အခန်း ( ၁၆ ) - ရယ်မောနေတတ်တာက ကျွန်မ ပုံစံမဟုတ်ဘူး
စားသောက်ပြီးသည့်နောက်တွင် အမျိုးသားဧည့်သည်တွေက အိုးခွက်ဆေးရန် တာဝန်ယူလိုက်သည်။
ထိုအချင်းအရာကို ရှန်းတန်က အလွန်ကျေနပ်သွားခဲ့သည်။ သူမက အိုးခွက်ဆေးရမှာကို အမုန်းဆုံးဖြစ်သည်။
အချိန်အများကြီး ပိုနေသေးတာကြောင့် ကျောက်ကျဲ့က အကြံပြုလိုက်သည်။ “Truth or dare ကစားကြမလား။”
ရှန်းတန်က တိတ်တဆိတ် မျက်စံလည်လိုက်လေသည်။ ရသစုံရှိုးတွေက ဘာလို့ ဒီလိုဂိမ်းပဲ ကစားနေကြတာလဲ။
စာရေးဆရာတွေက ထိုဇာတ်လမ်းမျိုးကို ရေးရတာ ငြီးငွေ့ မငြီးငွေ့ကို ရှန်းတန် မသိသော်လည်း သူမကတော့ ကြည့်ရတာ ငြီးငွေ့နေပြီဖြစ်သည်။
သို့သော်လည်း တစ်စုံတစ်ခု လုပ်ပြနေခြင်း မရှိပါက ကြည့်ရှုသူတွေ ပျင်းလိမ့်မည်။
ထို့အပြင် သူမလည်း ထိုထက်ကောင်းသည့်အကြံကို မတွေးနိုင်ခဲ့ပေ။
“အကြံကောင်းပဲ။” ဟော်ရင်ရင်က ပထမဆုံး အားတက်သရော သဘောတူခဲ့သည်။
သူတို့ ခြောက်ယောက်က စက်ဝိုင်းပုံစံ ဝိုင်းထိုင်လိုက်ကြသည်။ ကျောက်ကျဲ့က ရေဘူးအလွတ်ထဲ ပင်လယ်ရေထည့်ပြီး လူစုအလည်တွင် ထားလိုက်သည်။
“လူတိုင်းစည်းမျဉ်းကိုတော့ သိမယ်ထင်ပါတယ်၊ ကျွန်တော် စလုပ်လိုက်မယ်၊ ရေဘူးညွှန်ပြတဲ့လူက truth ဒါမှမဟုတ် dare ဖြေရမယ်။”
“မစိုးရိမ်ပါနဲ့၊ ငါတို့အားလုံး စည်းမျဉ်းသိပါတယ်။”
“အာ... အမ်။”
“စရအောင်။”
ကျောက်ကျဲ့က ရေဘူးကို မလှည့်ခင် ရှန်းတန်ကို တစ်ချက်ကြည့်လိုက်သည်။
ရေဘူးက သူမကို ညွှန်ပြနေတော့ ရှန်းတန်က ရင်တစ်ချက် ခုန်သွားခဲ့သည်။ သူမက မျက်ခွံကို ဖိလိုက်လေသည်။
“အစ်မတန် truthလား dareလား။”
မီးရောင်မှိန်မှိန်အောက်တွင် ကျောက်ကျဲ့၏ မျက်နှာက အငြိုးတချို့ကို သူမ မြင်နေရသည်။
“Truth” သူမက ဖြေလိုက်သည်။
ကျောက်ကျဲ့က ရင်ထဲက တိတ်တခိုး တောင်းပန်လိုက်လေသည်။ ထုတ်လုပ်သူက ထိုမေးခွန်း မေးခိုင်းခဲ့ခြင်း ဖြစ်သည်။
“အစ်မတန်ရဲ့ relationshipနဲ့ ပတ်သက်တဲ့ ကောလဟာလတွေကို အွန်လိုင်းမှာ အများကြီးတွေ့ခဲ့တယ်၊ ဘယ်ဟာက အမှန်လဲ၊ အမှားလဲဆိုတာ သိချင်ပါတယ်။”
ကျန်သည့်လူတွေက ရင်တုန်သွားခဲ့သည်။ မေးခွန်းက ဘာလို့ ဒီလောက်တောင် ပြင်းထန်ရတာလဲ။
စန်းပွင့်ဖို့အတွက် ရှန်းတန်က စွန့်စားနေကြောင်း လူတိုင်းသိသည်။
မေးခွန်းမေးခံရသည့်လူက အသံတိတ်နေကာ အမူအရာကင်းမဲ့နေသည်။ “အကုန်လုံး အတုအယောင်တွေပါ။” သူမက ပွင့်လင်းစွာ ပြောခဲ့သည်။
ကျောက်ကျဲ့၏ မျက်လုံးက အတင်းပြောချင်ဟန် ခပ်ရေးရေးပေါ်လာခဲ့သည်။ “အို ဒါဆို အစ်မတန်က တကယ်ကြီး ဘယ်သူနဲ့မှ ချိန်းမတွေ့ဖူးဘူးလား။”
ရှန်းတန်က မျက်စံလည်လိုက်လေသည်။ “ဒါက နောက်တစ်ခေါက်မှ မေးရမယ့်မေးခွန်းထင်တယ်။”
[ဟားဟား နောက်ဆုံးတော့ အလှပန်းအိုးလေးက ဝန်ခံလိုက်ပြီ။]
[ကမ္ဘာကြီးပေါ်မှာ နောက်ထပ်အရည်အချင်းမရှိတဲ့လူ ထပ်မရှိပါစေနဲ့ အာမင်။]
[ရှန်းတန် တစ်ခါမှ ချိန်းမတွေ့ဖူးဘူးဆိုတာ မဖြစ်နိုင်ဘူး၊ ဟာသပဲ။]
တိုက်ရိုက်ထုတ်လွင့်မှုက တည်းဖြတ်ပြုပြင်လို့မရတာကြောင့် နောက်ထပ် မေးသည့် မေးခွန်းတွေက ရိုးရိုးရှင်းရှင်းတွေသာဖြစ်သည်။ လူတိုင်းက ပိုထိန်းချုပ်ထားကြသည်။
ရှန်းတန် ရေဘူးလှည့်ရမည့်အချိန်ရောက်သည့်အခါ သူမက ကျောက်ကျဲ့ ဖြေရအောင် ပြုလုပ်ခဲ့သည်။
သူမက သွားကြားထဲကလေသံဖြင့် ရယ်ခဲ့သည်။ “အဟင်း။”
ကျောက်ကျဲ့က ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။
“ဘယ်တစ်ခုရွေးမှာလဲ။”
“Truth”
“ပထမဆုံး အနမ်းက ဘယ်တုန်းကဖြစ်ခဲ့တာလဲ။”
အွန်လိုင်းပရိတ်သတ်တွေက ချက်ချင်း စိတ်ဝင်စားမှု မြင့်တက်သွားခဲ့သည်။
[အခုတော့ လူကြီးတွေဆွေးနွေးရတဲ့ခေါင်းစဉ်ဆိုတော့ ကြည့်ရတာ တန်သွားပြီဟေ့။]
[အစ်မတန်ကို အတုယူရမှာ၊ အစောပိုင်းက မေးခွန်းတွေက အကြိုက်ဆုံးအစားအစာက ဘာလဲ ညာလဲနဲ့ စိတ်ဝင်စားဖို့မကောင်းဘူး။]
[ကြိုက်တာကို လွတ်လွတ်လပ်လပ် မေးလို့ ရတယ်၊ ဘယ်တုန်းက ပထမဆုံး အတူတူနေဖူးတာလဲတို့ ဘာတို့…။]
[ဟေ့ရောင်ရေ ငါလည်း သိချင်ပေမယ့် ဒါတော့ သိပ်လွန်တာပေါ့၊ ထုတ်လွှင့်မှု အပိတ်ခံရလိမ့်မယ်။]
ကျောက်ကျဲ့က မသဲမကွဲ ပြန်ဖြေခဲ့သည်။
ရှန်းတန်က ပြောလိုက်သည်။ “မကြားလိုက်လို့ ထပ်ပြောပေးလို့ရမလား။”
ကျောက်ကျဲ့က မျက်လုံးမှိတ်ကာ အော်ပြောလိုက်သည်။ “ဘယ်သူ့ကိုမှ မနမ်းဖူးဘူး။”
“ခွီး...။”
လူတစ်ယောက်က မရယ်ဖို့ မထိန်းချုပ်နိုင်ဖြစ်ကာ အသံထွက်သွားပြီးနောက် ခိုးခိုးခစ်ခစ်ရယ်သံတွေ ဆူညံသွားခဲ့လေသည်။
ဟဲယွမ်က ကျောက်ကျဲ့ရဲ့ ပခုံးကို ဖက်လိုက်သည်။ “ဘရို တကယ်ကြီး ဘယ်သူ့ကိုမှ မနမ်းဖူးဘူးလား။”
“မနမ်းဖူးဘူး။” ကျောက်ကျဲ့က သက်ပြင်းချလိုက်သည်။ “ကျွန်တော့် မိသားစုက သိပ်စည်းကမ်းကြီးတာ၊ နမ်းဖို့မပြောနဲ့ မိန်းကလေးတွေနဲ့တောင် မနီးကပ်ဖူးဘူး။”
ထို့နောက်တွင် ရှန်းတန် ရယ်မနေသည်ကို လူတစ်ယောက်က သတိထားမိခဲ့သည်။ “အစ်မတန်က ဘာလို့ မရယ်တာလဲ။”
ရှန်းတန်က ဖြေလိုက်သည်။ “အများကြီးရယ်တာက ကျွန်မ ပုံစံမဟုတ်ဘူး။”
ဟော်ရင်ရင်က အနားကပ်ကာ တီးတိုးမေးလိုက်လေသည်။ “ဧကန္တ အစ်မတန်လည်း တစ်ခါမှ မနမ်းဖူးတာများလား။”
သူမက တီးတိုးမေးလိုက်သော်လည်း မိုက်ခရိုဖုန်း တပ်ထားသဖြင့် အသံကို ရှင်းလင်းစွာ ဖမ်းထားခဲ့လေသည်။
ရှန်းတန်။ “.....”
“ဟင့်အင်း ယောက်ျားတွေကို ဘာလို့ နမ်းရမှာလဲ၊ ပိုက်ဆံမြန်မြန် ရှာနိုင်ဖို့ပဲ စိတ်ဝင်စားတယ်။”
ဟော်ရင်ရင်က နားလည်စွာ ခေါင်းငြိမ့်လိုက်သည်။ “အိုး... ဒါဆို တစ်ခါမှ မနမ်းဖူးဘူးပေါ့။”
ရှန်းတန်။ “...”
အမိရေ နင်ဘာလို့ ထုတ်ပြောနေတာလဲ။
[ငါ မယုံဘူး။]
[ဒါဆို အလှပန်းအိုးလေးက ဒီလောက်တောင် ဖြူစင်တယ်လား။]
[ဟားဟား သူက ဖြူစင်ယောင်ဆောင်နေတာ၊ အရူးလုပ်မခံနဲ့။]
ဧည့်သည်များရဲ့ ဖုန်းတွေက သိမ်းဆည်းခံထားရသဖြင့် အွန်လိုင်းပေါ်က တက်ကြွသည့် ဆွေးနွေးမှုများကို သူတို့ သတိမမူမိခဲ့ပေ။
ထိုမေးခွန်းက ရေကာတာကို ဖွင့်ချလိုက်သည့်ပုံနှင့်တူနေသည်။ နောက်ဆုံးတွင် လူတိုင်း တစ်ယောက် တစ်လှည့် ကျခဲ့သည်။
အကုန်လုံးက အပျိုလူပျိုစစ်တွေမို့ အချင်းချင်း မလှောင်ရယ်ကြရအောင်။
ဟန်ဆောင်နေသည်လား အမှန်တကယ်လားဆိုတာကိုတော့ ကျန်သည့်လူတွေက မြင်သည်။
သူတို့က ညဉ့်နက်သည်အထိ ကစားပြီးမှ ပင်ပန်းကာ အနားယူခဲ့ကြသည်။
မိန်းကလေးနှစ်ယောက်က တစ်အိတ်တည်းသော အိပ်ရာခင်းအိတ်ကို ဝေမျှသုံးစွဲခဲ့ပြီး ယောက်ျားလေးတွေက တခြားဘက်မှာ အိပ်ခဲ့သည်။
ရှန်းတန်က မြွေအကြီးကြီး သူမကို ပတ်ထားသဖြင့် လှုပ်မရဖြစ်နေသည်ဟု အိပ်မက်မက်ခဲ့သည်။
သူမ မျက်လုံးဖွင့်လိုက်တော့ ဟော်ရင်ရင်က သူမကို ခြေထောက်နှစ်ဖက်ကော လက်နှစ်ဖက်နှင့်ပါ အတင်းဖက်ထားသည်ကို တွေ့လိုက်လေသည်။
သူမက ဟော်ရင်ရင်ကို လှုပ်နှိုးလိုက်သည်။ “ရင်ရင် ထဦး။”
ထုအခါမှ ဟော်ရင်ရင်က မျက်လုံးပွင့်လာခဲ့သည်။ သူမ အသိစိတ်ကပ်သွားသည့်အချိန်တွင် မျက်နှာများ နီရဲသွားပြီးနောက် အလျင်အမြန် ပြန်လွှတ်ပေးလိုက်လေသည်။
“တောင်းပန်ပါတယ်။ ကျွန်မ အိပ်ရေးကြမ်းသွားတယ်။”
“သတိထားမိပါတယ်။” ရှန်းတန်က ပြောလိုက်သည်။
မနက်ခင်းလေပြေလေးက လတ်ဆတ်နေသည်။ ကျန်သည့်လူတိုင်းအိပ်ပျော်နေချိန်တွင် ရှန်းတန်က ကမ်းခြေတွင် ခြေဗလာဖြင့်ရပ်ကာ အေးဆေးစွာ အကြောလျှော့နေသည်။
နေရောင်ခြည်က တိမ်ထဲကထိုးထွက်ကာ ပင်လယ်ရေမျက်နှာပြင်ထံ ဖြာကျနေပြီး ရှန်းတန်၏အရိပ်ကို တောက်ပနေစေသည်။
ပင်လယ်လေပြည်က ရှန်းတန်၏ ပိုးသားကဲ့သို့နူးညံ့သည့် ဆံခြည်တွေကို ဖြတ်တိုက်သွားကာ ကြည့်ရှုသူတွေကို ရင်ခုန်သွားစေခဲ့သည်။
မနက်အစောထကာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသည့်လူတွေက ထိုမြင်ကွင်းကို မြင်သွားခဲ့သည်။
[ဒီအလှပန်းအိုးက ချောမောတဲ့ရုပ်ရည်ရှိတာကိုတော့ ဝန်ခံရမယ်။]
[အမှန်ပဲ။]
“ကောင်းသော နံနက်ခင်းပါ။” လူတိုင်း အိပ်ရာထလာသည့်အခါ ကြုံရသည့်အကြီးဆုံးပြဿနာက သန့်စင်ဆေးကြောဖို့ဖြစ်သည်။
“ကြည့်ရတာ ထောက်ပံ့ပစ္စည်း တစ်အိတ် သွားရှာရမယ်ထင်တယ်၊ အနည်းဆုံးတော့ ငါတို့ သွားတိုက်၊ မျက်နှာသစ်ရမယ်လေ။”
“နှစ်ဖွဲ့ခွဲရအောင်။”
မိန်းကလေးနှစ်ယောက်နှင့် ယောက်ျားလေး လေးယောက်က အဖွဲ့နှစ်ဖွဲ့ခွဲရန် အဆင်ပြေသည်။
ရှန်းတန်က အမျိုးသားဧည့်သည်တွေကိုကြည့်ကာ ပြောလိုက်သည်။ “သုံးဖွဲ့ခွဲရအောင်၊ ကျွန်မနဲ့ ရင်ရင်နဲ့ တစ်ဖွဲ့၊ ရှင်တို့လေးယောက်က နှစ်ယောက်ဆီ ထပ်တွဲလိုက်။”
သူမက ပြန်ဖြေသံကို မစောင့်ဘဲ ဟော်ရင်ရင်နှင့် ထွက်သွားခဲ့သည်။
အဖွဲ့နှစ်ဖွဲ့ခွဲရန် ပြောခဲ့သည့် ကျိုးဟောက်က မသက်မသာပြုံးလိုက်လေသည်။ တခြားလူတွေကို လှည့်ကြည့်လိုက်တော့ အောင်းကျစ်ဖျင်နှင့် ဟဲယွမ်က ထွက်သွားနှင့်ပြီဖြစ်ကာ ကျောက်ကျဲ့တစ်ယောက်သာ ကျန်ခဲ့သည်ကို တွေ့လိုက်ရလေသည်။
ကျိုးဟောက်။ “....”
ကျိုးဟောက်က သက်ပြင်းချလိုက်သည်။ “လာ၊ ထောက်ပံ့ပစ္စည်းအိတ် သွားရှာရအောင်။”
လမ်းတစ်လျှောက်တွင် ကျိုးဟောက်က အလွန်အမင်း မသက်မသာခံစားနေရသည်။
သူက ဒေါသတကြီး သက်ပြင်းချလိုက်သည်။ “မနေ့က အစ်မတန်ကို ငါအပြစ်လုပ်မိထားသေးလား၊ သူ့ကြည့်ရတာ ငါ့ကိုစိတ်တိုနေသလိုပဲ။”
ကျောက်ကျဲ့က တွေးလိုက်သည်။ “မဖြစ်နိုင်ဘူး၊ သူက သူ့ကို အပြစ်လုပ်ထားရင် ပြန်ခက်ခဲအောင် လုပ်မယ့်ပုံစံမျိုးပဲ။”
မနေ့ညက အဖြစ်အပျက်များက သူ့အတွေးထဲ လတ်ဆတ်နေဆဲဖြစ်သည်။ တွေးလိုက်သည်နှင့်ကို ကျောက်ကျဲ့က တုန်လှုပ်သွားခဲ့သည်။
ရှန်းတန်၏ အချစ်ရေးသတင်းတွင် ပါဝင်ပတ်သက်ပါက သူ အောင်မြင်ကျော်ကြားနိုင်သည်ဟု သူ့အေးဂျင့်ပြောသည့်စကားကို ယုံခဲ့မိသည်ကို သူနောင်တရမိသည်။
ထိုအရာကို သူ ယုံခဲ့သည်။
သို့သော် ရှန်းတန် မည်မျှ လျှာစောင်းထက်ကြောင်းကိုတော့ သူ့အေးဂျင့်က ပြောပြဖို့မေ့သွားခဲ့သည်။
မနေ့ညက သူတစ်ခါမှ မနမ်းဖူးကြောင်းကို ဝန်ခံလိုက်ရသည့်အဖြစ်ကို ပြန်တွေးမိတော့ သူကြောက်ရွံ့သွားခဲ့သည်။
သူ့ဂုဏ်သတင်းတွေ လုံးဝပျက်စီးသွားပြီဖြစ်သည်။
ထိုအမျိုးသမီးက တကယ်ကို အငြိုးကြီးသည်။