အခန်း ( ၁ ) - အခြားကောင်းသောကိစ္စများ
“ နေ့လယ်စာ အဆင်သင့် ဖြစ်ပါပြီ မဒမ်။ စားတော့မလားဟင်။ ”
“ အင်း။ ”
ဆိုဖာပေါ်ကနေ ဆွဲဆောင်မှုရှိသော ပုံရိပ်လေးတစ်ခု ထလာကာ ပျင်းရိစွာ အကြောဆန့်နေသည်။
လက်မြှောက်လိုက်သဖြင့် သူမရဲ့ ကိုယ်ကြပ်အင်္ကျီလေးက မြောက်တက်သွားကာ သွယ်လျဖြူဝင်းသောခါးလေးနှင့်အတူ နောက်ကျောဘက်က ချစ်စရာ အချိုင့်လေး ( ၂ ) ခုပါ လှစ်ခနဲ ပေါ်လာသည်။
အိမ်အကူ ကောင်မလေးရဲ့ ပါးတွေက ပန်းရောင်ရဲတက်သွားကာ ဆက်မကြည့်ရဲတော့ဘဲ ချက်ချင်း မျက်လွှာချလိုက်သည်။ မဒမ်ရဲ့ အသားက ဖြူကြည်နေတာပဲ။
“ သွားကြမယ်။ ” ရှန်းတန်က အိမ်နေရင်း ခြေညှပ်ဖိနပ်ပါးလေးကို စီးပြီး လျှောက်သွားလိုက်တော့ ချောမွေ့နေသော စကျင်ကျောက် ကြမ်းပြင်ပေါ်မှာ သူမရဲ့ နူးညံ့သော ခြေသံလေးတွေ ပဲ့တင်ထပ်ကျန်ခဲ့သည်။ သုံးထပ်ကနေ ထမင်းစားခန်းကို ဓာတ်လှေကားဖြင့် ဆင်းသွားလိုက်၏။ သူမရဲ့ အရင်ဘဝတုန်းက ဝယ်စားဖိုဘ မတတ်နိုင်ခဲ့သည့် စားကောင်းသောက်ဖွယ်တွေကို စားပွဲအပြည့် တွေ့လိုက်ရတော့ စိတ်လှုပ်ရှားမှုကြောင့် ငိုမိတော့မလို ဖြစ်သွားသည်။
လွန်ခဲ့တဲ့ သုံးရက်တုန်းကမှ ရှန်းတန် ဒီကမ္ဘာကို ဝိညာဉ်ကူးပြောင်းလာခဲ့တာပင်။
အရင်ဘဝတုန်းက သူမသည် သေမတတ် အလုပ်ကြိုးစားခဲ့သော အမြောက်စာ ဇာတ်ကောင်လေးသာ ဖြစ်သည်။
မျက်လုံးတွေကို ပြန်ဖွင့်ကြည့်လိုက်တော့ သူမကိုယ်သူမ ကော်ဖီဆိုင် တစ်ဆိုင်ထဲမှာ ထိုင်နေတာကို တွေ့လိုက်ရသည်။
သူမနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသော အမျိုးသားက သူ့ရဲ့ ကိုင်းပျောက်မျက်မှန်လေးကို အနည်းငယ် ပင့်တင်လိုက်သည်။ “ ဘယ်လို ထင်လဲ မိန်းကလေးရှန်း။ ”
ဘာတွေ ဖြစ်နေတာလဲ … ။
ရှန်းတန် ပြန်ဖြေဖို့ လုပ်နေစဉ်မှာပင် မရင်းနှီးသော မှတ်ညဏ်တွေက သူမခေါင်းထဲ ၀င်ရောက်လာသည်။ ခဏအကြာတွင် လက်ရှိ အခြေအနေကို နားလည်သွားသည်နှင့် သူမရဲ့ အမူအရာကလည်း နားမလည်နိုင်သည့် အမူအရာအဖြစ် ပြောင်းလဲသွားလေသည်။
စားပွဲပေါ်မှာ လက်ထပ်စာချုပ် တစ်စောင် ရှိနေ၏။ သူမအနေဖြင့် ဘာဇနီးဝတ္တရားကိုမှ ကျေပွန်စရာ မလိုဘဲ မိသား စုတွေ့ဆုံပွဲတွေမှာသာ အလွန် ချစ်ခင်ကြင်နာသော ဇနီးမောင်နှံပုံရိပ်ကို ဖန်တီးပေးရန် ဖြစ်သည်။ အဲ့အတွက် သူမက လစဉ် ယွမ် ( ၅ ) သန်း ရရှိမည် ဖြစ်ပြီး သူမရဲ့ နေထိုင်စားသောက်စရိတ်တွေ အကုန်လုံးကိုလည်း သူမယောက်ျားရဲ့ ကတ်ထဲကနေ ဖြတ်သွားမှာပင်။
ပြီးတော့ ( ၂ ) နှစ်တာ လက်ထပ်ခြင်း စာချုပ် သက်တမ်းပြည့်သွား၍ ကွာရှင်းလိုက်ချိန်တွင်လည်း နစ်နာကြေး ယွမ် သန်း ( ၂၀၀ ) ရရှိဦးမည် ဖြစ်သည်။ ရှန်းတန်သည် ရင်တွေ တဒိတ်ဒိတ် ခုန်ပြီး စိတ်လှုပ်ရှားနေမိသည်။
ကောင်းကင်ပေါ်ကနေ ဘယ်လို ရွှေထုပ်ကြီး ကျလာတာလဲ။
လက်ထောက်ကန်းက သူမ မလုပ်ချင်ဘူးဟု ထင်သွားကာ ပြောလိုက်သည်။ “ မိန်းကလေးရှန်း ၊ မင်း သဘောမတူဘူး ဆိုရင်လည်း … ”
“ ခွီး … ”
လက်ထောက်ကန်းက သူမကို အံ့ဩစွာ ကြည့်လိုက်သည်။
ရှန်းတန်ရဲ့ နှုတ်ခမ်းတွေက နားရွက်ကို တက်ချိတ်တော့မတတ် ပြုံးရွှင်နေကာ ဆူပွက်နေသော ရေနွေးကရားကဲ့သို့ တခွီးခွီး အသံတွေ တောက်လျှောက် ထွက်နေသည်။
ရှန်းတန်သည် အသက်ပြင်းပြင်း တစ်ချက် ရှူကာ ရယ်ချင်စိတ်ကို မနည်း ချိုးနှိမ်လိုက်ရသည်။ “ ဆောရီးပါ။ ကျွန်မ အရမ်း စိတ်လှုပ်ရှားသွားလို့ပါ။ ဟီးဟီး … ”
မဖြစ်သေးပါဘူး။ သူမ ရယ်ချင်စိတ်ကို ဘယ်လိုမှ ရပ်မရဘူးပဲ။
သူမကို ရူးနေတာလို့ ထင်သွားရင် ဘယ့်နှယ့် လုပ်မလဲ။
လက်ထောက်ကန်းက “ ရပါတယ်။ ” ဟု ပြောလိုက်သည်။
သူမ မမက်ချင်သည့် အိပ်မက်ဆိုးတွေကို မက်ရမှာ စိုး၍ ရှန်းတန်သည် ခပ်သွက်သွက် လက်မှတ်ထိုးပြီး တောက်ပစွာ ပြုံးပြလိုက်သည်။
“ ဘယ်တော့လောက် လစာ စရမလဲ ဆိုတာ မေးလို့ရမလားဟင်။ ”
လက်ထောက်ကန်း : “ မိန်းကလေးရှန်း လိုချင်ရင် ပြောပါ။ အချိန်မရွေး ရပါတယ်။ ”
တစ်ခုခုတော့ မှားနေပြီဟု ခံစားရသော်လည်း ဒီမိန်းကလေးကို ဘော့စ်ကိုယ်တိုင် ရွေးချယ်ထားတာမို့ ဘော့စ်မှာလည်း သူ့အကြောင်းပြချက်နှင့်သူ ရှိလိမ့်မည်။
အိမ်ထောင်စုစာရင်း မှတ်ပုံတင်ခြင်းနှင့် အိမ်ပြောင်းလာခြင်းသည် တစ်နေ့ခင်းတည်းနှင့် အဆင်ပြေပြေ ပြီးစီးသွားသည်။
သူမရဲ့ အပေါစား ခင်ပွန်းက အရိပ်အယောင်တောင် ပေါ်မလာသေးပေမဲ့ ရှန်းတန်ကတော့ ဂရုမစိုက်။
သူမက ဒီ ခမ်းနားတဲ့ ဗီလာကြီးရဲ့ သခင်မ ဖြစ်လာပြီလေ။
ရှန်းတန်သည် ဒီဇိုင်နာချုပ် ဆိုဖာပေါ်မှာ တစ်ယောက်တည်း လဲလျောင်းရင်း အလွန် အထီးကျန်လာမိသည်။
ဇာတ်လမ်းအကြောင်း ပြန်တွေးကြည့်တော့ ဒီဝတ္ထုက အမျိုးသမီးဇာတ်လိုက် လင်းမြန့်မြန့်နှင့် အမျိုးသားဇာတ်လိုက် ( ၄ ) ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာ ဖြစ်သည်။
ဝတ္ထုထဲမှာ သူမရဲ့ စာချုပ်ခင်ပွန်း ကုဟွိုင်အန်းကို အမျိုးသမီးဇာတ်လိုက်ရဲ့ လက်လှမ်းမမီနိုင်သော တိတ်တခိုး ချစ်ရသူ ဆိုတဲ့ အကြောင်းက လွဲလို့ ကျန်တာ ဘာမှ များများစားစား ရေးမထားပေ။
ကံဆိုးစွာဖြင့် သူမက သူမနှင့် နာမည်တူတဲ့ အရံဇာတ်ကောင် မိန်းကလေး သေသွားတာနှင့်တစ်ပြိုင်နက် ၀တ္ထုကို ဆက်မဖတ်တော့တာမို့ ကုဟွိုင်အန်းဟာ ကောလဟလတွေထဲကလို တကယ်ပဲ လိင်စိတ်ကင်းမဲ့သူလား ဆိုတာ မသိလိုက်ရ။
ဝတ္ထုထဲမှာ သူမက ကုဟွိုင်အန်းကို ချစ်မိကာ ချစ်မှုရေးရာကိစ္စများ ဆောင်ရွက်ရန် အတင်းအကျပ် ဆေးခတ်တိုက်သည့် အမြှောက်စာ အရံဇာတ်ကောင်လေး တစ်ယောက်သာပင်။
ဒါပေါ့။ သူမ နောက်ဆုံးမှာ ဘာမှ မရဘဲ ကန်ထုတ်ခံလိုက်ရတယ်လေ။
ထိုအဖြစ်ကို ပြန်တွေးမိတော့ ရှန်းတန် သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။ တုံးအလိုက်တဲ့ ကောင်မလေး ၊ ဘယ်လိုလုပ် အဲ့လောက် ဟောဟောဒိုင်းဒိုင်း ဖြစ်နေခဲ့တာလဲ။
( ၂ ) နှစ်လောက် သက်သောင့်သက်သာ နေပြီးရင် ယွမ် သန်း ( ၃၂၀ ) ယူပြီး ကွာရှင်းလိုက်တာ ပိုမကောင်းဘူးလား။
ဘာစီးပွားရေးမှ ပင်ပင်ပန်းပန်း မလုပ်ဘဲ ထိုပိုက်ဆံကို ငွေတိုးချေးစားလျှင်ပင် ရတဲ့ အတိုးတွေနှင့် သူမရဲ့ ဘဝ တစ်လျှောက်လုံး အိပ်လိုက် စားလိုက် ပျော်လိုက် ပါးလိုက် နေသွားလို့ ရသည်။
နေ့တိုင်း အိပ်ရာနိုးလာတဲ့အခါ သူမကို ခစားနေတဲ့ လူတွေ ရှိနေမယ် ၊ သူမ စားချင်တာတွေမှန်သမျှ မှားစားလို့ ရမယ် ၊ လိုချင်တာမှန်သမျှ ၀ယ်လို့ ရမယ်။
ဒီသုံးရက်အတွင်းမှာပင် ရှန်းတန်သည် ချမ်းသာကြွယ်ဝမှုရဲ့ ဖမ်းစားမှုအောက်မှာ ကျရှုံးသွားပြီ ဖြစ်သည်။
ဒီလို တန်ဖိုးကြီး ပိုးဖဲကတ္တီပါတွေကို နေ့တိုင်း ၀တ်ပြီး အရသာရှိတဲ့ သွားရည်ယိုချင်စရာ အစားအသောက်တွေကို နေ့တိုင်း စားနေရတဲ့ ဘ၀ဟာ ချမ်းသာသုခတွေ ပြည့်စုံနေသည်။
ရှန်းတန်က သတိဝင်လာပြီး ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။ “ နင်တို့ အားလုံး လုပ်စရာရှိတာတွေ သွားလုပ်လို့ ရပြီ။ ငါ့ဘာသာ စားလိုက်မယ်။ ”
“ ဟုတ်ကဲ့ပါ သခင်မလေး။ ” အိမ်အကူတွေ အကုန်လုံး နာခံစွာ ထွက်သွားကြသည်။
ရှန်းတန်သည် အနားမှာ ဘယ်သူမှ မရှိတော့တာကို မြင်မှ တူတွေကို ကိုင်လိုက်ပြီး အားရပါးရ စတင် စာသောက်လိုက်သည်။
ဘုရားရေ ၊ ဘယ်လိုတောင် အရသာရှိနေရတာလဲ။
နေ့လယ်စာ စားပြီးသွားတော့ ရှန်းတန်က ဆိုဖာပေါ် လှဲကာ အစာချေနေလိုက်သည်။ အစ်မထောင်က သူမအတွက် အချိုပွဲနှင့် အသီးတွေ ယူလာပေး၏။ လေယာဉ်နှင့် ပို့လိုက်တဲ့ သစ်သီးတွေက သူမ အရင်ဘ၀တုန်းက လျှော့ဈေးနှင့် ၀ယ်စားခဲ့ရတဲ့ အသီးတွေထက် သေချာပေါက် ပိုစားကောင်းသည်။
အဲ့တော့ ဒါက လူချမ်းသာတွေရဲ့ ဘ၀နေထိုင်မှုပုံစံပေါ့။ ခမ်းနားလွန်းတယ် ၊ သိပ်ကို ခမ်းနားလွန်းတယ်။
ရှန်းတန် အချိုတည်းပြီးနောက် ဂိမ်းစဆော့လေသည်။ အရင်ဘ၀တုန်းက သူမအနေဖြင့် စကင် အသစ် တစ်ခု ၀ယ်ဖို့အတွက် ဒေါ်လာ အနည်းငယ် သုံးဖို့ကို အရမ်း ချီတုံချတုံ ဖြစ်ခဲ့ရသည်။ ဒါပေမဲ့ အခုတော့ သူမက ဆင်းရဲတဲ့ ရှန်းတန် မဟုတ်တော့ဘဲ သူဌေးမလေး ရှန်းတန် ဖြစ်သွားပါပြီ။
၀ယ်… ၀ယ်.. စကင် အသစ်တွေ အကုန် ၀ယ်ပစ်မယ်။
သို့သော် သူမရဲ့ အပျော်လေး တာရှည်မခံလိုက်ပါ။ အကြောင်းမှာ သူမမန်နေဂျာ အစ်ကို၀မ် ဖုန်းဆက်လာသောကြောင့် ဖြစ်သည်။
ဟုတ်သည်။ ဒီဘ၀မှာတော့ သူမက နာမည်မရှိသည့် သရုပ်ဆောင် တစ်ဦး ဖြစ်သည်။
ဒါပေမဲ့ အရင်ဘ၀နှင့် မတူတာကတော့ သူမက ဒီဘဝမှာ အတင်းအဖျင်းတွေရဲ့ ဘုရင်မ ဖြစ်ကာ လက်ဖက်စိမ်းမ ၊ ပလတ်စတစ်ဆာဂျရီ သရဲမ ၊ ငွေခြူစားတဲ့ လူလိမ်မ ၊ ပြသာနာအိုးမ စသည်ဖြင့် ဂုဏ်ပုဒ် အမျိုးမျိုးကို ပိုင်ဆိုင်ထားသည်။ အင်တာနက်ပေါ်က ကောလဟလတွေဟာ အတောမသတ်နိုင်အောင်ပါပဲ။
သူမရဲ့ အခြေအနေကို ဆားထပ်ဖြူးတဲ့အနေဖြင့် ကုမ္မဏီကလည်း သူမနှင့် တွဲရိုက်ဖူးသမျှ မင်းသားတိုင်းနှင့် အတွဲ တွဲပေးတက်ပြီး သူမကို အနုပညာလောကရဲ့ လူတိုင်း ရှောင်ချင်သည့် ကပ်ပါးကောင်နာမည်ကို ရစေခဲ့လေသည်။
ဒါပေမဲ့လည်း ရှန်းတန်က အခု အနုပညာလောကထဲမှ နှုတ်ထွက်ဖို့ ဆုံးဖြတ်ပြီးမှတော့ အဲ့ဒါတွေက အရေးမပါတော့ပါ။
ရယ်စရာကောင်းလိုက်တာ။ သူမမှာ အောင်မြင်ဖို့မှ ကံပါမလာတာ ၊ ဘာလို့ အသည်းအသန် ကြိုးစားနေရမှာလဲ။
အစ်ကိုဝမ်ရဲ့ စိတ်မရှည်တဲ့ အသံထွက်မလာခင် အချိန်ကွက်တိမှာပဲ ရှန်းတန် ဖုန်းကိုင်လိုက်နိုင်သည်။ “ မင်း ဘာလို့ ဖုန်းကိုင်ဖို့ အဲ့လောက် ကြာနေတာလဲ။ ကုမ္မဏီကို အခုချက်ချင်း လာခဲ့ ၊ သတင်းကောင်း ရှိတယ်။ ”
သူက ရှန်းတန်ကို ငြင်းဖို့ပင် အခွင့်အရေးမပေးဘဲ ပြောပြီးတာ ပြောပြီး ချက်ချင်း ဖုန်းချသွားသည်။
သတင်းကောင်း .. ဟုတ်လား။ သူ့လို လူယုတ်မာဆီမှာ ဘာသတင်းကောင်း ရှိမှာလဲ။
ရှန်းတန် ခဏလောက် စဉ်းစားကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
ဝတ္ထုထဲမှာ အစ်ကို၀မ်ရဲ့ တိုက်တွန်းမှုအောက်တွင် ချိန်းတွေ့တဲ့ အစီအစဉ် တစ်ခုမှာ သူမ ပါဝင်ခဲ့ရသည်။ သူမသည် များစွာသော ယောကျ်ားလေးဧည့်သည်တွေကို အမျိုးသမီးဇာတ်လိုက်ကို ပိုးပန်းနေသူတွေမှန်း မသိဘဲ မြူဆွယ်ခဲ့မိသည်။ နောက်ဆုံးမှာတော့ သူမက သူတို့ရဲ့ ပရိသတ်တွေ မုန်းတာကို အွန်လိုင်းပေါ်က မုန်းတီးသူတွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့သည်။
ဇာတ်လိုက်မနဲ့ ထိပ်တိုက် တွေလို့ ကောင်းတာ မရှိဘူး။ သူမ အဲ့ဒီ ချိန်းတွေ့တဲ့ အစီအစဉ်မှာ လုံးဝ မပါဝင်နိုင်ဘူး။
သူမရဲ့ စိတ်ပျက်စရာ စာချုပ်သက်တမ်း ကျန်နေသေးတာကို တွေးမိတော့ ရှန်းတန် စိတ်ရှုပ်သွားသည်။ “ ကျွန်မ အပြင် ခဏ သွားလိုက်ဦးမယ်နော် ဦးလေးဟယ်။ ”
ပုံစံတကျ ဝတ်ဆင်ထားသော အိမ်တော်ထိန်း ဦးလေးဟယ်က အနည်းငယ် ဦးညွှတ်လိုက်သည်။ “ သခင်မလေး ဒီနေ့ ဘယ်ကား စီးချင်ပါသလဲ။ ”
ကားအကြောင်း ဘာမှ မသိတဲ့ ရှန်းတန်ကတော့ “ ဘာဖြစ်ဖြစ် ရပါတယ်။ ” ဟုသာ ဖြေလိုက်သည်။
“ ကောင်းပါပြီ ၊ ကျွန်တော် စီစဉ်လိုက်ပါမယ်။ ”
မကြာခင် ဈေးကြီးသော ဇိမ်ခံကား တစ်စီး ရောက်လာသည်။ ကားအကြောင်း နားမလည်တဲ့ ရှန်းတန်ပင်လျှင် တစ်ချက် ကြည့်လိုက်ရုံဖြင့် ဒီကားက တန်ဖိုးကြီးတယ် ဆိုတာ ပြောနိုင်သည်။
ကားနောက်ခန်းထဲမှာ ထိုင်လိုက်ရင်း ဒီသက်သောင့်သက်သာဖြစ်လွန်းတဲ့ ကားထိုင်ခုံတွေကို ဘာနှင့် လုပ်ထားတာလဲ မဝေခွဲတတ်။ နဂိုက ကားမူးတတ်သော ရှန်းတန်သည် အခုတော့ ဘယ်လို မူးဝေခြင်းကိုမှ မခံစားရပါ။ ကြည့်ရတာ… သူမက ဈေးပေါတဲ့ ကားတွေ စီးမှ ကားမူးတာများလား။
ကားပေါ်ကဆင်းလိုက်တော့ ဘေးတစ်ဖက်ကနေ စကားသံ ထွက်ပေါ်လာသည်။ “ နင် သကြားဖေဖေ ရနေတာလား ရှန်းတန်။ ”
ရှန်းတန် လှမ်းကြည့်လိုက်သောအခါ မိတ်ကပ် ခပ်မှိုင်းမှိုင်း လိမ်းထားတဲ့ အလှကြိုက် ဇီဇာကြောင် အမျိုးသား တစ်ယောက်က သူမကို အလိုမကျစွာ စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ အဲ့ဒီ လွန်ကဲနေတဲ့ မိတ်ကပ်အောက်က မျက်နှာချောချောကို သူမ မြင်နိုင်သည်။
ကောင်းကင်ဘုံကြီး ကယ်တင်ပေးပါ ၊ တစ်ယောက်ယောက်က သူမကို မျက်လုံးကျွတ်ထွက်မတတ် စိုက်ကြည့်နေတာပဲ။
“ နင်က … ”
“ ဘယ်လို လှည့်စားမှုမျိုးကို သုံးပြီး ငါ့အာရုံစိုက်မှုကို ရအောင် လုပ်ဦးမလို့လဲ။ ”
အိုး ၊ ဒါက သူမရဲ့ အရူးရည်းစားဟောင်းပဲကိုး။
သူတို့ တွဲခဲ့တာ ၂ရက်တည်းရယ်။ ပြီးတော့ သူက နဂို ခန္ဓာပိုင်ရှင်ကို ပိုက်ဆံတောင် အကြွေးတင်နေသေးတာလေ။
“ နင် ဘာဖြစ်ပြန်ပြီလဲ။ ”
ရှန်းတန်က အိတ်ကို လက်မှာ ကိုင်လျက် လျှောက်ဝင်သွားတော့ မျှော်လင့်မထားစွာဖြင့် သူကလည်း ဘေးကနေ လိုက်လာပြီး တတွတ်တွတ် ပြောနေခဲ့သည်။
“ဟ ၊ ငါတို့ ဒိတ်တုန်းကတော့ အရမ်းတွေ ရှေးရိုးဆန်နေပြီး လက်ထပ်ပြီးမှ အတူတူ နေရမယ်တွေ ဘာတွေ ပြောနေခဲ့တာ။ ဟမ့် ၊ အခုတော့ အဘိုးကြီး တစ်ယောက်ရဲ့ ခုတင်ပေါ်
တက်သွားပြီမို့လား။ ”
ရှန်းတန် မျက်လုံးသာ လှိမ့်မိတော့သည်။ “ ခွေးစကားတွေ ပြောနေလိုက်။ ”
“ ဘာ။ ”
“ အဆင့်ရှိတဲ့ ရည်းစားဟောင်းဆို သေဖို့ ကောင်းတယ်။ နင် တင်နေတဲ့အ ကြွေးသာ ပြန်ဆပ်စမ်းပါ ၊ မဟုတ်ရင် ငါ တရားစွဲမှာ။ ”
“ ယွမ်ထောင်ဂဏန်းလောက်ကို ဘာတွေ ဖြစ်နေတာလဲ။ ”
သူကပဲ တစ်ပြန်ကြီး မခံမရပ်နိုင် ဖြစ်နေသေး၏။
“ နင့်ပိုက်ဆံ မဟုတ်တော့ အပြောလွယ်တာပေါ့ ၊ အခုချက်ချင်း ပြန်ပေးစမ်း။ ”