အခန်း ( ၁၈ ) - မင်းရဲ့ မိတ်ဆွေတွေကိုပဲ အရူးလုပ်လို့ရမယ်
ရှန်းတန်နှင့် ကျောက်ကျဲ့ ပြေးသွားလိုက်တော့ ဟဲယွမ်က ခြေထောက်တွေ တုန်ယင်နေသည့် အောင်းကျစ်ဖျင်ကို ကျောပိုးထားသည်အား တွေ့လိုက်လေသည်။
“ဘာဖြစ်ကြတာလဲ။”
သူတို့နှစ်ယောက်၏ မျက်နှာထက်တွင် မသက်မသာဖြစ်နေသည့် အမူအရာရှိနေသည်။ ကြက်ဖမ်းရင်း ခြေထောက်ထိခိုက်မိသွားတဲ့အကြောင်း ပြောပြလိုက်သင့်လား။
အောင်းကျစ်ဖျင်က ရှက်ရွံ့စွာဖြင့် ဟဲယွမ်၏ ပုခုံးကြားထဲ ခေါင်းဝှက်ထားလေသည်။
ဟဲယွမ်က ချောင်းခပ်ဖွဖွဆိုးပြီးနောက် ပြောလိုက်သည်။ “ကြက်ဖမ်းရင်း မတော်တဆဖြစ်တာ။”
ကျောက်ကျဲ့က ဘယ်ပြန်ညာပြန်ကြည့်လိုက်သည်။ “ကြက်က ဘယ်မှာလဲ။”
ဟဲယွမ်က မျက်နှာကို တစ်ဖက်လှည့်လိုက်သည်။ “ကြက်က ဖမ်းမမိခဲ့ဘူး။”
ကျောက်ကျဲ့။ “....”
ဒီတော့ ကြက်ဖမ်းမမိဘဲ ကိုယ့်ဘာသာကိုယ် ထိခိုက်အောင်ပဲလုပ်ခဲ့မိတာပေါ့။
ရှန်းတန်က အလောတကြီးပြောလိုက်သည်။ “မြန်မြန်သွားရအောင်၊ မကြာခင် မိုးကြီးတော့မှာ။”
ကျောက်ကျဲ့က အောင်းကျစ်ဖျင်ကို လက်လွှဲကာ သယ်လိုက်ပြီး သူတို့ အမြန်ပြန်ထွက်ခဲ့ကြသည်။
သို့သော် သူတို့တောထဲက မထွက်နိုင်သေးသည့်အချိန်မှာပဲ မိုးစတင်ရွာသွန်းခဲ့သည်။
မိုးက အလွန်ကြီးသဖြင့် သူတို့လေးယောက်က မိုးရေတွေစိုကုန်ကာ ကြွက်စုတ်လေးတွေနှင့် တူသွားခဲ့သည်။
မြင်ကွင်းတွေ မရှင်းတော့သဖြင့် တောအုပ်ထဲကနေ ထွက်ရန် ခက်ခဲနေသည်။
ရှန်းတန်က မျက်နှာထက်က မိုးရေတွေကိုသုတ်ပြီး အဝေးတစ်နေရာက ဂူတစ်လုံးကို ညွှန်ပြလိုက်သည်။ သူမက အော်ပြောလိုက်သည်။ “ဟိုမှာ မိုးသွားခိုရအောင်။”
ထိုအချိန်တွင် တစ်ဖက်က ယာယီတဲစခန်းတွင်ရှိနေသည့် ဟော်ရင်ရင်နှင့် ကျိုးဟောက်၏ဘဝကလည်း လွယ်ကူမနေပေ။ ယာယီတဲလေးက မိုကြီးလေကြီးဒဏ်ကို မခံနိုင်ခဲ့ပေ။
ကံကောင်းချင်တော့ ကယ်ဆယ်ရေးအိတ်ထဲတွင် အိပ်ရာအိတ်များပါသည်။ သူတို့နှစ်ယောက်က ခေါင်းလေးသာဖော်ထားကာ အိပ်ရာအိတ်ထဲ ဝင်နေနေကြသည်။
“အမလေး သနားစရာလေးတွေ။”
“ချီးထုတ် ပရိုဂရမ်အဖွဲ့က ရာသီဥတု မစစ်ဆေးထားဘူးလား။”
“အခုအခြေအနေအတိုင်းဆိုရင်တော့ မိုးတိတ်ဖို့ မလွယ်လောက်ဘူး။”
ဆဲဆိုနေသည့် မှတ်ချက်များကိုမြင်ကာ ဒါရိုက်တာက ငိုချင်နေလေသည်။
သူက ယခုရှိုးကို အောင်မြင်စေချင်သော်လည်း ယခုနည်းလမ်းနှင့်တော့ မဟုတ်ပေ။
သို့သော် မကောင်းရာမှ ပိုဆိုးရွားသွားခဲ့သည်။
သိပ်မကြာခင်တွင် ဆိုးရွားလှသည့်ရာသီဥတုအခြေအနေကြောင့် ပင်လယ်ထဲထွက်လို့မရကြောင်း ဝန်ထမ်းတစ်ဦးက သတင်းလာပို့ခဲ့သည်။
ဆိုလိုရင်းက ယခုအချိန်တွင် ကျွန်းပေါ်က ဧည့်သည်များအား သွားရောက်ကယ်ဆယ်လို့ မရသည့် အခြေအနေ ဖြစ်သည်။
ဒါရိုက်တာက မြေပေါ်ဆောင့်ကြောင့်ထိုင်ပြီးနောက်တွင် ကျန်ရှိနေသည့်ဆံပင်တွေကို စိတ်ညစ်ငြူးစွာဆွဲလိုက်သည်။ “အား...။”
သတင်းကြားသည့်လူတွေက ပူဆွေးကုန်ကာ မြင်သည့်လူတွေက ငိုကုန်ကြလေသည်။
“အခု ဘယ်လိုလုပ်ကြမလဲ။” ဝန်ထမ်းတစ်ဦးက မေးလိုက်သည်။
“ငါ ဘယ်သိမှာလဲ။”
ယခုတော့ တရားဝင်ကယ်ဆယ်ရေးအသင်းကို ဆက်သွယ်ရန်သာ ရှိတော့သည်။
ဂူထဲ ဝင်ခဲ့သည့် ရှန်းတန်တို့၏ ဘဝကလည်း လွယ်ကူမနေပေ။
ရေစိုအဝတ်တွေက ကိုယ်ခန္ဓာတွင် ကပ်နေကာ လေအေးတိုက်မှုကြောင့် ခိုက်ခိုက်တုန်နေကြသည်။
ယခုလို ဆက်ဖြစ်နေပါက လူတိုင်း အအေးမိကုန်မည်ဖြစ်သည်။
ကံကောင်းချင်တော့ ယခုဂူက ခြောက်သွေ့နေကာ တိရိစ္ဆာန်အကြီးကြီးတွေ နေထားပုံလည်းမရပေ။ မိုးခိုဖို့အတွက် နေရာကောင်းဖြစ်သည်။
ရှန်းတန်က ကောင်းကင်ကိုကြည့်ကာပြောလိုက်သည်။ “ရှင်တို့ ဒီမှာ စောင့်နေ၊ ကျွန်မနဲ့ ကျောက်ကျဲ့ ရင်ရင်တို့ကို သွားခေါ်ဦးမယ်။”
ကျောက်ကျဲ့က ဘာမှမပြောခဲ့သော်လည်း ဟဲယွမ်နှင့် အောင်းကျစ်ဖျင်က ရှက်ရွံ့နေသည်။
အောင်းကျစ်ဖျင်က နောင်တရနေလေသည်။ “အကုန်လုံး ကျွန်တော့်ကြောင့်ဖြစ်ရတာပါ။”
ဟဲယွမ်က ထရပ်လိုက်သည်။ “ဒါမှမဟုတ် ကျွန်တော် လိုက်ရမလား။”
သူ၏တုန်ယင်နေသည့်ခြေထောက်တွေကြည့်ပြီးနောက် ရှန်းတန်က ခေါင်းခါပြလိုက်သည်။ “ဒီမှာပဲ နေခဲ့ပါ၊ ကျွန်မတို့ မကြာခင်ပြန်လာပါ့မယ်။”
စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးသည့်နောက်တွင် သူတို့နှစ်ယောက်က မိုးရေထဲထွက်သွားခဲ့သည်။
အပြန်လမ်းက ခက်ခဲသည်။ အကယ်၍ ရှန်းတန်၏ မှတ်ဉာဏ်စွမ်းအားသာ မကောင်းပါက ထိုမိုးလေဖြင့် လမ်းပျောက်နိုင်သည်။
မိုးအနည်းငယ်တိတ်သွားမှသာ ရှန်းတန်က စိတ်အေးစွာ သက်ပြင်းချလိုက်မိသည်။
ယာယီတဲစခန်းတွင်ကျန်ခဲ့သည့် တိုက်ရိုက်ထုတ်လွင့်သည့် ကင်မရာဟာလည်း မိုးကြောင့်ပျက်စီးသွားပြီဖြစ်သည်။ ပင်လယ်ရေတွေလည်း မြင့်တက်နေကာ လှိုင်းလုံးများ ကမ်းခြေကို အားဖြင့် ရိုက်ခတ်နေသဖြင့် မြင်ကွင်းက ကြောက်ဖို့ကောင်းလှသည်။
ဟော်ရင်ရင်က စိတ်ပူပန်စွာဖြင့် အိပ်ရာခင်းအိတ်ကို တင်းကြပ်စွာ ဖက်ထားသည်။
ရှန်းတန်ကိုမြင်တော့ သူမက ချက်ချင်းပင် မျက်ရည်များ ကျလာခဲ့သည်။
“အူဝါး အစ်မတန်တန် ကျွန်မ အရမ်းကြောက်တာပဲ။”
ရှန်းတန်က သူမရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ “မကြောက်နဲ့ အခု လာခေါ်ပြီလေ၊ စောနကပဲ ဂူတစ်လုံး တွေ့ခဲ့တယ်၊ အခု အဲမှာ ခဏနားရအောင်၊ ရိုက်ကူးရေးအသင်းက မကြာခင် လာကယ်မှာပါ။”
ဟော်ရင်ရင်က တရှုံ့ရှုံ့ဖြင့် လေးလံစွာ ခေါင်းငြိမ့်ပြခဲ့သည်။
မိုးက မည်မျှကြာအောင်ရွာမည်ကိုမသိသဖြင့် လူတိုင်းက သယ်နိုင်သမျှ အကုန်သယ်သွားကြလေသည်။
ထိခိုက်ထားသည့် ကျိုးဟောက်ကို ကူတွဲပေးနေသည့် ကျောက်ကျဲ့က ခွန်အားသိပ်မကျန်တော့ပေ။ ဟော်ရင်ရင်က အရေးပေါ်ပစ္စည်း နှစ်အိတ်ကိုသာ သယ်နိုင်သည်။
ရှန်းတန်က ခေါင်းပေါ်တွင် ဒယ်အိုးကို သယ်ထားပြီး နောက်ကျောတွင် အရေးပေါ်ပစ္စည်းနှစ်အိတ်ကိုလွယ်ထားကာ ဟော်ရင်ရင်၏ အိတ်နှစ်လုံးကို ကူသယ်ပေးဖို့ ပြင်လိုက်သည်။ “အစ်မ သယ်ပေးမယ်၊ အစ်မက သန်မာပါတယ်။”
ဟော်ရင်ရင်က မပေးခဲ့ပေ။ “ကျွန်မ သယ်နိုင်ပါတယ်။”
“ငါ တကယ် အားရှိတာပါ။”
သက်သေပြရန်အတွက် ရှန်းတန်က ဟော်ရင်ရင်ကို လက်တစ်ဖက်တည်းဖြင့် ခါးကနေ ချီမ လိုက်လေသည်။
ဟော်ရင်ရင်က မျက်လုံးများပြူးသွားခဲ့သည်။ “!!!”
ကျိုးဟောက်နှင့် ကျောက်ကျဲ့ကလည်း ထိတ်လန့်အံ့ဩကာ ပါးစပ်များဟသွားခဲ့သည်။
သူ တကယ်ပဲ ဒီလောက် သန်မာတာလား။ အမျိုးသားသရုပ်ဆောင်တွေတောင် အမျိုးသမီးသရုပ်ဆောင်တွေကို ယခုလို လက်တစ်ဖက်တည်းဖြင့် မချီနိုင်ပေ။
ရှန်းတန်က ပြုံးလိုက်သည်။ “အခု ယုံပြီလား၊ အမြန်သွားရအောင်။”
ညရောက်ခါနီးအချိန်တွင် သူတို့အုပ်စုက ဂူသို့ပြန်ရောက်ခဲ့သည်။
ထို့နောက် ဂူထဲတွင် မီးမွှေးခဲ့သည်။
ရှန်းတန်က အံ့ဩသွားခဲ့သည်။ “အံ့ဩစရာပဲ။”
ဟဲယွမ်က ခေါင်းကုတ်လိုက်သည်။ “ဂူထဲမှာ သစ်ကိုင်းခြောက်တွေ ရှိနှင့်နေပြီးသား၊ ကြည့်ရတာ အရင်က လူနေဖူးတယ်ထင်တယ်၊ အကုန်လုံး အဝတ်တွေစိုနေတော့ အမြန်အဝတ်လဲကြလေ။”
ကံကောင်းချင်တော့ အရေးပေါ်ပစ္စည်းအိတ်တွေထဲတွင် အဝတ်အစားများစွာ ရှိသည်။ အဝတ်အစားလဲပြီးနောက် သူတို့က မီးပုံဘေးတွင် အနွေးဓာတ်ရအောင် ထိုင်ပြီးမှ သက်ပြင်းချလိုက်ကြသည်။
တိုက်ရိုက်ထုတ်လွှင့်သည့် ပစ္စည်းများ ပျက်စီးကုန်ပြီးသည့်နောက်တွင် အောင်းကျစ်ဖျင်၏ ဘေးရှိ ပစ္စည်းတစ်ခုသာ အလုပ်လုပ်တော့သည်။
ဖြစ်ပျက်သမျှကို အပြင်လောကက သိနိုင်ရန်အတွက် လိုင်းအခြေအနေ ကောင်းမကောင်းကို သူတို့ မသိပေ။
ဟော်ရင်ရင်က တိုက်ရိုက်ထုတ်လွှင့်သည့် ကင်မရာကိုကြည့်ကာ လက်ဝေ့ယမ်းပြလိုက်သည်။ “ဟဲလို ဟဲလို အသံကြားရလားရှင့်။”
ရုပ်သံဖလင်က အနည်းငယ်လှုပ်ခတ်သွားခဲ့ကာ ဟော်ရင်ရင်က စိတ်လှုပ်ရှားသွားခဲ့သည်။ “ဒီမှာ မိုးအရမ်းကြီးပြီး သောင်တင်နေတာကြောင့် လာကယ်တင်ပေးကြပါဦး။”
သူမ စကားပြောပြီးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်သည့် ပစ္စည်းက မီးခိုးတွေထွက်ကာ အောက်ပြုတ်ကျသွားခဲ့သည်။
ဟော်ရင်ရင်။ “....”
သူမက တောင့်တင်းသွားခဲ့သည်။ “ဒါလည်း ပျက်သွားပြီ၊ ရိုက်ကူးရေးအဖွဲ့က မြင်တော့မြင်မှာပါနော်။”
ကျိုးဟောက်လည်း စိတ်ဓာတ်ကျလုနီးပါဖြစ်နေသည်။ ပထမဆုံး သူ့ခြေထောက်ထိခိုက်ခဲ့ပြီးနောက်တွင် မုန်တိုင်းဖြင့်ကြုံခဲ့သည်။ ယခုတော့ တိုက်ရိုက်ထုတ်လွှင့်သည့်ပစ္စည်းအားလုံး ပျက်ယွင်းကုန်ကာ အပြင်လောကနှင့် အဆက်အသွယ် မရှိတော့ပေ။
“အား။” ကျိုးဟောက်က ငိုသံဖြင့် အော်လိုက်သည်။
ဟော်ရင်ရင်က ထိတ်လန့်သွားခဲ့သည်။ “ဘာဖြစ်တာလဲ။”
ကျိုးဟောက်၏ မျက်လုံးများက နီရဲနေသည်။ “ငါတို့ ဒီမှာတော့ ဆာလောင်ပြီး မသေပါဘူးနော်။”
ရှန်းတန်က ဝတ္ထုဇာတ်လမ်းကို ပြန်တွေးလိုက်သည်။ ဝတ္ထုထဲတွင် ရသစုံရိုက်ကူးရေးက နာမည်ကြီးအောင်မြင်သွားသည်ဟုသာ ဖော်ပြထားကာ အသေးစိတ်ကို မပြောထားပေ။
သူမရဲ့ ခန္ဓာကိုယ်က တောင့်တင်းသွားခဲ့သည်။ ဒီရသစုံရှိုးမှာဖြစ်တဲ့ မတော်တဆမှုကြောင့် အောင်မြင်သွားတာများလား။
လူတိုင်း၏ စိတ်ဓာတ်ကျနေသည့်အသွင်ကိုမြင်တော့ ရှန်းတန်က နှစ်သိမ့်ပေးလိုက်သည်။ “အားလုံးပဲ စိတ်မပူကြပါနဲ့၊ မကောင်းတာတွေဖြစ်မှာ မဟုတ်ပါဘူး၊ ကျွန်မတို့နေရာက တော်တော်မြင့်တဲ့ အမြင့်ပိုင်းမှာ ရှိတာကြောင့် ရေကြီးရင်တောင် ဂူမမြုပ်နိုင်ဘူး၊ နောက်နှစ်ရက်၊ သုံးရက်အတွက် ရေနဲ့ စားစရာတွေ ကျန်သေးတာပဲ၊ ပြီးတော့ ရိုက်ကူးရေးအဖွဲ့က ကျွန်မတို့ကို ဒီမှာ ပစ်မထားပါဘူး၊ သူတို့ လူတွေရှာပြီး လာကယ်မှာပါ။”
ရှန်းတန်၏ အကျိုးအကြောင်းဆီလျော်သည့်စကားကြောင့် လူတိုင်းက စိတ်သက်သာရာ ရသွားခဲ့သည်။
မည်သူမှ အန္တရာယ်မကြုံသဖြင့် ရသစုံရှိုးက အောင်မြင်ခဲ့ကြောင်းကို သူမ မပြောခဲ့ပေ။ အကယ်၍ ထိခိုက်မှုရှိခဲ့ပါက ရသစုံရှိုးကို ထုတ်လွှင့်ပြသမည် မဟုတ်ပေ။
ဟော်ရင်ရင်က သဘောတူစွာ ခေါင်းငြိမ့်ပြခဲ့သည်။ “အစ်မရှန်းတန်ပြောတာ မှန်တယ်၊ အခု ကျွန်မတို့ လုပ်သင့်တာက ကောင်းကောင်းစားပြီး ကောင်းကောင်းအနားယူပြီး အားပြန်ဖြည့်ဖို့ပဲ။”
အောင်းကျစ်ဖျင်က လက်တစ်ဖက်ဖြင့် ခါးကိုင်ထားပြီး နောက်လက်တစ်ဖက်ကိုမြှောက်ကာ ပြောလိုက်သည်။ “ရှင်းယောင်အင်တာတိန်းမန့်ရဲ့ စီအီးအိုက ကျွန်တော့်အဖေလို့ပြောရင် ယုံကြမလား။”
“ခွီး...။”
ဟဲယွမ်က သူ့ပုခုံးကို ပုတ်လိုက်သည်။ “ဒီမှာဘရို မင်းရဲ့ မိတ်ဆွေတွေကိုပဲ အရူးလုပ်လို့ရမယ်၊ ကိုယ့်ဘာသာကိုယ် အရူးလုပ်လို့ မရဘူး။”
သူတို့က မျိုးရိုးနာမည်ပင် မတူချေ။
ရှန်းတန်က သူ့ကို မယုံသင်္ကာကြည့်ခဲ့သည်။
မှန်သည်။ သူမက ရှင်းယောင်အင်တာတိန်းမန့်နှင့် စာချုပ်ချုပ်ထားသည့် အနုပညာရှင်ဖြစ်ကာ ယခင်က သူဌေးဝမ် ရည်ညွှန်းခဲ့သည့်လူက သူဖြစ်နိုင်မည်လား။
ရှန်းတန်၏အတွေးတွေက မပြတ်မသားဖြစ်နေသည်။
အောင်းကျစ်ဖျင်က ခေါင်းကုတ်လိုက်သည်။ “အမှန်အတိုင်း ပြောတာပါ၊ ကျွန်တော်သာ ဒီမှာရှိနေရင် ကျွန်တော့်မိဘတွေက သေချာပေါက် လူလွှတ်ပြီး ရအောင် ကယ်လိမ့်မယ်။”