Ch 3
Viewers 5k

🍋 Chapter 3


နောက်တစ်နေ့တွင် မြောင်ရင် တစ်ယောက် အိပ်ရာမှ နိုးလာသောအခါ ဟွာရှင်းက အိမ်မှာရှိနေဆဲပင်။ မြောင်ရင်သည် ဆေးတစ်ခွက်ကို အရင်သောက်ပြီးနောက် ပြောင်း ဖူးမုန့် တစ်လုံးကိုစားလိုက်သည်။ ဟွာရှင်းကတော့ တံခါးဝတွင် အဆင်သင့်စောင့်နေလေပြီ။ သူ စားသောက်ပြီးသည်နှင့် နှစ်ယောက်သား အပြင်သို့ထွက်ခဲ့ကြသည်။


ဆောင်းဦးအစ ဖြစ်သဖြင့် တိုက်ခတ်လာသော လေအေးများကြောင့် မြောင်ရင်မှာတုန်ရီသွားမိသည်။ ပေါ့ပါးပြီး နွေးထွေးသည့် ခေတ်သစ်က အပေါ်ထပ်အင်္ကျီဂျက်ကတ် များကို သူ အလွန်တရာလွမ်းဆွတ်မိသွားသည်။ ယခု သူဝတ်ထားသည့် အဝတ်အစားများမှာထူထဲလေးလံပြီး လှုပ် ရှားရခက်သည့်အပြင် လုံးဝလည်းမနွေးထွေးလှပေ။ "ငွေစုမိတဲ့တစ်နေ့ကျရင်တော့ ကိုယ့်ဘာသာ ကိုယ် အနွေး ထည်ကောင်းကောင်းတစ်ထည် သေချာချုပ်ဝတ်ဦးမယ်" ဟု သူ တေးမှတ်လိုက်ရသည်။


မြောင်ရင့် ခန္ဓာကိုယ်မှာ အပြည့်အဝ နာလန်မထသေးသဖြင့် အနည်းငယ် လမ်းလျှောက်ရုံနှင့်ပင် မောဟိုက်လာသည်။ ခဏအကြာတွင် အသက်ရှူသံများ ပို၍ ပြင်းထန်လာသောကြောင့် ဟွာရှင်းက ရပ်ပြီးစောင့်ပေးသည်။ သူတို့ ရွာပြင်သို့ တော်တော်လေးရောက်လာချိန်တွင်မှ မြောင်ရင်သည် မြစ်ကျယ်ကြီးတစ်ခုကိုမြင်လိုက်ရသည်။ သို့သော် ယခုမှာ ရေနည်းချိန်ဖြစ်သဖြင့် ရေစီးက သိပ်မသန်လှပေ။ မြောင်ရင်သည် ထိုင်စရာနေရာတစ်ခု ရှာထိုင်ရင်း ဟွာရှင်းတစ်ယောက် ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ကာ ငါးဖမ်းရန် ရေထဲဆင်းသွားသည်ကိုငေးကြည့်နေလိုက်သည်။


အေးမြသော လေညင်းလေး ဝေ့တိုက်သွားရာ လေထဲ၌ ပါလာသော ငါးညှီနံ့သင်းသင်းနှင့်အတူ မြက်နံ့၊ မြေနံ့တို့ကို မြောင်ရင် ခံစားလိုက်ရသည်။ သူသည် မြို့ပြထဲတွင် ကြာ ရှည်နေထိုင်ခဲ့သူဖြစ်ရာ ကွန်ကရစ်တောအုပ်ထဲတွင် ထိုရနံ့မျိုးကို မရရှိနိုင်ခဲ့ပေ။


အလုပ်လုပ်စရာမလိုသည့်အတွက် မြောင်ရင်၏ စိတ်ထဲတွင် အလွန်ပေါ့ပါးလွတ်လပ်နေသော်လည်း အလွန်အမင်း အေးဆေးနေပြန်တော့လည်း စိုးရိမ်စိတ်က ဝင်လာပြန် သည်။ "ပိုက်ဆံရှာဖို့ ကိစ္စကိုတော့ အစီအစဉ်ဆွဲမှဖြစ်တော့မယ်" ဟု သူ အတွေးနယ်ချဲ့နေမိသည်။


သူ အတွေးပေါက်နေစဉ်မှာပင် ဟွာရှင်းက ငါးကြီးတစ်ကောင်ကို ဖမ်းမိသွားလေပြီ။ အေးစက်သော ရာသီဥတုကြောင့် ငါးများက ထုံထိုင်းနေသဖြင့် ဖမ်းရသည်မှာ ပို၍ လွယ်ကူနေခြင်းဖြစ်နိုင်သည်။ မြောင်ရင် အနီးကပ်သွားကြည့်လိုက်ရာ ၎င်းမှာ အတော်အတန်ကြီးသော "မြက်စားငါးကြင်း" တစ်ကောင်ဖြစ်နေသည်။


သူသည် ရေစပ်နားသို့ ချဉ်းကပ်သွားရင်း မိမိ၏ အသွင်အ ပြင်ကို သိချင်စိတ်ဖြစ်လာသဖြင့် လှုပ်ခတ်နေသောရေပြင် ပေါ်တွင် ငုံ့ကြည့်လိုက်သည်။ မျက်နှာမှာ အရင်ဘဝကနှင့် ဆင်တူသော်လည်း ဒဏ်ရာကြောင့်ဖြူဖျော့နေသည်။ ဝိုင်း စက်စိုပြည်သော မျက်ဝန်းများနှင့် ချွန်ထက်သော မေးစေ့တို့က မြင်ရသူ၏အသက်ဓာတ်ကို စုပ်ယူမည့် ဒဏ်ရာရနေသော "မြေခွေးနတ်ဘုရား" တစ်ပါးနှင့်ပင် ဆင်တူနေတော့ သည်။


မိမိ၏ရုပ်ရည်ကို ပြန်လည် အားရကျေနပ်ပြီးနောက် မြောင်ရင်သည် ဟွာရှင်းဆီသို့ လျှောက်သွားလိုက်သည်။ ဟွာရှင်းကတော့ ဘာအမူအရာမျှမပြဘဲ ဖိနပ်ပြန်စီးနေ သည်။ ရေခဲမတတ်အေးစက်နေသော ရေထဲသို့ ဆင်းခဲ့သူမှာ သူ မဟုတ်သည့်အလားပင်။


ဖိနပ်စီးပြီးနောက် ဟွာရှင်းသည် ကောက်ရိုးကြိုးတစ်ချောင်းကိုကျစ်ကာ ငါးကို သီပြီး ရှေ့ကနေလှမ်းထွက်ခဲ့သည်။ မြောင်ရင့်ခမျာ အနောက်ကနေ တရွေ့ရွေ့လိုက်လာရသည်။ သို့သော် ခန္ဓာကိုယ်မှာ တကယ်ကိုမလိုက်နိုင်တော့ပေ။ ခဏအကြာတွင် သစ်ပင်တစ်ပင်ကို ဖက်ကာ မောဟိုက်ရင်း "မင်း အရင်ပြန်နှင့်ပါ... ငါ... ငါ ခဏလောက် နားဦးမယ်" ဟု ပြောလိုက်ရသည်။


ဟွာရှင်းက သူ့အား ခဏ စိုက်ကြည့်ပြီးနောက် ရှေ့တွင် ဆောင့်ကြောင့်ထိုင်ပေးလိုက်သည်။ မြောင်ရင်သည်လည်း အခွင့်အရေးကို လက်လွှတ်မခံတတ်သူပီပီ ဟွာရှင်း၏ ကျောပေါ်သို့ ချက်ချင်းခွစီးလိုက်တော့သည်။


ဟွာရှင်းက အရပ်ရှည်ပြီး ကျောပြင်ကလည်း ကျယ်ပြန့်လှသည်။ ရှက်ဖို့ကောင်းသည်မှာ မြောင်ရင်သည် တစ်ခါမျှ သူတစ်ပါး ကျောပေါ် မလိုက်ဖူးခြင်းပင်။ "ငါ့မှာသာ အဖေရှိရင် ဟွာရှင်းလိုမျိုးပဲဖြစ်မှာပဲ" ဟု သူ တွေးမိလိုက်သည်။


မြစ် အပြန်လမ်းမှာ တောင်ပတ်လမ်းဖြစ်သည်။ အစောပိုင်း သိပ်သတိမထားမိသော်လည်း ယခုဟွာရှင်း၏ကျောပေါ် ရောက်နေချိန်တွင်မှ လမ်းဘေးဝဲယာက အပင်များကို အကဲခတ်နိုင်တော့သည်။ တောစပါးလင်ပင်နားရောက်သောအခါ မြောင်ရင်က ဟွာရှင်းလည်ပင်းကိုဖက်ရင်း "ခဏနေဦး၊ အဲဒါလေးတွေ ခူးသွားချင်လို့" 


ဟွာရှင်းလည်း စကားနားထောင်ကာ ငြိမ်သက်စွာ ရပ်ပေးထားသဖြင့် မြောင်ရင်က အစေ့များကို ကိုယ်တိုင်ခူးယူလိုက်သည်။


ခူးပြီးနောက် မြောင်ရင်က "ဒါတွေက တောစပါးလင်စေ့တွေလေ၊ ဟင်းခတ်အမွှေးအကြိုင် လုပ်လို့ရတယ်။ ငါးက ညှီတယ်မဟုတ်လား ? ဒါလေး ခတ်လိုက်ရင် ညှီနံ့ပျောက်သွားလိမ့်မယ်" ဟု ရှင်းပြသည်။ ဟွာရှင်းက သူပြောသမျှကိုအဆုံးထိ ငြိမ်သက်စွာ နားထောင်ပြီးမှ အိမ်သို့ပိုးပြန် လာခဲ့သည်။


အိမ်ရောက်ချိန် အဖွားနှင့် လီဟုန်ယင်းတို့က အပ်ချုပ်အ လုပ်လုပ်နေကြသည်။ ဆောင်းဝင်တော့မည် ဖြစ်သဖြင့် ဟွာရှောင်ပေါင်၏ဘောင်းဘီကို အစဖာပေးနေကြခြင်း ဖြစ်သည်။ ကလေးမှာ အကြီးမြန်သဖြင့် မနှစ်ကဘောင်း ဘီများတိုနေပြီဖြစ်ရာ ခြေနားတွင် အစပ်ထည့်ပေးနေရသည်။


မြောင်ရင်က ၎င်းတို့အားနှုတ်ဆက်သော်လည်း တစ်ယောက်မှ အဖတ်လုပ်ခြင်းမရှိကြပေ။ ဟွာရှောင်ပေါင် တစ်ယောက်သာပြေးလာပြီး သူတို့လက်ထဲက ငါးကို လှမ်းကြည့်လေသည်။


ဟွာရှင်း မြောင်ရင်အား အောက်ချပေးလိုက်ရာ မြောင်ရင်က ဟွာရှောင်ပေါင်၏ခေါင်းကို ပွတ်သပ်ပေးပြီးနောက် မီးဖိုချောင်ထဲသို့ ဝင်ခဲ့လေတော့သည်။


မြောင်ရင်သည် ယခင်ဘဝက RT-Mart (ဈေးဝယ်စင်တာ) တွင် ငါးသန့်ရှင်းရေးလုပ်သည့် အလုပ်ကိုလုပ်ကိုင်ခဲ့ဖူးသဖြင့် ငါးကိုင်သည့် အဆင့်ဆင့်ကိုအလွတ်ရနေသူ ဖြစ် သည်။ သို့သော် ယခုလက်ရှိ ခန္ဓာကိုယ်မှာအလွန်အားနည်းနေသဖြင့် ဟွာရှင်းကို အကူအညီတောင်းရတော့သည်။


မြောင်ရင်မှ ဟွာရှင်းအား မီးဖိုချောင်ထဲသို့ခေါ်သံကြား သည်နှင့် လီဟုန်ယင်းက ခါးထောက်လျက် အပြေးအလွှား ရောက်လာပြီး မြောင်ရင်ကို ကြည့်ကာ - "အားရှင်းက ယောက်ျားတစ်ယောက်လေ၊ ဘယ်လိုလုပ်ပြီး မီးဖိုချောင်အလုပ်တွေ လုပ်ရမှာလဲ!" ဟု အော်ပြောလာလေသည်။


မြောင်ရင် မျက်မှောင်ကြုတ်သွားမိသည်။ ဟွာရှင်းကို ငါးကူကိုင်ခိုင်းတာ ဘာများမှားလို့လဲ ? သူ ကိုယ်တိုင်လည်း RT-Mart မှာ ဆယ်နှစ်တောင် ငါးကိုင်လာတဲ့ ယောက်ျားတစ်ယောက်ပဲ မဟုတ်လား ?


ဟွာရှင်းကတော့ ဘာမှအရေးမစိုက်ဘဲ လီဟုန်ယင်း၏ ပုခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်ပြီး မြောင်ရင်ကိုကူညီရန် သွားလိုက်သည်။ သူ၏ ငါးအကြေးခွံခွာသည့် နည်းစနစ်မှာ သန့်ရှင်းမြန်ဆန်လှသည်။ ငါးအကြေးခွံများကို ခွာရုံတင်မက အတွင်းကလီစာများကိုပါ စနစ်တကျ သန့်စင်ပေးခဲ့သည်။ ကျန်သည့်အပိုင်းကိုတော့ မြောင်ရင် ကိုယ် တိုင်လုပ်သည်။ သူသည် ငါးကိုနှစ်ခြမ်းခွဲကာ အရိုးထုတ်ပြီး အသားချည်း သီးသန့်ထုတ်ယူလိုက်သည်။


ထို့နောက် ငါးအသားများကို ပါးပါးစီ လှီးဖြတ်လိုက်သည်။ ငါးရိုးများနှင့် ငါးအသားလွှာများကို ပန်းကန်လုံးနှစ်လုံးထဲတွင် ခွဲထည့်ကာ ဂျင်းပြားများ၊ စီချွမ်ငရုတ်ကောင်းစေ့တို့ဖြင့် နယ်ပြီးအနံ့ခံထားလိုက်သည်။


ဦးခေါင်းဒဏ်ရာက ပြင်းထန်လွန်းသဖြင့် ငါးလှီးပြီးချိန်တွင် မြောင်ရင်ရီဝေဝေဖြစ်ကာ မူးနောက်လာသောကြောင့် မီးဖိုဘေးကိုမှီရင်း ခဏတာ အားယူလိုက်ရသည်။ ဟွာရှင်းကတော့ မီးဖိုရှေ့တွင် တိတ်တဆိတ်ထိုင်နေရင်း မြောင်ရင်ကို တစ်ချက်တစ်ချက် လှမ်းကြည့်နေသည်။


"မီး စမွှေးလိုက်တော့" ဟု မြောင်ရင်က သူ့နဖူးကိုဖိကာ အသက်ပြင်းပြင်းရှူရင်း ပြောလိုက်သည်။


မီးဖိုချောင်ထဲတွင် စားစရာဘာမျှမရှိဘဲ ဟောင်းလောင်းပြင်ဖြစ်နေသည်။ လွန်ခဲ့သောရက်အနည်းငယ်က ကြက် သားချက်ရာမှ ကျန်ခဲ့သော ကြက်ဆီတစ်ပန်းကန်လုံးသာ မီးဖိုဘေးတွင် ရှိသည်။ ယခုခေတ်တွင် ဝက်ဆီကအလွန်ဈေးကြီးသဖြင့် ဟွာမိသားစုမှာ ပွဲလမ်းသဘင်ရှိမှသာ ဝယ်စားနိုင်ကြသည်။


မြောင်ရင်က ဟွာရှင်း၏သဘောထားကို မေးမြန်းလိုက်ရာ ဟွာရှင်း ဘာအမူအရာမျှမပြဘဲ ကြက်ဆီများကိုအိုးထဲသို့ ထည့်လိုက်သည်။


မီးတောက်က တဟုန်းဟုန်းတောက်လာပြီး ကြက်ဆီများ ပူလာသည်နှင့် မွှေးပျံ့သော ရနံ့များထွက်ပေါ်လာသည်။ ဟွာရှောင်ပေါင်ကလည်း အနံ့ရသဖြင့် မီးဖိုချောင်ထဲသို့ ပြေးဝင်လာကာ ဟွာရှင်းအနားကပ်ရပ်ရင်း အနံ့ကို ရှူရှိုက်နေလေသည်။ ထိုပုံစံကိုကြည့်ပြီး မြောင်ရင် ပြုံးမိသွားသည်။ ထို့နောက် လှီးဖြတ်ထားသော ဟင်းရွက်ချဉ်၊ ကြက် သွန်မြိတ်နှင့် ဂျင်းတို့ကို အိုးထဲသို့ပစ်ထည့်လိုက်သည်။


အနည်းငယ် ဆီသတ်ပြီးနောက် အိုးထဲသို့ ရေထည့်ကာ သန့်စင်ထားသော ငါးရိုးများကို ထည့်လိုက်သည်။ ခဏ ချင်းရေဆူလာပြီး ဟင်းရည်မှာ ဆီဦးထုပ်ကဲ့သို့ ဖြူဖွေး သောအရောင်သို့ပြောင်းသွားသည်။ ထိုအခါမှ မြောင်ရင်က နယ်ထားသော ငါးအသားလွှာများကို ထည့်လိုက်သည်။ ငါးသားက နူးညံ့သဖြင့် စက္ကန့်ပိုင်းမျှ ရေနွေးဖျောရုံနှင့် နူးသွားလေပြီ။ မုန်ညင်းဆီသာရှိမည်ဆိုလျှင် ကြက်သွန် မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူတို့၏အနံ့ကို ပိုမိုမြှင့်တင်ပေးနိုင်သဖြင့် အလွန်အရသာရှိမည်မှာ သေချာသည်။


မြောင်ရင်က ငါးဟင်းများကို ခူးခတ်ပေးပြီးနောက် ခန္ဓာကိုယ်က အကန့်အသတ်သို့ ရောက်သွားပုံရသည်။ သူသည် မီးဖိုကို မှီရင်းသတိလစ်သွားတော့သည်။ ပါးနပ်သော ဟွာရှင်းက မြောင်ရင့် ခေါင်းနှင့် မီးဖိုချောင် ဗီရိုမဆောင့်မိစေရန် အချိန်မီလှမ်းဖမ်းလိုက်သည်။


ဟွာရှင်းက သက်ပြင်းတစ်ချက်ချကာ သူ့ကို ပွေ့ချီလိုက်သည်။


လီဟုန်ယင်းမှာ အထဲမှထွက်လာသော မွှေးရနံ့ကြောင့် မီးဖိုချောင်ထဲသို့ဝင်လာရာ ဟွာရှင်းမှ မြောင်ရင်အား ချီထားသည်ကို မြင်လိုက်ရသည်။ သွားရည်တမြှမြှဖြစ်နေသော ဟွာရှောင်ပေါင်သည် မြောင်ရင်အား လှမ်းကြည့်ရင်း 


"သူ ဘာလို့ ထပ်ပြီးသတိလစ်သွားပြန်တာလဲ?" 


"ဒဏ်ရာက မပျောက်သေးဘူး" ဟု ဟွာရှင်းက ဆိုရင်း မြောင်ရင် ဒဏ်ရာကိုတစ်ချက်ကြည့်လိုက်သည်။ ရက်အ တော်ကြာပြီ ဖြစ်သော်လည်း အခြေအနေက တိုးတက်မလာပေ။ အနာပေါ် ဆေးလိမ်းရုံနှင့်မရနိုင်ဘဲ သောက်ဆေးလည်း လိုအပ်နေဦးမည်ဖြစ်သည်။


သူသည် မြောင်ရင်အား အခန်းထဲသို့ချီသွားကာ စောင်ခြုံပေးပြီးနောက် မီးဖိုချောင်သို့ပြန်လာခဲ့သည်။ လီဟုန်ယင်းတို့က ညစာအတွက် ပြင်ဆင်နေကြပြီဖြစ်သည်။ သူ ခဏရပ်ကြည့်နေပြီးမှ ပန်းကန်အကြီးတစ်လုံးထဲသို့ မြောင်ရင်အတွက် ဟင်းတစ်ဝက်ခွဲထည့်လိုက်သည်။


လီဟုန်ယင်းက ဘာမှမပြောဘဲ ကြမ်းတမ်းသောပြောင်းဖူး မုန့် နှစ်လုံးကိုကမ်းပေးရင်း - "သူ နိုးလာရင် ကျွေးလိုက်၊ နင့်အဖေက အပြင်ကိုထပ်ထွက်သွားပြန်ပြီ၊ သူပြန်လာရင် အကုန်စားပစ်မှာစိုးလို့ နင့် အခန်းထဲကိုပဲ ယူသွားလိုက်တော့" 


ဟွာရှင်း ခေါင်းညိတ်ကာ ပန်းကန်ကိုယူ၍ အခန်းထဲသို့ ပြန်ဝင်ခဲ့သည်။ မြောင်ရင်ကတော့ အိပ်ပျော်နေဆဲဖြစ်ပြီး ရင် ဘတ် နိမ့်ချည်မြင့်ချည်ဖြစ်နေသည်မှာ မသိသာလှပေ။ ဟွာရှင်းက ခဏတာစိုက်ကြည့်နေပြီးနောက် အပြင်သို့ ပြန်ထွက်ခဲ့သည်။


သူတို့သည် အိမ်ရှေ့ခန်းရှိ စားပွဲငယ်လေးတွင် ထိုင်စားကြသည်။ ဟွာရှောင်ပေါင်က "ရှူးရှူးရှဲရှဲ" အသံမြည်အောင် စားနေသလို၊ အဖွားနှင့် လီဟုန်ယင်းတို့ကလည်း ဟင်းရွက်ချဉ် ဟင်းရည်ကြောင့် မျိုရခက်သော ပြောင်းဖူးမုန့်များကို အရသာရှိရှိစားသောက်နေကြသည်။


"ငါတို့လည်း ဟင်းရွက်ချဉ် ဟင်းရည်အမြဲချက်တာပဲ၊ ဒါပေမဲ့ တစ်ခါမှ ဒီလောက်စားမကောင်းဖူးဘူး" ဟု လီဟုန်ယင်းဆိုရင်း ဟွာရှင်းပန်းကန်ထဲသို့ ငါးတစ်တုံးထည့်ပေးလိုက်သည်။ 


"ပြီးတော့ ဒီငါးက ဘယ်လိုချက်ချက် ရွှံ့နံ့ကမပျောက်ဘူး၊ ဒါပေမဲ့ ဒီနေ့တော့ လုံးဝ ရွှံ့နံ့ထွက်မနေဘူးပဲ"


လီဟုန်ယင်းသည် ဟွာရှင်း၏စကားနည်းသော အကျင့်ကို နေသားကျနေပြီဖြစ်၍ သူ့ထံမှ ပြန်လည်ဖြေကြားမှုကိုလည်း မျှော်လင့်မထားပေ။ သို့သော် အမြဲတမ်းတိတ် ဆိတ်နေတတ်သည့် ဟွာရှင်းက တူကိုချလိုက်ပြီး လီဟုန်ယင်းထံကြည့်ကာ -


"အမေ... ကျွန်တော် ကြက်ဥတချို့ရောင်းချင်တယ်" ဟု ဆိုလာသည်။


အဖွားဖြစ်သူမှာ အံ့အားသင့်သွားပြီး - "ကြက်ဥတွေကို ဘာလုပ်ဖို့လဲ မြေးရဲ့" 


"သူ့အတွက် ဆေးဝယ်ဖို့ပါ၊ ဆေးမသောက်ရရင် သူ သေသွားလိမ့်မယ်"


လီဟုန်ယင်း နှုတ်ခမ်းများ တွန့်သွားပြီး - "နင် သူ့အသက်ကိုကယ်ထားပြီးပြီပဲ၊ ဒီတစ်ခါ နာလန်ထလာရင် သူ လိမ်လိမ်မာမာ နေပါ့မလားဆိုတာက နောက်ကိစ္စလေ" ဟု ခပ်ပြတ်ပြတ်ပြောလာသည်။


ဟွာရှင်း ဘာမှပြန်မပြောဘဲ သူမကို စိုက်ကြည့်နေသည်။ သူ၏နက်ရှိုင်းပြီးတည်ကြည်လှသော အကြည့်များကြောင့် လီဟုန်ယင်း သက်ပြင်းတစ်ချက်ချလိုက်ရတော့သည်။


"အေး... နင် ရောင်းချင်ရင်လည်း ရောင်းပါ၊ ဒါပေမဲ့ ဒီတစ် ခါပဲနော်၊ သူသာ အဖွားရဲ့ပိုက်ဆံတွေကို မခိုးခဲ့ရင် အခုဆို ဆေးပေါင်းများစွာ ဝယ်ပြီးနေလောက်ပြီ"


ထိုစကားကြောင့် လူတိုင်း၏မျက်နှာများ ညှိုးငယ်သွားကြသည်။ အဖွားဖြစ်သူက ချောင်းတစ်ချက်ဟန့်လိုက်ပြီး အင်္ကျီလက်ဖြင့် မျက်နှာကိုကွယ်ကာ - "နင့်အဖေ လက်ကသာ လွတ်ရင်လွတ်မယ်၊ သူ့လက်ကတော့ မလွတ်နိုင်ပါဘူး" ဟု ညည်းတွားလေသည်။


ဟွာရှင်းဖခင် ဟွာလောင်စန်းမှာ လူလေလူလွင့်တစ်ယောက်ဖြစ်သည်။ အမြဲတမ်း အရက်အိုးတစ်လုံးဖြင့် အပြင်ထွက်ကာ အရက်သောက်ခြင်း၊ လောင်းကစားခြင်းတို့ဖြင့်သာ အချိန်ကုန်တတ်သူဖြစ်သည်။ မိသားစုတွင် ယခင်က စုဆောင်းထားသည်များ ရှိခဲ့သော်လည်း သူက အကုန်ဖြုန်းတီးပစ်ခဲ့ခြင်းသာ။


ဟွာရှင်းက "မပူပါနဲ့၊ ပိုက်ဆံကတော့ ရှိလာမှာပါ" ဟု ခပ်အေးအေးပင် ဆိုလိုက်သည်။


ညစာစားပွဲမှာ စိတ်မကောင်းစရာ အငွေ့အသက်များဖြင့် ပြီးဆုံးသွားသည်။ ဟွာရှောင်ပေါင်မှာတော့ လူကြီးတွေ၏ သောကကိုနားမလည်ဘဲ သူ့မိခင်နှင့် အစ်ကိုဖြစ်သူအား ကြည့်ကာ ဤငါးဟင်းကို နောက်ထပ်စားရဦးမလားဟုသာ လိုက်မေးနေတော့သည်။


မြောင်ရင် နိုးလာသောအခါ ပတ်ဝန်းကျင်မှာ မှောင်အတိ ကျနေလေပြီ။ သူ ထိုင်လိုက်သော်လည်း အမြင်အာရုံများမှာ ဝေဝါးနေဆဲပင်။ ထိုအခါမှ သူ သတိမလစ်ခင်က အကြောင်းကိုသတိရသွားသည်။ "ငါ ကိုယ်တိုင်ချက်ထားတဲ့ ငါးဟင်းကို တစ်လုတ်မှတောင် မမြည်းရသေးဘူးပဲ!"


ခန္ဓာကိုယ်ကနာကျင်နေသဖြင့် အိပ်ရာပေါ်မှ ထရန်ပင် အားမရှိပေ။ စိတ်ဓာတ်ကျကျဖြင့် ခေါင်းနောက်ဘက်ကို စမ်းကြည့်မိရင်း ဆေးလိမ်းရုံဖြင့်မရနိုင်ဘဲ သောက်ဆေးဝယ်မှ ဖြစ်တော့မည်ဟု သူ တွေးနေမိသည်။


ထိုစဉ် တံခါးမှာ ဖြည်းညှင်းစွာပွင့်လာပြီး ဟွာရှင်းက ငါးဟင်းရည် ပန်းကန်ကိုကိုင်ကာ အိပ်ရာဘေးသို့ လျှောက်လာကာ "စားလိုက်ဦး" ဟု ဆိုလာသည်။


ထိုအခိုက်အတန့်တွင် မြောင်ရင့်မျက်လုံးထဲ၌ ဟွာရှင်းမှာ အရင်ကထက်ပင် ပိုချောမောခန့်ညားနေသယောင် ထင်ရသည်။ မြောင်ရင်က အလျင်အမြန်ကျေးဇူးတင်စကားဆိုကာ ဟင်းရည်ကို အငမ်းမရစားတော့သည်။


ဟင်းမှာ တစ်နပ်စာ ကျော်သွားပြီဖြစ်၍ ငါးအသားများမှာ စချက်တုန်းကကဲ့သို့ နူးညံ့ချောမွတ်ခြင်းမရှိတော့သော် လည်း စားစရာကောင်းကောင်းမစားရသည်မှာ ကြာပြီဖြစ်ရာ မြောင်ရင်အတွက်တော့ အလွန်အရသာရှိနေသည်။ သူသည် ပြောင်းဖူးမုန့် တစ်လုံးလုံးကို ဟင်းရည်ထဲနှစ်ကာ အားရပါးရ စားလိုက်ပြီးနောက် ထပ်တောင်စားချင်နေမိသေးသည်။


ပန်းကန်မှာ ပြောင်သလင်းခါသွားသည်အထိ စားပြီးသော် လည်း ဟွာရှင်းကတော့ တိတ်ဆိတ်စွာပင် ပန်းကန်နှင့်တူကို လှမ်းယူလိုက်သည်။


ဟွာရှင်း မီးဖိုချောင်သို့ပြန်ရောက်လာသည်။ ဒီနေ့ နေ့လယ် လီဟုန်ယင်း ပေးလိုက်သည့် ကြက်ဥတစ်ခြင်းအား ရွာထဲရှိ မီးဖွားပြီးစ အမျိုးသမီးတစ်ဦးထံရောင်းလိုက်ရာ ငွေစ 50 ရခဲ့သည်။ သူသည် ပိုက်ဆံအိတ်အား အလေးချိန်ဆကြည့်ပြီးနောက် မြောင်ရင်ကို မနက်ဖြန် မြို့ထဲသို့ခေါ်သွားကာ ဆရာဝန်နှင့် ပြသပြီး ဆေးညွှန်းယူရန်ဆုံးဖြတ်လိုက်သည်။ တောင်ပေါ်တွင် ရှာတွေ့နိုင်မည့် ဆေးမြစ်များကိုရှာဖွေပြီး ရှာမရသည်များကိုသာဝယ်ယူရန် သူ စီစဉ်လိုက်တော့ သည်။