Ch 8
Viewers 7k

အခန်း ( ၈ ) - နင် ဘယ်စိတ်ကျန်းမာရေးဆေးရုံကနေ လွတ်လာတာလဲ … ။


အခြားတစ်ဖက်၌ ရှန်းတန်က ကုမ္ပဏီကို သွားသော်လည်း အစ်ကိုဝမ်ကို မတွေ့ရဘဲ ယွမ်ယွမ် တစ်ယောက်တည်းကိုသာ တွေ့လိုက်ရသည်။ 


“ အစ်ကိုဝမ် ဘယ်မှာလဲ။ ” 


ယွမ်ယွမ်က သေချာလေး ရှင်းပြသည်။ “ အစ်ကိုဝမ်က အခုတလော ဝန်ထမ်းတွေကို လေ့ကျင့်ပေးရင်းနဲ့ အလုပ်ရှုပ်နေတာရယ်။ ” 


ရှန်းတန် မျက်မှောင်ကြုတ်လိုက်သည်။ နစ်နာသူတွေ ထပ်တိုးလာပြန်ပြီပဲ။ 


“ အစ်မတန်တန် … ”


“ ငါ အဆင်ပြေပါတယ်။ ဝန်ထမ်းသစ်တွေအတွက် နည်းနည်းလေး ခေါင်းကိုက်သွားလို့ပါ။ ” 


ယွမ်ယွမ် : “ … ” 


အစ်ကိုဝမ်က ဘယ်လို လူမျိုးလဲ ဆိုတာ လူတိုင်း သိသည်။ 


“ သွားရအောင်။ အလုပ် သွားလုပ်ကြမယ်။ ” 


“ ဟုတ်ကဲ့။ ” 


စတူဒီယိုကို ဆယ်မိနစ် စောရောက်သွားသော ရှန်းတန်သည် လူတွေ အရှေ့အနောက် ပတ်ခြံရံထားတဲ့ အစီအစဉ်တင်ဆက်သူ အမျိုးသား လျှောက်ဝင်လာတာကို နာရီဝက်ကျော် စောင့်လိုက်ရသည်။ 


သူက ခေါင်းမော့ထားကာ ရှန်းတန်ကို ပြီးစလွယ် နှုတ်ဆက်ပြီးနောက် စတင် မိတ်ကပ်လိမ်းခြယ်လေတော့သည်။ တစ်ချက် တစ်ချက်တွင် သူ့လက်သူကြွယ်ကို မိန်းကလေးကဲသို့ တွန့်ကွေး၍ မိတ်ကပ်ဆရာကို ဇီဇာကြောင်စွာ ဟိုခိုင်း ဒီခိုင်း လုပ်နေ၏။ 


ရှန်းတန် : “ … ” 


ဒါက တကယ့်ကို သောက်မြင်ကတ်ချင်စရာကောင်းတာပါပဲလား။ ရှန်းတန် တစ်ယောက် အခုတော့ မျက်လုံးကျယ်သွားပြီ ဖြစ်သည်။ 


နင် ပိုက်ဆံမရှာချင်ရင်လည်း ဒီကို အစကတည်းက မလာခဲ့သင့်ဘူးဟု ကိုယ့်ကိုယ်ကိုယ် ပြန်ပြောလိုက်သည်။ 


တရားဝင် တိုက်ရိုက်ထုတ်လွှင့်မှု စတင်ချိန်မှာ ပရိသတ်တွေက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ စောင့်နေတာ အချိန် အတော်ကြာခဲ့ပြီ ဖြစ်သည်။ 


တိုက်ရိုက် ထုတ်လွှင့်မှာကို ဖွင့်လိုက်သည်နှင့် အစီအစဉ်တင်ဆက်သူ အမျိုးသားက ခုနတုန်းကလို ဆောင့်ကြွားကြွား အမူအရာ တစ်စက်ကလေးတောင် မရှိတော့ဘဲ တခြား လူ အသစ် တစ်ယောက်လို ပြောင်းလဲသွားသည်။ 


သူ မျက်မှောင်ကြုတ်ပြီး အောက်နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်၏။ “ ဒီနေ့ ကိစ္စ တစ်ခု ပေါ်လာလို့ နောက်ကျသွားတာနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုလည်း နောက်ကျသွားတယ်။ ကျွန်တော် တကယ် တောင်းပန်ပါတယ် ဘေဘီလေးတို့ရယ်။ ဒီလို လုပ်ရအောင်လေ ၊ လူတိုင်းကို အလျော်ပေးတဲ့အနေနဲ့ ကံစမ်းမဲ တချို့ ပြင်ထားလိုက်မယ်။ အဆင်ပြေလား။ ”


[ မျက်မှောင်ကြီး မကြုတ်ပါနဲ့ ယောက်ျားရေ ၊ အဲ့ဒါက မိန်းမကို စိတ်ပူစေတယ်။ ]


[ နောက်မကျဘူး နောက်မကျဘူး။ အချိန်ကိုက်ပဲ။ ]


ရှန်းတန် : “ … ” 


အစီအစဉ်တင်ဆက်သူ အမျိုးသားက အဖွင့်အနေဖြင့် နှုတ်ဆက်ပြိးသွားသောအခါ ရှန်းတန်ကလည်း နှုတ်ဆက်လိုက်သည်။ “ အားလုံးပဲ မင်္ဂလာပါ။ ကျွန်မက ရှန်းတန် ဖြစ်ပါတယ်။ ” 


Filter တွေ ဆယ်ခုတောင် ထည့်ထားသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုထဲက ရှန်းတန်ရဲ့ မေးစေ့ဟာ လူ တစ်ယောက်ကို သတ်နိုင်လောက်အောင်ပင် ချွန်မြနေခဲ့သည်။ 


သူမကို ပျစ်ပျစ်နှစ်နှစ် ပြောဆိုထားတဲ့ ကွန်းမန့်တွေကို ကြည့်လိုက်တော့ တကယ့်ကို ဆိုးဆိုးဝါးဝါးတွေချည်း။ 


[ ရှန်းတန်က ပလတ်စတစ်ဆာဂျရီ လုပ်ထားတဲ့ မိန်းမ တစ်ယောက်ပဲ ဆိုတာ ခိုင်လုံတဲ့ သက်သေရပြီ။ ]


[ အဖွဲ့ကတော့ သူမရဲ့ ပြိုင်ဖက်ကင်းတဲ့ အလှတရားအကြောင်း ဆက်တိုက် ပြောနေကြတုန်းပဲ။ ငါ အူတက်သေတော့မယ်။ ]


[ တိုက်ရိုက်ထုတ်လွှင့်မှုထဲကို မကောင်းတဲ့ အနုပညာရှင် တစ်ယောက် ရောက်လာတယ်လို့ ငါ ကြားထားတယ်။ သူမကို ဘယ်သူက ဆက်ပြီး လိမ်ညာချင်ဦးမှာလဲ။ ]


[ လခွမ်း ၊ နောက်လာမယ့် ထိပ်တန်း ရေပန်းစားမှုစာရင်းကို ငါ အခုကတည်းက ခန့်မှန်းလို့ ရနေပြီ။ အစ်ကိုကတော့ ထပ်ပြီး အလိမ်ခံရတော့မယ်။ ]


တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ ရှန်းတန်ကို ဆန့်ကျင်မုန်းတီးသူတွေ ပြည့်နှက်သွားကာ ချက်ချင်းပဲ နာမည်ကြီးလာခဲ့သည်။ 


ရှန်းတန်ကတော့ ကွန်းမန့်တွေထဲမှာ အကြိမ်းမောင်းခံနေရတာ သူမ မဟုတ်သလိုပင် ပရော်ဖက်ရှင်နယ် အပြုံး တစ်ခုဖြင့် အပြုံးမပျက် ရပ်နေခဲ့သည်။ 


ဒီတိုက်ရိုက်ထုတ်လွှင့်မှုရဲ့ မစ်ရှင်က ဝေးလံခေါင်ဖျားတဲ့ တောင်တန်းဒေသတွေမှာ သစ်သီးတွေ အများကြီး သိုလှောင်ထားတဲ့ လယ်သမားတွေရဲ့ ပြဿနာကို ကူညီဖြေရှင်းပေးပြီး ကြည့်ရှုသူတွေရဲ့ ဈေးခြင်းတောင်းထဲမှာ စိုက်ပျိုးရေးထွက်ကုန်တွေ ပြည့်လျှံသွားအောင် လုပ်ရမှာပဲ ဖြစ်သည်။ 


တကယ်လို့ ဝတ္ထုကိုသာ ဖတ်မထားလျှင် ရှန်းတန်လည်း အဲ့ဒါကို ယုံကြည်သွားမှာပင်။ 


လယ်သမားတွေကို ကူညီခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အစီအစဉ်တင်ဆက်သူ အမျိုးသားရဲ့ အဖွဲ့က သစ်သီးတွေကို လယ်သမားတွေထံမှ ဈေးနှိမ်၍ ဝယ်ထားကာ မတန်တဆ ဈေးတင်၍ ပြန်ရောင်းနေကြသည်။ အဆုံးသတ်မှာတော့ လယ်သမားတွေလည်း ဘာပိုက်ဆံမှ မရဘဲ ရသမျှ ပိုက်ဆံတွေ အကုန်လုံး သူ့အိတ်ကပ်ထဲသာ ဝင်သွားတာ ဖြစ်သည်။ 


ရှန်းတန်က စားပွဲပေါ်မှာ အကောင်းဆုံး မျက်နှာပန်းလှစေရန်အတွက် ရွေးချယ် ခင်းကျင်းထားသော သစ်သီး အလုံး လှလှတွေကို ကြည့်လိုက်သည်။ 


သူမက မက်မွန်သီး တစ်လုံးကို ယူကာ ဒီတိုင်း လက်ဖြင့်ပင် ခွဲလျက် တစ်ကိုက် ကိုက်ကြည့်လိုက်၏။ အရသာက ကြွပ်ဆတ်ချိုမြနေသည်။ သူမ အကြိုက်ဆုံး အရသာပဲ။ 


အစီအစဉ်တင်ဆက်သူ အမျိုးသားဟာ ပါးစပ်က အမြုပ်ထွက်မတတ် ပြောရင်း ၊ ကုန်ပစ္စည်းတွေကို ပရိုမိုးရှင်းဆင်းရင်း အလုပ်ရှုပ်နေစဉ်မှာ ရှန်းတန်ကတော့ ဘေးမှာ ထိုင်ပြီး သစ်သီးတွေကို ဖြည်းဖြည်းချင်း စားနေခဲ့သည်။ သူမ စားနေပုံက အားရပါးရမို့ ကြည့်ရှုသူတွေဟာ သူမကို ကြည့်ရုံနှင့် သွားရည်ယိုလာကြလေသည်။ 


[ ရှန်းတန်က အားရပါးရ စားနေတာလို့ ပြောရမယ်။ ]


[ ဝယ်မယ်ဟေ့။ ဝယ်ပြီးမှ စားမကောင်းရင်တော့ ငါ မင်းတို့ကို ဝေ့ပေါ်မှာ ဆဲမှာနော်။ ]


ရှန်းတန် : “ ??? ” 


“ ရှင်တို့ ဝယ်ပြီးမှ စားမကောင်းရင် အစီအစဉ်တင်ဆက်သူ အစ်ကို့ကိုလည်း ဆဲလို့ ရပါတယ်။ ” 


အစီအစဉ်တင်ဆက်သူ အမျိုးသား : “ … ” 


[ နင် စားနေသလိုမျိုး တစ်ပုံစံတည်း အသီးတွေကို ဝယ်ရမယ် ဆိုရင်တော့ ငါ အခုချက်ချင်း အော်ဒါတင်ပစ်မယ်။ ] 


ရှန်းတန်ရဲ့ စိတ်ထဲမှာ လှုပ်ခတ်သွားပြီး ပြောလိုက်သည်။ “ သစ်သီးတွေ လှောင်ထားတဲ့ ကုန်လှောင်ရုံဆီ လူတိုင်းကို ခေါ်သွားရင် ကောင်းမလားဟင်။ အစီအစဉ်တင်ဆက်သူ အမျိုးသားက နာမည်ကြီး အစီအစဉ်တင်ဆက်သူ တစ်ယောက် ဆိုတာလည်း ရှင်တို့ အားလုံး သိတာပဲ ၊ သူက မကောင်းတဲ့ အသီးတွေကို အရည်အသွေးပြည့်မီတဲ့ အသီးတွေပါလို့ နာမည်တပ်ပြီး ညံ့ဖျင်းတဲ့ လုပ်ရပ်မျိုး လုပ်မှာ မဟုတ်ဘူးလို့ ကျွန်မတော့ ထင်တယ်။ ” 


ထိုစကားက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက လူတွေကို သတိဝင်သွားစေခဲ့သည်။ သူတို့ထဲမှ အများစုက လယ်သမားတွေကို ကူညီချင်တာမို့ သစ်သီး ကုန်လှောင်ရုံကို မျက်မြင် တွေ့နိုင်ခြင်းက အကောင်းဆုံး ဖြစ်သည်။ 


ဆန့်ကျင်မုန်းတီးသူတွေကတောင် ဘာမှ မကန့်ကွက်ကြပေ။ 


အစီအစဉ်တင်ဆက်သူ အမျိုးသား : “ ??? ” 


“ ခဏ နေပါဦး။ ” 


ကိစ္စတွေက ဘယ်လိုလုပ် စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာရတာလဲ။ 


ရှန်းတန်က တမင် မေးလိုက်သည်။ “ ဘာလဲ။ ရှင် လူတိုင်းကို မမြင်စေချင်ဘူးလား။ ” 


အစီအစဉ်တင်ဆက်သူ အမျိုးသားက အံ့ဩသလို ဟန်ဆောင်လိုက်သည်။ “ မင်း ဘာလို့ အဲ့လို ထင်ရတာလဲ။ သစ်သီး ကုန်လှောင်ရုံထဲမှာ တအား အလုပ်ရှုပ်နေကြတာ ၊ ငါတို့ သွားလည်း အဲ့မှာ အလုပ် လုပ်နေတဲ့ လူတွေကို နှောင့်ယှက်ရုံပဲ ရှိလိမ့်မယ်။ ပြီးတော့ အသီးတွေကို လတ်ဆတ်အောင် ထားဖို့အတွက် အဲ့မှာ ရှိတဲ့ အပူချိန်ကိုလည်း လျှော့ထားရတာ။ မင်းတို့ အဲ့ကို သွားရင် အအေးမိလိမ့်မယ်။ အဆင်‌ပြေမှာ မဟုတ်ဘူး။ ” 


[ ဝါး ၊ အစ်ကိုက အရမ်း စေ့စေ့စပ်စပ် တွေးပေးတတ်တာပဲ။ ]


[ နေပါဦး ၊ တစ်ခုခု မူမမှန်ဘူးလို့ ခံစားနေရတာ ငါ တစ်ယောက်တည်းလား။ ]


“ ကျွန်မ သိပြီ။ ဒါဆို အဲ့ဒီလို သဘောပေါ့နော်။ ကျွန်မက ကုန်လှောင်ရုံထဲမှာ ရှင် လူအသိမခံရဲတဲ့ ရှက်စရာ ကိစ္စတွေ ရှိနေမယ်လို့ ထင်ထားတာ။ ” 


အစီအစဉ်တင်ဆက်သူ အမျိုးသားရဲ့ နှလုံးသာထဲမှာ ဒိန်းခနဲ တုန်လှုပ်သွားလျက် ဒီတိုင်း ဘာရယ်မဟုတ် ပြောလိုက်ပုံပေါ်သည့် ရှန်းတန်ရဲ့ ဘာသဘောမှ မပါသလို ဖြူဖြူစင်စင် မျက်လုံးတွေကို ကြည့်လိုက်သည်။ 


သူ နောက်ထပ် စကား သုံး ၊ လေးခွန်းလောက်ကို လေပြည်အေးလေးဖြင့် ပြောကာ ရှင်းပြပြီးနောက် စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။ 


လူ တချို့က သံသယရှိနေဆဲ ဖြစ်သော်လည်း အစီအစဉ်တင်ဆက်သူ အမျိုးသားရဲ့ ပရိသတ်တွေက များလွန်းသောကြောင့် သူတို့ရဲ့ ကွန်းမန့်တွေဟာ အရာရာတိုင်းကို ဖုံးအုပ်သွား၏။ 


[ မင်းတို့ မဝယ်ဘူး ဆိုရင်လည်း ထွက်သွားလိုက်တော့။ ဒါက အစကတည်းက လယ်သမားတွေကို ကူညီဖို့ လုပ်နေတာ။ ဒီအလုပ်ကနေ ပိုက်ဆံရှာနိုင်မယ်လို့ မင်း ထင်နေတာလား။ ]


[ ဟုတ်တယ်။ အစ်ကို့ရဲ့ ရည်ရွယ်ချက်တွေက ရိုးသားတယ် ၊ အစ်ကိုက ကြင်လည်း ကြင်နာတတ်တယ်။ အဲ့ဒါနဲ့တောင် ဒီလို သံသယဝင်ရဲသေးတဲ့ နင်တို့ကို တကယ် ဘာမှ မပြောနိုင်လောက်အောင်ပဲ။ ]


ကုန်လှောင်ရုံကို မြင်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်မှန်း ရှန်းတန် သိပါသည်။ လူတိုင်းကို နည်းနည်းလေးပဲဖြစ်ဖြစ် သတိပေးချင်ရုံပါ။ 


အမှန်တရားကို ဘယ်လို ထုတ်ဖော်ရမလဲ ဆိုတာ သူမ စဉ်းစားနေမိသည်။ အခွင့်အရေး အမြန် ရလာလိမ့်မယ်လို့တော့ မျှော်လင့်မထားခဲ့ပေ။ 


ထို့နောက် သူတို့ ဒူးရင်းသီးတွေဘက် လှည့်လိုက်သည်။ အစီအစဉ်တင်ဆက်သူ အမျိုးသားက ခွဲပြီးသား ဒူးရင်းသီး တစ်လုံးကို ယူကာ အထဲက အသားပြည့်နေသော အသီးမွှာ အကြီးကြီးတွေကို ပြလိုက်လေသည်။ 


သူက ရှန်းတန်ကို ဒူးရင်းသီး တစ်မွှာ လှမ်းပေးသည်။ “ မိန်းကလေးရှန်းရော ဒူးရင်းသီးကြိုက်လား။ ” 


ရှန်းတန်က သူ ပေးတာကို မယူဘဲ သူမရဲ့ မျက်နှာ အမူအရာက ရှုံ့မဲ့မဲ့လေး ဖြစ်သွားသည်။ 


အဲ့ဒါကို မြင်တော့ အစီအစဉ်တင်ဆက်သူ အမျိုးသားရဲ့ နှုတ်ခမ်းတွေက အနည်းငယ် ကော့တက်သွားသည်။ “ မရှက်ပါနဲ့ မိန်းကလေးရှန်းရဲ့။ ဒူးရင်းသီးက အနံ့ဆိုးပေမဲ့ အရသာရှိတယ်ဗျ။ ” 


ရှန်းတန်ကတော့ ဘာကြောင့်မှန်းမသိ တုံ့ဆိုင်းနေခဲ့သည်။ “ ကျွန်မ ဒူးရင်းသီး မကြိုက်တာ မဟုတ်ပါဘူး။ ” 


“ ရှင့်လက်ထဲကို ဒူးရင်းသီး အမွှာကိုပဲ မစားချင်ရုံပါ။ ” ရှန်းတန်က ရိုးသားစွာ ပြောလိုက်သည်။ 


အစီအစဉ်တင်ဆက်သူ အမျိုးသားရဲ့ မျက်နှာပေါ်က အပြုံးဟာ အနည်းငယ် လျော့ရဲသွားသည်။ 


“ ကျွန်မ ရှင်းပြပါရစေ။ ကျွန်မ ရှင့်ကို ကန့်လန့်တိုက်နေတာ မဟုတ်ပါဘူး ၊ ဒူးရင်းသီးကိုပဲ မစားချင်လို့ပါ။ အဲ့လောက် အကျယ်ကြီး ခွဲထားတဲ့ ဒူးရင်းသီးတွေထဲကို ပိုးဟပ်တွေ ၊ ကြွက်တွေ ဝင်ထားရင်ရော ဘယ်သူ သိမှာလဲ။ ကျွန်မ တကယ် မစားရဲလို့ပါ။ ”


[ !!! ]


[ သောက်ကျိုးနည်း။ သူ ပြောတာ ဟုတ်တယ်။ ]


အစီအစဉ်တင်ဆက်သူ အမျိုးသားက အလောတကြီး ရှင်းပြသည်။ “ စိတ်မပူပါနဲ့ ဘေဘီလေးတို့ရယ်။ ကုန်လှောင်ရုံက သိပ်ကို သန့်ရှင်းပါတယ်။ ကျွန်တော်တို့မှာ ကုန်ပစ္စည်းတွေကို ကျန်းမာရေးနဲ့ ညီညွှတ်အောင် သေသေချာချာ ထိန်းသိမ်းထားတာပါ။ ဘာပိုးဟပ် ၊ ဘာကြွက်မှ မရှိဘူး။ ” 


ရှန်းတန်က နားလည်သွသလို ခေါင်းညိတ်ပြပြီး မျှော်လင့်ချက်တွေ ပြည့်နှက်နေသော မျက်လုံးများဖြင့် ထိုဒူးရင်းသီးမွှာကို သူ့ပါးစပ်နား တေ့ပေးလိုက်လေသည်။ “ ကျွန်မ နားလည်ပါပြီ။ ဒါဆို ရှင် စားပြပါလားဟင်။ ” 


အစီအစဉ်တင်ဆက်သူ အမျိုးသား : “ … ” 


မင်းက အဆိပ်ပြင်းလိုက်တာ။ 


အဆုံးသတ်မှာဝောာ့ ထိုဒူးရင်းသီးကို သူလည်း မစားခဲ့ဘဲ လက်ထောက် တစ်ယောက်ကသာ စားလိုက်ရသည်။ 


ထိုလက်ထောက်က မကြာသေးခင်တုန်းကမှ ကောလိပ်ကနေ ပူပူနွေးနွေး ဘွဲ့ရထားတာ ဖြစ်ကာ အပြုံးတု တစ်ခုကို ပြုံးတယ် ဆိုရုံလေး ဟန်လုပ် ပြုံးနိုင်ရှာသည်။ ထိုအပြုံးက လူတချို့အား ကုန်လှောင်‌ရုံက တကယ်ရော သန့်ရှင်းရဲ့လား ဟူ၍ သံသယဝင်သွားစေခဲ့သည်။ 


အကျဉ်းချုံ့ ပြောရလျှင်တော့ ရှန်းတန်ရဲ့ အကြံအစည်တွေက ဒူးရင်းသီး ရောင်းအားကို ထိထိရောက်ရောက် ပျက်စီးစေခဲ့ပါသည်။ 


တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားသည်နှင့် အစီအစဉ်တင်ဆက်သူ အမျိုးသားရဲ့ မျက်နှာက ချက်ချင်း မှောင်မည်းသွားသည်။ 


“ ကျွန်တော် မိန်းကလေးရှန်းအပေါ် တစ်ခုခုများ စော်ကားမိလို့လား။ ” 


ရှန်းတန်က အပြစ်ကင်းသလို ပုံစံလေး ဖမ်းနေလိုက်သည်။ “ ဟင့်အင်း ၊ ရှင် ဘာလို့ အဲ့လို ပြောတာလဲ။ ” 


“ မင်း အခု တမင်သက်သက် လုပ်လိုက်တာလေ။ ” 


ရှန်းတန်က အံ့ဩသွားသည့် အမူအရာလေးဖြင့် ပါးစပ်ကို လက်နှင့် အုပ်လိုက်လေသည်။ “ ကျွန်မ ဘာပြောမိလို့လဲဟင်။ တောင်းပန်ပါတယ်နော် ၊ တိုက်ရိုက်ထုတ်လွှင့်ပြီး ဈေးရောင်းဖူးတာ ဒါ ပထမဆုံးအကြိမ် ဆိုတော့ လုပ်ငန်းသဘောကို ကျွန်မ သိပ်နားမလည်ဘူး ဖြစ်သွားတယ်။ ” 


သူမ အဲ့ဒီလို ဟန်ဆောင်နေတာကို မြင်တော့ အစီအစဉ်တင်ဆက်သူ အမျိုးသားက ပိုလို့တောင် ဒေါသထွက်သွားကာ သူမကို လက်ညိုးထိုး၍ အော်ပစ်လိုက်သည်။ “ မင်း စောင့်နေလိုက်။ ” 


“ အမယ်လေး ၊ ကျွန်မ ကြောက်လိုက်တာရှင်။ ” ရှန်းတန်ကတော့ လူတွေအပေါ် အမှားကျူးလွန်မိလား ၊ ဘာလား ဆိုတာ ဂရုမစိုက်ပေ။ ဘာပဲဖြစ်ဖြစ် သူမက မကြာခင်မှာ ဒီလောကထဲကနေ အငြိမ်းစားယူပြီး ပျော်ရွှင်စရာ ဘဝသစ် တစ်ခုကို စတင်တော့မှာ ဖြစ်သည်။ 


ဒါပေမဲ့ ဒါက သူမ လုပ်နိုင်သလောက် အတိုင်းအတာပါပဲ။ အပွင့်လင်းဆုံး ပြောရရင် သူမက အစီအစဉ်တင်ဆက်သူ အမျိုးသားလောက် ပရိသတ်မတောင့်ပေ။ 


အမှိုက်ဆန်လွန်းတယ် ၊ တကယ့်ကို အမှိုက်ကောင်။ 


အစီအစဉ်တင်ဆက်သူ အမျိုးသားသည် နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်‌လာတဲ့အထိ ဒေါသထွက်သွားခဲ့သည်။ နင် ဘယ်စိတ်ကျန်းမာရေးဆေးရုံကနေ လွတ်လာတာလဲ … ။