အခန်း ( ၁၀ ) - သခင်လေးက နောက် သုံး လေးနှစ်ဆို မလုပ်နိုင်တော့တာ…
ထိုညမှာ ရှန်းတန် အိမ်ပြန်မလာခဲ့ပေ။
ပြောရရင် သူငယ်ချင်းကောင်းတွေ ဆိုတာ အတူတူ အိပ်ကြတယ်လေ။
တကယ်တော့ ချီယွဲ့သည့် သူမရဲ့ ဘာသိဘာသာ နေတတ်သော ပုံစံကြောင့် အတွင်းကျကျ ရင်းနှီးတဲ့ သူငယ်ချင်းရယ်လို့ မရှိခဲ့။ အိပ်ရာ တစ်ခုတည်းမှာ သူငယ်ချင်းမိန်းကလေး တစ်ယောက်နှင့် အတူ အိပ်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ ဖြစ်သည်။
သူမ အနည်းငယ် သက်သောင့်သက်သာမရှိသလို ခံစားရပေမဲ့ မငြင်းဆန်ဖြစ်ပါ။ ဒီနယ်ပယ်ထဲမှာ ချီယွဲ့ရဲ့ ဂုဏ်သတင်းကလည်း သိပ်ကောင်းတာ မဟုတ်။
ရှန်းတန်ကတော့ တစ်ယောက်တည်း သက်ပြင်းလေး ခိုးမချမိဘဲ မနေနိုင်ပေ။ တကယ်တော့ အိပ်ရာ တစ်ခု ဆိုတာ လူ နှစ်ယောက် အိပ်ဖို့ နေရာမလောက်ဘူးပဲ။
ဒီစာအုပ်ကမ္ဘာထဲကို ကူးပြောင်းလာချိန်မှ စလို့ ချီယွဲ့က သူမနှင့် ပထမဆုံး ခင်တဲ့ သူငယ်ချင်းကောင်း တစ်ယောက် ဖြစ်သည်။ သူမက အေးစက်ပြီး အပြောအဆို ထောင့်မကျိုးသော်လည်း တကယ်တမ်းတော့ ပွင့်လင်းလွန်းလို့ လူတွေကို စော်ကားမိသလို ဖြစ်နေတာပါ။
အခုလည်းပဲ ရှန်းတန်သည် ချီယွဲ့ရဲ့ နူးညံ့ချောမွတ်သော အသားလေးကို ထိတွေ့ကြည့်ရင်း တအံ့တဩ ပြောလိုက်မိသည်။ “ နင့်အသားအရေက ကောင်းလိုက်တာ။ နင် ဘယ်လို အသားအရေ ထိန်းသိမ်းလဲဟင်။ ”
ချီယွဲ့ : “ ဆေးထိုးထားတာ။ ”
ရှန်းတန် : “ အိုး။ ”
ဘယ်လောက်တောင် ရိုးစင်းပြီး ဟန်ဆောင်မှုကင်းတဲ့ အဖြေလဲ။
ရှန်းတန် ကိုယ့်မျက်နှာကိုယ် ကိုင်ကြည့်မိသည်။ အခု သူမမှာလည်း ပိုက်ဆံရှိလာပြီမို့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်ရပါမည်။ အနာဂတ်မှာ ကွာရှင်းပြီးလျှင် ကောင်လေး ငယ်ငယ်ချောချောလေးတွေကို ရှာပြီး ဘယ် တစ်ယောက် ၊ ညာ တစ်ယောက် ခြံရံနေလို့ ရသည်။ ဟီးဟီး …။
ချီယွဲ့က အနည်းငယ် အံ့ဩသွားသည်။ “ နင် ဘာလို့ ကြက်သီးထချင်စရာကောင်းအောင် ရယ်နေတာလဲ။ ”
“ ငါ့ရဲ့ ပျော်စရာ အနာဂတ်ဘဝလေးကို စိတ်ကူးယဉ်ကြည့်မိလို့ပါ။ နင်ရော ဘယ်လိုလဲ။ နင် လုပ်ချင်တာတွေ မရှိဘူးလား။ ”
ချီယွဲ့ နှုတ်ဆိတ်သွားသည်။
အစကတည်းက အနုပညာလောကထဲကို သူမ ဝင်လာရတဲ့ အကြောင်းပြချက်ဟာ သူမရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ပင်။
သို့သော် မိသားစုရဲ့ အထောက်အပံ့ မရှိတာမို့ နာမည်လေး တစ်ခု ရအောင်တောင် မလုပ်နိုင်ဘဲ ( ၂ ) နှစ်တိတိ ရုန်းကန်နေခဲ့ရသည်။
သူမ ဟိုးထိပ်မှာ ရပ်နိုင်မယ့် တစ်နေ့ ရောက်လာဦးမှာလား ဆိုတာ မသိတော့ပါ။
“ ငါလည်း မသိဘူး။ ”
သူတို့ နှစ်ယောက်သား မျက်နှာချင်းဆိုင် လဲလျောင်းကာ ညနက်တဲ့အထိ စကားဖောင်ဖွဲ့ရင်း အိပ်ပျော်သွားခဲ့ကြသည်။
နောက်တစ်နေ့ မနက်ရောက်တော့ ရှန်းတန်က သူမရဲ့ ဖုန်းကို လှမ်းယူလိုက်သော်လည်း ချောမွတ်သည့် အထိအတွေ့ကိုသာ ခံစားလိုက်ရသည်။ ဘယ်လိုမှ လက်နှင့် ဆုပ်ကိုင်လို့ မရသောကြောင့် မျက်လုံးဖွင့်ကြည့်လိုက်သော ထိတ်လန့်နေသော မျက်နှာဖြင့် ရင်ဘတ်ကို လက်နှင့် အုပ်ထားသော ချီယွဲ့နှင့် မျက်နှာချင်းဆိုင်လိုက်ရလေသည်။
ရှန်းတန် တစ်ယောက် ချက်ချင်းပဲ ခေါင်းနားပန်းတွေ ကြီးသွားသည်။ “ ဆောရီး ဆောရီး။ ငါ တကယ် မသိလို့ ကိုင်မိတာပါ။ ”
ချီယွဲ့က စူပုပ်ပုပ်လေး ပြောလိုက်သည်။ “ နင်က အိပ်ရင် အရမ်း အအိပ်ကြမ်းတာပဲ။ ”
“ အမ်။ အအိပ်ကြမ်းတယ် .. ဟုတ်လား။ ” ရှန်းတန်က အပြစ်ကင်းစင်စွာ ခေါင်းကုတ်လိုက်သည်။
သူမက စအိပ်ပျော်သွားတုန်းက ပုံစံအတိုင်း တစ်လက်မလေးတောင် မရွေ့သေးတဲ့ သူမရဲ့ အနေအထားကို ကြည့်လိုက်သည်။
ချီယွဲ့က နှုတ်ခမ်းဆူလိုက်သည်။ “ ဘယ်ကိုမှ လျှောက်ကြည့်မနေနဲ့။ ညလယ်ခေါင်ကြီး နင် ငါ့ကို တစ်ခါ ဖက်တယ် ၊ တစ်ခါ ကန်တယ်။ ငါ့မှာ နင့်ကြောင့် လန့်,လန့်နိုးရတာ။ နင် အိပ်ရာထဲမှာ ( ၁၈၀ ) ဒီဂရီ လှည့်ပြီး ( ၃၆၀ ) ဒီဂရီ လည်နေတာတောင် မူလအနေအထား ရောက်အောင် ဘယ်လို လုပ်လဲ မသိဘူး။ ”
ရှန်းတန်က အားတုံ့အားနာ ပြုံးပြပြီး စကားလမ်းကြောင်း ပြောင်းလိုက်၏။ “ ဒါနဲ့ နင် ဗိုက်ဆာပြီလား။ ငါ နင့်အတွက် မနက်စာ ပြင်ပေးမယ်လေ။ ”
ရေခဲသေတ္တာကို ဆွဲဖွင့်ကြည့်တော့ ပါဝင်ပစ္စည်းတွေ များများစားစား မရှိသော်လည်း ဆန်းဒ်ဝစ်ခ်ျတွေ လုပ်ဖို့တော့ လုံလောက်သည်။
ရှန်းတန်က အရင်တုန်းက တစ်ယောက်တည်း နေလာတာမို့ သူမရဲ့ အချက်အပြုတ် လက်ရာက စိတ်ကျေနပ်လောက်စရာ အနေအထားမှာ ရှိသည်။
မနက်စာ စားပြီးသွားချိန်မှာ ချီယွဲ့က ကတိပေးထားတဲ့ အလုပ်ဆီ သွားရမည် ဖြစ်၍ ရှန်းတန်ကို အရင် အိမ်ပြန်ပို့ပေးခဲ့သည်။
ဇိမ်ခံဗီလာကြီးကို မြင်တော့ ချီယွဲ့ရဲ့ အမူအရာက အလွန် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ “ နင် မလုပ်ချင်တဲ့ ဟာတွေကို မလုပ်နဲ့နော် ရှန်းတန်။ နင် ပိုက်ဆံပြတ်နေရင် ငါ့ကို ပြောလို့ ရတယ်။ ”
ရှန်းတန်က သူမကို ပြေးဖက်လိုက်၏။
တစ်ဖက်လူရဲ့ ရင်ဘတ်မှာ မို့မောက်နေသည့် လှိုင်းလုံးတွေကို ခံစားမိတော့ အားကျမှုကြောင့် မျက်ရည်တွေ ကျတော့မလို ဖြစ်သွားရသည်။
သူမ မျက်ရည်စတွေကို ပွတ်သုတ်ပြီး ပြောလိုက်၏။ “ စိတ်မပူပါနဲ့။ ဒါ ငါ့ရဲ့ ဘော့စ်အိမ်ပါ။ ဒီမှာ ( ၂ ) နှစ်တိတိ နေဖို့နဲ့ စားဖို့ ငါ စာချုပ် ချုပ်ထားတာ။ ”
သူမ ရှင်းပြတာကို ကြားတော့မှ ချီယွဲ့လည်း စိတ်အေးသွားအေးသည်။ “ အင်းပါ။ နင်လည်း ကိုယ် လုပ်နိုင်တဲ့ အတိုင်းအတာကို သိတယ် ဆိုရင် ငါလည်း အခု ကုမ္ပဏီကို သွားတော့မယ်။ ”
ရှန်းတန်က သူမရဲ့ လက်တွေကို မလွှတ်ချင် လွှတ်ချင်ဖြင့် လွှတ်လိုက်သည်။ ချီယွဲ့ရဲ့ ကားက ခပ်ဝေးဝေးကို ရောက်သွားတော့မှ အိမ်ထဲကို သူမ လှည့်ဝင်လာခဲ့လိုက်သည်။
ဧည့်ခန်းထဲမှာ အစ်မထောင်နှင့် ဘဏ္ဍာစိုး ဦးလေးဟယ်က ကိစ္စ တစ်ခုခုအကြောင်း စကားစမြည် ပြောနေကြသည်။
ရှန်းတန် ဝင်လာတာကို မြင်တော့ အစ်မထောင်က ချက်ချင်း ပြေးလာပြီး သူမကို တွဲကူကာ ဆိုဖာပေါ်မှာ ထိုင်ခိုင်းသည်။
“ သခင်မလေး မနေု့ညတုန်းက ပင်ပန်းထားမှာပဲ။ ဒီမှာ ထိုင်လိုက်နော်။ ကျွန်မ အိုးထဲမှာ အာဟာရဖြည့် စွပ်ပြုတ် ချက်ထားတယ်။ ပြီးရင် သခင်မလေးအတွက် ယူလာခဲ့မယ်။ ”
ရှန်းတန် အနည်းငယ် အူကြောင်ကြောင် ဖြစ်သွားမိသည်။ “ ကျွန်မ မပင်ပန်းပါဘူး။ ”
အစ်မထောင်က နည်းနည်းလေး အံ့ဩသွားသည်။ “ နည်းနည်းလေးမှ မပင်ပန်းဘူးလား။ ”
သခင်လေးက မစွမ်းဆောင်နိုင်တာများလား။
ရှန်းတန် မတ်တပ်ရပ်ကာ လက်မြှောက်၍ ခြေဆောင့်လိုက်သည်။ “ ကျွန်မ အဆင်ပြေပါတယ်။ စိတ်မပူပါနဲ့နော်။ ”
သူမ အပြင်မှာ တစ်ညလေး သွားအိပ်ရုံနှင့် အကုန်လုံးက ဝိုင်းစိုးရိမ်ပေးနေကြ၍ စိတ်ထဲမှာ နင့်နင့်နဲနဲ ခံစားလိုက်ရသည်။ သူမရဲ့ အရင်ဘဝမှာ အမြဲတမ်း တစ်ယောက်တည်း နေခဲ့ရတာ ဖြစ်ကာ မိသားစုဘဝကို ကြုံတွေ့ဖူးတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။
အစ်မထောင်က စွပ်ပြုတ် တစ်ခွက် ယူလာသည်။ ရှန်းတန်က ဘာမှ မမေးဘဲ စွပ်ပြုတ်ကို တစ်ငုံ တန်းသောက်လိုက်သည်။
“ အရသာက ဘာလို့ နည်းနည်းလေး ထူးဆန်းနေတာလဲဟင်။ ဒါ ဘာစွပ်ပြုတ်လဲ အစ်မထောင်။ ”
“ ကျောက်ကပ်ကို အားဖြည့်ပေးတဲ့ စွပ်ပြုတ်။ ”
“ ဖူး ဖလူး။ ” ဒုတိယ တစ်ငုံကို သောက်နေသော ရှန်းတန်သည် ချက်ချင်းပဲ စွပ်ပြုတ်ကို ထွေးထုတ်လိုက်တော့ သူမအရှေ့က ကံမကောင်းတဲ့ ဘဏ္ဍာစိုးဟာ စွပ်ပြုတ်အရည်တွေ စင်သွားခဲ့သည်။
“ တောင်းပန်ပါတယ် ၊ တောင်းပန်ပါတယ် ဦးလေးဟယ်။ ကျေးဇူးပြုပြီး မြန်မြန် သုတ်လိုက်ပါနော်။ ”
အစ်မထောင်က စိတ်ညစ်သွားသည်။ “ သွားပါပြီ ၊ ကျွန်မ တစ်မနက်လုံး ကျိုထားတာတောင်မှ အဲ့တစ်ခွက်ပဲ ရတာ သခင်မလေးရဲ့။ ”
“ ခဏလေး စောင့်နော်။ ကျွန်မ နောက်တစ်ခွက် ထပ်ချက်လိုက်မယ်။ ”
“ ဟင့်အင်း။ ” ရှန်းတန်က အစ်မထောင်ရဲ့ လက်ကို လှမ်းဆွဲလိုက်သည်။ “ လောလောဆယ် ကျွန်မ ဒီစွပ်ပြုတ်ကို သောက်ဖို့ မလိုသေးဘူးရယ် … ”
ပိုပြီး တိတိကျကျ ပြောရလျှင် “ လောလောဆယ် ” မဟုတ်ဘဲ “ ထာဝရ ” ဖြစ်သည်။
“ သခင်မလေး ဘာလို့ အဲ့ဒါကို မလိုရမှာလဲ။ မနေ့ညတုန်းက သခင်လေးနဲ့ သခင်မလေး … ” အစ်မထောင်က မျက်လုံး တစ်ဖက်ကို ဖျတ်ခနဲ မှိတ်ပြပြီး ပြောသည်။
ရှန်းတန်ရဲ့ နှုတ်ခမ်း တစ်ဖက်က ကိုးရိုးကားရားနိုင်စွာ ကော့တက်သွားသည်။ “ ကျွန်မ မနေ့ညတုန်းက သူ့ဆီ သွားတာ မဟုတ်ပါဘူး။ ”
“ ဒါဆို သခင်မလေး ဘယ်သွားတာလဲ။ သခင်လေးကို ညစာ သွားပို့တာ မဟုတ်ဘူးလား။ ”
“ အဲ့ဒါက ဟုတ်ပါတယ်။ ဒါပေမဲ့ သူ ဘယ်အခန်းမှာ နေမှန်း မသိတော့ တစ်ညလုံး ကျွန်မသူငယ်ချင်းရဲ့ အိမ်မှာပဲ နေခဲ့တာ။ ”
အစ်မထောင် : “ … ”
အစ်မထောင်ရဲ့ မျက်နှာအမူအရာက သိသိသာသာ အိုကျသွားသည်။ ရှန်းတန်လည်း နည်းနည်းလေး အပြစ်မကင်းသလို ခံစားလိုက်ရ၏။
နေပါဦး ၊ အပြစ်မကင်းသလို ခံစားစရာ ဘာရှိလို့လဲ။
ရှန်းတန်က အစ်မထောင်ရဲ့ ပခုံးကို နူးညံ့စွာ ပုတ်လိုက်သည်။ “ အဲ့မှာ သူက အလုပ်ကြိုးစားနေတာလေ။ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် ပိုနားလည်မှုရှိသင့်တာပေါ့ အစ်မထောင်ရဲ့။ ”
အစ်မထောင် သက်ပြင်းရှိုက်လိုက်သည်။ “ ကျွန်မက သခင်မလေးကို ကလေး မြန်မြန် ရစေချင်လို့ပါ။ ”
ကလေးယူဖို့ တိုက်တွန်းတာက နောက်ကျပေမဲ့ ရောက်လာခဲ့ပါပြီ။
“ ကျွန်မ ငယ်ပါသေးတယ်။ အဲ့ကိစ္စကို အရမ်းကြီး လောစရာ မလိုပါဘူး။ ”
“ ဒါပေမဲ့ သခင်လေးက ဒီနှစ်ပိုင်းနွေထဲမှာ အသက်အရွယ် ရလာပြီလေ ၊ သူ လေးဆယ်တောင် ပြည့်တော့မယ်။ နောက် သုံး ၊ လေးနှစ်လောက်ဆို သူ မလုပ်နိုင် … ”
“ အဟမ်း အဟမ်း။ ” ဦးလေးဟယ်က ကျယ်လောင်စွာ ချောင်းဟန့်လိုက်သည်။
အစ်မထောင်က ရှက်ရွံ့စွာ ပါးစပ်ပိတ်ထားလိုက်၏။ သူမ ပါးစပ်ကနေ ပေါက်ကရတွေ လွှတ်ခနဲ ပြောမိတော့မလို့။ သူမ အရိုက်ခံရသင့်တယ်။
အဲ့ဒီလို တွေးမိတော့ သူမရဲ့ ပါးစပ်ကို နှစ်ကြိမ် ခပ်ဆတ်ဆတ်လေး ရိုက်ပစ်လိုက်သည်။
ဒီပါးစပ်ကြီးက အရမ်း ကြောက်ဖို့ ကောင်းတယ်။ အခုမှ သုံးဆယ်တောင် မပြည့်သေးတဲ့ ကုဟွိုင်အန်းက ချက်ချင်းလက်ငင်း လေးဆယ်ပြည့်သွားပါရောလား။
ရှန်းတန်သည် ရယ်ချင်စိတ်ကို ထိန်းထားရသည်။ “ သူလည်း ငယ်ပါသေးတယ် ၊ သူ့မှာလည်း သူ့ကိုယ်ပိုင် အစီအစဉ်တွေ ရှိမှာပဲ။ ”
အစ်မထောင်က ထပ်မံ သက်ပြင်းချလိုက်ပြီး ကလေးယူဖို့ စည်းရုံးရေးဆင်းတာကို ရပ်လိုက်တော့သည်။
ဘယ်လောက်ပဲ ရင်းနှီးသင့်မြတ်ပါစေ ၊ လိုက်နာရမယ့် စည်းမျဉ်းတွေကိုတော့ လိုက်နာရပါမည်။
သူမမျက်လုံးထဲက နောင်တတရားတွေက ထင်ရှားလွန်း၍ ရှန်းတန်သည် ချက်ချင်းပဲ အကြည့်လွှဲလိုက်ရ၏။
ဒါပေမဲ့လည်း ကလေးတွေအကြောင်းကို တွေးကြည့်လိုက်တော့ …
ရှန်းတန်က သူ့ဘဝသက်တမ်း နှစ်ခုလုံးမှာ တစ်ယောက်တည်း နေလာခဲ့ရတာပင်။ တကယ်လို့ သူမမှာ ကလေး တစ်ယောက် ရလာရင် သွေးသားတော်စပ်တဲ့ မိသားစုဝင် တစ်ယောက် ထပ်တိုးလာမှာပဲ မဟုတ်လား။
ကုဟွိုင်အန်းရဲ့ ကောင်းမွန်သော မျိုးရိုးဗီဇတွေနှင့်ဆိုလျှင် ဘယ်ကလေးမဆို အလွန် ကြည့်ကောင်းလိမ့်မည်။
သူမစိတ်ထဲ ထိုအတွေး ဝင်ရောက်လာပြီးနောက် ချက်ချင်းပဲ ပျောက်ကွယ်သွားသည်။
တစ်နေ့ကျ သူမရဲ့ မူလကမ္ဘာကို သူမ ပြန်ရောက်သွားရင်ရော … ။