကဲခတ်ရင်း မယုံသင်္ကာမေးမြန်းလိုက်ပါသည်။
“မင်းက ဘယ်သူလဲ’
“ဒီငယ်သားက ရှမ့်ယွင်ဂိုဏ်းရဲ့ ရွှမ်ယွဲ့ဓားသခင်လက် အောက်မှာ ပညာသင်ကြားနေတဲ့ တပည့်သားတစ်ဦးပါ၊ ဆရာဖြစ်သူရဲ့ အမိန့်တော်ကြောင့် အရည်အချင်းစစ်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ရောက်ရှိလာခဲ့တာပါ၊ ဒီမှာ ကျွန်မရဲ့ တံဆိပ်ပြားပါ”
ပြောပြောဆိုဆိုနဲ့ ယန်ရုန်ရုန် တံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်ပါသည်။
ရွှေအမြုတေကျင့်ကြံသူကလည်း ထိုတံဆိပ်ပြားကိုယူ ဆောင်လိုက်ပြီး သေချာစစ်ဆေးလိုက်သည်။ ရှမ့်ယွင်ဂိုဏ်း တံဆိပ်ပြားဆိုတာသေချာပါသည်။
ထို့နောက် တံဆိပ်ပြားကို ပြန်အပ်ရင်း သူပြောလိုက်သည်။
“မင်းဘာလို့ အခုမှ ရောက်လာတာလဲ၊ ရှမ့်ယွင်ဂိုဏ်းရဲ့ တခြားတပည့်သားတွေ ချင်းရှားလျှို့ဝှက်နယ်မြေထဲ ဝင်သွားကြတာ ကြာလှပြီ”
ယန်ရုန်ရုန် ခေါင်းကုတ်ရင်း ရှက်ကိုးရှက်ကန်းပြောလိုက်ပါသည်။
“စိတ်မရှိပါနဲ့၊ ဆရာက ကျွန်မကို အလုပ်တာဝန်တချို့ ပေးအပ်ထားလို့ပါ၊ လမ်းမှာလည်း ပြဿနာလေးနည်းနည်း ကြုံခဲ့ရလို့ အချိန်နည်းနည်း နောက်ကျသွားတာ၊ အခု ဝင်လို့ရသေးရဲ့လား”
ရွှမ်ယွဲ့ဓားသခင်ဟူသည့် ဘွဲ့က အလွန်အရှိန်အဝါကြီးမားသည်။ ထို့ကြောင့် ဆရာဖြစ်သူ၏ ဂုဏ်ကိုငဲ့ညှာပြီး ရွှေအမြုတေအဆင့်ကျင့်ကြံသူများက ယန်ရုန်ရုန်အား ပြဿ နာဆက်မရှာတော့ဘဲ ချက်ချင်းဝင်ခွင့်ပေးလိုက်သည်။
ယန်ရုန်ရုန် သူတို့ကို ထပ်ကာတလဲလဲ ကျေးဇူးတင်လိုက်သည်။
ရွှေအမြုတေအဆင့်ကျင့်ကြံသူက သတိပေးလိုက်သည်။
“ရှမ့်ယွင်ဂိုဏ်းရဲ့ တပည့်သားတွေ နယ်မြေထဲ ဝင်သွားကြပြီဆိုပေမယ့် သူတို့အဖွဲ့ကို ဦးဆောင်တဲ့ အကြီးအကဲတွေကဝင်ပေါက်မှာပဲ ရှိသေးတယ်၊ မင်းမြန်မြန်သွားပြီး သူတို့ကို ဂါဝရပြုလိုက်တာ ပိုကောင်းမယ်”
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ၊ အဲ့လိုပဲလုပ်လိုက်ပါ့မယ်၊ အကြံ ပေးလို့ ကျေးဇူးတင်ပါတယ်၊ နောက်မှတွေ့ကြမယ်နော်”
ယန်ရုန်ရုန် နှုတ်မှ အလွယ်တကူ ကတိပေးလိုက်သော် လည်း ရှမ့်ယွင်ဂိုဏ်းကလူတွေကို သွားတွေ့ဖို့စိတ်ကူးမရှိခဲ့ပါ။
အခုလိုအချိန်မျိုးမှာ လူသိရှင်ကြားဖြစ်အောင် မနေသင့်ဘဲ အစွမ်းကုန်ကြိုးစားပြီး ပုန်းခိုနေရမှာဖြစ်သည်။
ချင်းရှားလျှို့ဝှက်နယ်မြေကို အရည်အချင်းစစ်ပြိုင်ပွဲ ကျင်းပဖို့ အသုံးပြုနိုင်သည့်အကြောင်းအရင်းက အခြေခံအုတ်မြစ်အဆင့်အောက် ကျင့်ကြံသူတွေကိုသာ ဝင်ခွင့်ပြုတာကြောင့်ပင်။
အခြေခံအုတ်မြစ်အဆင့်ကို ကျော်လွန်သွားသည်နှင့် ဘယ် လောက်ပဲ စွမ်းအားကြီးမားနေပါစေ ဒီနယ်မြေထဲဝင်ရောက်နိုင်မည်မဟုတ်ပါ။
ယန်ရုန်ရုန်အတွက် ဒီနေရာက အကောင်းဆုံးပုန်းခိုစရာနေရာဖြစ်သည်။
သူ သေသေချာချာတွက်ချက်လိုက်သည်။ လျှို့ဝှက်နယ် မြေထဲ ဝင်ရောက်ပြီးနောက် ပုန်းစရာနေရာတစ်ခု အမြန် ရှာဖွေမည်။ ထို့နောက် အရည်အချင်းစစ်ပြိုင်ပွဲပြီးဆုံးသောအခါ လူတွေကြားထဲဝင်တိုးရောယှက်ပြီး လစ်ထွက်လာခဲ့လိုက်မည်။
အဓိကဂိုဏ်းကြီးလေးခု၏တပည့်သားများက လျှို့ဝှက်နယ်မြေကို စဖွင့်ကတည်းက ဝင်ရောက်လာကြတာဖြစ် သည်။ အခြား ဂိုဏ်းကြီး၊ဂိုဏ်းငယ်များ၏တပည့်သားများကမူ ဝင်ရောက်ဖို့အတွက်တန်းစီနေရသေးသည်။
လျှို့ဝှက်နယ်မြေဝင်ပေါက်နားသို့ ယန်ရုန်ရုန် ရောက်ရှိလာသောအခါ ရှေ့မှာ အလွန်ရှည်လျားသည့် လူတန်းရှည်ကြီးကိုမြင်လိုက်ရလေသည်။
ရုပ်ဖျက်ပညာကိုအသုံးပြုပြီး သူ့ အသွင်ကိုပြောင်းလဲထားပါသည်။ လောလောဆယ်သာမန်ရုပ်ရည်၊ သာမန်အဝတ် အစားများနှင့် ခပ်ဝဝကောင်မလေးတစ်ဦးသဖွယ် အသွင်ဆောင်ထားသည်။ လူအုပ်ထဲတိုးဝင်လိုက်သည်နှင့် အလွယ်တကူ ပျောက်ကွယ်သွားမည့်ပုံစံမျိုးပင်။
လူတန်းရှည်ကြီး၏ နောက်ဆုံးမှာရပ်ရင်း ယန်ရုန်ရုန် ခြေဖျားထောက်ကာ အရှေ့သို့ လှမ်းမျှော်ကြည့်လိုက်သည်။ ရှေ့က လူအုပ်ကြီးထဲမှာ သူမ မြင်ဖူးနေသည့် လူနှစ်ဦးကို မြင်လိုက်ရပါသည်။
ရှမ့်ယွင်ဂိုဏ်း၏အကြီးအကဲလျို့ယန်နှင့် အကြီးအကဲချီယောင်တို့ ဖြစ်ကြသည်။
ယန်ရုန်ရုန် အနည်းငယ် စိတ်ဖိစီးသွားခဲ့သည်။ ထိုအကြီး အကဲနှစ်ဦးစလုံးက သူမကို သိကြသည်။ ထို့အပြင် နှစ်ယောက်စလုံးကလည်း လျှို့ဝှက်နယ်မြေဝင်ပေါက်မှာ မတ်တပ်ရပ်နေကြခြင်းဖြစ်သည်။
လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်ချင်ပါက သူတို့နှစ်ယောက်ရှေ့မှကျိန်းသေဖြတ်ကျော်ရပါလိမ့်မည်။
သူ အသွင်ပြောင်းထားတာမှန်သော်လည်း ထိုအကြီးအကဲ နှစ်ဦး၏ကျင့်ကြံခြင်းအဆင့်မှာ သူ့ထက် အဆပေါင်းများစွာမြင့်မားသည်။ တစ်ချက်နှစ်ချက်လောက် အာရုံပြုလိုက်သည်နှင့် သူမအသွင်ပြောင်းထားသည်ကို ဖောက်ထွင်း မြင်နိုင်လိမ့်မည်။
ထိုအခါ သူမကို လက်ပူးလက်ကြပ်မိသွားကြမည်မှာသေချာသလောင်ပင်။
ဘာ လုပ်ရမလဲ… ဘယ်လိုလုပ်ရမလဲ…
အချိန်ကြာလာတာနဲ့အမျှ လူတန်းရှည်ကြီးကလည်း ရှေ့သို့ဖြည်းဖြည်းချင်း ရောက်လာခဲ့ပြီဖြစ်သည်။
အကြီးအကဲနှစ်ဦးနဲ့ တဖြည်းဖြည်းနီးကပ်လာသောအခါ ယန်ရုန်ရုန်ရင်ထဲ ဂယောင်ချောက်ချား ပိုဖြစ်လာရသည်။
တကယ်တမ်း အလုပ်မဖြစ်ခဲ့ပါက ချင်းရှားလျှို့ဝှက်နယ်မြေထဲ ဝင်ပုန်းအောင်းဖို့ကို လက်လျှော့လိုက်မည်ဟု ယန်ရုန်ရုန် တွေးထားခဲ့သည်။
ကမ္ဘာကြီးက ကျယ်ပြောသဖြင့် သူမ ပုန်းနိုင်မည့်နေရာဆိုတာမရှားနိုင်ပါ။
ထိုစဉ် အကြီးအကဲလျို့ယန်နှင့် အကြီးအကဲချီယောင်တို့ ရုတ်တရက် ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ အရေးကြီးကိစ္စတစ်ခုကို ကြုံလိုက်ရသကဲ့သို့ မျက်မှောင်ကြုတ်ရင်း လူတန်းရှည်ကြီး၏နောက်ဘက်သို့ အမြန်လျှောက်လာကြပါသည်။
ယန်ရုန်ရုန် ထိတ်လန့်လွန်းသဖြင့် နှလုံးရပ်မတန့်ဖြစ်သွားခဲ့သည်။
ဧကန္တ… သူတို့ တွေ့သွားကြပြီလား…!