အခန်း (၁၃) - ငါက လူရွှင်တော်ကြီးပါ
ရှန်းတန်သည် ထိုကိစ္စကို နည်းနည်းလေးမှ စိတ်ထဲမထားပေ။ ထို့ကြောင့် သူမ ဆဲနေသော ဗီဒီယိုကြီး လူတွေကြားထဲ နာမည်ကြီးသွားလိမ့်မည်ဟုလဲ မထင်ထားခဲ့မိပေ။
ထိုအရှက်မရှိသော စုံတွဲသည် ရှန်းတန် ဆဲနေသည့်အပိုင်းကိုသာ ဖြတ်ယူပြီး ပြင်ဆင်ကာ ရည်ရွယ်ချက်ရှိရှိ အွန်လိုင်းပေါ်တင်ကာ သူမအား ကြည့်ရှုသူများ တိုက်ခိုက်ကြစေရန် လုပ်ဆောင်ခဲ့သည်။ မြောင်မြောင်က လာပြောမှသာ ရှန်းတန်သိလိုက်ရ၏။
ရှန်းတန် သူမ၏ ဂိမ်းအကောင့်ထဲ ဝင်လိုက်သောအခါ သူငယ်ချင်းအဖြစ် အပ်ထားသူများ အလွန်များနေပြီး ဝင်နေသော မက်ဆေ့များမှာလည်း သူမအား ဆဲဆိုထားကြသည်များသာဖြစ်သည်။
ဝေ့ပေါ်က မှတ်ချက်များမှာ ပို၍ပင် ပြင်းထန်သေးသည်။
[ဒီလို ရိုင်းစိုင်းတဲ့ ပါးစပ်မျိုးက အများသုံး အိမ်သာထက်တောင် ညစ်ပတ်သေးတယ်]
[ကျွမ်းကျွမ်းကျင်ကျင်ကို ဆဲသွားတာပဲ။ မသွန်သင်ထားမှန်း သိသာလိုက်တာ]
[အပေါ်ထပ်ကလူတွေရေ ဒီလို အရှက်မရှိတဲ့ အပျက်မမျိုးက ဘယ်လို သွန်သင်မှုမျိုးများ ရှိနိုင်မှာလဲ။ ဆေးလိပ်သောက်၊ အရက်သောက်၊ တက်တူးထိုး၊ ကလေးဖျက်ချ အဲ့လိုဟာမျိုးပဲပေါ့။ ကျစ်... ကျစ်... ဘယ်သူသိပါ့မလဲ။ ဒီလောက် အဆင့်ထိရောက်အောင် ဘယ်လိုနည်းနဲ့ ဆော့ခဲ့လဲဆိုတာ...]
လူအများစုမှာ သူများမကောင်းကြောင်း ပြောတဲ့နေရာတွင် အလွန်တော်၏။ သူတို့ကိုယ်တိုင် မြင်ခဲ့ရသလိုကို ပြောဆိုနေကြသည်။
ရှန်းတန် ပြောစရာများ ပျောက်ရှသွားရသည်။ ဒီလူတွေ ငါ့ကုတင်အောက်မှာများ နေနေတာလား။
အမှန်အတိုင်းပြောရလျှင် အတိတ်တုန်းက မကြာခဏ အနိုင်ကျင့်ခံခဲ့ရသောကြောင့်သာ သူမ ဒီလောက်ထိ အာသွက်လျှာသွက် ပြောရဲသွားတာ ဖြစ်သည်။
အကယ်၍ သူမသာ ထိုသို့ ပြန်မပြောပါက သူမ ပိုပိုပြီး အနိုင်ကျင့်ခံရမည်သာ။
ထို့ကြောင့် တခြားလူက သူမအား ဆူဆဲလျှင် သူမလည်း ပြန်ဆဲသည်။ တခြားလူက သူမအား ရိုက်လျှင် သူမက ပိုနာအောင် ပြန်ရိုက်၏။
ထို့ကြောင့်ပင် ဘယ်သူမှ သူမအား ဆက်အနိုင်မကျင့်ရဲတော့ပေ။
ဘယ်ကောင်မှ ငါ့ကို အနိုင်ကျင့်လို့မရဘူးကွ။
အခုအချိန်ထိ အလုပ်ဆက်လုပ်နေဆဲဖြစ်သော ကုဟွိုင်အန်းသည် စိတ်ထဲမှ စကားသံအများအပြားကို ကြားလိုက်ရပြီး ခဏတန့်သွားကာ အပြင်ထွက်လာလိုက်သည်။
ရှန်းတန်မှာ ဒေါသပေါက်ကွဲတော့မည့် အချိန်ပင်။ ထင်ထင်ရှားရှားကြီးကိုပဲ သူတို့က အရင်ရန်လာစနေတာပဲ။
သူမသည် သူမ၏ အကောင့်တုလေးထဲဝင်လိုက်ပြီး အွန်လိုင်းပေါ်မှ ကြည့်ရှုသူများနှင့် ရန်စဖြစ်တော့သည်။ သူမ၏ လက်များမှာ စက်ရုပ်အလား လျင်မြန်နေပြီး ဖုန်းစခရင် ကွဲလုမတတ်ပင်။
“အကူအညီ လိုသေးလား”
“လိုတယ်” ရှန်းတန် ခေါင်းပင် မမော့နိုင်ပေ။ “ငါ့ကို ကူပြီး ဒီကောင်တွေကို ဆဲပေးစမ်းပါ”
ကုဟွိုင်အန်း “....”
ဒီမိန်းမရဲ့ ဦးနှောက်အလုပ်လုပ်ပုံက ပုံမှန်လူတွေနဲ့ လုံးဝ ကွဲထွက်နေတယ်ဆိုတာ သူသိလိုက်ပြီ။
“ကုအုပ်စုမှာ ကျွမ်းကျင်တဲ့ တရားဝင်ရှေ့နေဌာနရှိတယ်”
ရှန်းတန် ကြောင်တောင်တောင်လေး မော့ကြည့်လိုက်မိ၏။
ကုဟွိုင်အန်းက ဆက်ပြောလိုက်သည်။ “အဲ့လူတွေကို တရားစွဲဖို့ ငါ မင်းကို ရှေ့နေတွေငှားပေးလို့ရတယ်”
ရှန်းတန် တုံ့ဆိုင်းနေမိသည်။ ဒါက ပါးစပ်နဲ့ ဆဲရေးတာလေးပဲလေ၊ ကိစ္စအကြီးကြီးမဟုတ်ပါဘူး။
သို့သော်လည်း သူမအား ဆဲရေးထားသည့် မိဘ မရှိသော မိဘမဲ့ဟူသော စကားလုံးကိုမြင်သောအခါ ရှန်းတန် ဒေါသမထိန်းနိုင်တော့ပေ။
သူမသည် မိဘမဲ့တစ်ဦးပင်။ မိဘမဲ့ဂေဟာ၏ ခေါင်းကိုင်မိခင် ပြောစကားအရဆို သူမအား တံခါးဝတွင် စွန့်ပစ်ခံခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် ရှန်းတန်သည် ထိုစကားလုံးအား လွန်စွာမှ မုန်းတီး၏။
သူမစိတ်ထဲမှ စကားသံကို ကြားပြီးနောက် ကုဟွိုင်အန်းသည် ခဏတုံ့ဆိုင်းသွားပြီး သူ့လက်ဖြင့် သူမခေါင်းလေးကို သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။
ရှန်းတန်ကတော့ နားမလည်နိုင်ပေ။
ဘာလဲ။ ဒီလူက ငါ့ကိုခွေးလေးလို ဆက်ဆံနေတာလား။
ကုဟွိုင်အန်း “...”
ဒီမိန်းမရဲ့ တွေးခေါ်ပုံတွေက ပုံမှန်လူတွေနဲ့ ကွဲပြားနေတယ်ဆိုတာ သူ တကယ်သိပြီးသားပဲ။
“နောက်ကျနေပြီ။ မင်း စောစောနားသင့်တယ်”
ရှန်းတန်သည် ဘယ်ညာ လှည့်ကြည့်လိုက်ပြီး “ကျွန်မက ဘယ်မှာ အိပ်ရမှာလဲ”
ဒီမှာ အိပ်ခန်းတစ်ခန်းပဲရှိတယ်။ ဆိုဖာလည်း သက်တောင့်သက်သာရှိတယ်ဆိုပေမဲ့ ဆိုဖာပေါ်ပဲ ထပ်အိပ်ရဦးမှာလား။
“မင်း အခန်းထဲမှာ အိပ်လိုက်”
“ဒါဆို ရှင်ကရော”
ကုဟွိုင်အန်း စိတ်ညစ်စွာ မျက်ခုံးကုတ်လိုက်မိ၏။ “ဒီည အပြီးလုပ်ရမဲ့ နိုင်ငံတကာ အစည်းအဝေးတွေ ရှိသေးတယ်။ ငါ့ကို မစောင့်နဲ့”
ရှန်းတန် ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။ သူမလည်း သူ့ကိုစောင့်ဖို့ အကြံရှိမနေခဲ့ပေ။ ဘာပဲပြောပြော သူက သူမရဲ့ သကြားဖေဖေမို့ ဂရုစိုက်ပေးရမဲ့ ဝတ္တရားလေးကြောင့်သာ မေးလိုက်ခြင်းပင်။
ကုဟွိုင်အန်း သက်ပြင်းချလိုက်၏။ စိတ်ကိုဖတ်လို့ရနေတာ ကောင်းတာလားဆိုးတာလား သူ မပြောတတ်တော့ပေ။
သူ ပြောနိုင်တာကတော့ အခု ရှန်းတန်က သူ့ရဲ့ အတိတ်ဘဝက ရှန်းတန်နဲ့ တစ်ယောက်ထဲ မဖြစ်နိုင်ဘူးဆိုတာ သေချာသလောက်ပင်။
ဒါပေမဲ့ သူမက ဘယ်ကရောက်လာတာလဲ။
အိပ်ခန်းမှာ ရေချိုးခန်း တွဲလျက်ပါသော အခန်းမျိုးဖြစ်သည်။ ရှန်းတန်သည် ရေချိုးပြီးသွားသောအခါမှ သူမမှာ ဝတ်လဲစရာ အဝတ်ရော တဘက်ပါ ပါမလာတာကို သတိရလိုက်၏။
ရှန်းတန် “!!!”
သူမစိတ်ထဲတွင် ထိုလူများကို အပြစ်ထပ်တင်လိုက်သည်။
သူမ တုံ့ဆိုင်းနေစဉ်အချိန်ပင် တံခါးခေါက်သံတစ်ခု ကြားလိုက်သည်။
“ငါ အဝတ်တွေ တံခါးအပြင်မှာ ထားခဲ့တယ်။ ထွက်လာပြီး ကိုယ့်ဟာကို ယူလိုက်”
ရှန်းတန် အလွန်စိတ်အေးသွားရ၏။ ထင်ထားတဲ့အတိုင်းပဲ သူမရဲ့သကြားဖေဖေကတော့ အကုန်ပြင်ဆင်ပေးထားတာပဲ။
နေပါဦး သူမ ဒီကိုအဝတ်အစားတွေ ယူမလာဘူးလေ။ အဲ့ဒီအဝတ်တွေက ဘယ်ကရောက်လာတာလဲ။
ကိစ္စမရှိပါဘူးလေ။ ဝတ်လို့ရရင် ပြီးပြီပေါ့။
ရှန်းတန် ဝတ်ကြည့်လိုက်သောအခါ အားလုံးက သူမနှင့် ကွက်တိဖြစ်နေသည်ကို တွေ့လိုက်ရ၏။
အိပ်ရာပေါ်တွင် လှဲနေရင်း သူမ အချိန်အတော်ကြာ အိပ်မပျော်နိုင်သေးပေ။
အိပ်ရာသည်လည်း ကုဟွိုင်အန်း၏အနံ့နှင့် ဆင်တူပင်။ အမွှေးနံ့သာ အတူတူပဲ ဖြစ်ပုံရသည်။
ကုဟွိုင်အန်းက ဒီကုတင်ပေါ်မှာ အိပ်ထားတယ်ဆိုသည်ကို တွေးမိပြီး ရှန်းတန် မသက်မသာ ခံစားလာရ၏။
အလုပ်ကိစ္စမှလွဲလျှင် ဒါက သူမ ယောက်ျားတစ်ယောက်နှင့် အနီးကပ်ဆုံး ထိတွေ့မိခြင်းပင်။
ညတစ်ဝက်လောက် ဟိုလှိမ့်ဒီလှိမ့်လုပ်ပြီးနောက် သူမသည် ကြီးမြတ်သောဂရုဏာ ဓမ္မတေးသွားကို ရွတ်ဆိုရင်း အိပ်မောကျသွားလေသည်။
တစ်ဖက်ခန်းတွင် ကုဟွိုင်အန်း၏ နှုတ်ခမ်းလေးများ ခပ်ဖွဖွ တွန့်သွားကြသည်။
သူမ၏ စိတ်ထဲက အသံများကိုကြားရပြီးနောက် သူ့နှလုံးသား၏ အောက်ခြေမှ ဖုံးကွယ်ထားသော ပျော်ရွှင်မှုလေးတစ်ခု ပေါ်ပေါက်လာသည်ဆိုတာတော့ ဝန်ခံရပေမည်။
ထိုအရာက သေးငယ်တဲ့ ပိုင်ဆိုင်လိုစိတ်လေးရဲ့ အငြှိုးအတေးဟုသာ သူယူဆလိုက်သည်။
နောက်တစ်ရက်တွင် ရှန်းတန်တစ်ယောက် နောက်ကျတဲ့ထိ အိပ်နေခဲ့မိသည်။
သူမ WeChat ကို ဖွင့်လိုက်သောအခါ မြောင်မြောင်ထံမှ ထိုစုံတွဲက ပို့စ်ကို ဖျက်သွားပြီး တောင်းပန်ထားသည်ဟုသော မက်ဆေ့ကို တွေ့လိုက်ရ၏။
ရှန်းတန် အနည်းငယ် အူကြောင်ကြောင်ဖြစ်သွားပြီး သေချာ သွားကြည့်လိုက်သောအခါ ထိုအရာက အမှန်တကယ်ဖြစ်သည်ကို တွေ့လိုက်ရသည်။
မှတ်ချက်များကို သွားကြည့်လိုက်သောအခါ ဒေါသထွက်ပြီး အရှက်ရနေသော လူအုပ်ကြီး၏ မှတ်ချက်များမှာ ပြင်းထန်လှသည်။ မနေ့ကတော့ သူတို့ သူမကို ဆဲဆိုနေကြပြီး ဒီနေ့တော့ သူတို့က ထိုစုံတွဲကို ပို၍ပင် ပြင်းပြင်းထန်ထန် ဆဲဆိုနေကြလေသည်။
ရှန်းတန်ကတော့ ပုံမှန်ပင်။ အပြေင်းအလဲလွယ်တဲ့ အင်တာနက်ပေါ်က လူတစ်စုပဲလေ ဒီနေ့ ဒီလူ့ကို အပြစ်တင်ပြောဆိုမယ် မနက်ဖြန် နောက်တစ်ယောက်ကို အပြစ်တင်ပြောဆိုကြလိမ့်မယ်။
သူတို့ရဲ့ ခံစားချက်တွေကို ဖော်ပြနေကြခြင်းသာ ဖြစ်သောကြောင့် သတ်မှတ်ထားသော တရားမျှတမှုဆိုတာမျိုးမရှိပေ။
သို့သော် ထိုကိစ္စက ဒီလောက်လွယ်လွယ်နှင့် ပြီးသွားရခြင်းအပေါ် သူမ မသေချာသည့် ခံစားချက်လေး ရှိနေသည်။
ဖိနပ်စီးပြီးနောက် အပြင်သို့ ထွက်လိုက်သောအခါ ကုဟွိုင်အန်းက ရှိမနေတော့ပေ။
သူမ ခဏလောက်တွေးပြီးနောက် ဖုန်းကိုထုတ်ကာ ကုဟွိုင်အန်း၏ WeChat ကို မက်ဆေ့ပို့လိုက်သည်။ “ကျေးဇူးပါ”
စာက အနည်းငယ် အေးစက်နေသည်ဟု ခံစားရသဖြင့် ကျေးဇူးတင်နေသည့် ကြောင်ပုံလေးပါ ထပ်ပို့လိုက်သည်။
ကုဟွိုင်အန်း၏ moment ထဲသို့ ဝင်ကြည့်သောအခါ ဘာဆိုဘာမှ ရှိမနေသည်မှာ သူမများ ဘလော့ခံထားရသလားဟု ထင်သွားမိလောက်အောင်ပင်။
ရှန်းတန်သည် သူမ၏ moment သို့ ပြန်ကြည့်လိုက်သောအခါ အစားအသောက်ပုံများနှင့် ကစားလိုက် ပျော်ရွှင်လိုက်ဖြစ်နေသော သူမ၏ပုံများကို တသီတတန်းကြီး တွေ့လိုက်ရသည်။ သူမတို့နှစ်ယောက်က တကယ်ကို အကြီးကြီး ကွာခြားတာပဲ။
နောက်ပိုင်းတွင် သူ မြင်ဖို့အသင့်တော်သော ပို့စ်များ တင်မိမှာစိုးသောကြောင့် သူမ၏ moment ကို ကြည့်ခွင့်ရှိသည့် လူစာရင်းထဲမှ သူ့ကို ဘလော့ထားလိုက်၏။
သကြားဖေဖေ: ရပါတယ်။
သကြားဖေဖေ: နောက်ပိုင်း ဒီလိုဖြစ်လာတာမျိုးရှိရင် မင်း လက်ထောက်ကန်းကို တိုက်ရိုက်ဆက်သွယ်လို့ရတယ်။
သကြားဖေဖေ: ကျေးဇူးတင်နေသော ကြောင်ပုံ
ဒါက သူ သူမကို ကာကွယ်ပေးမယ်လို့ ပြောချင်တဲ့နည်းလား။
ရှန်းတန် အလွန်စိတ်လှုပ်ရှားသွားရသည်။
နောက်ပိုင်းကျ သူမ ဘေးတိုက်သွားနိုင်တော့မှာလား။ (ဂဏန်းလို)
သူမ ပျော်ရွှင်နေစဉ်တွင် အစ်ကိုဝမ်ထံမှ မက်ဆေ့ဝင်လာသောကြောင့် ပြုံးနေသော နှုတ်ခမ်းမှာ ချက်ချင်းမဲ့သွားရသည်။
လောင်ပိတန်း: တန်တန် ကုမ္ပဏီကို ခဏလာခဲ့ဦး တစ်ခုခုဖြစ်နေပြီ။
မျှော်လင့်ချက်မဲ့နေသော မျောက်ကြီး: အိုး လာပြီ လာပြီ။
သူမ အပြင်ထွက်တော့မည့်အချိန်တွင် လက်ထောက်ကန်းနှင့် တန်းတိုးတော့သည်။
“သခင်မလေး ဒါက မစ္စတာကု ပို့ခိုင်းလိုက်တဲ့ မနက်စာပါ”
ရှန်းတန်သည် မနက်စာအား စိတ်ထွေပြားစွာ ကြည့်လိုက်၏။ “လက်ထောက်ကန်း ရှင် ဒီလောက်အလုပ်များတာကို မနက်စာပါ ပို့ပေးရသေးတာလား”
သကြားဖေဖေဘေးမှာ ခိုင်းဖို့ရာ လူတစ်ယောက်ပဲရှိတာလား။ ထင်တဲ့အတိုင်း ရက်စက်လွန်းတဲ့ အရင်းရှင်ကြီးပဲ။
သူမ စိတ်ထဲက တွေးနေသည်ကို သတိမမူမိဘဲ ထုတ်ပြောမိလိုက်၏။ “သူ ရှင့်ကို တစ်လဘယ်လောက်ပေးထားတာလဲ ၂၄ နာရီလုံး အဆင်သင့်ဖြစ်နေရတယ်။ သူဘာခိုင်းခိုင်း ချက်ချင်းလုပ်ပေးရတာပဲလား”
သူမ မြင်တာသာ မမှားရင် လက်ထောက်ကန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်ပင်။
“တစ်လကို လစာ သုည ၇ လုံးနဲ့ ဘောနပ်စ်တွေအပြင် နှစ်ကုန်မှာလဲ စတော့ရှယ်ယာ ခွဲဝေပေးပါတယ်”
ရှန်းတန် “....”
ငါပဲ လူရွှင်တော်ကြီးပါ။
“နှောက်ယှက်မိတာ စိတ်မရှိပါနဲ့”
ပြောရမယ်ဆို လက်ထောက်တွေတောင် ဒီလောက်ဝင်ငွေရတာလား။
အမှန်အတိုင်းပြောရလျှင် သူမလဲ အဲ့လောက်ဝင်ငွေရရင် ခိုင်းသမျှ လုပ်ပေးချင်ပါတယ်။
လခအကြောင်း တွေးနေရင်းနှင့်ပင် သူမ မနေနိုင်ဘဲ ထပ်မေးလိုက်သည်။ “ရိုင်းသွားလားမသိပေမဲ့ မေးချင်လို့ပါ။ ရှင် ဘယ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာလဲဟင်”
အဲ့ဒါသာဖြစ်နိုင်မယ်ဆို သူမလဲ လက်ထောက်တစ်ယောက် ဖြစ်လာချင်တယ်လေ။
“ရေးလ်တက္ကသိုလ်ပါ”
ထင်တဲ့အတိုင်းပဲ။ လက်ထောက်နေရာလေးကတောင် ပုံမှန်လူတွေ လုပ်မရဘူးပဲ။ လိုအပ်တဲ့ ပညာအရည်အချင်းနဲ့တင် သူမ ချက်ချင်း ပြုတ်သွားမှာပင်။
ရှန်းတန်သည် မျက်ရည်အတုများကို ဟန်ဆောင်သုတ်လိုက်၏။ “ငါလေးက အရမ်း ယုံကြည်မှုလွန်ကဲမိသွားတာပဲ...”