Ch 15
Viewers 7k

အခန်း ( ၁၅ ) - ခေါက်ဆွဲပြုတ်ရတာက ခက်ခဲလို့လား


ဧည့်သည်တွေက စိတ်လှုပ်ရှားနေကာ သူတို့တွေ ကြွားလုံးထုတ်ဖို့ အချိန်ရောက်ပြီဟု တွေးလိုက်လေသည်။


လူခြောက်ယောက်ကို သုံးဖွဲ့ခွဲလိုက်လေသည်။ ဟဲယွမ်နှင့် ကျောက်ကျဲ့ ယာယီတဲဆောက်ရန်တာဝန်ယူခဲ့ပြီး ဟော်ရင်ရင်နှင့် အောင်းကျစ်ဖျင်က ထောက်ပံ့ပစ္စည်းအိတ်များကို သွားရှာခဲ့ပြီး ရှန်းတန်နှင့် ကျိုးဟောက်က မီးဖိုဖိုခဲ့သည်။


မီးဖိုဖိုခြင်းက အလွန်ရိုးရှင်းကာ ကျိုးဟောက်သာ ဘေးမှ နားပူနာဆာ မလုပ်ပါက ပိုအဆင်ပြေမည်ဖြစ်သည်။


သူက အမိန့်ပေးခိုင်းစေရုံမှလွဲ၍ တခြားလုပ်တတ်သည် မရှိပေ။


မီးဖိုဖိုပြီးသွားသော်လည်း ခေါင်မိုးတစ်ဝက်က အနည်းငယ်သာ ပြင်ဆင်ရသေးသည်။


ကျိုးဟောက်က လမ်းလျှောက်လာရင်း ခေါင်းခါကာ သက်ပြင်းချလိုက်သည်။ “ဘာလို့မပြီးသေးတာလဲ၊ မလာခင်တုန်းက လေ့လာခဲ့တာ မရှိဘူးလား၊ မသိရင်လည်း ဘာလို့အစောကြီး မပြောတာလဲ။”


ကျောက်ကျဲ့က မသက်မသာပြုံးပြလိုက်လေသည်။ “အင်း၊ လက်က လိုက်မလုပ်နိုင်တာ။”


“မျက်လုံးနဲ့ကြည့်ရင်လွယ်သလိုဆိုပေမယ့် လက်က မလုပ်နိုင်ဘူး။” ဟဲယွမ်ကလည်း သက်ပြင်းချလိုက်သည်။


ရှန်းတန်က လက်ခုပ်တီးပြီး လျှောက်လာကာ ပြောလိုက်သည်။ “ကျွန်မ လုပ်ကြည့်မယ်။”


ခေါင်မိုးပြင်ဆင်ခြင်းက ကျွမ်းကျင်မှု တချို့ လိုအပ်ကာ သူမ အတိတ်ဘဝတုန်းက အတွေ့အကြုံရှိခဲ့သည်။ 


ထိုနှစ်ယောက်က ရှက်ရွံ့ကာ အောက်ဆင်းလာခဲ့သည်။


ထို့နောက် အနောက်မှ လှောင်ရယ်သံကို ကြားလိုက်ရလေသည်။ ရှန်းတန် လှည့်ကြည့်လိုက်တော့ ကျိုးဟောက်က လှောင်ရယ်နေသည်ကို တွေ့လိုက်လေသည်။


ရှန်းတန်က မျက်မှောင်ကြုတ်လိုက်သည်။


“ဘာရယ်တာလဲ။”


ကျိုးဟောက်က ဂုဏ်ယူဟန်ဖြင့် ခေါင်းကိုကိုင်ထားသည်။ “အထင်မလွဲပါနဲ့၊ မင်းလိုမိန်းကလေးက ဒီလိုကိစ္စကို ဘယ်လိုလုပ်တတ်မှာလဲ၊ နေဝင်တော့မှာ ကျန်တဲ့လူတွေနှောင့်နှေးအောင် မလုပ်နဲ့။”


“ကျွန်မ မတတ်ဘူးဆိုပေမယ့် ရှင်ကကော လုပ်တတ်လို့လား၊ ဒီနေ့ ညနေတစ်ညနေလုံး ရှင်က ဘာမယ်မယ်ရရမှမလုပ်ဘဲ ပါးစပ်က ပွစိပွစိပြောနေတာပဲတွေ့တယ်။”


[အစ်မတန် ကျွန်တော့်ရဲ့ ကီးဘုတ်ဖိုက်တာ လုပ်ပေးပါ။]


[အဓိပ္ပာယ်မရှိတာတွေကိုပဲ မရပ်မနားပြောနေတဲ့လူတွေကို ငါအမုန်းဆုံးပဲ။]


[အမ် သူ့စကားက ကြမ်းပေမယ့် သူပြောတာ မှန်တယ်လို့ထင်တယ်၊ ရှန်းတန်က အလှပန်းအိုးလေးပဲလေ။ အမိုးပြင်တာက လွယ်တဲ့အလုပ် မဟုတ်ဘူး၊ သူက အာရုံစိုက်ခံရအောင်လုပ်နေတာ၊ ကျန်တဲ့လူတွေကို နှောင့်နှေးအောင်လုပ်နေတာ။]


ကျောက်ကျဲ့နှင့် ဟဲယွမ်က ရှန်းတန်ကို လေးစားစွာကြည့်လိုက်သည်။ တိုက်ရိုက်ထုတ်လွင့်နေသည့်အစီအစဉ်မှာတောင် သူမက ထိုသို့ပြန်ပြောရဲသည်အထိ ရဲတင်းလှသည်။


ရှန်းတန်က အနည်းငယ် လှောင်ပြောင်လိုက်သည်။ “တကယ်လို့ ကျွန်မ ပြင်နိုင်ရင် ဘယ်လိုလုပ်ပေးမှာလဲ။”


ကျိုးဟောက်က ပြောလိုက်လေသည်။ “မင်းသာပြင်နိုင်ရင် ငါက ကင်းမီးကောက်ထောင်ပြီး ခေါင်းလျှော်ပြမယ်။”


ရှန်းတန်က တိုက်ရိုက်ထုတ်လွှင့်နေသည့်စက်ကိုကြည့်လိုက်သည်။ “သူအဲလိုပြောတာနော်၊ အကုန်လုံးသက်သေရှိတယ်နော်၊ စကားပြန်ရုတ်သိမ်းတဲ့လူက ခွေးဖြစ်မှာ။”


“နေဦးလေ။ မင်းရှုံးရင် လုပ်ပေးရမယ့်ကိစ္စ မပြောရသေးဘူး။”


ရှန်းတန်က လက်ခါပြလိုက်သည်။ “ပြင်ထားတာကိုပဲ ကြည့်လိုက်။”


သူမက စကားပြောပြီးသည်နှင့် အမိုးပြင်ရန် အပေါ်သို့ကုတ်တက်သွားပြီး ကျွမ်းကျင်စွာ ပြုပြင်ခဲ့သည်။


[ဟားဟား အာရုံစူးစိုက်ခံချင်တာနဲ့ပဲ အဲလောက်အမြင့်ကြီးထိ ထက်ရတဲ့အထိ သူက အရှက်ကိုမရှိဘူး။]


[တကယ်လို့ ရှန်းတန်က တကယ်ပြုပြင်တတ်တယ်ဆိုရင်ရော။]


[မဖြစ်နိုင်ဘူး၊ သူသာတကယ်ပြင်တတ်မယ်ဆိုရင် ငါ တိုက်ရိုက်ထုတ်လွှင့်ပြီး ချီးစားပြမယ်။]


[အစ်ကိုရေ အစားအသောက်နဲ့ ပတ်သက်ပြီး လိမ်မပြောရဘူး။]


ကျိုးဟောက်ကလည်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။ ရှန်းတန် တကယ်ကြီးတော့ မပြင်တတ်ဘူးမလား။


သို့ပေမယ့် သူ့ကိုယ်သူ စိတ်ငြိမ်အောင် ပြန်လုပ်ခဲ့လေသည်။


ရှန်းတန်က အနုပညာလောကတွင် မည်သည့်အရည်အချင်းမှ မရှိသည့် အလှပန်းအိုးသာဖြစ်ကြောင်း လူတိုင်းသိသည်။


အချိန်တွေ တဖြည်းဖြည်း ကုန်သွားသည်နှင့် ကျိုးဟောက်၏ အမူအရာက ပိုရုပ်ဆိုးလာခဲ့သည်။ သူက ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်လေသည်။


ဘုရားရေ ရှန်းတန်က တကယ်ပဲ ခေါင်မိုးပြုပြင်နည်းကို သိနေတာပဲ။


ကျောက်ကျဲ့၊ ဟဲယွမ်နှင့် ကြည့်ရှုသူတွေကလည်း အလွန်အမင်း ထိတ်လန့်သွားခဲ့ကြသည်။


ရှန်းတန် ပြုပြင်ပြီးသွားသည့်နောက်တွင် တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်က ခဏလောက် ငြိမ်သက်သွားပြီးသည့်နောက်တွင် မှတ်ချက်များဖြင့် ပြည့်နှက်သွားခဲ့သည်။


[ဠီးပဲဟေ့။]


[ဘုရားရေ ရှန်းတန်က ပြုပြင်ဆောက်လုပ်နည်းကို သိနေတာပဲ။]


[စောနက တိုက်ရိုက်ထုတ်လွှင့်ပြီး ချီးစားပြမယ်လို့ မန့်တဲ့အစ်ကိုရေ ss ယူထားတယ်နော်၊ ဘယ်အချိန် တိုက်ရိုက်ထုတ်လွှင့်မှာလဲ။]


ရှန်းတန်က အောက်ပြန်ဆင်းလာပြီးနောက် လက်ကိုဖုန်ခါပြီး ပြောလိုက်သည်။ “ဘယ်လိုလဲ။”


ကျိုးဟောက်က အံကြိတ်လိုက်သည်။ “ကတိက ကတိပဲ။”


သူက ဟဲယွမ်နှင့် ကျောက်ကျဲ့ကို ကြည့်လိုက်သည်။ “ကျေးဇူးပြုပြီး ကူညီပေးပါဦး။”


ထို့နောက် သူက ကမ်းခြေဘက်သွားကာ ကင်းမြီးကောက်ထောင်ပြီး သူတို့၏ အကူအညီဖြင့် ခေါင်းလျှော်ခဲ့လေသည်။


သူ့အပေါ် ရှန်းတန်၏အပေါ် အကောင်းမြင်သွားခဲ့လေသည်။ သူက ပါးစပ်ငြိမ်ငြိမ်မနေသော်လည်း အားကစားတော့တော်သည်။


ခေါင်းကို ပင်လယ်ရေဖြင့် နစ်ပြီးသည့်နောက်တွင် ကျိုးဟောက်က ရေစိုနေသည့်ဆံပင်ကို လက်ဖြင့်ခါလိုက်ပြီး သူ၏ ချောမောသည့်အသွင်ကို ဖော်ပြလိုက်လေသည်။


“အခု ရပြီလား။”


ရှန်းတန်က ပြုံးကာ ပြောလိုက်သည်။ “မဆိုးပါဘူး။”


ကျိုးဟောက်က အနည်းငယ် မျက်နှာနီသွားသော်လည်း အေးစက်သည့်ဟန်ဖြင့် သူ့ခေါင်းကို ကိုင်ထားလေသည်။


“ယောက်ျားကောင်းတစ်ယောက် ကတိတည်တယ်။”


[သူက အကျင့်လေးသာ သိပ်မကောင်းပေမယ့် မိုက်တော့မိုက်သားဟ။]


[ဟားဟား ကျိုးဟောက်တောင် ကင်းမြီးကောက် ထောင်ပြီးပြီ၊ ချီးစားပြမယ်ဆိုတဲ့ ဟိုအစ်ကို ဘယ်ရောက်သွားတာလဲ။]


[အာရုံနောက်ခံမနေနဲ့၊ သူအကောင့် ဖျက်သွားပြီ။]


ထို့နောက် အောင်းကျစ်ဖျင်နှင့် ဟော်ရင်ရင်က ပြန်ရောက်လာခဲ့သည်။


ရေ၊ အစာခံဘီစကစ်၊ ခေါက်ဆွဲခြောက်နှင့် အိပ်စရာများပါသည့် ထောက်ပံ့ပစ္စည်းအိတ်ကို သူတို့ရှာတွေ့ခဲ့သည်။


အိတ်စရာပါသည့်အိတ်က တစ်အိတ်သာရှိသဖြင့် အမျိုးသားတွေက အမျိုးသမီးတွေကို ဦးစားပေးခဲ့သည်။


သူတို့က သစ်ရွက်အကြီးကြီးတွေကိုခူးကာ မြေပေါ်ဖြန့်ခင်းပြီး အိပ်ခဲ့ကြသည်။


လိမ္မော်ရောင်သန်းကာ နေဝင်သွားသည့်ရှုခင်းနှင့် ပင်လယ်လှိုင်း ရိုက်ခတ်သံကို နားထောင်ရသည်မှာ စိတ်အေးချမ်းစရာကောင်းသည်။


“ဂွီး...။”


လူတစ်ယောက်၏ ဗိုက်မှ အသံထွက်လာလေသည်။


“ဗိုက်ဆာလို့လား။”


“အရမ်းပဲ။”


“အစာပြေ ဘီစကစ် စားလိုက်ပါလား။”


အစာပြေ ဘီစကစ်က အရသာမရှိသဖြင့် မည်သူမှ သဘောမတူခဲ့ပေ။


ရှန်းတန်လည်း ဗိုက်ဆာနေကာ အိမ်ကချက်သည့် ထမင်းဟင်းတွေကို လွမ်းဆွတ်နေလေသည်။


သူမက ချက်ပြုတ်ကြည့်ရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့သည်။


ရှန်းတန်က ပြောလိုက်သည်။ “ခေါက်ဆွဲနဲ့ ပင်လယ်စာ ပြုတ်စားရအောင်လေ၊ ဘယ်သူ ငါးတွေ ဘာတွေ ဖမ်းတတ်လဲ။”


ကျိုးဟောက် တစ်ခုခု ပြောဖို့ပြင်လိုက်သည့် အချိန်တွင် ရှန်းတန်က သူမကို စိုက်ကြည့်လိုက်သည်။ “တိတ်တိတ်နေ၊ မဟုတ်ရင် ရှင့်ကို စားစရာ မပေးဘူး။”


ကျိုးဟောက်၏ ကိုယ်ခန္ဓာက တောင့်တင်းသွားကာ ပါးစပ်ပိတ်ကာ အသံတိတ်သွားခဲ့လေသည်။


[ဟားဟား အစ်မရှန်းတန်က ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တာပဲ။]


[ထုတ်လွှင့်မှုကို တစ်ရက်ပဲ မကြည့်ရသေးတာ၊ အလှပန်းအိုးလေးက ပရိတ်သတ်တွေတောင် ရှိသွားပြီလား။]


[စိတ်မပူပါနဲ့။ ငါက သူ့အပြောကိုပဲကြိုက်တာ။]


ဧည့်သည်တွေအကုန်လုံးက နူးနူးညံ့ညံ့လေးတွေဖြစ်သဖြင့် ကူကယ်ရာမဲ့နေလေသည်။ သူတို့၏ အမူအရာက မသက်မသာဖြစ်နေကြသည်။


ရှန်းတန်က သက်ပြင်းချလိုက်သည်။ “ထင်းတချို့ အတူတူသွား ရှာကြ၊ ထုတ်လုပ်ရေးအဖွဲ့က တစ်ခုခုတော့ ပြင်ဆင်ထားမှာပါ။”


တိုက်ရိုက်ထုတ်လွင့်မှုအတွင်း သစ်ပင်ခုတ်လို့လည်း အဆင်မပြေကာ သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်နိုင်သည်။


“အဝေးကြီးမသွားနဲ့။ အနီးအနားမှာပဲရှာ။”


တဖြည်းဖြည်း မှောင်လာပြီဖြစ်ကာ ထင်းတွေက အန္တရာယ်မရှိသော်လည်း လွယ်လွယ်နှင့် လမ်းပျောက်နိုင်သဖြင့် မလုံခြုံပေ။


ကျွန်းပေါ်တွင် အပင်တွေအများကြီးရှိကာ ရှန်းတန်က ရင်းနှီးကျွမ်းဝင်သည့် ဟင်းသီးဟင်းရွက်တွေနှင့် သစ်သီးတွေကိုခူးပြီး ကမ်းခြေရှိ ပင်လယ်စာအကောင်တွေကို ဖမ်းခဲ့သည်။


သူမ တမင်ရွေးချယ်ကာ ယူလာသည့် ဒယ်အိုးအကြီးက အခုတော့ အသုံးဝင်လာပြီဖြစ်သည်။


ဧည့်သည်တွေက အမြန်ပြန်ရောက်လာခဲ့သည်။


ဟော်ရင်ရင်၏ မျက်စိလျှင်မှုကြောင့် သူမက သစ်ပင်အခေါင်းထဲတွင် ထင်းတစ်စည်း ရှာတွေ့ခဲ့သည်။


ရှန်းတန်က ဒယ်အိုးဆေးပြီးသည့်နောက်တွင် အိုးထဲတွင် ဟင်းသီးဟင်းရွက်၊ ပင်လယ်စာနှင့် ခေါက်ဆွဲခြောက်တွေကို ထည့်ပြုတ်လိုက်သည်။


ထို့နောက် လေထုထဲတွင် မွှေးပျံ့သည့်ရနံ့များဖြင့် ပြည့်နှက်သွားခဲ့သည်။


“မွှေးလိုက်တာ။”


“ဟုတ်တယ်၊ ဒီပင်လယ်စာခေါက်ဆွဲက ငါအိမ်မှာလုပ်တာထက်ပိုပြီး ကောင်းတယ်။”


ရှန်းတန်က လူတိုင်းကို တစ်ပန်းကန်စီ ထည့်ပေးလိုက်သည်။


ဟော်ရင်ရင်က မြိန်ရည်ရှက်ရည် စားသောက်လိုက်သည်။ “အား အရမ်းစားကောင်းတာပဲ၊ အရင်က တစ်ခါမှ ဒီလိုအသင့်စားခေါက်ဆွဲ မစားဖူးဘူး။”


ပါးစပ်ပွစိပွစိ ပြောတတ်သည့် ကျိုးဟောက်ဟင် နားဝင်မချိုသည့်စကား တစ်ခွန်းမှမပြောဘဲ ခေါင်းမဖော်တမ်း စားနေခဲ့သည်။


[ငါတောင် ဗိုက်ဆာတယ်။]


[ကိစ္စမရှိဘူး၊ ငါခေါက်ဆွဲသွားပြုတ်လိုက်မယ်။]


[သူက အလှပန်းအိုးလေး မဟုတ်ဘူးလား၊ ခေါင်မိုးပြင်နည်းနဲ့ ခေါက်ဆွဲပြုတ်တာကို ဘယ်လိုသိနေတာလဲ။]


[ဟာ့ ခေါက်ဆွဲပြုတ်တာက ခက်လို့လားဟ။]