Ch 2
Viewers 5k

🍋 Chapter 2



ဝန်းခြံထရှိတိတ်ဆိတ်မှုအား ဟွာစန်း ဝင်လာခြင်းဖြင့်ဖြိုခွဲလိုက်သည်။ သူသည် ဝိုင်အိုးတစ်လုံးကို ကိုင်ထားပြီးမျက် လုံးများမှာလည်း မူးယစ်ရီဝေနေ၏။ ဝန်းခြံထဲတွင် ရပ်နေသော မြောင်ရင်ကိုမြင်လိုက်ရသောအခါ စဉ်းစားမနေတော့ဘဲ လက်ထဲက ဝိုင်အိုးဖြင့် လှမ်းပေါက်လိုက်တော့ သည်။


ဒဏ်ရာရထားသဖြင့် တုံ့ပြန်မှုနှေးကွေးနေသော မြောင်ရင်မှာ မိမိထံသို့ပျံဝဲလာသော ဝိုင်အိုးကိုကြောင်ကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်ခဲ့ပေ။ ထိုစဉ်မှာပင် အရပ်ရှည်ရှည် လူရိပ်တစ်ခုက သူ့ရှေ့မှကာဆီးပေးလိုက်ပြီး ဟွာစန်း ပစ်လိုက်သော ဝိုင်အိုးကိုဖမ်းယူလိုက်သည်။


ဟွာစန်းမှာ အနည်းငယ် ကြောက်လန့်သွားဟန်တူပြီး မူးမူးရူးရူးဖြင့် ခြေချော်ကာ မြေပြင်ပေါ်သို့လဲကျသွားတော့ သည်။


ကံဆိုးစွာပင် မြောင်ရင်မှာလည်း တစ်ခါထပ်ပြီး သတိလစ်သွားပြန်သည်။


ယခုတစ်ကြိမ် ပြန်နိုးလာသောအခါ အခန်းထဲလက်ဝါးဖြန့်ကြည့်လို့ပင် မရအောင် မှောင်အတိကျနေသည်။ သူသည် ကိုယ်ကို ထောက်ကာ ထထိုင်လိုက်ရင်း စောစောကကြက်စွပ်ပြုတ်အိုးကြီးကိုသာ သတိရနေမိသည်၊ တစ်ငုံပင် မသောက်လိုက်ရသေးခင်မှာပင်။


သူ့ဗိုက်ကလည်း တဂူးဂူးမြည်နေပြန်သည်။ မြောင်ရင် မှောင်မိုက်ထဲတွင် သက်ပြင်းချရင်း နောက်ဘာဆက်လုပ်ရမလဲဟု တွေးတောနေမိ၏။


ထိုစဉ် အခန်းထဲ၌ အလင်းရောင် အနည်းငယ်ပေါ်လာသည်။ ဟွာရှင်းက မီးခတ်ကျောက်ဖြင့် ဆီမီးခွက်ကိုထွန်းလိုက်ခြင်း ဖြစ်သည်။ ဟွာရှင်းသည် ကြမ်းပြင်ပေါ်တွင် ယာယီအိပ်ရာတစ်ခု ပြင်ထားသည်ကို မြောင်ရင်မြင်လိုက်ရသည်။


အလင်းရောင်ကြောင့် အမှောင်ထုက ကွယ်ပျောက်သွားသည်။ မြောင်ရင်သည် ကုတင်ပေါ်တွင် ဟန်မပျက် ထိုင်နေသော်လည်း ခေါင်းကတော့ ဆစ်ခနဲ ဆစ်ခနဲကိုက်နေဆဲပင်။ သူ၏ ခေါင်းနောက်စေ့ကို စမ်းကြည့်လိုက်ရာ ဆေးအသစ် ပြန်ထည့်ပေးထားသည်ကိုတွေ့လိုက်ရသည်။


'ဒီဟွာရှင်းက တကယ်ကို စိတ်ထားကောင်းတဲ့လူပဲ။' ဒီခန္ဓာကိုယ်ပိုင်ရှင်ဟောင်းက မျက်စိကန်းနေလို့လား မသိ၊ ဟွာရှင်းလိုလူမျိုးနဲ့ ကောင်းကောင်းမွန်မွန်မနေဘဲ ဘာလို့ လူမိုက်နောက် လိုက်ချင်ရတာလဲဟု သူ တွေးနေမိသည်။


မြောင်ရင် အတွေးလွန်နေစဉ်မှာပင် ဟွာရှင်း အခန်းထဲမှ ခဏထွက်သွားပြီး ပန်းကန်လုံးနှစ်လုံးကိုကိုင်ကာ ပြန်ဝင်လာသည်။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်စွပ်ပြုတ် ပါလာ၏။ ကြက်ပေါင်သား မပါသော်လည်း ကံကောင်းထောက်မစွာဖြင့် ကြက်လည်ပင်းတစ်ဖက်ပါလာသည်။ နောက်ပန်းကန်လုံး တစ်လုံးထဲတွင်မူ ပြောင်းဖူးမုန့်တစ်ခု ပါလာသည်။


အခန်းထဲမှာ စားပွဲတင်ရန် နေရာမရှိသဖြင့် ဟွာရှင်းကုတင်ဘေးက သေတ္တာပေါ်တွင် ပန်းကန်လုံးများကိုတင်ပေး လိုက်ပြီး မြောင်ရင်ကို စားရန်အချက်ပြလိုက်သည်။


မြောင်ရင်လည်း ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ကြက်စွပ် ပြုတ်ကို မော့သောက်လိုက်ပြီးနောက် ပြောင်းဖူးမုန့်ကို အငမ်းမရ ကိုက်စားတော့သည်။ ပြောင်းဖူးမုန့်က ဂျုံနုဖြင့် လုပ်ထားခြင်း မဟုတ်သဖြင့် မျိုချလိုက်သည့်အခါ လည် ချောင်းထဲတွင် အနည်းငယ်ကြမ်းတမ်းနေသော်လည်း အလွန်ဗိုက်ဆာနေသော မြောင်ရင်အတွက်မူ ဂရုစိုက်စရာ မဟုတ်ပေ။ ထိုပြောင်းဖူးနံ့လေးကိုပင် သူသဘောကျနေသေးသည်။ ခဏအတွင်းမှာပင် ပန်းကန်နှစ်လုံးလုံးပြောင်သလင်းခါသွားတော့သည်။


"မနက်ဖြန်ကျရင် မြို့ဝန်ရုံးမှာ တံဆိပ်တုံးသွားထုပြီးတာနဲ့ မင်း ထွက်သွားလို့ရပြီ" ဟု ဟွာရှင်းက ဆိုလာသည်။


မြောင်ရင်သည် စားလက်စပြောင်းဖူးမုန့်များ လည်ချောင်းထဲတွင် တစ်သွားသလိုခံစားလိုက်ရသည်။ သူသည် ဟွာမိသားစုမှာ မဖြစ်မနေ နေချင်နေတာတော့ မဟုတ်ရချေ။ အဓိကပြဿနာမဇာ ဤမိသားစုမှ ထွက်သွားလျှင် ဘယ်သွားရမှန်း မသိခြင်းပင်။ ခန္ဓာကိုယ်ပိုင်ရှင်ဟောင်း၏ မှတ် ဉာဏ်အချို့ ရှိနေသော်လည်း ဤကမ္ဘာကြီးအကြောင်းကို သူ ဘာမှမသိသေးပေ။


သူ ဟွာရှင်းကိုကြည့်ကာ ခက်ခက်ခဲခဲပြောလိုက်ရသည် - "ကျွန်တော်က... ခင်ဗျားတို့သိတဲ့ မြောင်ရင် မဟုတ်တော့ဘူး"


ဟွာရှင်းက ခေါင်းလှည့်ကာ သူ့ကို တစ်ချက်ကြည့်လိုက်သည်။


"ခင်ဗျား ကျွန်တော့်ကို တွေ့တုန်းက ကျွန်တော် သေနေပြီ မဟုတ်လား ?" မြောင်ရင်က ဆက်ပြောသည် - "ဟုတ်တယ်၊ သူက သေသွားပြီ၊ အဲဒီနောက်မှာ ကျွန်တော် ရောက်လာတာ"


မြောင်ရင် ဟွာရှင်အား စိုက်ကြည့်နေသော်လည်း ဟွာရှင်း မျက်နှာထက် မည်သည့် ခံစားချက်မျှမတွေ့ရပေ။ မြောင်ရင် သူ အသက်ပြန်ရှင်လာသည့် အကြောင်းကိုပြောနေခြင်း မဟုတ်ဘဲ ဒီနေ့ ညစာက ဘယ်လောက် အရသာရှိကြောင်း ပြောနေသည့်အလားပင်။


"ခင်ဗျား လုံးဝ မယုံဘူးလား?" မြောင်ရင်မှာ စိတ်ပျက်သွားပြီး - "ဒါပေမဲ့ ကျွန်တော် ပြောတာတကယ်ပါ"


"မင်း ဘာလုပ်ချင်လို့လဲ?" ဟု ဟွာရှင်းက မေးသည်။


"ကျွန်တော် ဒီမှာ ဆက်နေလို့ ရမလား? သူ ခင်ဗျားတို့ ငွေတွေကို ခိုးသွားတယ် မဟုတ်လား၊ ကျွန်တော် အဲဒီငွေတွေ ပြန်ရအောင် ရှာပေးပါ့မယ်။"


မြောင်ရင်သည် ဤကမ္ဘာအကြောင်းကို သိပ်မသိသော် လည်း၊ အရင်ဘဝက ငွေရှာရာတွင် ဘုရင်တစ်ပါးကဲ့သို့ ကျွမ်းကျင်သူဖြစ်ရာ ငွေရှာရန်မှာ သူ့အတွက် အလွန်လွယ် ကူသောကိစ္စဖြစ်သည်။


ဟွာရှင်းက ဘာမှ ထပ်မပြောဘဲ မီးကိုသာ ငြှိမ်းလိုက်ပြီး - "မနက်ဖြန်မှ ဆက်ပြောကြတာပေါ့" ဟု ဆိုသည်။


"နေဦးလေ" 


မြောင်ရင်က အမြန်ထကာ ကုတင်ပေါ်တွင် တစ်ဖက်သို့ တိုးပေးလိုက်ရင်း - "အေးလွန်းတယ်၊ ခင်ဗျားလည်း ကုတင်ပေါ်မှာပဲ တက်အိပ်ပါလား ?"


မြောင်ရင်သည် သူ၏ဇနီးလေးဆိုသည့် အဆင့်အတန်းသစ်ကို သိပ်ပြီးလက်မခံနိုင်သေးပေ။ သူသည် မိမိကိုယ်ကိုယ် အမျိုးသားတစ်ဦးဟုသာ ခံစားနေရဆဲဖြစ်ရာ ဟွာရှင်းနှင့်အတူအိပ်ရခြင်းမှာ ကိစ္စမရှိဟုထင်နေသည်။ မကြာခင် ဆောင်းတွင်းရောက်တော့မည်ဖြစ်ရာ အအေးမိလျှင် မကောင်းပေ။


ဒါ့အပြင် ဤအိမ်နှင့်အခန်းမှာလည်း ဟွာရှင်း ပိုင်ဆိုင်ခြင်းဖြစ်ပြီး သူကသာ လာပြီး နေရာလုထား သူဖြစ်နေရသည် မဟုတ်ပါလား။


သို့သော် ဟွာရှင်းမှာမူ လှုပ်ရှားခြင်းမရှိဘဲ ကြမ်းပြင်ပေါ်တွင်သာ ငြိမ်သက်စွာလဲလျောင်းနေခဲ့လေသည်။


မြောင်ရင် သက်ပြင်းတစ်ချက်ချကာ ပြန်လှဲလိုက်သည်။ ၎င်းတို့၏အမြင်ကို အချိန်တိုအတွင်း ပြောင်းလဲပစ်ရန်မှာ မလွယ်ကူသည်ကို သူသိသည်။ လောလောဆယ်တွင် သူ့ အဓိကဦးစားပေးမှာ ခေါင်းကဒဏ်ရာ ပျောက်ကင်းအောင် ကုသရန်ပင်။ ဤခေတ်သည် ရှေးဟောင်းခေတ်ဖြစ်သဖြင့် အမှားအယွင်း အနည်းငယ်ရှိရုံနှင့် အသက်ဆုံးရှုံးနိုင်သည်။ သူ တစ်ခါသေဖူးပြီးပြီ ဖြစ်သဖြင့် ဒုတိယအကြိမ်ထပ်မံမသေချင်သေးပေ။


သို့သော်လည်း ဦးခေါင်းရှိ ဒဏ်ရာမှာပြင်းထန်လွန်းလှသဖြင့် ထိုညမှာပင် မြောင်ရင်မှာကိုယ်ပူတက်လာတော့ သည်။ သူ့ မျက်နှာတစ်ခုလုံး နီရဲနေပြီး ကယောင်ကတမ်းဖြစ်နေစဉ်မှာပင် အေးမြသောပဝါတစ်ခုက နဖူးပေါ်သို့ ရောက်လာသည်။ မကြာမီမှာပင် ခါးသက်သက် ဆေးရည်များကို တိုက်ကျွေးခြင်းခံလိုက်ရသည်။ မြောင်ရင်သည် ဆေးမြီးတိုများ၏အရသာကို သိနေသဖြင့် ၎င်းမှာ ကိုယ်ပူကျဆေး၊ ချောင်းဆိုးပျောက်ဆေးနှင့် ဂျင်းတို့ ရောစပ်ထားသည့် အရသာဖြစ်ကြောင်းမှတ်မိနေသည်။


တစ်ညလုံး ကုန်လွန်သွားသောအခါ မြောင်ရင်မှာ ချွေးများဖြင့် ရွှဲနစ်နေတော့သည်။ သူ၏ မကောင်းလှသော အဝတ် အစားများမှာလည်း ချွေးစိုပြီးပြန်ခြောက်သွားသဖြင့် တစ်ကိုယ်လုံးတွင် ကပ်စေးနေ၏။ သူ မျက်လုံးဖွင့်လိုက်သော အခါ စောင်ပေါ်တွင် အတွင်းခံအဝတ်အစား အသစ်တစ်စုံကို တွေ့လိုက်ရသည်။


သူ စောင်ထဲတွင်ပင် အမြန်လဲလှယ်လိုက်သည်။ ယခုဆိုလျှင်အပြင်ဘက်တွင် နေပင်အတော်မြင့်နေချေပြီ။ အဝတ် အစားလဲပြီးနောက် မြောင်ရင် အပြင်သို့ ထွက်လာခဲ့သည်။ ဝန်းခြံကျဉ်းလေးထဲတွင် ဟွာရှောင်ပေါင်တစ်ယောက် တည်းသာ ရှိနေပြီး အဝတ်အစားမပါဘဲ ထောင့်တစ်နေရာတွင် ပိုးကောင်ဖမ်းနေသည်။


ဟွာရှောင်ပေါင်သည် မြောင်ရင်ကို မြင်သည်နှင့် ကြောက် လန့်တကြား ထောင့်ထဲသို့ကပ်သွားသည်။ မြောင်ရင်က သူ့နားသို့ တိုးသွားကာ "မင်းတို့ မိသားစုတွေ ဘယ်သွားကုန်ကြလဲ ?" ဟု မေးလိုက်သည်။


"အစ်ကိုကြီးက တောင်ပေါ်တက်သွားတယ်၊ အမေက အလုပ်သွားလုပ်တယ်၊ အဖွားကတော့ အဖွားယင်းအိမ်ကို သွားတယ်"


မြောင်ရင် လက်လှမ်းပြီး သူ့ခေါင်းလေးကိုပုတ်ပေးလိုက်ကာ "မင်း ဒီလောက်တောင် စကားပြောတတ်နေပြီလား ? တော်လိုက်တာ" ဟု ချီးမွမ်းလိုက်သည်။


ဟွာရှောင်ပေါင် မျက်လုံးလေးများဝိုင်းသွားပြီး "ကျွန်တော် လေးနှစ်ရှိပြီလေ!" 


မြောင်ရင် ပြုံးလိုက်မိသည်။ ထို့နောက် အခန်းမကြီးထဲရှိ စားပွဲပေါ်တွင် ရေတစ်ခွက်နှင့် ပြောင်းဖူးမုန့်တစ်ဝက်ရှိနေသည်ကို တွေ့သဖြင့် အမြန်သွားကာစားလိုက်တော့ သည်။


ဟွာရှောင်ပေါင် စိတ်ဝင်တစားဖြင့် သူ့နားတွင် ဆောင့် ကြောင့်ထိုင်ကြည့်နေပြန်သည်။


မြောင်ရင်သည် ကလေးလေးဗိုက်ဆာနေသည်ဟု ထင်သဖြင့် ကျန်နေသော ပြောင်းဖူးမုန့်တစ်ဝက်ကို နှစ်ပိုင်းပိုင်းကာ သူ့ကို ပေးလိုက်သည်။ ဟွာရှောင်ပေါင် ကြောင်ကြည့်ရင်း ယူလိုက်ပြီး လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်၊ နှစ်ယောက်သား အတူတူထိုင်စားနေကြလေသည်။


ပြောင်းဖူးမုန့် စားပြီးနောက် မြောင်ရင်သည် အိမ်ထဲကို တစ်ပတ်ပတ်ကြည့်ကာ စိတ်ထဲသက်ပြင်းချလိုက်မိသည်။ တကယ့်ကို ဆင်းရဲလွန်းလှသည်။ ဟွာရှင်း တစ်ယောက် တည်း အမဲလိုက်ရုံနဲ့ ငွေဘယ်လောက်ရနိုင်မှာတဲ့လဲ ?


ယခုအချိန်က ဆောင်းဦးနှောင်းပိုင်း ဖြစ်သဖြင့် ရိတ်သိမ်းချိန်လည်း ကုန်လွန်လောက်ပြီ ဖြစ်သည်။ သူသိထားသမျှအရ ရှေးဟောင်းခေတ်တွင် စပါးခွန်များမှာ အလွန်ပင် ကြီးလေးလှသည်။ ဤမိသားစုကြီးမှာ လယ်မြေအများ ကြီးရှိပုံမရသော်လည်း လူဦးရေအလိုက်ပေးဆောင်ရသော အခွန်ကမြင့်မားနေသည်။ စပါးအသစ်များမှာ စားလို့ပင် မဝသေးခင်မှာပင် အစိုးရထံသို့ အခွန်အဖြစ်ပေးဆောင်ရတော့သည်။ ဤပြောင်းဖူးမုန့်များကို ကြည့်ရုံနှင့်ပင် လွန်ခဲ့ သော နှစ်ပေါင်းများစွာက စပါးဟောင်းများဖြစ်ကြောင်း သူ သိနိုင်သည်။


အဖွားနှင့် ဟွာရှင်းတို့သည် ထိုငွေများကို ဘယ်လောက်တောင် ကြိုးစားစုဆောင်းခဲ့ရပါလိမ့်၊ ထိုငွေအားလုံးကို ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းက ဖြုန်းတီးပစ်ခဲ့သည် မဟုတ်ပါလား ?


မြောင်ရင်သည် အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး ဟွာမိသားစုအတွက် ငွေများများရှာပေးမည်ဟု သန္နိဋ္ဌာန်ချလိုက်သည်။ တစ်ဖက်က အကြွေးများကိုဆပ်ရန်ဖြစ်သလို၊ တစ်ဖက်ကလည်း မနေ့ညက သူ့အတွက် ဆေးဖော်ပေးခဲ့သော ဟွာရှင်းကို ကျေးဇူးဆပ်ရန်ဖြစ်သည်။


မိသားစု၏အခြေအနေကို ပိုမိုနားလည်နိုင်ရန် မြောင်ရင်သည် ထင်းရှူးတိုက်နှင့် မီးဖိုချောင်ဆီသို့ သွားကြည့်သည်။ ထင်းရှူးတိုက်ထဲတွင် သစ်ကိုင်းခြောက်များနှင့် သစ်ရွက်များ၊ သေသေသပ်သပ်စီထားသော ထင်းပုံများကို တွေ့ရသည်။ ကြည့်ရသည်မှာ ဟွာရှင်း တောင်ပေါ် အမဲလိုက်သွားရင်း သယ်လာခဲ့ခြင်းဖြစ်ရပေမည်။


အခြားတစ်ဖက်တွင်မူ အိုးကြီးတစ်လုံးနှင့် အိုးငယ်တစ်လုံး ရှိသည်။ အိုးကြီးမှာ ဂျုံမှုန့်အိုးဖြစ်သော်လည်း ဂျုံစပ်အနည်းငယ်သာ ကျန်တော့သည်။ အိုးငယ်မှာမူ အသီးအရွက်ချဉ်အိုးဖြစ်၏။ အဖုံးကို ဖွင့်လိုက်သည်နှင့် ပြင်းရှရှ အချဉ်နံ့ကိုရလိုက်သည်။ မြောင်ရင် မျက်လုံးများ ဝင်းပသွားရသည် - ၎င်းမှာ အချဉ်တည်ထားသော ဟင်းသီး ဟင်းရွက်များပင်။


အချဉ်တည်ထားတဲ့ ဟင်းသီးဟင်းရွက်တွေက တကယ့်ကို အဖိုးတန်လှသည်။ ၎င်းတို့ကို အသုံးပြုပြီး ဟင်းလျာအမျိုးမျိုးကိုအရသာရှိအောင် ချက်ပြုတ်နိုင်သလို၊အသား ငါးတွေရဲ့ ညှီနံ့ကိုလည်းပျောက်စေကာ အရသာကို ပိုမိုထူးကဲစေသည်။ ပြင်းရှရှအရသာရှိသော ပါဝင်ပစ္စည်းများစွာမှာ အသီးအရွက်ချဉ်ထည့်လိုက်ရုံဖြင့် အလွန်အရသာရှိသော ဟင်းလျာများဖြစ်သွားတတ်သည်။


မြောင်ရင် စိတ်ထဲတွင် သူ၏ကြီးကျယ်ခမ်းနားသော ငွေရှာမည့် စီမံကိန်းများကိုစတင်ရေးဆွဲနေပြီဖြစ်သည်။ သို့သော် ဘာမှမရှိသည့် ဘဝမှ စတင်ရမည်ဖြစ်ရာ သေချာစွာ စီစဉ်ရန်လိုအပ်သည်။ သူ ထင်းရှူးတိုက်ထဲမှ ထွက်လာစဉ်မှာပင် ဝန်းခြံတံခါးပွင့်လာပြီး လီဟုန်ယင်းမှာ ပုခုံးပေါ်တွင် ပေါက်တူးတစ်လက်ကို ထမ်းကာဝင်လာသည်။ ထိုနေ့မနက်က ဟွာရှင်း တစ်ခုခုပြောထား၍လားမသိ၊ သူမ  မြောင်ရင်ကို မြင်သောအခါ မျက်စောင်းထိုးသော်လည်း ကံကောင်းထောက်မစွာဖြင့် ဆဲဆိုခြင်းမပြုဘဲ "နင့်ဦး နှောက်က အလုပ်မလုပ်တော့ဘူးဆိုရင်လည်း သွားပြီး ပြန်အိပ်နေလိုက်" ဟုသာ ဆိုလာသည်။ 


မြောင်ရင်က သူမကို ပြုံးပြလိုက်ပြီးနောက် အခန်းထဲသို့ ပြန်ဝင်ကာ လှဲနေလိုက်သည်။ လောလောဆယ်တွင် သူ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာရန်မှာ အဓိကဖြစ် ၏။ ကျန်းမာခြင်းသည် ငွေရှာရန်အတွက် အခြေခံအုတ် မြစ် မဟုတ်ပါလား ?


သူ နာလန်ထူနေစဉ်အတွင်း ဟွာရှင်းသည် နေ့စဉ်တောင်ပေါ်မှ ဆေးဖက်ဝင်အပင်များကို ယူဆောင်လာပေးကာ ၎င်းတို့ကို ထုထောင်း၍ မြောင်ရင့်ဒဏ်ရာပေါ်တွင် ကပ်ပေးလေ့ရှိသည်။ ထို့ပြင်သောက်ရန်အတွက်လည်း သာမန် ဆေးမြီးတိုပင်များကို ဖော်စပ်ပေးတတ်သေးသည်။ မြောင်ရင်သည် ထိုဆေးများကတကယ်ထိရောက်မှု ရှိ၊ မရှိ မသိသော်လည်း၊ ဟွာရှင်းအား ဆရာဝန်ခေါ်ပေးရန် ဘယ်သော အခါမှ မပြောခဲ့ပေ။ ထိုခေတ်အခါက လူတိုင်းဆရာဝန်နှင့် ပြသနိုင်သည့် အခြေအနေမရှိကြောင်း သူကောင်းစွာသိထားသည်။


ကံကောင်းစွာဖြင့် နေ့စဉ်ဆေးထည့်ပေးခဲ့မှုကြောင့် မြောင်ရင့် ခေါင်းနောက်စေ့က ဒဏ်ရာမှာအနာဖေးတက်လာပြီး မူးဝေအော့အန်ခြင်းများလည်း သက်သာသွားခဲ့သည်။ သူ့အသက်မှာ ဘေးအန္တရာယ်မှ ကင်းလွတ်သွားခဲ့ပြီဖြစ် သည်။


သို့သော် အသက်ဘေးမှ လွတ်မြောက်သွားသော်လည်း သူ့ဗိုက်ကမူ အရသာရှိသော အစားအစာများကိုတောင်းတနေတော့သည်။ လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူ စားခဲ့ရသမျှမှာ ပြောင်းဖူးမုန့်နှင့် ဂေါ်ဖီချဉ်ဟင်းရည်၊ သို့မဟုတ် ဂေါ်ဖီချဉ်နှင့် ခေါက်ဆွဲစပ်တို့သာဖြစ်သည်။ ကြက်ဥတစ် လုံးပင် မစားခဲ့ရပေ။ နေ့တိုင်းဟွာရှောင်ပေါင်၏ ပန်းကန်ထဲမှ ကြက်ဥပေါင်းလေးအားကြည့်ရင်း မြောင်ရင်မှာသွား ရည်ကျနေခဲ့ရသည်။


ညစာစားချိန်တွင် ဟွာရှင်း သူ့အား တစ်ချက်ကြည့်ခဲ့သော် လည်း ဘာမှတော့ မပြောခဲ့ပေ။


မှောင်လာသောအခါ အဖွားဖြစ်သူက ဟွာရှောင်ပေါင်ကို ချော့သိပ်လိုက်သည်။ ဟွာရှင်းသည် ဆီမီးခွက်ကိုကိုင်ကာ အခန်းထဲသို့ ပြန်ဝင်လာသောအခါ ကုတင်ပေါ်တင်ပလ္လင်ခွေထိုင်နေသော မြောင်ရင်ကို တွေ့လိုက်ရသည်။


ယခုရက်ပိုင်းအတွင်း သူတို့အချင်းချင်း စကားသိပ်မပြောဖြစ်ကြသော်လည်း ဟွာရှင်းကတော့ ကုတင်ပေါ်သို့ပြန်တက်အိပ်နေပြီဖြစ်သည်။ မြောင်ရင်က ဟွာရှင်းဝင်လာသည်ကိုမြင်သောအခါ နေရာဖယ်ပေးလိုက်သည်။


ဟွာရှင်းနှင့်အတူ အိပ်ရခြင်းမှာ မြောင်ရင်အတွက်ဘာမှ အနှောင့်အယှက်မဖြစ်ပေ။ အရင် တက္ကသိုလ်တက်စဉ်ကလည်း ယောကျ်ားလေးအချင်းချင်းအဆောင်မှာ အတူအိပ်ခဲ့ကြရသည်ဖြစ်ရာ ဟွာရှင်းနှင့်အိပ်ရသည်မှာ အတန်းဖော်တစ်ယောက်နှင့် အိပ်ရသလိုပင်။


"မနက်ဖြန်ကျရင် ကျွန်တော် ခင်ဗျားနဲ့အတူ တောင်ပေါ် လိုက်လို့ရမလား ?" မြောင်ရင်က ကုတင်ခေါင်းရင်းကိုမှီရင်း မေးလိုက်သည်။


"တောင်ပေါ်က ဝေးတယ်၊ ဖမ်းစရာသားကောင်လည်း သိပ်မရှိတော့ဘူး၊ ပြီးတော့ အေးတယ်" ဟု ဟွာရှင်းက အင်္ကျီချွတ်ရင်းပြောလာသည်။ 


"ငါ တောင်ပေါ် ထပ်မတက်တော့ဘူး"


မြောင်ရင် သက်ပြင်းချလိုက်သည်။ အမှန်ပင် အလွန်အေးနေပြီဖြစ်ရာ တိရစ္ဆာန်များမှာဆောင်းခိုနေကြပြီဖြစ်၍ အမဲလိုက်ရန် မလွယ်ကူတော့ပေ။ ဟွာရှင်းသည် နောက်ပိုင်းခရီးစဉ်များတွင် သားကောင်များ ယူမလာနိုင်တော့ဘဲ ဆောင်းတွင်းအတွက် ထင်းများကိုသာ သယ်လာနိုင်တော့ သည်။


ဟွာရှင်း ကုတင်ပေါ်တွင် လဲလျောင်းလိုက်ပြီး မြောင်ရင်ကတော့ ထိုင်နေဆဲပင်။ သူတို့နှစ်ဦးကြားက ဟာကွက်မှတစ်ဆင့် လေအေးများတိုးဝင်လာသဖြင့် မြောင်ရင်၏ ပေါင်များမှာ အေးစိမ့်သွားသည်။


ထို့နောက် သူသည်လည်း တုန်တုန်ရီရီဖြင့် လဲလျောင်းလိုက်သည်။ ဒဏ်ရာကို မထိခိုက်စေရန် ဟွာရှင်းဘက်သို့ မျက်နှာမူကာ ဘေးစောင်းအိပ်လိုက်ရင်း - "ကျွန်တော် အသားစားချင်တယ်" ဟု ဆိုလိုက်သည်။


ဟွာရှင်းက ခဏမျှတိတ်ဆိတ်သွားပြီးနောက် - "မြစ်ထဲမှာ ငါးတွေရှိတယ်၊ ဒါပေမဲ့ ငါးက စားလို့သိပ်မကောင်းဘူး" ဟု ပြောလာသည်။


မြောင်ရင်က ချက်ချင်း ထထိုင်လိုက်ပြီး "ကျွန်တော် ကောင်းကောင်း ချက်တတ်တယ်! မနက်ဖြန် ကျွန်တော့်ကို ငါးဖမ်း ခေါ်သွားပေးမလား ?"


ဟွာရှင်း ဘာမှထပ်မပြောတော့ပေ။ မြောင်ရင့် စိတ်ထဲတွင် ခန္ဓာကိုယ်ပိုင်ရှင်ဟောင်း၏ မှတ်ဉာဏ်များပေါ်လာသည်။ ဤအရပ်တွင် ငါးစားသူ အလွန်နည်းပါးသည်၊ တောငါးများမှာ အရိုးများသည့်အပြင် ရွှံ့နံ့လည်း နံတတ်သည်။ အလွန်အမင်း ဆင်းရဲလွန်း၍ စားစရာမရှိမှသာ ငါးကိုဖမ်း စားကြလေ့ရှိသည်။


မြောင်ရင်မှာမူ မနက်ဖြန်ကျရင် ငါးချဉ်ဟင်းစားရတော့မည်ဟု တွေးကာ မျှော်လင့်ချက်အပြည့်ဖြင့် ဖြည်းဖြည်းချင်းအိပ်ပျော်သွားတော့သည်။


သူ အိပ်ပျော်သွားသောအခါမှ ဟွာရှင်းက သူ့အားသေသေ ချာချာကြည့်လိုက်သည်။ တစ်ချိန်က ချောမောခဲ့သော မျက်နှာမှာ ဒဏ်ရာရထားခြင်းနှင့် အဟာရမပြည့်ဝခြင်းတို့ကြောင့် ပိန်ချောင်သွားကာ မေးစေ့မှာလည်း ချွန်ထွက်နေ သည်။ အိမ်သို့ စရောက်ခါစကနှင့် များစွာကွာခြားသွားခဲ့ လေပြီ။


လူတစ်ယောက်အသက်ပြန်ရှင်လာသည်ဆိုသော စကားကို သူ တကယ်မယုံကြည်ပေ။ ထိုကဲ့သို့ ထူးဆန်းသောအရာမျိုးမှာ မရှိနိုင်ဟု ထင်သည်။ မြောင်ရင့် ဒဏ်ရာပျောက် ကင်းစပြုနေပြီဖြစ်ရာ မနက်ဖြန်ကျလျှင် သူ့အတွက် ငါးတစ်ကောင်ဖမ်းပေးမည်။ သူ ဗိုက်ဝသွားပြီဆိုလျှင်တော့ ထွက်သွားခွင့်ပြုလိုက်တော့မည်ဟု ဟွာရှင်း စဉ်းစားနေခဲ့သည်။