အခန်း (၁၄) - မင်း မင်းသမီးဖြစ်လာတာ ရှက်စရာပဲ
အစ်ကိုဝမ်ပြောသည်မှာ စွန့်ပစ်ထားသောကျွန်း အစီအစဉ်က ထုတ်လွှင့်တော့မှာ ဖြစ်သည်။
ထိုကဲ့သို့သော ကိစ္စအသေးလေးကို သူမအား မလာခိုင်းဘဲ WeChat မှ ပြောလဲရပေသည်။
ရှန်းတန်သည် နောက်ထပ် တစ်ခုခု ရှိရဦးမည်ဟု သံသယရှိလိုက်၏။ သေချာပေါက်ပင် ...
“တန်တန် ဒီတစ်ခေါက် ဧည့်သည်ထဲက တစ်ယောက်က သူဌေးကြီးရဲ့ ကလေးပဲ။ မင်း သူ့ကို ... ဂရုစိုက်ပေးလို့ရမလား”
“ဘယ်လို ဂရုစိုက်ပေးရမှာလဲ”
“မင်းက သူမကို ရန်စပေးရုံပဲ။ စိတ်မပူပါနဲ့၊ မင်းသာကောင်းကောင်းလုပ်ရင် ငါ မင်းအတွက် အရင်းအမြစ်ကောင်းတစ်ခု သေချာပေါက်ယူပေးမယ်”
ရှန်းတန် ခေါင်းယမ်းလိုက်သည်။
အစ်ကိုဝမ်၏ နှုတ်ခမ်းများ မဲ့သွားပြီး “ဘာလဲ မင်းက သဘောမတူဘူးလား”
“ဟင့်အင်း ကျွန်မ အခုပဲတွေးနေတာ ဒီစွန့်ပစ်ထားတဲ့ကျွန်း အစီအစဉ်က ခက်ခဲမဲ့ပုံပဲ။ သူမက ပိုပြီးနူးညံ့တော့ မလုပ်နိုင်လောက်ဘူး။ သူမကို ချိန်းတွေ့တဲ့ အစီအစဉ်ဆီ ပို့လိုက်တာ ပိုကောင်းမယ်။ ဘာပဲပြောပြော ချိန်းတွေ့တဲ့ အစီအစဉ်ရဲ့ ပရိသတ်အင်အားက ပိုကောင်းတယ်လေ”
အစ်ကိုဝမ်က စဉ်းစားလိုက်သည်။ “အမ်း ငါ စဉ်းစားလိုက်ဦးမယ် ...”
ရှန်းတန် တိတ်တိတ်လေး ကြည့်လိုက်သည်။ သူမလဲ အန္တရာယ်များသည့် ကျောက်ဆောင်အစွန်းဆီ မသွားချင်ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် နေ့ရက်များ ကုန်ဆုံးသွားသည်။ အစ်ကိုဝမ်က မက်ဆေ့ပို့မလာပေ။ သူ့ကြည့်ရသည်မှာ ဒီရှိုးကို မလာတော့မည့်ပုံပေါ်သောကြောင့် ရှန်းတန် နည်းနည်း အသက်ရှူချောင်သွားရသည်။
အစီအစဉ်နှစ်ခုလုံးက တစ်ခုပြီးတစ်ခု စတင်တာဖြစ်သောကြောင့် သူ ချိန်းတွေ့တဲ့ အစီအစဉ်ကို သွားလား မသွားလား သူမလဲ မသိပေ။
“ကျွန်းပေါ်မှာ ၁၃ ရက်ကြာ” အစီအစဉ်အတွက် လူစုရမဲ့နေ့သို့ ရောက်ရှိလာသည်။
ရှန်းတန်ရောက်သောအခါ လူတော်တော်များများ ရောက်နေကြပြီဖြစ်သည်။
ဧည့်သည် ၆ ယောက်ရှိပြီး ယောက်ျားလေး ၄ ယောက် မိန်းကလေး ၂ ယောက်ဖြစ်၏။ ရှန်းတန်အပြင် တခြားလူများမှာ ဟော်ရင်ရင်၊ ကျောက်ကျဲ့၊ အောင်းကျစ်ဖျင်၊ ဟဲယွမ်နှင့် ကျိုးဟောင်တို့ဖြစ်ကြသည်။
သူတို့အားလုံးမှာ လူသစ်လေးများသာဖြစ်ကြသောကြောင့် တစ်ချို့လူများ၏ မျက်လုံးထဲတွင် ဖြူစင်သော ရူးသွပ်မှု အရိပ်အယောင်ကို မြင်နေရသည်။
တွက်ချက်ကြည့်ပြီးနောက်တွင် ရှန်းတန်ကသာ နာမည်အကြီးဆုံးလူဖြစ်သည်။
သူမက သူတို့ကိုနှုတ်ဆက်လိုက်ပြီး နေရောင်မထိုးသော အေးအေးဆေးဆေး နားလို့ရသည့် ထောင့်တစ်နေရာကို ရှာတွေ့လိုက်၏။
တစ်လမ်းလုံး တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်သောကြောင့် ရှန်းတန်ကို မုန်းသောပရိသတ်များမှာ သတင်းကြားပြီး ရောက်ရှိလာကြသည်။
ထိုလူအများစုမှာ တခြားသရုပ်ဆောင်များ၏ ပရိသတ်များဖြစ်နေကြသည်မှာ ရယ်ချင်ဖွယ်ရာပင်။ သို့သော် ဒီအချိန်တွင်တော့ သူတို့က တစ်စုတစ်စည်းထဲ ဖြစ်နေပြီး ရှန်းတန်အား အနုပညာလောကထဲမှ ထွက်မသွားမချင်း တိုက်ခိုက်ကြဖို့ ရည်ရွယ်ထားကြသည်။
[ရို့ ပြဿနာမ ထပ်ပေါ်လာပြီပဲ]
[ဟီးဟီး သူမက အသုံးမကျဘူးလေ။ သူမ တစ်ရက်ထဲနဲ့ ငိုပြီး ထွက်သွားလိမ့်မယ်လို့ ငါ အစပ်ချောင်းတစ်ချောင်းနဲ့ လောင်းတယ်]
[ငါက နှစ်ချောင်းနဲ့ လောင်းမယ်]
ဒါရိုက်တာက လော်စပီကာကို ထုတ်ကာ ပြောလိုက်သည်။ “အခု အကုန်လုံးရောက်ပြီဆိုတော့ မင်းတို့ရဲ့ ခရီးဆောင်အိတ်တွေနဲ့ ဖုန်းတွေ အပ်ပေးပါ။ လူတစ်ယောက်ကို ပစ္စည်း ၃ ခု ယူထားလို့ရမယ်]
“ဘာလဲ။ ပစ္စည်းသုံးခုထဲနဲ့ ၁၃ ရက် ဘယ်လိုအသက်ရှင်မလဲ]
“အဝတ်အစားတွေက ဘယ်လိုလဲရမှာလဲ”
ဒါရိုက်တာက အေးတိအေးစက် နှာခေါင်းရှုံ့လိုက်၏။ “စိတ်မပူပါနဲ့။ ကျွန်းပေါ်မှာ အထောက်အပံ့အိတ်တွေရှိတယ်။ ဒါပေမဲ့ ဧည့်သည်တွေက အဲ့ဒါတွေကို ကိုယ့်ဘာသာ ရှာရမယ်”
ဝန်ထမ်းက တခြားလူများ၏ ခရီးဆောင်အိတ်ကို ယူသွားပြီးနောက် ရှန်းတန်လည်း သူမ၏ လက်ကိုင်ဖုန်းကို အပ်လိုက်သည်။
“ခရက်ရှ်”
“နေဦး အဲ့ဒါ ဘာအသံလဲ” ဒါရိုက်တာက ရှန်းတန်အား သံသယဖြစ်စွာ ကြည့်လိုက်သည်။
ဒီနေ့ ရာသီဥတုက ပူနေသော်လဲ ရှန်းတန်က ကုတ်အင်္ကျီအရှည်ကို ဝတ်ဆင်ထားသည်။ တခြားလူများဝတ်ထားသော တီရှပ်၊ ဘောင်းဘီတိုနှင့် ဂါဝန်များနှင့်ယှဉ်လျှင် သူမက ပိုမိုပေါ်လွင်နေ၏။
သူမက အလွန်ရိုးသားသော မျက်နှာလေးနှင့် ဘေးဘီဝဲကြည့်လိုက်သည်။ “ဘာအသံလဲ”
ဒါရိုက်တာက သူမအား အပေါ်အောက်စုန်ဆန်ကြည့်ကာ မိန်းကလေးဝန်ထမ်းတစ်ယောက်ကို လက်ညှိုးထိုးလိုက်သည်။ “ရှောင်လျို့ သူမ ဘာတွေဖွက်ထားလဲ သွားကြည့်စမ်း”
ရှန်းတန် “....”
သူ ဘာလို့ အဲ့လောက် စိတ်ပုတ်နေရတာလဲ။
“မလိုဘူး။ ကျွန်မဟာကျွန်မ ထုတ်ပေးမယ်။”
ထို့နောက် သူမသည် အိတ်ထဲမှ အဆာခံ ဘီစကစ်ထုတ် အများအပြား ထုတ်လိုက်၏။
သူမ၏ အေးအေးဆေးဆေး လှုပ်ရှားနေမှုကိုကြည့်ကာ ဒါရိုက်တာက အသေအချာ ထပ်ပြောလိုက်သည်။ “နောက်ထပ် ရှိဦးမှာပဲ”
ရှောင်လျို့ က ရှေ့သို့တိုးလာသည်။ ရှန်းတန် သက်ပြင်းချလိုက်ပြီး သူမဦးထုပ်ထဲမှ အချဉ်ဖောက်ထားသည့် ဟင်းသီးဟင်းရွက်ထုတ်များကို ထုတ်ပေးကာ ဒေါသတကြီးပြောလိုက်သည်။ “ဒါ တကယ်အကုန်ပဲ”
ရှိနေကြသော လူအားလုံး “....”
ဒါရိုက်တာ၏ မျက်နှာအမူအရာမှာ ပြောစရာစကားများ ပျောက်ဆုံးနေပုံပင်။ “မင်း မင်းသမီးဖြစ်လာတာ နှမျောစရာပဲ”
ရှန်းတန် အစော်ကားခံရသလို ခံစားလိုက်ရသည်။
အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ။
[ဟားဟား ရှန်းတန် အဲ့လောက်ရယ်ရတယ်လို့ ငါမသိခဲ့ဘူး။]
[အဲ့ဒါက နည်းနည်း တိုက်ရိုက်ကြီး တိုက်ခိုက်နေသလိုပဲ။]
[သူမ အရင်တုန်းက ဘယ်လို ရွံစရာတွေ လုပ်ခဲ့လဲ မမေ့ကြနဲ့ဦးနော်။]
[သတိပေးလို့ ကျေးဇူးတင်ပါတယ်။ မျက်နှာပိုးသတ်ကြတော့။]
စခရင်ကိုကြည့်ပြီး ဒါရိုက်တာက ကျေနပ်စွာ ပြုံးလိုက်သည်။
ဆူဆဲနေမည့်လူများကို သူမကြောက်ပေ။ ကြည့်မဲ့လူမရှိမှာကိုသာ သူကြောက်သည်။
ရှန်းတန်ကို ဖိတ်လိုက်တာက အကြံကောင်းဖြစ်ပုံပင်။ သူမက နာမည်ဆိုးနဲ့ဆိုပေမဲ့လဲ ကျော်ကြားသေးသည်။
ဒါရိုက်တာက လည်ချောင်းရှင်းလိုက်သည်။ “အိုကေ အချိန်ပြည့်ပြီ။ အစ္စည်းတွေယူပြီး လှေပေါ်တက်တော့။ ၁၃ ရက်နေရင် ပြန်လာခေါ်မယ်”
တခြားလူများက မီးခြစ်ယူသည်ကို တွေ့လိုက်ရပြီးနောက် ရှန်းတန်မှာ အချိန်အကြာကြီး စဉ်းစားကာ နောက်ဆုံးတွင် နေကာခရင်မ်၊ အိုးအကြီးတစ်လုံးနှင့် ဓားမြှောင်တစ်ချောင်း ယူလိုက်သည်။
ထင်ထားသည့်အတိုင်း ကြည့်ရှုသူများက ထပ်မံ၍ ကြိမ်းမောင်းကြပြန်သည်။
[သူမက တကယ်ကို တစ်ခုခုပဲ။ နေကာခရင်မ်ယူနေသေးတယ်။ သူ့ကိုယ်သူ အလှပြိုင်ပွဲ သွားမယ်ထင်နေတာလား။]
[ဟုတ်သားပဲ။ ချိန်းတွေ့တဲ့ အစီအစဉ်များ ထင်နေတာလား။]
[ဟားဟား ရှန်းတန် ငိုမဲ့အချိန်ကို စောင့်နေပါပြီ။]
လှေပေါ်တွင် ရှန်းတန်သည် အနည်းငယ် ခေါင်းမူးသလို ခံစားလိုက်ရ၏။ ယောက်ျားလေးဧည့်သည်တစ်ယောက်က ရောက်လာပြီး “အစ်မတန်တန်လို့ ခေါ်လို့ရမလား”
ရှန်းတန် အသံပြုကာ သဘောတူလိုက်သည်။
“အစ်မတန်တန် ကျွန်တော်က ကျောက်ကျဲ့ပါ။ အစ်မရဲ့ သစ္စာရှိဖန်လေးပါ။ အစ်မ ပါတဲ့ ဇာတ်လမ်းတွေတွေ အကုန်လုံး ကျွန်တော်ကြည့်ဖူးတယ်”
ရှန်းတန်၏ မျက်လုံးများ ပြူးသွားသည်။ “တကယ်လား။ အဲ့ဒါဆို ငါ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်သုံးခုကို ၁၀ စက္ကန့်အတွင်း ပြောပြပေး။”
ကျောက်ကျဲ့မှာ အင်း အမ်း နှင့် မပြောနိုင်ပေ။
သူက စကားလမ်းကြောင်းလွှဲကာ ဆက်ပြောလိုက်၏။ “စကားမစပ် အစ်မတန်တန် ကျွန်တော့်မှာ ချိုချဉ်ရှိတယ်။ အစ်မ ယူဦးမလား။”
ပြောပြီးနောက် အိတ်ထဲမှ သကြားလုံးတစ်အိတ် ဆွဲထုတ်လိုက်၏။
ရှန်းတန်သည် သကြားလုံးအိတ်ကို ချက်ချင်း ဆွဲယူလိုက်ပြီး တစ်ဖက်လူ၏ မယုံကြည်နိုင်သော အကြည့်အောက်တွင် “ကောင်းပြီ။ ကျေးဇူးပါ။” ဟု ပြောလိုက်တော့သည်။
[ဟားဟားဟား ရှန်းတန် တမင်တကာလုပ်နေတာမလား။]
[သူမရဲ့ စရိုက်က မကောင်းဘူးလို့ထင်တာ ငါတစ်ယောက်ထဲလား။ လူတစ်ယောက်က ပစ္စည်းသုံးခုစီပဲ ရတာကို သူမက သကြားလုံး တစ်အိတ်လုံး ဆွဲယူသွားတယ်...]
[သူနဲ့ ထိုက်တန်တယ်လေ။ မပေးချင်ဘူးဆို အစထဲက စကားမစနဲ့ပေါ့။ သူမ ယူပြီးတော့ ဖြစ်သွားတဲ့ အဲ့လူရဲ့မျက်နှာထားကိုကြည့်ရင် သူ့ရည်ရွယ်ချက်ကို အကုန်လုံး သဘောပေါက်တယ်။]
ထို့နောက်တွင် ဘယ်သူကမှ ရှန်းတန်နှင့် နီးကပ်ရန် မကြိုးစားကြတော့ပေ။
ထိုအရာကို မြင်ပြီးနောက် ကျေနပ်နေသော ဒါရိုက်တာက သူ့ရဲ့ လက်ကျန် ဆံပင်လေး အနည်းငယ်ကို ဆွဲလိုက်မိသည်။
“ငါတို့ရှိုးကတော့ နာမည်ကြီးပြီ။”
သူ့ဘေးမှ ထုတ်လုပ်သူကတော့ သူအား အရူးတစ်ယောက်လိုကြည့်ကာ “မှောင်တောင်မမှောင်သေးဘူး။ မင်းက အိပ်မက်တွေ မက်နေပြီလား။”
ဒါရိုက်တာက မျက်လုံးကို လှိမ့်လိုက်သည်။ “မင်း နားမလည်ပါဘူးကွာ”
“အေး အေး ငါက နားမလည်ဘူး။ မင်း နားအလည်ဆုံးပဲ။ နားလည်မှုဘုရင်ကြီးပါ။ ဟုတ်ပြီလား”
ထုတ်လုပ်သူက အားလျော့အောင် တမင်ပြောနေခြင်းတော့ မဟုတ်ပေ။ အစကတည်းက အစီအစဉ်ကိုက မကောင်းတာ ဖြစ်သည်။ လူသစ်လေးတွေချည်းပဲ ပြီးတော့ အဆင့် ၁၈ က နာမည်ပျက်နဲ့ သရုပ်ဆောင်က ပါသေးသည်။ လူကြိုက်များဖို့ကတော့ ဝေလာဝေးပင်။
နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ယောက်သာ ပါဝင်ပါက မျှော်လင့်ချက် ရှိနိုင်သေးသည်။
ကံမကောင်းစွာပင် သူတို့ရဲ့ ဘတ်ဂျက်က မလုံလောက်သောကြောင့် နာမည်ကြီးတွေကို သူတို့မခေါ်နိုင်ပေ။
လှေက ကျွန်းအသေးလေးဆီ ဆိုက်ရောက်သွားပြီးနောက် ဝန်ထမ်းက သူတို့ကို ချပေးပြီး လှေဖြင့် ပြန်ထွက်ခွာရန်ပြင်လိုက်၏။
ရှန်းတန် ရုတ်တရတ် စိတ်ပူသွားရသည်။ “နေပါဦး။ ဒီကျွန်းပေါ်မှာ တောရိုင်းကောင်တွေတော့ မရှိဘူးမလား။”
“စိတ်မပူပါနဲ့။ မရှိပါဘူး။”
လှေပြန်ထွက်သွားပြီးနောက် ဧည့်သည်များမှာ အနည်းငယ် စိတ်ပူပန်စပြုလာကြသည်။
“သူတို့ တကယ်ကြီး ထွက်သွားပြီပဲ။”
ယနေ့ခေတ်၏ နည်းပညာမြင့်မားမှုကြောင့် တိုက်ရိုက်ထုတ်လွှင့်နေသည့် ကင်မရာများမှာ အဝေးမှ ထိန်းချုပ်လို့ရပြီး သူမတို့အနီးတွင် ပျံဝဲကာ ရိုက်ကူးလျက်ရှိကြသည်။
လူတစ်ယောက်တွင် တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုရှိသောကြောင့် တိုက်ရိုက်ထုတ်လွှင့်ခန်း များစွာခွဲထားကာ လူတိုင်း သူတို့ကြည့်ချင်သည်ကို ရွေးကြည့်လို့ရသည်။
လောလောဆယ်တွင် ရှန်းတန်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းက လူကြည့်အများဆုံးဖြစ်ပြီး ကံမကောင်းစွာပင် လူတိုင်းက သူမကို ဆူပူကြိမ်းမောင်း နေကြခြင်းပင်။
ကျွန်းက အတော်လေး ကြီးမားသည်။ ရှန်းတန်သည် အစက ပရိုဂရမ်အဖွဲ့က ချဲ့ကားပြောနေသည်ဟု ထင်လိုက်သော်လည်း လက်တွေ့မှာ သူတို့ပြောသလိုပင် ဘာဆိုဘာမှမရှိဘဲ ပြောင်ရှင်းနေကြောင်း တွေ့လိုက်ရ၏။
တကယ်ကြီးကို ဘာမှမရှိတာ။ စားဖို့သောက်ဖို့မပြောနဲ့ အပေါ့အလေးသွားဖို့ နေရာတောင်မရှိဘူး။
အိုး နေပါဦး။ တစ်ခုခုတော့ ရှိနေတာပဲ။
အနည်းဆုံးတော့ ရိုးရှင်းတဲ့ အိမ်သာတစ်လုံးနဲ့ တစ်ဝက်တစ်ပျက်သာ ဆောက်ထားသောကြောင့် ညအိပ်လျှင် ကြယ်တွေကိုကြည့်ပြီး အိပ်စက်လို့ရမည့် တဲအိမ်လေး တစ်လုံး ရှိနေခဲ့သည်။
ဧည့်သည်များ : ကျေးဇူးပါနော်။