Ch 2
Viewers 7k

အခန်း ( ၂ ) - နင်က ပရော်ဖက်ရှင်နယ် CPU မာစတာတစ်ဦးလား 


“ စာချုပ်ကို ဖျက်သိမ်းမယ် … ဟုတ်လား။ ”


နားနေခန်းထဲမှာ အစ်ကို၀မ်က ရှန်းတန်ကို မျက်လုံး မှေးစင်း၍ ကြည့်ကာ စစ်ဆေးမေးမြန်းနေသလို လေသံဖြင့် ပြောလိုက်သည်။ “ ငါ့ကို အမှန်အတိုင်း ပြောနော် တန်တန် ၊ နင် စပွန်ဆာ အသစ် ရှာတွေ့ထားတာလား။ ”


“ မဟုတ်ပါဘူး။ ဒီတိုင်းပဲ ကျွန်မ ပင်ပန်းလာလို့ ဒီလောကထဲကနေ အနားယူပြီး အိမ်ပြန်တော့မလို့။ ” ရှန်းတန်သည် သူမရဲ့ ဖြူစင်သော မျက်လုံးဝိုင်းကြီးများအား ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ဖြေလိုက်သည်။


“အနားယူမယ် … ၊။ မင်းမှာ အနားယူဖို့ ပိုက်ဆံ အလုံအလောက်ရော ရှိလို့လား။  ”


ရှန်းတန် တစ်ယောက် ချက်ကောင်းကို ဓားနှင့် ထိုးစိုက်ခံရသလို ခံစားလိုက်ရသည်။


“အရင်တုန်းက ကိစ္စကြောင့်လား တန်တန်။ နင်လည်း နားလည်သင့်ပါတယ်၊ နာမည်ပျက်နဲ့ လူသိများတာကလည်း လူသိများတာပဲ။ လူ တော်တော်များများက ဒီလမ်းကို လျှောက်ချင်တာတောင် လျှောက်လို့ ရတာ မဟုတ်ဘူး။ အနုပညာလောကမှာ လူတွေ မင်းကို ဝိုင်းပြီး ကဲ့ရဲ့မှာကို ကြောက်ရမှာ မဟုတ်ဘူး၊ မင်းဘက်က လူစိတ်ဝင်စားစရာ ကိစ္စ တစ်ခုမှ မလုပ်နိုင်တော့တာ .. မင်း ဘယ်သူလဲ ဆိုတာကို တစ်ယောက်မှ မသိတော့တာကမှ ကြောက်စရာကောင်းတာ။ အရင်တုန်းက နင်ပဲ ပိုက်ဆံတွေ အများကြီး ရှာချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ပြီးတော့ နင့်မောင်နှမတွေရဲ့ ဘ၀ကိုလည်း‌ ထောက်ပံ့ပေးချင်တယ်ဆို။ နင် မေ့နေပြီလား။ ” 


ရှန်းတန်သည် စိတ်ထဲကနေ အေးစက်စွာ ရယ်မောလိုက်သည်။ မူလပိုင်ရှင်ကလည်း အကို၀မ်ရဲ့ ထိုစကားတွေအောက်မှာ ပုံသွင်းခံခဲ့ရပြီး နားယောင်မိခဲ့တာပင်။


“ အမှန်အတိုင်း ပြောရရင် ကျွန်မ လက်ထပ်လိုက်ပြီ။ ကျွန်မခင်ပွန်းက ကျွန်မ ဒီအလုပ် လုပ်နေတာကို သဘောမကျလို့ပါ။ ” ရှန်းတန်သည် ပြောရင်း ရှက်ရွံ့နေသလို အမူအရာလေးကိုတောင် ဖန်တီးယူ‌လိုက်သေး၏။ 


“ လက်ထပ်လိုက်ပြီ .. ဟုတ်လား။ ဘယ်တုန်းကလဲ။ ” အစ်ကို၀မ်ရဲ့ မျက်ခုံးတွေဟာ အလိုမကျစွာ တွန့်ချိုးသွားသည်။ “ ဒီလို အရေးကြီးတဲ့ ကိစ္စကို ဘာလို့ ကုမ္မဏီနဲ့ အရင် မတိုင်ပင်ရတာလဲ။ ” 


အစ်ကို၀မ်က ထိုစကားကို ပြောနေစဉ်မှာ သူမကို ပြောစကားနားမထောင်သော တပည့် တစ်ယောက်ကို ကြည့်သလို အကြည့်နှင့် ကြည့်နေပြီး အဲ့ဒီအကြည့်က သူမကို အတော်လေး ရွံရှာစေသည်။


ရှန်းတန် အသက်ပြင်းပြင်း ရှူလိုက်သည်။ “ ဟိုတလောက ကျွန်မရဲ့ မောင်လေး နေမကောင်းဖြစ်တော့ ခွဲစိတ်ဖို့ ပိုက်ဆံ အများကြီး လိုနေတာလေ။ အစ်ကို့ဆီ လာချေးတုန်းက အကိုပဲ မရှိဘူးလို့ ပြောခဲ့ပြီးတော့ … ”


ထိုမောင်လေးက သူမရဲ့ မောင်အရင်းတော့ မဟုတ်ပေမဲ့ သူမနှင့် မိဘမဲ့ဂေတာတစ်ခုတည်းမှ ဖြစ်လေသည်။ ကလေးလေးက ရှစ်နှစ်သာ ရှိသေးပြီး သွေးကင်ဆာရောဂါ ရှိနေသည်။ 


မိဘမဲ့ဂေဟာကလည်း အစတည်းက ပိုက်ဆံ သိပ်မရှိပေ။ ဒီနှစ်တွေမှာ ရှန်းတန်သည် သူမ ရှာဖွေရသမျှ ပိုက်ဆံတွေကို မိဘမဲ့ဂေဟာကိုပဲ တောက်လျှောက် ပို့ပေးခဲ့တာ ဖြစ်သည်။ သူမရဲ့ စာချုပ်ခင်ပွန်း ပေးထား တဲ့ငွေတွေက လွဲလို့ သူမဆီမှာ တစ်ပြားတစ်ချပ်မှ မကျန်တော့ပေ။ 


မူလ ရှန်းတန်က အောင်မြင်ချင်ပြီး ပိုက်ဆံတွေပဲ ကုန်းရုန်းရှာနေခဲ့ရတဲ့ အကြောင်းအရင်းဟာ တစ်၀က်က သူမအတွက် ဖြစ်ပြီး ကျန်တစ်၀က်ကဝောာ့ မိဘမဲ့ဂေဟာက ကလေးတွေအတွက် ဖြစ်လေသည်။ 


မသန်စွမ်း မဟုတ်တဲ့ ကလေးတွေသာ မွေးစားခံရကာ တစ်ခုမဟုတ် တစ်ခု ချို့ယွင်းနေတဲ့ ကလေးတွေကတော့ ဂေဟာမှာပဲ ကျန်ခဲ့သည်။ 


မူလ ရှန်းတန်ရဲ့ ခံစားချက်တွေ လွှမ်းမိုးခံလိုက်ရတာကြောင့်လား မပြောတတ်။ သူမရဲ့ နှလုံးသားလေး နာကျင်သွားပြီး မျက်ရည်စတွေလည်း ဝဲတက်လာခဲ့သည်။ 


အစ်ကို၀မ်က အနေရခက်သွားပုံပေါ်၏။ “ ငါ … ငါလည်း အိမ်၀ယ်ထားတာ မကြာသေးတော့ ငွေပိုငွေလျှံ ဘယ်ရှိမလဲဟ။ ”


ရှန်းတန်သည် စိတ်ထဲကနေပဲ မျက်လုံးလှိမ့်လိုက်သည်။ မရှိတာ မဟုတ်ပါဘူး ၊ မချေးချင်တာပါ။ ဒီနှစ်တွေမှာ အစ်ကိုဝမ်က သူမနှင့် သူမလို တခြား လူတွေကို အသုံးချကာ ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့သည်။ 


ထားပါတော့လေ။ အစကတည်းက ပိုက်ဆံချေးဖို့လာတာမှ မဟုတ်ဘဲ။ ရှန်းတန်က နှာခေါင်းလေး တရှုံ့ရှုံ့ လုပ်လိုက်သည်။ “ ကျွန်မ အစ်ကို့ကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ ကျွန်မမောင်လေးရဲ့ အခြေအနေက အရမ်းဆိုးနေခဲ့လို့ပါ။ တိုက်ဆိုင်ချင်တော့ အဲ့အချိန်မှာ သူဌေး တစ်ယောက်က သူနဲ့ လက်ထပ်ရင် သူ့ပိုက်ဆံက ကျွန်မပိုက်ဆံ ဖြစ်လာလိမ့်မယ်လို့ လာပြောတယ်။ မငြင်းခဲ့လို့ ဆိုပြီး အစ်ကို ကျွန်မကို အပြစ်တင်ဦးမှာလား။ ”


အကို၀မ်က အလွန် ခေါင်းရှုပ်သွားသည်။ “ မင်းကို သဘောကျတဲ့သူ ရှိသေးတယ်လား။ ”


ရှန်းတန် “....”


အခု ပြောနေတဲ့ အကြောင်းနဲ့ အဲ့စကားနဲ့ ဘာဆိုင်လို့လဲ။


မဟုတ်သေးဘူး ၊ ရှင် ဘာကို ဆိုလိုချင်တာလဲ။ 


အကို၀မ်လည်း သူ စကားပြောမှားသွားပြီမှန်း သိလိုက်ပြီး အိုးတိုးအမ်းတမ်း ပြုံးပြလိုက်၏။ “ အတွေးမလွန်ပါနဲ့။ ငါက ဘာသဘောနဲ့မှ ပြောတာ မဟုတ်ပါဘူး။ အရင်တုန်းက နင် ဘယ်သူ့အကြောင်းမှ ပြောတာ မကြားဖူးလို့ပါ။ ”


“ ကျွန်မတို့က သိတာ မကြာသေးဘူးလေ။ ပြီးတော့ သူက အသက်လည်း နည်းနည်း ကြီးတယ် ၊ ခေါင်းမာပြီး ချုပ်လည်း ချုပ်ချယ်တတ်တယ်။ ကျွန်မ သူ့ကို သိပ်မဘောမကျလို့ သူ့အကြောင်း ပြောမပြဖြစ်တာပါ။ ”


သူမက အခုမှ ( ၂၂ ) နှစ်ပဲ ရှိသေးပြီး ကုဟွိုင်အန်းက ( ၃၀ ) နား နီးနေပြီလေ။ ဆိုရိုးစကားတောင်ရှိသေးတယ် … အသက် ( ၃ ) နှစ် ကွာတယ် ဆိုတာ မျိုးဆက် တစ်ဆက် ကွာတာပဲတဲ့ ၊ အဲ့တော့ သူမတို့ကြားမှာ မျိုးဆက်  ( ၂ ) ဆက် ကွာနေတာပဲ မဟုတ်ဘူးလား။


သို့သော်လည်း အကို၀မ်းကတော့ ရှန်းတန်သည် ပိုက်ဆံချမ်းသာတဲ့ အဘိုးကြီး တစ်ယောက်ကို ငွေအတွက် လက်ထပ်လိုက်ပြီဟု ထင်သွားလေသည်။ 


သူ နှမြောတသ ဖြစ်သွားမိသည်။ 


ရှန်းတန်ရဲ့ ဂုဏ်သတင်းက မကောင်းပေမဲ့ သူမက သိပ်လှပပြီး အကွေ့အကောက် ၊ အဖုအထစ် ၊ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နှင့် ရှေ့က ကြည့်ကြည့် နောက်က ကြည့်ကြည့် ရှိသင့်တဲ့နေရာ ရှိသည်။ ကုမ္မဏီက အကြီးအကဲတွေကလည်း သူမကို သဘောကျကြသည်။ သူမ အဲ့လို အဘိုးကြီးတစ်‌ယောက်နှင့် လက်ထပ်ရမယ် ဆိုတာ သိရင် သူ ပိုက်ဆံချေးပေးခဲ့တာပေါ့။ 


အခုတော့ အားကိုးရတဲ့ လက် တစ်ဖက် ပြုတ်သွားပြီပဲ။ 


“ လက်ထပ်တာကို လျှို့ဝှက်ထားဦး။ နင်က အခုထိ ငယ်ငယ်လေးပဲ ရှိသေးတာ။ နင့်ဘ၀တက်လမ်းကို ဦးစားပေးရမယ်။ ပြီးတော့ ဘ၀မှာ ယောကျ်ားတွေကိုပဲ အားကိုးနေလို့ မရဘူး။ ”


ရှန်းတန်သည် နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။ သူမ ပုံစံက အလွန် လိမ္မာရေးခြားရှိဟန်ပေါ်နေပေမဲ့ အဲ့ဒါက အပေါ်ယံပဲ ဖြစ်ပါသည်။ 


အခန်းအပြင်က တံခါးခေါက်တော့မည့် အမျိုးသမီး တစ်ယောက်သည် အံ့ဩသွားကာ ပါးစပ်ကို လက်ဖြင့် အုပ်၍ ပြုံးလိုက်သည်။ ရှန်းတန် … နင့်ဆီမှာလည်း ဒီလိုနေ့မျိုး ရှိလာမယ်လို့ ထင်မထားဘူး။ 


ဘယ်သူမှ သတိမထားမိခင်မှာပဲ သူမ တိတ်တိတ်လေး လှည့်ထွက်လာခဲ့လိုက်သည်။


အစ်ကို၀မ် ထွက်သွားပြီးသည်နှင့် ရှန်းတန်ရဲ့ မျက်နှာအမူအရာကလည်း ချက်ချင်း ပြောင်းလဲသွားကာ နှုတ်ခမ်းလေး စူလျက် ဆိုဖာပေါ်မှာ ထိုင်နေခဲ့သည်။ 


အနုပညာလောကမှာ အံတိုနေတဲ့ အဖွားကြီး ပီသပါပေတယ်။ တကယ့်ကို စကားကို စင်းလုံးချော ပြောနိုင်ခဲ့တာပဲ။ 


သူမ ပန်းသီး တစ်လုံးကို ယူကာ အ၀တ်နှင့် သုတ်ပြီး တစ်ကိုက် ကိုက်လိုက်သည်၊ ဟွန့် ၊ အိမ်က အသီးတွေလောက် မချိုဘူးပဲ။


အစားအသောက်ကို မဖြုန်းတီးချင်သဖြင့် ပန်းသီး တစ်လုံး,လုံးကို သုံး ၊ လေးကိုက်တည်းနှင့် အပြောင်ရှင်းကာ ရိုးတံကို အမှိုက်ပုံးထဲ ဝှီးခနဲ လွှင့်ပစ်လိုက်သည်။ 


သိပ်မကြာလိုက်ဘဲ တံခါးခေါက်သံထွက်ပေါ်လာကာ ကလေးမျက်နှာနှင့် ကောင်မလေး တစ်ယောက်က တံခါးဝကနေ ခေါင်းပြူကြည့်လာသည်။ သူမက ရှန်းတန်ရဲ့ ဂျူနီယာ လက်ထောက်လေး ယွမ်ယွမ်။ 


“ အစ်ကို၀မ်က အစ်မကို အစည်းအဝေးခန်းထဲ လာခဲ့ဖို့ ခေါ်နေတယ် အစ်မတန်တန်။ ”


အိုး။ ဆုံးဖြတ်ချက် ထွက်လာပြီ ထင်တယ်။ 


ရှန်းတန် စိုးရိမ်နေမိသည်။ ဝတ္ထုကို ဖတ်ထားတာမို့ အစ်ကိုဝမ်က ဘယ်လ်ု လူမျိုးလဲ ဆိုတာ သူမ နားလည်သည်။ သူက လူ တစ်ယောက်ကို နောက်ဆုံးအချိန်ထိ လက်မလျှော့ဘဲ အသုံးချလို့ ရသမျှ အသုံးချသွားမည့် လူမျိုး ဖြစ်သည်။ 


စာအုပ်ထဲမှာ သူမရဲ့ ဇာတ်လမ်းကတော့ သူမက အဘိုးကြီး တစ်ယောက်ဆီမှာ ရောင်းစားခံလိုက်ရသည်။ ပြီးတော့ ထိုအဘိုးကြီးလက်ထဲမှ လွတ်မြောက်အောင် ရုန်းကန်နေရင်း ဟိုတယ် အထပ်မြင့်ပေါ်ကနေ ပြုတ်ကျကာ သေဆုံးသွားခဲ့လေသည်။ 


အစည်းအဝေးခန်းထဲကို ရှန်းတန် ဝင်သွားတော့ အခန်းထဲမှာ အစ်ကိုဝမ် ရှိမနေပါ။ ရာထူးအကြီးပိုင်း အမှုဆောင် တစ်ယောက်ပဲ အခန်းအလယ်က ထိုင်ခုံပေါ်မှာ ခြေချိတ်လျက် ပျင်းရိပျင်းတွဲ ထိုင်နေသည်။ 


သက်လတ်ပိုင်းအရွယ် သုံးဆယ်လောက် ရှိမည်ဟု ထင်ရသော ထိုလူသည် ကိုင်းပျောက်မျက်မှန် ၊ မိုးပြာရောင် အနောက်တိုင်းဝတ်စုံတို့ကို ဝတ်ဆင်ထား၏။ ရုပ်မဆိုးသော်လည်း သူ့မျက်နှာက တော်တော်လေး အဆီပြန်နေသည်။ 


ရှန်းတန်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ “ ဒါရိုက်တာကျိုး။ ” 


ဒါရိုက်တာကျိုးက ရှန်းတန်ကို စူးရှသော အကြည့်ဖြင့် ခေါင်းစခြေဆုံး ကြည့်နေသည်။ သူ့ရဲ့ စူးရှသော အကြည့်က သူမရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားတော့မလို ရှိသည်။ 


ရှန်းတန်ရဲ့ လက်မောင်းပေါ်မှာ ကြက်သီးမွေးညှင်းထသွား၏။ သူ့ကို ထုရိုက်ပစ်ချင်စိတ်အား ထိန်းထားကာ မေးလိုက်သည်။ “ ကျွန်မကို တစ်ခုခု ပြောဖို့ ဒီကို ခေါ်လိုက်တာလား။ ”


“ မင်း အိမ်ထောင်ပြုလိုက်ပြီလို့ ငါ ကြားတယ်။ ပြီးတော့ အဘိုးကြီး တစ်ယောက်နဲ့တဲ့။ ” 


သူ့အသံထဲမှ မနှစ်မြို့မှုကို ကောင်းကောင်း ခံစားလို့ ရသောကြောင့် ရှန်းတန်သည် ဘာမှ ပြန်မဖြေဘဲ နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်သည်။ 


တစ်ဖက်လူက သူမရဲ့ တုံ့ပြန်စကားကို မကြားချင်တာလည်း သိသာပါသည်။ သူက စာချုပ်ကို တွန့်ပို့ပေးပြီး ပြောသည်။ “ မင်းက ကုမ္ပဏီနဲ့ လက်တွဲလာတာလည်း အချိန် တစ်ခု ကြာပြီ ၊ အမြဲတမ်းလည်း ငါတို့စကား နားထောင်ခဲ့တာ။ ဒီတစ်ခေါက် အလောတကြီး အိမ်ထောင်ပြုလိုက်တာက ရူးမိုက်တဲ့ လုပ်ရပ်ပဲ။ မင်း ကုမ္ပဏီနဲ့ အရင်ဆုံး တိုင်ပင်သင့်တာပေါ့။ ” 


ထို့နောက် လေသံ ပြောင်းသွားကာ ဆက်ပြောသည်။ “ နင် ဒီလောကထဲကနေ အနားယူ‌ချင်နေတယ်လို့ နင့်အေးဂျင့်က ပြောတာ ကြားတယ်။ စာချုပ်ကို စောစောစီးစီး ဖျက်သိမ်းတဲ့အတွက် လျော်ကြေးက ( ၈ ) သန်း ဝန်းကျင် ပေးရလိမ့်မယ်။ မင်း အနားယူမှာ သေချာပြီလား။ ” 


ထိတ်လန့်မှုကြောင့် ရှန်းတန်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားသည်။ “ ဘယ်လောက် … ” 


“ ( ၈ ) သန်း။ နည်းနည်းနောနော ပမာဏ မဟုတ်ဘူးနော်။ မင်း အငြိမ်းစားယူချင်တယ်ဆို အဲ့ပိုက်ဆံကို အရင် ပြင်ထားလို့ ရတယ်။ ကုမ္ပဏီနဲ့ ကျန်တဲ့ ကိစ္စတွေကို ချောချောမွေ့မွေ့ပဲ ပြီးသွားအောင် ငါ ကူညီပေးမယ်။ ” 


ဒါရိုက်တာကျိုးသည် စိတ်ထဲကနေ လှောင်ရယ်လိုက်သည်။ ရှန်းတန်က ဘာကျောထောက်နောက်ခံ ၊ ဘာအခွင့်အလမ်းမှ မရှိတဲ့ မိဘမဲ့ တစ်ယောက် ဖြစ်ကာ သူမဆီမှာ ကပ်စားနေသည့် မောင်လေး တစ်ယောက်ပင် ရှိသေးသည်။ သူမမှာ အဲ့လောက် ပိုက်ဆံ အများကြီး ဘယ်လိုမှ မရှိနိုင်ပါ။ 


သူ့စကားကို ကြားတော့ ရှန်းတန်ရဲ့ မျက်နှာက ထင်ထားတဲ့အတိုင်း မှိုင်းညို့သွားသည်။ 


သူမ ဒီကုမ္ပဏီ အစုတ်အပြတ်ကို ယွမ် ( ၈ ) သန်း ပေးမှာ မဟုတ်ပါ။ သူမရဲ့ စာချုပ်သက်တမ်းကုန်ဖို့လည်း သိပ်လို့တော့တာ မဟုတ်။ နည်းနည်းလောက် ထပ်တောင့်ခံလိုက်ရင် ရပြီ။ 


ချိန်းတွေ့သည့် ရသစုံ အစီအစဉ်တွေမှာလည်း သူမ ဆက်လက် ပါဝင်ဖို့ အစီအစဉ် မရှိတော့ပေ။ 


ရှန်းတန်က ကိုးရိုးကားရားနိုင်စွာ ရယ်မောလိုက်သည်။ “ ဒါဆို ကျွန်မ လောလောဆယ်တော့ အနားမယူတော့ပါဘူး။ ဒါပေမဲ့ ကျွန်မ လက်ထပ်ပြီးပြီ ဆိုတော့ ချိန်းတွေ့တဲ့ အစီအစဉ်တွေမှာ ပါဝင်တာကတော့ သင့်တော်မှာ မဟုတ်ဘူးမို့လား။ ” 


“ စိတ်မပူပါနဲ့။ ငါ မင်းအတွက် ပိုကောင်းတဲ့ အစီအစဉ် တစ်ခုကို ရွေးချယ်ထားတယ်။ မင်းရဲ့ အလားအလာနဲ့ ပတ်သက်လို့ ငါက အကောင်းမြင်စိတ်ရှိပါသေးတယ်။ ငါ့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့ တန်တန်။ ”


ဒါရိုက်တာကျိုးက ပြောရင်း ရှန်းတန်ရဲ့ ပခုံးပေါ် လက်တင်လိုက်၏။ မျှော်လင့်မထားစွာဖြင့် သူ့လက်ကောက်ဝတ်ကို ရုတ်တရက် အလိမ်ခံလိုက်ရကာ ခန္ဓာကိုယ် တစ်ခုလုံး စားပွဲပေါ်ကို တွန်းလှဲခံလိုက်ရသဖြင့် နာကျင်စွာ အော်လိုက်မိသည်။ 


“ အား။ ” 


ရှန်းတန်က သူ့လက်ကို အမြန် လွှတ်ပေးလိုက်၏။ “ ဆောရီး ၊ ကျွန်မလက်က အလိုလို တုံ့ပြန်မိသွားတာ။ ” 


“ အီး … ” ဒါရိုက်တာကျိုးက နာသွားတဲ့ လက်ကောက်ဝတ်ကို အသာအယာ ကိုင်ထားရင်း အသက်ပြင်းပြင်း နှစ်ကြိမ် ရှူသွင်းလိုက်သည်။ 


“ နင့်ကို ဒီလောက် သန်မာအောင် သူတို့ ဘာတွေ ကျွေးထားတာလဲ။ ” 


ရှန်းတန် စိုးရိမ်သွားမိသည်။ “ ကျွန်မ ငယ်ငယ်လေးကတည်းက အလုပ်တွေ ပုံမှန် လုပ်တော့ နည်းနည်းလေး သန်မာနေတာပါ။ ကျွန်မ ရှင့်ကို ဆေးရုံပို့ပေးဖို့ လိုလားဟင်။ ” 


စိတ်ထဲမှာတော့ သူမက လှောင်ရယ်နေတာ ဖြစ်သည်။ ငါ့ကို နောက်တစ်ခေါက် ထပ်ထိရဲထိကြည့် ၊ နင့်လက်ကို လိမ်ချိုးပစ်မယ်။ 


“ မလိုဘူး။ စာချုပ်မှာသာ အရင် လက်မှတ်ထိုးလိုက်။ ” ဒါရိုက်တာကျိုးက နာကျင်စွာ မျက်နှာရှုံ့မဲ့လျက် အစည်းအဝေးခန်းထဲမှ ထွက်သွားသည်။ 


ရှန်းတန်က စာချုပ်ကို တစ်ချက် ဖွင့်ကြည့်လိုက်သည်။ ချိန်းတွေ့တဲ့ အစီအစဉ် မဟုတ်ဘဲ လူသူမရှိသည့် ကျွန်း တစ်ကျွန်းပေါ်မှာ ရှင်သန်နိုင်ရေးအတွက် ကြိုးစားရုန်းကန်ရမည့် ရသစုံ အစီအစဉ် တစ်ခု ဖြစ်ပါသည်။ 


ရသစုံ အစီအစဉ်ရဲ့ နာမည် အပြည့်အစုံက “ ကျွန်းပေါ်မှ ( ၁၃ ) ရက်တာ ” ဖြစ်သည်။ ကြိုတင် ရေးသားထားတဲ့ ဇာတ်ညွှန်းတွေ မရှိသလို ကင်မရာနောက်ကွယ်မှာ ဝင်ရောက်စွက်ဖက်မှုတွေလည်း မရှိပါ။ အရာရာတိုင်းကို တိုက်ရိုက် ထုတ်လွှင့်သွားမှာ ဖြစ်သည်။ ထုတ်လုပ်ရေးအဖွဲ့ကလည်း ဘာအကူအညီမှ ပေးမှာ မဟုတ်ပါ။ 


စာအုပ်ရဲ့ နောက်ပိုင်းထဲမှာ ဒီအစဉ်အစဉ် ပေါ်လာခဲ့တယ် ဆိုတာကို သူမ ခပ်ရေးရေး မှတ်မိနေသည်။ 


စာချုပ်ထဲမှာ ဖုံးကွယ်ထားတဲ့ မတရားသော အချက်အလက်တွေ မပါဝင်တာ သေချာအောင် ဖတ်ကြည့်ပြီးမှ သူမရဲ့ နာမည်ကို လက်မှတ်ထိုးလိုက်သည်။ 


နားနေခန်းသို့ အပြန်လမ်းတွင် အာရုံစူးရှသော ရှန်းတန်သည် သူမကို ကြည့်တဲ့ လူတွေရဲ့ အကြည့်က နည်းနည်းလေး မူမမှန်တာကို သတိထားမိလိုက်သည်။ 


သူမ ပြန်ကြည့်လိုက်တိုင်း သူတို့က သူမရဲ့ မြင်ကွင်းထဲမှ ရှောင်သွားရင် ရှောင်သွား ၊ မဟုတ်ရင် သူမကို မမြင်ချင်ယောင်ဆောင်နေကြသည်။ 


သူမရဲ့ ရုံးခန်းထဲကို ပြန်လာတော့ ယွမ်ယွမ့်ဆီကနေ သူမဟာ အဘိုးကြီး တစ်ယောက်နှင့် အတူ နေ,နေသည် ဟူသော ကောလဟာလကို တစ်ယောက်ယောက်က သတင်းဖြန့်ထားကြောင်း သိလိုက်ရသည်။ 


ယွမ်ယွမ်က မခံမရပ်နိုင်အောင် ဒေါသထွက်နေသလို စိတ်လည်း စိတ်ပူနေ၏။ “ ဘယ်ကလေကဝ,က ကောလဟာ‌လတွေ လျှောက်ဖြန့်နေတာလဲ မသိပါဘူး။ ညီမတို့ ဖြေရှင်းကြမလားဟင် အစ်မတန်တန်။ ” 


ရှန်းတန်က ခဏလောက် စဉ်းစားပြီးမှ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ “ ထားလိုက်ပါ။ သူတို့ဘာသာ ပြောချင်ရာ ပြောနေကြပါစေ။ ဘာပဲပြောပြော သူတို့ ပြောတာလည်း မှားမှ မမှားတာ။ ” 


ယွမ်ယွမ်က အံ့ဩစွာ ပါးစပ်အဟောင်းသား ဖြစ်သွား၍ ရှန်းတန်က သူ့ပါးစပ်ကို ပြန်ပိတ်ပေးလိုက်သည်။ “ နင့်ပေါက်ကရ အတွေးတွေကို လျှောက်တွေးမနေနဲ့။ ” 


ယွမ်ယွမ် : “ အိုး။ ” 


ပြီးတော့ သူမတို့ ထွက်ဖြေရှင်းလျှင်တောင် သူတို့က ယုံကြဦးမှာ မဟုတ်ပါ။ 


လူ ဆိုတာ သူတို့ ယုံကြည်ချင်တဲ့ အရာကိုပဲ ရွေးယုံကြည်ကြတာ ဖြစ်သည်။