၂အခန်း (၁၁) - ကောင်ချောလေး မင်းရဲ့ ဗိုက်ကြွက်သားကို ထိပါရစေ
ရက်အနည်းငယ်ကြာပြီးနောက် ရှန်းတန်နှင့်အတူ အလုပ်တွဲလုပ်ခဲ့သော အမျိုးသား အစီအစဉ်တင်ဆက်သူမှာ ရှာဖွေမှုအမြင့်ဆုံးသို့ ရောက်ရှိသွားပြန်၏။ အကြောင်းမှာ လူအများအပြားက သူတို့လက်ခံရရှိခဲ့သော သစ်သီးများက ပုတ်နေသည်ဟု တိုင်ကြားလာကြသောကြောင့်ပင်။
သို့သော်လည်း hot search မှာ တစ်ခဏအတွင်းပင် ဖိနှိပ်ခံလိုက်ရပြီး ရှန်းတန်သည်လည်း ထိုသတင်း ပျောက်ကွယ်သွားသည်ကို အကူအညီမဲ့စွာ ထိုင်ကြည့်နေခဲ့ရသည်။
ဒါက အထက်တန်းလွှာတွေရဲ့ အာဏာဆိုတာလား။ လူတွေရဲ့ အထင်အမြင်ကိုတောင် ဖျက်ပစ်နိုင်တယ်။
ရှန်းတန်သည် မနေနိုင်တော့ဘဲ အလေးအနက်တွေးကြည့်နေရင်း သူမ၏စိတ်က ခန္ဓာကိုယ်က ခွဲထွက်သွားသလိုပင် စိတ်လွတ်လက်လွတ်ဖြစ်သွားရသည်။
အစ်မထောင်က သူမကိုကြည့်ကာ အနည်းငယ် စိတ်ပူမိသွား၏။ "သခင်မလေး တစ်ခုခုဖြစ်လို့လားဟင်"
"တစ်ချို့လူတွေက ငွေရဖို့အတွက်ဆို သူတို့ရဲ့ အသိစိတ်ဓာတ်ကိုတောင် လွှင့်ပစ်နိုင်တယ်ဆိုတာ ကျွန်မ အခုပဲ နားလည်သွားတာ" ထိုသို့ပြောပြီးနောက် ရှန်းတန်သည် အစ်မထောင်က သူမအား နှစ်သိမ့်လာမည်ကို စောင့်မနေတော့ဘဲ သူမ၏ စိတ်ခံစားချက်ကို ကိုယ်တိုင် ပြောင်းလဲလိုက်သည်။ "မေ့လိုက်ပါတော့ သူတို့အကြောင်း ဆက်မတွေးတော့ဘူး။ အစ်မထောင် ကျွန်မ ဒီနေ့ ချိန်းထားတာလေးရှိလို့ ညစာအတွက် ပြန်မလာတော့ဘူးနော်။"
"ဟုတ်ကဲ့ပါ"
ရှန်းတန်သည် ချီယွဲ့နှင့် အလှပြင်ဆိုင်သွားရန် ချိန်းဆိုထားခြင်းဖြစ်သည်။ နှစ်ယောက်သား အတူတူ တစ်ခုခုစားပြီးနောက် ရုပ်ရှင်ကြည့်ဖို့ စီစဉ်ထားကာ ထို့နောက်တွင်မှ အလှပြင်ဆိုင်သွားမှာ ဖြစ်သည်။
"ရို့ ဒါ ဘယ်သူလေးပါလိမ့်။ သူမက အပြင်ထွက်လည်ဖို့ စိတ်ရှိသေးတယ်ပေါ့လေ"
ရှန်းတန် လှည့်ကြည့်လိုက်၏။ စကားပြောနေသော မိန်းမသည် နီရဲနေသော နှုတ်ခမ်းနီ၊ လှိုင်းသဖွယ် ကောက်နေသော ဆံပင်နှင့် သူမ၏ခန္ဓာကိုယ် အချိုးအစားကို လှစ်ဟပြသနေသော ဝတ်စုံကို ဝတ်ဆင်ထားကာ အမှန်တကယ်ပင် မျက်စိဖမ်းစားနိုင်လွန်းလှသည်။
သူမက တော်တော်လေးကို လှပေမဲ့ ဦးနှောက်ကတော့ အရမ်းကောင်းပုံမပေါ်ဘူး။
ရှန်းတန်သည် သူမက ဘယ်သူလဲဆိုတာကို သေချာလေး ပြန်စဉ်းစားကြည့်လိုက်သော်လည်း ခေါင်းထဲ ပေါ်မလာခဲ့ပေ။
"ရှင်က ..."
အမျိုးသမီးက ဒေါသထွက်သွား၏။ "နင် ငါ့ကို မမှတ်မိဘူးပေါ့လေ။"
ရှန်းတန်မှာ အလွန်ရှက်သွားမိသည်။ "ရှင် ဘယ်သူလဲ ပြောပြလို့ရမလား။"
အမျိုးသမီးက အသက်ကို ပြင်းပြင်းတစ်ချက်ရှူကာ ရှင်းပြလိုက်သည်။ ငါက အစ်ကိုဝမ် ခေါ်လာတဲ့ လူသစ်ပဲ။ အစ်ကိုဝမ်ကပြောတယ် နင်က သုံးစားမရဘူးတဲ့၊ ဒီလောက်နှစ်တွေကြာနေတာတောင် နင် နာမည်ကြီးမလာသေးဘူး။ အဲ့ဒါမို့ သူက နင့်ကိုလက်လျှော့လိုက်တော့တာ"
ရှန်းတန်သည် သူမအား ခေါင်းအစ ခြေအဆုံး တစ်ချက် ကြည့်လိုက်ပြီး အိုးးး အဲ့ဒီတော့ သူမက ကံဆိုးတော့မဲ့ အသစ်လေးပေါ့လေ။
သူမက သတိပေးရန် ကြိုးပမ်းလိုက်သည်။ "အစ်ကိုဝမ်က လူကောင်း မဟုတ်ဘူး နင် .."
"ဟမ့်..." အမျိုးသမီးက မျက်လုံးကိုသာ လှိမ့်လိုက်ပြီး "အစ်ကိုဝမ်က ငါ့ကိုအကုန်ပြောပြပြီးသား နင် ထပ်ပြီး ဟန်ဆောင်ပြနေဖို့ မလိုတော့ဘူး"
ရှန်းတန် "...."
ကောင်းပြီလေ။ ငါလဲ လူဆိုးမကြီး ဆက်မလုပ်တော့ဘူး။
အမျိုးသမီးက နာရီကို တစ်ချက်ကြည့်ကာ "ငါ့မှာလဲ လုပ်စရာတွေရှိသေးတယ် ဒီမှာ အချိန်ထပ်မဖြုန်းတော့ဘူး"
ထိုသို့ ပြောပြီးနောက် သူမက လှည့်ကာ ထွက်သွားခဲ့သည်။ ရှန်းတန်ကတော့ နေရာတွင်သာ ရပ်နေရင်း ချီယွဲ့နှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
ရှန်းတန် နှုတ်ခမ်းကို တွန့်လိုက်မိသည်။ "ယွဲ့ယွဲ့ သူမ ဘာလုပ်ဖို့လာတယ်လို့ နင်ထင်လဲ။"
ချီယွဲ့ ခေါင်းယမ်းလိုက်ပြီး "ဒီတိုင်းပဲ နင့်ကို မကြိုက်တာနေမှာ"
ထင်တဲ့အတိုင်းပဲ မိုးကောင်းကင်ကြီးက တရားပါတယ်။ သူမကို လှအောင်လုပ်ပေးခဲ့ပေမဲ့ အသိဉာဏ်တော့ ထည့်မပေးလိုက်ဘူး။
ရှန်းတန်သည် သူမမျက်နှာကို ထိကြည့်လိုက်၏။ ကံကောင်းလို့ ငါ့မှာ အလှတရားရော အသိဉာဏ်ပါ ရှိနေတာ ဟားဟားဟား...။
အလှပြင်ဆိုင် သွားပြီးနောက် သူမတို့ အများအပြား ပြုပြင်ခဲ့ကြသည်။ သူတို့ အားလုံးလုပ်ပြီးသောအခါ ကောင်းကင်ကြီးမှာ မှောင်နေပြီဖြစ်သည်။
ရှန်းတန်သည် သူမကိုယ်သူမ မှန်ထဲ စိုက်ကြည့်နေသည်။
"ဘာဖြစ်လို့လဲ။"
"ငါက အရမ်းလှတာပဲဟာ"
ချီယွဲ့ "...."
"သွားကြစို့ ငါ နင့်ကို နေရာကောင်းလေးဆီ ခေါ်သွားမယ်"
မထင်မှတ်ထားစွာပင် နေရာကောင်းလေးဆိုသည်မှာ ဘားတစ်ခု ဖြစ်နေခဲ့သည်။
ချမ်းသာပြီး အာဏာရှိသူများသာ ဒီဘားထဲသို့ ဝင်နိုင်သည်။ ဝင်ချင်ရင် အဖွဲ့ဝင်ဖြစ်မှရမှာ ဖြစ်သည်။
ဒါက ရှန်းတန်အတွက်တော့ နှစ်ဘဝလုံးမှာ ပထမဆုံးအကြိမ် ဘားသို့ ရောက်ဖူးခြင်းပင်။ သူမက ချီယွဲ့နောက်မှ အနီးကပ် လိုက်လာခဲ့သည်။
အထဲမှာ ကောင်မလေးချောချောလေးတွေရော ကောင်လေးချောချောလေးတွေပါ ရှိနေသည်။ ဟမ်... သူမရဲ့ အပေါစား ရည်းစားဟောင်းတောင် ရှိနေသေးတယ်။
ရှန်းတန်သည် မျက်လုံးကို အမြန်လွှဲကာ မျက်နှာကို ကွယ်ထားလိုက်၏။
သူ့လို လူမိုက်တွေနဲ့ ဝေးဝေးနေတာက ပိုကောင်းတယ်ဆိုတာ အတွေ့အကြုံက ပြောပြနေတယ်။
သူမတို့နှစ်ယောက် သီးသန့်ဝိုင်းသို့ ရောက်လာကြ၏။ စားပွဲထိုးလေးက ခပ်တိုးတိုး မေးလိုက်သည်။ “မိန်းမလှလေးနှစ်ယောက် ဘာသောက်ချင်ကြလဲ”
ရှန်းတန် မျက်လုံးများ ပြူးကျယ်သွားရသည်။
【ဘုရားရေ... ဒီက စားပွဲထိုးတွေ အရမ်းမိုက်တာပဲ]
【ဒီလိုပုံစံနဲ့ဆိုရင် သူက တစ်ချို့အင်တာနက်ဆယ်လီတွေထက်တောင် ပိုကြည့်ကောင်းသေးတယ်။ ရုပ်ရည်ကလဲ ပြောစရာမရှိ၊ ပုခုံးကျယ်ကြီးနဲ့ ခါးကျဉ်းကျဉ်း ခြေတံရှည်ရှည်။ အားးး ငါတော့သေပြီ။]
ဘေးကပ်လျက်ရှိ သီးသန့်ဝိုင်းတွင် ရှိနေသော ကုဟွိုင်အန်း မျက်မှောင်ကြုတ်လိုက်မိ၏။ ဒီမိန်းမရဲ့ အသံကို သူဘယ်လိုလုပ် ကြားနေရတာလဲ။
သူ မစမ်းသပ်ကြည့်ဖူးပေမယ့် သေချာတာတစ်ခုတော့ ရှိနိုင်တယ်။ - ရှန်းတန် ဒီနားမှာပဲ ဖြစ်ရမယ်။
【ဒီမှာ ယောက်ျားလေးမော်ဒယ်တွေများ ရှိလားလို့ သိချင်လိုက်တာ ဟီးဟီး......】
ထိုနှာဘူးအတွေးကို ကြားလိုက်ပြီးနောက် ကုဟွိုင်အန်း ထိုင်မနေနိုင်တော့ပေ။
သူ မတ်တပ်ထရပ်ကာ လှည့်ပတ်ကြည့်လိုက်သည်။
အနီးတွင် ခြေထောက် ထပ်ပြီး ထိုင်နေသော ဖုရှဲ့စစ်က မော့ကြည့်ကာ ပျင်းပျင်းရိရိဖြင့် မေးလိုက်၏။ " ဘာဖြစ်လို့လဲ။ "
"တစ်ယောက်ယောက်ကို ရှာနေတာလား"
ကုဟွိုင်အန်းသည် ရှန်းတန်ကို မြန်မြန်ပဲ ရှာတွေ့လိုက်သည်။ သူ၏ ရှည်လျားသော ခြေတံရှည်များဖြင့် သူမနားသို့ အလျင်အမြန်ရောက်လာသည်။
ထိုအချိန်တွင် ရှန်းတန်ကတော့ အရက်ကြောင့် မူးနေပြီဖြစ်သည်။
"ယွဲ့ယွဲ့ နင်က ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းပါ။ ငါလေ ယောက်ျားလေးရဲ့ ဗိုက်ကြွက်သားတွေ တစ်ခါမှ မထိဖူးဘူးဟာ။ ငါ မသေခင် နည်းနည်းလေးတော့ ထိသွားနိုင်ရမယ် ..."
ချီယွဲ့သည် ရှန်းတန်အား တွန်းထုတ်လိုက်ပြီး "မဖြစ်နိုင်တာတွေ မလုပ်ချင်စမ်းပါနဲ့"
ရှန်းတန် : "......"
"ဝါးးး ငါဂရုမစိုက်ဘူး၊ ငါ ဗိုက်ကြွက်သားတွေကို ထိချင်တယ်၊ ငါ ထိကိုထိနိုင်ရမယ်။"
ချီယွဲ့ ငိုချင်သွားမိ၏။ ရှန်းတန်၏ အရက်သောက်နိုင်စွမ်း ဒီလောက်နိမ့်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ တစ်ခွက်ပဲသောက်ပြီး အမူးသမားလို မဟုတ်တာတွေ လျှောက်ပြောနေတော့သည်။
ထိုအချိန်တွင် လူတစ်ယောက် လမ်းလျှောက်လာသည်။ ချီယွဲ့မှာ ထိုလူက ဘယ်သူဖြစ်ကြောင်း သေချာမြင်လိုက်ရသောအခါ တုန်လှုပ်သွားရသည်။ ကုဟွိုင်အန်းက ဒီကို ဘာလို့လာတာလဲ။
ကုဟွိုင်အန်းက ဒီမှာရှိနေတာဆိုတော့ သူကရော ဘယ်မှာလဲ။
ချီယွဲ့၏ နှလုံးသားလေးက အထိန်းအကွပ်မဲ့စွာ အခုန်မြန်လာရသည်။ ထို့ကြောင့်လည်း သူမ ရှန်းတန်ကို အနည်းငယ် လျစ်လျူရှုသလို ဖြစ်မိသွား၏။
ရှန်းတန်သည် မူးမူးဖြင့် မှိန်းနေရင်း အလွန်ချောမောသော ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမ ခေါင်းထဲတွင် ဝမ်းဗိုက်ကြွက်သားများ အကြောင်း တွေးနေသည်ဖြစ်ရာ သူမ ချက်ချင်း ထခုန်လိုက်ပြီး သွားထိလိုက်မိသည်။
"အချောလေး မင်းရဲ့ ဗိုက်ကြွက်သားလေးကို ထိပါရစေ"
ကုဟွိုင်အန်း၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားပြီး ရှန်းတန်ကို ဆွဲခေါ်သွားခဲ့၏။
ချီယွဲ့ အလွန်ထိတ်လန့်သွားပြီး ချက်ချင်းပင် သတိလစ်ချင်သွားရသည်။ သူမတို့ အသိုင်းအဝိုင်းထဲမှာ ကုဟွိုင်အန်းအကြောင်း မသိတဲ့လူ ဘယ်သူရှိလို့လဲ။ သူ့ကို စော်ကားမိရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး။
"ဥက္ကဌကု တောင်းပန်ပါတယ် ကျွန်မသူငယ်ချင်းက မူးနေလို့ပါ..."
"ငါ အဲ့လောက် မမူးသေးပါဘူး..." ရှန်းတန်ကတော့ ကုဟွိုင်အန်းကို အတင်းတွယ်ကပ်ဖို့ ကြိုးစားနေဆဲပင်။
"ရှန်းတန်"
"ဥက္ကဌကုက ကျွန်မသူငယ်ချင်းကို သိတာလား။"
"ဟားဟား" အနီးနားတွင် ရင်းနှီးသော အသံလေးတစ်ခု ထွက်ပေါ်လာ၏။ ချီယွဲ့ ကြည့်လိုက်သောအခါ တကယ် သူပင်။
ဖုရှဲ့စစ်အနေဖြင့် ကုဟွိုင်အန်းနှင့် သူ့ကိုတွယ်ကပ်နေသော ထိုအမျိုးသမီးတို့ ဘယ်လိုဆက်ဆံရေးရှိလဲ သေချာမသိသော်လဲ တစ်ချက်ကြည့်ရုံနှင့်ပင် မရိုးရှင်းသော ဆက်ဆံရေးရှိနေသည်ကို သိနိုင်ပေသည်။
ပုံမှန်ဆို အဲ့ကောင်က သူ့နားကို ဘယ်မိန်းမမှ ကပ်ခွင့်ပေးတာ မဟုတ်ဘူးလေ။
ဖုရှဲ့စစ်သည် သူ၏ မက်မွန်ပွင့်မျက်လုံးများကို မျက်တောင်ခတ်လိုက်ပြီး ချီယွဲ့အား ပြောလိုက်သည်။ "သူတို့ အချင်းချင်း သိကြပါတယ်၊ မနှောင့်ယှက်ကြနဲ့စို့"
ချီယွဲ့ အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း ဒါက ဖုရှဲ့စစ်က သူမကို ပထမဆုံးအကြိမ် တိုက်ရိုက်စကားပြောလာခြင်းဖြစ်သည်။ သူမ၏ ပါးပြင်များ ချက်ချင်းပင် နီရဲလာ၏။
ကုဟွိုင်အန်း၏ပုံစံကို တွေးကြည့်ပြီးနောက် ချီယွဲ့သည် သူက ရှန်းတန်ကို ဘာမှလုပ်မှာမဟုတ်ဘူးလို့ ခံစားလိုက်ရသောကြောင့် ဖုရှဲ့စစ်နောက်မှ လိမ်လိမ်မာမာလေးပဲလိုက်သွားကာ သီးသန့်ဝိုင်းသို့ ပြန်သွားလိုက်သည်။
သူမတို့နှစ်ယောက် ဒီလို နီးနီးကပ်ကပ် တွေ့နိုင်နေပြီပဲ။
ချီယွဲ့သည် ဖုရှဲ့စစ်နှင့် စကားစမြည်မပြောခင် စားပွဲထိုးလေးအား အရက်မူးပြေသည့် ဟင်းရည်သွားပို့ပေးရန် ပြောလိုက်သည်။
ကုဟွိုင်အန်း၏ မျက်နှာကတော့ ကျောက်မီးသွေးထက်ပင် မဲနက်နေပြီဖြစ်သည်။
"ရှန်းတန်"
"ငါဘယ်သူလဲ ကြည့်စမ်း"
ရှန်းတန်သည် မျက်လုံးများကို ကျယ်ကျယ်ဖွင့်လိုက်၏။ နောက်ဆုံး သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ အရက်မူးပင် ပြေသွားရသည်။
"သကြားဖေဖေ"
ကုဟွိုင်အန်းက အေးစက်စက် တစ်ချက်ရယ်လိုက်ပြီး "အမူးပြေပြီလား။ အမူးပြေရင် လွှတ်လိုက်တော့"
ရှန်းတန် ကြို့ထိုးလိုက်၏။ ထိုအချိန်မှပင် သူမသည် ကုဟွိုင်အန်း၏ ခါးကို ပွေ့ဖက်ထားကြောင်း အမှတ်ရလိုက်မိသည်။
သူမရဲ့ သန်းနှစ်ရာလေး ဆုံးရှုံးသွားနိုင်သည်ဟု အတွေးဝင်လာပြီး သူမ ချက်ချင်းပင် သုံးမီတာလောက် အဝေးသို့ဆုတ်သွားခဲ့သည်။
"ကျွန်မ ရှင်းပြတာကို နားထောင်ပါဦး။"
ကုဟွိုင်အန်းက နက်ကတိုင်ကို လျော့လိုက်သည်။ အခုလေးတင်ပဲ သူ အသက်ရှူကြပ်ပြီး သေတော့မလို့။
"သုံးမိနစ်ပဲ အချိန်ရမယ်"
ရှန်းတန် အကြည့်လွှဲလိုက်ကာ " ဒါ ဒီကို ကျွန်မ ပထမဆုံးလာဖူးတာလို့ပြောရင် ယုံမလားဟင်။"
【သေတော့မှာပဲ ပထမဆုံးလာတဲ့အကြိမ်မှာတင် အမိခံလိုက်ရတာ။ ငါ ဘယ်တော့မှ ထပ်မလာတော့ဘူး။]
[အူးဝူးးး... အခုလေးတင် ဗိုက်ကြွက်သားတွေ ထိနိုင်ခဲ့ပေမဲ့ ဘယ်လိုခံစားရလဲဆိုတာလေးတောင် မေ့သွားပြီ။ နောက်တစ်ခေါက်လောက် ပြန်ထိနိုင်မယ်ဆိုရင် ...]
ရှန်းတန်၏ နောင်တရနေသော အတွေးကိုကြားလိုက်သည်နှင့် ကုဟွိုင်အန်းမှာ ဒေါသကြောင့် ရယ်မိလုနီးပါးပင်။ ဒီလိုအချိန်မှာတောင် ဝမ်းဗိုက်ကြွက်သားအကြောင်း တွေးနေနိုင်တုန်းပဲပေါ့လေ။
သိပ်မကြာခင်ပင် အရက်မူးပြေဟင်းချို ရောက်ရှိလာခဲ့သည်။ ရှန်းတန် သောက်ပြီးနောက် လုံးဝ အမူးပြေသွားခဲ့၏။
ဘုရားရေ စောစောက ငါဘာလုပ်ခဲ့တာလဲ။
ရှန်းတန်သည် ရှက်ကိုးရှက်ကန်းဖြင့် ခြေဖဝါးလေးကိူကွေးလိုက်သည်။
"အမ်း တောင်းပန်ပါတယ်။ ကျွန်မရဲ့ အရက်သောက်နိုင်စွမ်းက ဒီလောက်ကြီး ဆိုးဝါးနေမယ်လို့ မထင်ခဲ့မိဘူး"
[ဟမ့်... အရင်ဘဝကဆို ခွက်ထောင်ပေါင်းများစွာကို တစ်ထိုင်ထဲ မမူးဘဲ သောက်နိုင်ခဲ့တယ်လို့ပြောရင် ဘယ်သူမှယုံနိုင်မယ်မထင်ဘူး]
ကုဟွိုင်အန်း သူမကို တစ်ချက်ကြည့်ကာ မျက်လွှာချလိုက်၏။
အရင်ဘဝလား။ သူမလည်း ပြန်လည်ဝင်စားတာပဲလား။
မဟုတ်သေးဘူး။ အရင်တစ်ခေါက်က စာအုပ်ထဲမှာ ရေးထားတဲ့အကြောင်းလို့ ပြောခဲ့တာ။
အွန်လိုင်းဝတ္ထုများ တစ်ခါမှ မဖတ်ဖူးသော ကုဟွိုင်အန်းမှာ "စာအုပ်ထဲသို့ ကူးပြောင်းလာခြင်း" ဆိုသော စကားလုံးကို မသိခဲ့ပေ။