Ch 1
Viewers 5k

🍋 Chapter 1




ကလေးငယ်အား ဘေးသို့တွန်းပို့လိုက်စဉ်မှာပင် မြောင်ရင့် ခန္ဓာကိုယ်သည် လေထဲသို့ မြောက်တက်သွားခဲ့ပြီး နာကျင်မှုကိုပင် မခံစားရတော့ပေ။


သူ၏တိုတောင်းလှသော ဘဝဇာတ်ကြောင်းသည် မျက်စိရှေ့တွင် ရုပ်ရှင်ကားချပ်တစ်ခုကဲ့သို့ ဖြတ်ပြေးသွားလေသည်။ မွေးစကတည်းက စွန့်ပစ်ခံရခြင်း၊ မိဘမဲ့ဂေဟာတွင် ကြီးပြင်းခဲ့ရခြင်း၊ အစိုးရ၏ ထောက်ပံ့ကြေးဖြင့်သာ တက္ကသိုလ်တက်ခဲ့ရခြင်း...


သူ၌ ရင်းနှီးသော သူငယ်ချင်းမရှိ၊ သွေးသားတော်စပ်သူလည်းမရှိခဲ့ပေ။ ဘွဲ့ရပြီးနောက်တွင်လည်း မိမိကိုယ်ကိုယ် ထောက်ပံ့နိုင်ရန်၊ ကျောင်းစရိတ်ချေးငွေများ ဆပ်နိုင်ရန်နှင့် မိဘမဲ့ဂေဟာကို ပြန်လည်ကျေးဇူးဆပ်နိုင်ရန်အတွက်သာ မနားမနေအလုပ်လုပ်ခဲ့ရသည်။


"တကယ် အထီးကျန်လှချေလား" ဟု မြောင်ရင် စိတ်ထဲက ရေရွတ်လိုက်မိသည်။


သူ့ခန္ဓာကိုယ်မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည့် ခဏမှာတော့ နာကျင်မှုများတစ်ကိုယ်လုံးကို လွှမ်းမိုးသွားတော့သည်။ သတိမေ့မြောမသွားမီ မြောင်ရင်က "အကယ်၍ နောင်ဘဝဆိုတာရှိရင်... ကလေးတစ်ယောက်ကို ကယ်တင်ခဲ့တဲ့ကုသိုလ်ကြောင့် ကျွန်တော့်ကို နွေးထွေးပြီးစည်ကားတဲ့ အိမ်လေးတစ်လုံးပေးသနားပါ" ဟု တိတ် တဆိတ် ဆုတောင်းရင်း မျက်လုံးများကိုမှိတ်လိုက်လေသည်။


သူ ပြန်နိုးလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မျက်လုံးကို ဖွင့်လိုက်သောအခါ အထက်တွင် စုတ်ပြတ်နေသောခြင် ထောင်တစ်ခုအားတွေ့လိုက်ရပြီး ခေါင်းကိုစောင်းငဲ့ကြည့်လိုက်သောအခါ ပြတင်းပေါက်၌ အပေါက်ကြီးတစ်ခုဖြစ်နေသည်ကိုမြင်လိုက်ရသည်။


'ငါ နိုးလာတာ မှားနေတာဖြစ်မယ်၊ ပြန်အိပ်ပြီး ပြန်နိုးလာမှပဲ' ဟု သူတွေးလိုက်သည်။


သို့သော် နောက်တစ်ကြိမ် နိုးလာသောအခါတွင်လည်း အခြေအနေကမူ ပြောင်းမသွားပေ။ ထိုအခါမှမြောင်ရင်သည် အခြေအနေ၏လေးနက်မှုကို သဘောပေါက်သွားတော့သည်။ သူ... တခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းသွားခဲ့ခြင်းဖြစ်သည်။


ဒါပေမဲ့ တခြားကမ္ဘာသို့ကူးပြောင်းလာတဲ့သူတွေလို မင်းညီ မင်းသား၊ မှူးမတ် ဒါမှမဟုတ် နတ်ဘုရားတွေရဲ့ကိုယ်ထဲတော့ရောက်မသွားဘဲ သူ့အလှည့်ကျမှ ပြတင်းပေါက်အ ပေါက်ကြီးနဲ့အမည်မသိ ရွာသားတစ်ယောက်ဖြစ်နေရသတဲ့လား ?


အမည်မသိရွာသားလေး မြောင်ရင်သည် လက်ရှိအခြေ အနေကိုသာ လက်ခံရန်ဆုံးဖြတ်လိုက်သည်။ သူ ကုတင်ပေါ်တွင် ဖြည်းဖြည်းချင်းထိုင်လိုက်သည်။ အခန်းမှာ သူထင်ထားသည်ထက်ပင် ပိုဟောင်းနွမ်းစုတ်ပြတ်နေလေ၏။ ပြတင်းပေါက်ပေါက်မှ တိုးဝင်လာသော လေအေးများကြောင့် မြောင်ရင်မှာ တုန်ရီသွားရသည်။


ကိုယ်ပေါ်မှလျောကျသွားသော စောင်မှာလည်း အထဲက အစာများပေါ်ထွက်နေပြီး အမည်းရောင်ပြောင်းနေချေပြီ။


သူအိပ်နေသော မွေ့ရာမှာလည်း စုတ်ပြတ်သတ်နေသည်။

ကုတင်ဘေးက ဖိနပ်တစ်စုံမှာဆိုလျှင် ခြေချောင်းများပင် ထွက်နေချေပြီ။


တံခါးဝမှ အသံတစ်ခုကြားလိုက်ရသဖြင့်လှည့်ကြည့်လိုက်ရာခါးအောက်ပိုင်းတွင် အဝတ်အစားမပါဘဲ ဆံပင်ကိုမြင်း မြီးပုံစံစည်းထားသော ကလေးငယ်တစ်ဦးကိုတွေ့လိုက်ရသည်။


မြောင်ရင်: ...


"ဒါ အရမ်းဆင်းရဲလွန်းတယ်!"


မြောင်ရင် နိုးလာသည့်အသံကို ကြားဟန်တူပြီး တစ်စုံတစ် ယောက် အခန်းထဲသို့ဝင်လာသည်။ ကြည့်ရသည်မှာ လယ် သမားဇနီးတစ်ဦးနှင့် တူပြီး သူမ အဝတ်အစားများမှာ ဖာထေးထားသော်လည်း သန့်ရှင်းသပ်ရပ်နေသည်။ ခေါင်းထက် ပဝါစည်းထားသော်လည်း အပြင်သို့ထွက်နေသော ဆံပင်အချို့မှာ ဖြူနေချေပြီ။ မျက်နှာပေါ်ရှိအရေးအ ကြောင်းများမှာ ဘဝအား ပင်ပန်းစွာဖြတ်သန်းခဲ့ရကြောင်း သက်သေပြနေသည်။


သူမ မြောင်ရင့်အားကြည့်သည့် အကြည့်မှာ မဖော်ရွေသည့်အပြင် ရွံရှာသည့် အရိပ်အယောင်ပင်ပါနေလေသည်။ ပြောလိုက်သည့်စကားများမှာလည်း ဓားကဲ့သို့ ထက်လှသည် - "ထစမ်း၊ နင့် ပစ္စည်းတွေယူပြီး ဒီကနေ ထွက်သွားတော့"


မြောင်ရင် ကြောင်သွားပြီး "ဒါ ကျွန်တော့်အိမ် မဟုတ်ဘူးလား ?" ဟု မေးလိုက်ရသည်။


ထိုအမျိုးသမီး နှာခေါင်းရှုံ့ကာ "နင့်လို လူကုံထံကြီးကို ငါတို့မကျွေးနိုင်ဘူး၊ အခုချက်ချင်း ထစမ်း" 


ထိုစဉ် နောက်တစ်ယောက် ဝင်လာပြန်သည်။ ဆံပင်ဖြူဖွေးနေပြီး ကြည့်ရသည်မှာကြင်နာတတ်မည့်ပုံပေါ်သည့် အဖွားအိုတစ်ဦးဖြစ်သည်။ သို့သော် မြောင်ရင် အကူအညီမတောင်းရသေးမီမှာပင် သူမ၏ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာသည် - "အားရှင်းက ဘာလို့ ဒီကောင့်ကို ပြန်ခေါ်လာတာလဲမသိဘူး! တစ်မိသားစုလုံးကို အရှက်လိုက်ခွဲနေတာ၊ ဒင်းကို ကန်ထဲပဲ ပစ်ချလိုက်ရမှာ!"


ဆဲဆိုသံများကြောင့် မြောင်ရင် အံ့အားသင့်သွားရသည်။ သူသေခါနီးဆုတောင်းလေး ပြည့်ပြီဟုထင်မိပေမဲ့ လက် တွေ့မှာတော့ ရင်နာစရာကောင်းလှသည်။ 'လူကောင်း နတ်မ' ဆိုတာ ဒါမျိုးလား ? သူတစ်ပါးကို ကယ်ရင်းသေဆုံးပြီးနောက် တခြားကမ္ဘာကို ကူးပြောင်းလာတာတောင်မှ အထီး ကျန်နေဆဲပင်။


မြောင်ရင် အော်ဟစ်ငိုယိုရင်း ကုတင်ပေါ်မှ ကယောင်က တမ်းဆင်းလိုက်မိသည်။ မျက်လုံးများ မှိတ်သွားပြီးပြန် လည် မေ့မြောလုနီးအချိန်တွင် အရပ်ရှည်ရှည်နှင့် အမျိုး သားတစ်ဦး တံခါးဝမှဝင်လာသည်ကို မြင်လိုက်ရသည်။ ထိုသူ၏မျက်နှာအား သေချာမမြင်ရသေးခင်မှာပင် မြောင်ရင် ထပ်မံသတိလစ်သွားတော့သည်။


ယခုတစ်ကြိမ် နိုးလာသောအခါတွင်မူ မြောင်ရင်သည် တခြားကမ္ဘာသို့ ကူးပြောင်းလာသူများကဲ့သို့ပင် ဘယ်ရောက်နေသည်အား သိရှိသွားခဲ့ပြီဖြစ်သည်။


ဤကမ္ဘာသည် သူအရင်နေခဲ့သော ကမ္ဘာ့သမိုင်းမှတ်တမ်းများတွင် မရှိခဲ့သော ကမ္ဘာသစ်တစ်ခုဖြစ်သည်။ ဤခန္ဓာ ကိုယ်ပိုင်ရှင်၏အမည်မှာလည်း မြောင်ရင်ဖြစ်ပြီး သူသည် ယခုနှစ်အစပိုင်းကမှ 'ဟွာ' မိသားစုထဲသို့ လက်ထပ်ဝင်ရောက်လာသူဖြစ်သည်။


ဟွာမိသားစုတွင် အသက် (၆၀) ကျော် အဖွားတစ်ဦးရှိပြီး မိဘများမှာ ဟွာဆန်း နှင့် လီဟုန်ယင်းတို့ဖြစ်သည်။ ၎င်းတို့၏သားကြီးမှာ 'ဟွာရှင်း' ဖြစ်ပြီး မုဆိုးတစ်ဦးဖြစ်သည်။ အရပ်ရှည်ပြီးခန့်ညားသော်လည်း စကားနည်းသူပင်။ ဟွာမိသားစုတွင် အသက် (၄) နှစ်အရွယ် 'ဟွာရှောင်ပေါင်' ဆိုသည့် သားငယ်လေးတစ်ဦးလည်း ရှိသေးသည်။


ဟွာရှင်းသည် အသက် (၂၀) ရှိနေပြီဖြစ်သော်လည်း သူ၏ ခပ်အေးအေးနေတတ်သော စရိုက်ကြောင့် မည်သူကမျှ လာရောက် အောင်သွယ်ခြင်းမရှိခဲ့ပေ။ လီဟုန်ယင်းမှာ ပူပန်လွန်း၍ မီးပုံပေါ်ကပုရွက်ဆိတ်ကဲ့သို့ ဖြစ်နေရပြီး အကြိမ်ကြိမ် ဖျောင်းဖျနားချပြီးနောက်မှာတော့ ဘေးမြို့မှ လူငယ်လေးဖြစ်သူ မြောင်ရင်နှင့် လက်ထပ်ပေးရန်အောင် သွယ်ခိုင်းခဲ့ခြင်းဖြစ်သည်။


ဟွာရှင်းသည် လက်ထပ်ပြီးနောက်တွင် ဘဝမှာ သာယာဖြောင့်ဖြူးလာလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း မြောင်ရင်သည် ချောမောလှပသော ရုပ်ရည်ရှိသလောက် အတွင်းစိတ်မှာမူ အလွန်ဆိုးညစ်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။


တကယ်တော့ မြောင်ရင်သည် သူ့ရွာမှာကတည်းက နာမည်ပျက်နေသူဖြစ်ပြီး အိမ်ထောင်မပြုရသေးဘဲ ဒေသခံလူ မိုက်များနှင့် ပတ်သက်နေသူဖြစ်သည်။ သူသည် ဟွာမိသားစုဆီသို့ လက်ထပ်ဝင်ရောက်လာရခြင်းမှာလည်း ၎င်းတို့ပေးသည့် တင်တောင်းငွေ ငွေငါးချောင်းအားလိုချင် ရုံသက်သက်သာ။ ဟွာမိသားစုထဲ ရောက်လာပြီးနောက် တွင်လည်း တစ်အိမ်လုံးကိုကပြောင်းကပြန် ဖြစ်အောင် လုပ်တော့သည်။


ပထမဆုံးအနေဖြင့် မင်္ဂလာဦးညမှာပင် ဟွာရှင်းအားအခန်းထဲ အိပ်ခွင့်မပေးခဲ့ပေ။ နောက်ပိုင်းတွင်လည်း အိမ်မှုကိစ္စ တစ်စုံတစ်ရာမှမလုပ်ဘဲ တစ်နေ့လုံးအချိန်ဖြုန်းကာ အိပ်နေတတ်ပြီး၊ သူ့ယောက်ဖဖြစ်သူ လေးနှစ်သားလေးဟွာရှောင်ပေါင်ကိုလည်း အမြဲနှိပ်စက်လေ့ရှိသည်။ ဟွာရှောင်ပေါင်စားမည့် ကြက်ဥကိုပင် ခိုးစားတတ်သေးသည်။ ဟွာရှင်းသည် ထိုအရာအားလုံးအား သိမြင်နေသော်လည်း မြောင်ရင် လက်ထပ်ဝင်လာစဉ်က ပါလာသောရိက္ခာများကိုထောက်ထားကာ အရာရာကိုသည်းခံပေးခဲ့သည်။


ခြောက်လခန့် ကြာပြီးနောက် မြောင်ရင်၏ရည်းစားဖြစ်သူမှာ အခြေအနေကိုသိရှိသွားပြီး မြောင်ရင်ကို သူနှင့်အတူ ထွက်ပြေးရန်စည်းရုံးတော့သည်။ မြောင်ရင်သည် အဖွားဖြစ်သူ စုဆောင်းထားသည့် အသုဘစာရိတ်ငွေများနှင့် ဟွာရှင်း အိမ်မှာထားခဲ့သည့် ငွေများကိုပါ ခိုးယူကာထိုလူ မိုက်နောက်သို့ ကောက်ကောက်ပါအောင်လိုက်ပြေးခဲ့လေသည်။


သို့သော် ထိုလူမိုက်မှာ မြောင်ရင်အပေါ် စိတ်မပါခဲ့ပေ၊ သူ့ ခန္ဓာကိုယ်ကိုသာ လိုချင်ခဲ့ခြင်းဖြစ်သည်။ မြောင်ရင် ငြင်း ဆန်ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ကြတော့သည်။ မြောင်ရင်သည် အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးအားမယှဉ်နိုင်ဘဲ ရုန်းကန်ရင်းတောင်စောင်းပေါ်မှ ပြုတ်ကျသွားကာ ဦးခေါင်းနှင့် ချွန်ထက်သော ကျောက်ဆောင်တိုက်မိပြီး ထိုနေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။


မမျှော်လင့်ဘဲ သူသည် တခြားကမ္ဘာသို့ကူးပြောင်းလာကာ ဤခန္ဓာကိုယ်တွင် ဒုတိယအကြိမ် အသက်ဆက်ခွင့်ရခဲ့သည်။ သူ မမျှော်လင့်ထားသည်မှာ ဟွာရှင်းသည် ဝေးလံလှသောတောတောင်ထဲသို့ အမဲလိုက်သွားရင်း မြေပြင်ပေါ်တွင် အသက်ငင်နေသော သူ့အားတွေ့ရှိခဲ့ပြီး အိမ်သို့ပြန်ခေါ်လာပေးခဲ့ခြင်းပင်။


မြောင်ရင်သည် ဝိညာဉ်မကူးပြောင်းမီက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ခေါင်းထဲအမြန်ပြန်တွေးကြည့်ရင်း စိတ်ဓာတ်များပင် ယိုင်နဲ့သွားရသည်။


"ဘာ...?! ယောက်ျားအချင်းချင်း ပေါ်ပေါ်ထင်ထင်လက် ထပ်လို့ရတာလား ?"


"ဘာ...?! အဆိုးဆုံးလူက တကယ်တော့ ငါ ကိုယ်တိုင်ဖြစ်နေပါလား?"


ဒီကိစ္စတွေကို သူကိုယ်တိုင်လုပ်ခဲ့တာ မဟုတ်ပေမဲ့ အခုတော့ သူ ဒီခန္ဓာကိုယ်ထဲရောက်နေပြီဖြစ်ရာ သူ မလုပ်ခဲ့တဲ့ အမှုကိစ္စများမှာ ယခု သူ့အမှုကိစ္စဖြစ်ကုန်ချေလေပြီ။


"တကယ့် ပြဿနာပဲ"


မြောင်ရင် မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ ခေါင်းအား လှည့်ကြည့်လိုက်ရာ ပြတင်းပေါက်နားတွင်ရပ်ပြီး ပြတင်းပေါက်ပြင်နေသော အရပ်ရှည်ရှည် လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။ 


ဤသူသည် သူ၏ "ဈေးပေါပေါနှင့်ရသော ခင်ပွန်း" ဖြစ်ရပေမည်။ သူတို့ ဆုံတွေ့ကြရသည်မှာ တကယ့်ကိုကံကြမ္မာသာဖြစ်လိမ့်မည်။ မဟုတ်လျှင် ဟွာရှင်းက အမဲလိုက်ရင်း ထိုမျှ ဝေးလံသည့်နေရာအထိရောက်သွားပြီး သူ့အားတွေ့စရာ အကြောင်းမရှိပေ။ အကယ်၍ ဟွာရှင်းသာ မကယ်ခဲ့လျှင် သူသည် တခြားကမ္ဘာသို့ ကူးပြောင်းလာခဲ့သော် လည်း တောထဲလမ်းပျောက်ပြီး အအေးမိကာ သေဆုံးသွားလောက်ပြီဖြစ်သည်။


သူသည် ခန္ဓာကိုယ်ကို အနည်းငယ်လှည့်လိုက်ရုံရှိသေးသော်လည်း ဟွာရှင်းမှာ နောက်စေ့တွင် မျက်စိပါသည့်နှယ် လုပ်လက်စကိုရပ်လိုက်ပြီး လှည့်ကြည့်လာသည်။


ဟွာရှင်းသည် ပုံမှန်အားဖြင့် လူတိုင်းအပေါ် စကားနည်းသူဖြစ်ပြီး ယခု ငွေခိုးကာ တခြားသူနှင့် ထွက်ပြေးခဲ့သော ခင်ပွန်းဖြစ်သူနှင့် မျက်နှာချင်းဆိုင်ရချိန်မှာပင် သူ့မျက်နှာထက် မည်သည့်ခံစားချက်မျှမရှိဘဲ တည်ငြိမ်နေဆဲပင်။


"ကွာရှင်းစာချုပ်ကို ငါ ရေးပြီးပြီ၊ မနက်ဖြန်ကျရင် မြို့နယ် ရုံး‌မှာ တံဆိပ်တုံးသွားထုလို့ရပြီ၊ အဲ့ဒီအခါကျရင် မင်း လွတ်လပ်သွားလိမ့်မယ်"


မြောင်ရင်ခမျာ ဆွံ့အသွားရသည်။ ဤခန္ဓာကိုယ်၏ကျန်ရှိနေသော မှတ်ဉာဏ်များအရဆိုလျှင် ဤစကားမှာ ဟွာရှင်း ပြောဖူးသမျှထဲတွင် အရှည်ဆုံးဖြစ်လိမ့်မည်။ သူသည် မိသားစုရှိ လူကြီးသူမများနှင့်ပင် စကားအရှည်ကြီးပြောလေ့မရှိပေ။


"ဟို... ကျွန်တော်... ကျွန်တော် ယူသွားတဲ့ ငွေတွေကို ပြန်ဆပ်ပါ့မယ်" 


မြောင်ရင် ဘဝတွင် အမုန်းဆုံးအရာမှာ အကြွေးတင်ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် အရင်ဘဝက နိုးလာကတည်းကအလုပ်လုပ်သည့် "အလုပ်ကြိုးစားမှု၏ ဧကရာဇ်" ဟုပင် တင်စားခံခဲ့ရသူ မဟုတ်ပါလား ?


ထိုအခါမှ ဟွာရှင်းမျက်နှာထက် အံ့အားသင့်သည့် အရိပ် အယောင်ပေါ်လာသည်။ မြောင်ရင် တစ်ယောက် အခုဘာလှည့်ကွက်တွေသုံးဦးမလဲဟု တွေးတောနေပုံရသည်။


မြောင်ရင်ကတော့ အနေရခက်စွာနှင့်သာ ပြုံးပြလိုက်မိသည်။


ဟွာရှင်း ဘာမှထပ်မပြောတော့ပေ။ ပြတင်းပေါက်ကို ပြင်ပြီးနောက် သူ့ ပစ္စည်းများကို သိမ်းကာ အခန်းထဲကထွက်သွားသည်။ မြောင်ရင် တစ်ယောက်တည်း ကုတင်ပေါ်တွင် ကျန်ရစ်ခဲ့၏။ သူ အနည်းငယ် ဗိုက်ဆာလာသော်လည်း အပြင်ထွက်ရန်ရှက်နေမိသည်။ 


သူသည် တခြားသူများထက် မျက်နှာပြောင်တတ်သူဖြစ်သော်လည်း ဟွာရှင်းမိသားစုထံသို့သွားကာ စားစရာတောင်းရန်မှာမူ အလွန်ရှက်ဖို့ကောင်းလှသည်။ ၎င်းတို့မိသားစုထံမှ ငွေကိုလည်း ခိုးခဲ့သေးသည်၊ ယခု ၎င်းတို့မှ ရန်ငြိုးမထားဘဲ အသက်ကိုပါကယ်ပေးထားကြသည်။ အကယ်၍ သူသာ ဟွာရှင်းနေရာမှာဆိုလျှင် လမ်းမှာတွေ့လျှင်ပင် ကူညီလိမ့်မည်မဟုတ်ပေ။ ဟွာရှင်းသည် တကယ်စိတ်ထားကောင်းလွန်းလှသည်။


မြောင်ရင် အခန်းထဲတွင် အချိန်အတော်ကြာတုံ့ဆိုင်းနေခဲ့သည်။ ကုတင်ပေါ်မှ ဆင်းလိုက်သည့်အခါ ခေါင်းအလွန်ကိုက်လာရသည်။ သူ့ ခေါင်းနောက်စေ့အားစမ်းကြည့်လိုက်ရာ ဖူးရောင်နေသော အဖုကြီးတစ်ခုကိုတွေ့လိုက်ရပြီး လက်ချောင်းထိပ်များတွင် ဆေးရည်စများကြောင့် အစိမ်းရောင်စွန်းနေသည့် သွေးစအချို့ကိုတွေ့လိုက်ရလေသည်။


ကြည့်ရသည်မှာ ဤဒဏ်ရာသည် ခန္ဓာကိုယ်ပိုင်ရှင်ဟောင်း ၏အသက်ဆုံးရှုံးစေခဲ့သော ဒဏ်ရာဖြစ်ဟန်တူသည်။ ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းသည် လူမိုက်များ၏တွန်းချမှုကို ခံရကာ တောင်စောင်းပေါ်မှလိမ့်ကျပြီး ဦးခေါင်းနှင့် ကျောက်ဆောင်တိုက်မိကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက်မှ သူက ဤခန္ဓာကိုယ်ထဲသို့ ကူးပြောင်းရောက်ရှိလာခဲ့ခြင်းဖြစ်သည်။


'နေဦး... ခေါင်းမှာ ဒဏ်ရာရထားတာဆိုတော့ ငါ မှတ်ဉာဏ်ပျောက်ချင်ယောင်ဆောင်ရင် မကောင်းဘူးလား ? ငါသာ ဘာမှမမှတ်မိတော့ဘူးလို့ ပြောလိုက်ရင် အဲဒီကိစ္စတွေက ငါ လုပ်ခဲ့တာ မဟုတ်တော့ဘူးပေါ့'


'တကယ်လည်း ငါ လုပ်ခဲ့တာမှ မဟုတ်တာ' ဟု မြောင်ရင် စိတ်ထဲက တွေးလိုက်သည်။


ယခုမှ မှတ်ဉာဏ်ပျောက်ချင်ယောင်ဆောင်ရသည်မှာ အနည်းငယ်တော့ သဘာဝကျသလိုဖြစ်နေလိမ့်မည်။ အကယ်၍ ပထမဆုံးအကြိမ် နိုးလာကတည်းကသာလုပ်ခဲ့လျှင် အကောင်းဆုံးဖြစ်မည်ပင်။ ဟွာမိသားစုဝင်များ သိပ်ပြီးပါးမနပ်ကြဖို့နှင်ါ သူ့ သရုပ်ဆောင်မှုအား ယုံကြည်ပေးကြဖို့သာ မြောင်ရင်မျှော်လင့်နေမိတော့သည်။


အကြောင်းပြချက်တစ်ခုရလာပြီဖြစ်၍ သူ အခန်းထဲမှ ရဲရဲဝံ့ဝံ့ ထွက်လာခဲ့သည်။ သို့သော် အိမ်အပြင်အခြေအနေကို မြင်လိုက်ရသောအခါတွင်မူ အလွန်တရာမှဟောင်းနွမ်းစုတ်ပြတ်နေသည်ကို တွေ့လိုက်ရ၏။


ကျဉ်းမြောင်းသော အိပ်ခန်းသုံးခန်းမှာ တစ်ဖက်တွင် ကပ်လျက်ရှိပြီး အလယ်တွင် ဝန်းခြံကျဉ်းလေးတစ်ခုရှိသည်။ အခန်းမကြီးတစ်ခုထဲတွင် စားပွဲအသေးလေးတစ်လုံး ရှိကာ မီးဖိုချောင်နှင့် ထင်းရှူးတိုက်မှာ အိပ်ခန်းများ၏ တစ် ဖက်တစ်ချက်တွင်ရှိနေသည်။


မြောင်ရင်၏ခေတ်သစ်လူသားစံနှုန်းဖြင့် တိုင်းတာလျှင် ဤအိမ်တစ်လုံးလုံးမှာ (၄၀-၅၀) စတုရန်းမီတာခန့်သာရှိပြီး လူခြောက်ယောက် နေထိုင်နေကြခြင်းပင်။


မြောင်ရင် အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် ဝန်းခြံထဲရှိ လူအများ၏အကြည့်များက သူ့ထံသို့ရောက်လာကြသည်။ ၎င်းတို့မျက်နှာများတွင် မဖုံးကွယ်နိုင်သော ရွံရှာမုန်းတီးမှုများအပြည့်ရှိနေကြ၏။


မီးဖိုချောင်ထဲ ညစာအတွက် ပြင်ဆင်နေကြသည်။ ဤမိသားစုမှာ အသားမစားရသည်မှာကြာပြီဖြစ်၏။ ဟွာရှင်း အမဲလိုက်ရာမှ ရလာသော တောကြက်တစ်ကောင်ကိုအိုးထဲတွင် ချက်ပြုတ်နေသဖြင့် မြောင်ရင်သည် ကြက်စွပ် ပြုတ်နံ့ကိုရနေရပြီဖြစ်သည်။ သူ့ဗိုက်မှာလည်း ထပ်မံ မြည်လာရပြန်သည်။


အဖွားဖြစ်သူမှာ မြောင်ရင်ဗိုက်မြည်သံကို ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူမ တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် မြောင်ရင်မျက်နှာမှာ အပြုံးများဖြင့် ဝင်းပနေသည်ကိုမြင်လိုက်ရသည်။ စောစောက ရူးကြောင် ကြောင် ဖြစ်နေသူနှင့် လားလားမှမတူတော့ပေ။


မြောင်ရင် အကူအညီတောင်းသလို အမူအရာမျိုးဖြင့် ပြုံးလိုက်ပြီး - "အဖွား!" ဟု ခေါ်လိုက်သည်။


အဖွားဖြစ်သူမှာ သူ့အား အလွန်ရွံရှာနေသဖြင့် ညစာပင် ဆက်စားချင်စိတ်မရှိတော့ပေ။ သူမသည် မြောင်ရင် သူမနားသို့တိုးကပ်လာမည်စိုး၍ လက်ဖြင့်တားလိုက်ကာ "နင် အခု ဘာလှည့်ကွက်တွေ ထပ်သုံးဦးမလို့လဲ ?" ဟု မေးလိုက်သည်။


မြောင်ရင် အပြစ်ကင်းစင်သော မျက်လုံးများဖြင့် အဖွားကို သနားစဖွယ်ကြည့်လိုက်သည်။ မျက်ရည်များပင် ဝဲနေကာ "အဖွား...?"


မြောင်ရင်သည် သဘာဝအတိုင်းပင် ချောမောသူဖြစ်ပြီး အထူးသဖြင့် သူ့မျက်လုံးများက ဆွဲဆောင်မှုရှိလှသည်။ သူ့မျက်လုံးထဲ မျက်ရည်များဝဲနေချိန်၌ တစ်ကမ္ဘာလုံးက သူ့အား တစ်ခုခုအကြွေးတင်နေသည့်အလား ထင်မှတ်ရစေသည်။ ဤမျက်လုံးများကြောင့်ပင် လီဟုန်ယင်းသည် ဟွာရှင်းအတွက် ဤအိမ်ထောင်အား စီစဉ်ပေးခဲ့ခြင်းဖြစ် သည်။


"နင် တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ ?" ဟုအဖွားက အသံခပ်ပြတ်ပြတ်ဖြင့် မေးလိုက်သည်။


"အဖွား... ကျွန်တော် အခုမှ နိုးလာတာပါ၊ ဘာကိုမှ မမှတ်မိတော့ဘူး၊ ခေါင်းမှာ ဒဏ်ရာရသွားလို့များလား မသိဘူး" မြောင်ရင်က သူ့ခေါင်းနောက်စေ့ကို ထပ်မံကိုင်ပြလိုက်သည်။


စကားပြောအပြီးတွင် မီးဖိုချောင်တံခါးဝမှာ ထိုင်နေသော ဟွာရှင်းကို သူ ခိုးကြည့်လိုက်သော်လည်း ဟွာရှင်းကမူ ဘာမှမကြားသည့်အလား မည်သည့်နေရာကိုကြည့်နေမှန်းမသိဘဲ ငေးငိုင်နေဆဲပင်။


အဖွား မြောင်ရင်အား သံသယဖြင့်ကြည့်နေသည်။ နေ့ခင်းကပင် သူ ရူးသလိုနှမ်းသလိုလုပ်နေသေးပြီး မှတ်ဉာဏ်ပျောက်သွားသည့်ပုံ မပေါက်ခဲ့ချေ။ သူ တစ်ခုခုထပ်ပြီး လှည့်စားဦးမည်ဟု သူမ သံသယဝင်နေမိသည်။


သူမ၏အသုဘစာရိတ်အတွက် စုထားသော ငွေများကို တွေးမိတိုင်း အဖွားမှာရင်နာလှသဖြင့် မြောင်ရင်အပေါ် ပိုလို့ပင်တင်းမာလာခဲ့သည် - "ဒီလိုတွေ ဟန်မဆောင်နဲ့၊ ဒီမိသားစုက နင့်ကို ဘယ်လိုမှ ပြန်လက်ခံမှာမဟုတ်ဘူး"


ဤသည်မှာ မြောင်ရင် ခန့်မှန်းထားပြီးသား ရလဒ်ဖြစ်သဖြင့် သူ ဟန်ဆောင်နေခြင်းကိုရပ်လိုက်ပြီး မီးဖိုချောင်ဆီသို့သာ စိုက်ကြည့်ရင်းပြောလိုက်သည် - "ဒါဆို... ကျွန်တော် မထွက်သွားခင်လေး ကောင်းကောင်းမွန်မွန် ညစာတစ်နပ်လောက် စားသွားလို့ရမလား ?"