အခန်း ( ၂၇ ) - တောင်ကို အားကိုးတဲ့သူတွေက တောင်ပြိုကျရင် သူတို့ပါ အတူပါသွားပြီး ဘာမှ လုပ်ကိုင်တတ်မှာ မဟုတ်ဘူး။
"ကောင်းပြီလေ မင်းတို့တွေပဲ ဆက်ဆော့ကြတော့၊ ဦးလေးက ကုမ္ပဏီသွားရတော့မယ်။" ကုဟွိုက်အန်းက ရှောင်ရွှိုက်၏ ဆံပင်ကိုဖွပြီး ပြောလိုက်သည်။
ရှန်းတန် ခပ်မြန်မြန် မေးလိုက်သည်။ "ရှင် စားပြီးပြီလား။"
"မနက်စာကို ပြောချင်တာလား နေ့လည်စာကို ပြောချင်တာများလား။"
ထိုအခါမှ ရှန်းတန်က မနက်ဆယ်နာရီကျော်နေပြီဖြစ်ကြောင်း သတိထားမိတော့သည်။ ဤ အလုပ်သရဲ ကုဟွိုင်အန်း အလုပ်ကို ဤမျှနောက်ကျမှသွားမည်ကို သူမ အံ့ဩသွားရသည်။ သူ၏ အလုပ်သရဲဟူသော ပုံစံက ပျက်စီးသွားပုံပင်။
ကုဟွိုင်အန်း ထွက်သွားချိန်တွင် ရှောင်ရွှိုက်က လက်သီးဆုပ်ပြီး ဝမ်းပန်းတသာ အောင်ပွဲခံလေသည်။ "နောက်ဆုံးတော့ ရေခဲတောင် ဦးလေး ထွက်သွားပြီကွ၊ အစ်မ ဘာလို့ သူနဲ့ ပေါင်းနေသေးတာလဲ။"
ရှန်းတန် ဘယ်လိုတုံ့ပြန်ရမလဲမသိ၍ အသံတစ်ခုသာ လုပ်ပြလိုက်သည်။
သူက ချမ်းသာလို့ဆိုပြီး ပြောလိုက်ရမလား။
ဒါဆို အရမ်းကို ငွေမက်သလို ဖြစ်သွားမှာပေါ့။
ဒါပေမဲ့ သူမက တကယ် ပိုက်ဆံကြိုက်တာပဲလေ။
"သားရဲ့ ဦးလေးက ချောမောပြီး ချမ်းသာတယ်လေ ဟားဟားဟား၊ ဒီအကြောင်း မပြောကြရအောင်ပါ၊ သားတို့ ဂိမ်းဆက်ဆော့ချင်သေးလား။" ရှန်းတန် မေးလိုက်သည်။
"ဟုတ်ကဲ့။"
ကုမ္ပဏီကိုရောက်၍ အရေးတကြီး အလုပ်များကို လုပ်ပြီးနောက်တွင် ကုဟွိုင်အန်းက ဂိမ်းထဲသို့ဝင်လိုက်သည်။
ဂိမ်းပွဲအချို့ကို ဆက်တိုက်ကစားခဲ့သော်လည်း သူ၏ ဂိမ်းကစားနိုင်စွမ်းက ဆိုးရွားလွန်းလှသဖြင့် အဆက်မပြတ်ရှုံးနိမ့်သွားပြီး အဖွဲ့သားများထံမှ ဆဲဆိုခံရကာ ရီပို့တင်ခံရ အမှတ်များပင် လျော့သွားခဲ့ရသည်။
ကုဟွိုင်အန်း။ "....."
သူ လက်ထောက်ကန်းကို ခေါ်လိုက်သည်။ "မင်း King of Glory ဘယ်လိုကစားရလဲသိလား။"
လက်ထောက်ကန်းမှာ နားကြားလွဲသွားသည်ဟု ထင်သွားခဲ့ရသည်။ "King of Gloryလား။"
"ဟုတ်တယ်။"
"ဘယ်လိုကစားရမလဲ သိပေမဲ့ အချိန်မရှိလို့ တစ်ခါတစ်လေမှပဲ ကစားဖြစ်ပါတယ်။" သူ့မှာ အလုပ်များလွန်း၍ဟု ပြော၍ ရပေသည်။
"ငါ့ကို ဘယ်လိုကစားရမလဲဆိုတာ သင်ပေးဖို့ တစ်ယောက်ယောက် ရှာပေး။"
လက်ထောက်ကန်းမှာ ကုဟွိုင်အန်း အပမှီခံရလိုက်ရပြီဟုပင် ထင်မိသွားရသည်။
သို့သော်လည်း ဥက္ကဋ္ဌကုက သင်ချင်သည်ဆိုမှတော့ သူ့ဘက်က ဆရာကောင်းတစ်ယောက် ရှာပေးမှ တော်ကာ ကျပေမည်။
ဤသို့ဖြင့် လက်ထောက်ကန်းလည်း ချန်ပီယံအဖွဲ့၏ နည်းပြတစ်ယောက်ကို ဖိတ်ကြားလိုက်လေတော့သည်။
ရှန်းတန်က ထိုကိစ္စနှင့် ပတ်သက်ပြီး ဘာမှမသိခဲ့ပေ။ သူမက King of Glory ကစားပြီး ကလေးနှစ်ယောက်၏ အောင်အောင်မြင်မြင် ကစားနိုင်ခဲ့သဖြင့် ညီအစ်ကို နှစ်ယောက်ပင် ရခဲ့သေးသည်။
ဂိမ်းစွဲမည်ကို ကာကွယ်ရန်အတွက် ကလေး နှစ်ယောက်တွင် ဂိမ်းကစားချိန်က အကန့်အသတ်ရှိနေသည်။
ဂိမ်းကစားပြီးနောက်တွင် သူတို့နှစ်ယောက်က အတန်းတက်ရဦးမည်ဖြစ်သည်
ဤသည်က ရှန်းတန်တစ်ယောက် လူချမ်းသာများ၏ ကလေးများ၏ ဘဝကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ ထိုကလေးများတွင် တက်စရာ သင်တန်းများစွာ ရှိနေပေသည်။
ရှန်းတန်ကဲ့သို့ အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်ပင် သူတို့ကိုကြည့်ပြီး ပင်ပန်းရသော်လည်း ကလေးနှစ်ယောက်က အပြစ်တင်ငြူစူခြင်းအလျင်း မရှိဘဲ ကစားချိန်တန်လျှင် ပျော်ပျော်ကြီး ကစား၍ စာလေ့လာချိန်တွင် အသေအချာ လေ့လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း ရက်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီး ရှန်းတန် ရိုက်ကူးရေးစမည့်နေ့ကိုပင် ရောက်လာခဲ့သည်။
ရှောင်မေ့က ရှန်းတန်၏ အင်္ကျီကို ဆွဲထားပြီး တွန့်ဆုတ်စွာ ပြောလိုက်သည်။ "အစ်မ ဘယ်တော့ပြန်လာမှာလဲဟင်။"
ရှောင်ရွှိုက်ကလည်း ခွဲခွာရန် တွန့်ဆုတ်နေသော အကြည့်များဖြင့် ကြည့်နေသည်။
"အစ်မလည်း မသိသေးဘူးရယ်၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ အစ်မ ညဘက်အလုပ်ပြီးတာနဲ့ သမီးတို့နှစ်ယောက်လုံးကို ဂိမ်းထဲမှာ rank တင်ပေးမယ်။"
ရှောင်ရွှိုက် ချက်ချင်း ပြုံးသွားသည်။ "အစ်မက အရမ်းကောင်းတာပဲ၊ ဦးလေးနဲ့ မတူဘူး၊ သူကလေ…"
"ဦးလေးက ဘာဖြစ်လဲ။"
ထိုမေးခွန်းကို မေးလိုက်သူ၏ အသံက ဦးလေးဆိုသူ ပိုင်ဆိုင်သော အသံဖြစ်သဖြင့် ရှောင်ရွှိုက်လေးခင်ဗျာ ချက်ချင်း ပါးစပ်ပိတ်သွားခဲ့သည်။
ကုဟွိုင်အန်း ရှန်းတန်ကို ကြည့်လိုက်သည်။ "ကိုယ်မင်းကို ရိုက်ကွင်းကို လိုက်ပို့ပေးမယ်။"
ရှန်းတန် ငြင်းဆန်ချင်ပါသော်လည်း ကားများအားလုံးက ကုဟွိုင်အန်းက ပိုင်ဆိုင်သည်ဖြစ်၍ ကွာခြားမှု မရှိကြောင်း သတိပြုလိုက်မိသည်။
ရှူးဂါးဒယ်ဒီကြီးက တစ်ခုခုပြောစရာရှိလို့ အတူသွားဖို့ ခေါ်တာဆို ဘယ်လိုလုပ်မလဲ။
ကားထဲရောက်သည်နှင့် ကုဟွိုင်အန်းက စကားမပြောတော့ပေ။ ရှန်းတန် ကုဟွိုင်အန်းကို အကြိမ်ရေ အနည်းငယ် ကြည့်လိုက်သော်လည်း တစ်ဖက်လူက ပြောစရာမရှိသည့်ပုံပင်။
"ဟို... ကျေးဇူးတင်ပါတယ်။" ရှန်းတန် ပြောလိုက်သည်။
"လမ်းကြုံလို့ပါ။"
ရှန်းတန်က "အိုး..."ဟုသာ ပြန်လည်တုန့်ပြန်လိုက်တော့သည်။
ရှေ့တွင် ကားမောင်းနေသည့် ဒရိုင်ဘာက နောက်ခန်းကို လှည့်မကြည့်ဘဲ မနေနိုင်တော့ချေ။ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသော နေရာနှစ်ခုကို 'လမ်းကြုံသည်'ဟု ပြော၍ ရသလား သူနားမလည်တော့ပေ။
နောက်ခန်းတွင်တော့ တိတ်ဆိတ်မှုတို့ ပြည့်နှက်နေသည်။
ကုဟွိုင်အန်း ခဏမျှတွေးပြီးမှ ပြောလိုက်သည်။ "မင်းကို တစ်ယောက်ယောက်က အနိုင်ကျင့်ရင် ကိုယ့်ကိုပြောလို့ရတယ်။”
ကုဟွိုင်အန်း လတ်တလောတွင် ဝေ့ပေါ်ကို ဒေါင်းလော့ဒ်လုပ်ထားခဲ့သည်။ မတိုင်ခင်က ရှန်းတန်၏ ဂုဏ်သတင်းက သိပ်မကောင်းဟုသာ သိထားခဲ့သော်လည်း ယခုတွင် ထိုသူများက သူမကို ကြမ်းတမ်းစွာ ဆဲဆိုအပြစ်တင်နေကြသည်ကို သိခဲ့ရသည်။
ရှန်းတန်က နာမည်ရလာရန် Cp များ ဖန်တီးခဲ့သည်မှာ မငြင်းနိုင်သည့် အမှန်တရား ဖြစ်သော်လည်း ထိုကိစ္စများအားလုံးကို သူမကိုယ်တိုင် ပြုလုပ်ခဲ့ခြင်း မဟုတ်ချေ။
ထို့အပြင် ထိုလူများက အပြာဆန်သော ဓာတ်ပုံ အတုများကို ဖန်တီးပြီး ဖြန့်ချိနေသည်မှာ လွန်လွန်းလှချေသည်။ ထို့ကြောင့် ထိုသူများကို တရားစွဲရန်အတွက် သက်သေများ စုဆောင်းထားပြီး ရှေ့နေအဖွဲ့ပင် ပြင်ထားခဲ့ပြီးပြီ ဖြစ်သည်။
ဤသည်က ရှန်းတန် ထိုကဲ့သို့သော စကားများကို ကြားဖူးသည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။ သူမ မိဘမဲ့ဂေဟာတွေနေခဲ့ရသည့်ဘဝက မလွယ်ကူလှဘဲ ကလေးများက အုပ်စုဖွဲ့၍ အချင်းချင်း အနိုင်ကျင့်ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။
ရှန်းတန် ငယ်စဉ်ကတည်းက တောင်ကို မှီခိုသည့်လူများက တောင်ပြိုလျှင် ထိုတောင်နှင့်အတူ လိုက်လံလဲပြိုကျပြီး လူကို မှီခိုသူများက ထိုလူထွက်သွားလျှင် စွန့်ပစ်ခံရမည်ဖြစ်သဖြင့် သူမကိုယ်သူမ မှီခိုခြင်းက အခြားသူများကို မှီခိုခြင်းထက် ပိုကောင်းကြောင်း နားလည်ခဲ့သည်။
မည်သူကမှ သူမကို ဤကဲ့သို့ စကားမျိုး တစ်ခါမှ မပြောခဲ့ဖူးပေ။
ရှန်းတန် ဂရုမစိုက်ဟန်ဆောင်သည့် အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။ "ဘယ်သူမှ ကျွန်မကို အနိုင်မကျင့်ပါဘူး။"
သူမ၏ ထိုအပြုံးကိုမြင်ချိန်တွင် ကုဟွိုင်အန်း၏ ရင်ထဲတွင် ရုတ်တရက်ဆိုသလို စူးအောင့်သွားရသည်။
"မင်းက ကုအုပ်စုရဲ့ သခင်မကုဖြစ်နေပြီ၊ ဒီရာထူးရဲ့ တာဝန်တွေကို ဖြည့်ဆည်းနေချိန်မှာ ဒီရာထူးကပေးတဲ့ အကျိုးအမြတ်တွေကို ခံစားလို့ရတယ်၊ မင်း အကူအညီလိုရင် ကိုယ့်ကို တိုက်ရိုက်ဆက်သွယ်ရင် ဆက်သွယ်၊ မဆက်သွယ်ရင် လက်ထောက်ကန်းကို ဆက်သွယ်လိုက်။"
ရှန်းတန် တောင့်ခဲသွားရသည်။
သူမ ကုဟွိုင်အန်းကို သရဲဝင်ပူးနေပြီဟု သံသယဝင်သွားမိသည်။
သူ ဘာကြောင့် သူမအပေါ် အလွန်ကောင်းနေရသလဲ သူမ နားမလည်တော့ပေ။
အမှန်တကယ်ပြောရလျှင် သူ့ဘက်က ဂရုစိုက်ပေးနေစရာပင် မလိုပါချေ။
ရှန်းတန် ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ ဒါဆို ကျွန်မ ဟိတ်ဟန်ထုတ်မနေတော့ဘူးနော်။"
ထိုသို့ပြောပြီးနောက်တွင် ရှန်းတန် တိတ်ကျသွားသော်လည်း သူမ၏ စိတ်ထဲတွင် အတော်လေး ရှုပ်ထွေးနေသွားရသည်။
ရိုက်ကူးရေးလုပ်ရမည့်နေရာသို့ ရောက်ချိန်တွင် ရှန်းတန်က ပြုံး၍ ပြောလိုက်သည်။ "ရောက်ပြီ၊ ကျေးဇူးတင်ပါတယ်နော်။"
"မင်း ဒီနေ့ ကိုယ့်ကို ကျေးဇူးတင်စကားပြောတာ များနေပြီ။"
ရှန်းတန် အံ့အားသင့်သွားရသည်။ အဲ့လောက် များနေလို့လား။
"နောက်တစ်ကြိမ် ကိုယ်နဲ့ တွေ့ရင် အဲ့လောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး။"
ခရီးဆောင်အိတ်များကို ချပေးပြီးနောက်တွင် ကုဟွိုင်အန်း၏ ကားက ခပ်မြန်မြန်မောင်းထွက်သွားခဲ့သည်။
ရှန်းတန် ယွမ်ယွမ်ကို ဖုန်းခေါ်နေချိန်တွင် သူမ နောက်မှ အသံ တစ်သံ ထွက်လာခဲ့သည်။ "အကူအညီ လိုသေးလား မသိဘူး။"
သူမ လှည့်ကြည့်လိုက်ချိန်တွင် ဇာတ်ကား၏ အဓိကဇာတ်လိုက်ဖြစ်သလို ဇာတ်လိုက်မင်းသမီး၏ ပိုးပန်းသူတစ်ဦးလည်းဖြစ်သော ရှန်းရှို့ရန်ကို မြင်လိုက်ရသည်။
ရှန်းတန် လက်ခါပြလိုက်သည်။ "မလိုပါဘူး၊ ရပါတယ်နော်။"
သူမ အဓိကဇာတ်ဆောင်များနှင့် မပတ်သက်ချင်ပါချေ။
"ကိစ္စမရှိပါဘူး၊ ကျွန်တော် ကူသယ်ပေးပါ့မယ်။"
ရှန်းရှို့ရန် ခရီးဆောင်အိတ်ကို မရန် လုပ်လိုက်သော်လည်း မ'မ'နိုင်ဖြစ်နေရသည်။
သူ အံကြိတ်ပြီး ထပ်မသော်လည်း ခရီးဆောင်အိတ်က မြေပေါ်က ကြွရုံသာ ကြွလာသည်။ "အထဲမှာ ဘာတွေများ ထည့်ထားလဲ။"
ရှန်းတန် ရှက်ရွံ့စွာ ပြုံးလိုက်သည်။ "နေ့စဉ်သုံးလေးတွေပါပဲ။"
ထို့နောက်တွင် လက်တစ်ဖက်စီတွင် ခရီးဆောင်အိတ် တစ်ခုစီ သယ်ရင်း လမ်းလျှောက်ထွက်သွားတော့သည်။
ရှန်းရှို့ရန် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ "....."
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် ရှန်းတန် ရပ်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။ "ရှင် လိုက်မလာဘူးလား။"
"လာပါပြီ။" ရှန်းရှို့ရန် အံကြိတ်ရင်း ပြန်ဖြေလိုက်သည်။
နှစ်ယောက်သား ဟော်တယ်လော်ဘီထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာခဲ့ကြသည်။ အထဲတွင် ကြိုရောက်နေသောလူများ ရှိနေကြပြီး လူတိုင်းက ဇာတ်ပို့များသာ ဖြစ်ကြပြီး ထိုနှစ်ယောက်ကို မြင်သည်နှင့် ချက်ချင်း မတ်တတ်ထပြီး နှုတ်ဆက်လာကြသည်။
ရှန်းတန် သူမကို စိုက်ကြည့်နေသော အကြည့် တစ်ခုကို ခံစားလိုက်ရသည်။
သူမ ရှာကြည့်လိုက်ချိန်တွင် မရင်းနှီးသည့် မိန်းမတစ်ယောက် ဖြစ်ကြောင်းတွေ့လိုက်ရသည်။
ထိုမိန်းမက အားပါးတ ရပြုံးပြလိုက်သည်။ ရှန်းတန် အကြည့်လွှဲလိုက်၍ ထိုမိန်းမ မျက်ဝန်းအတွင်းရှိ မုန်းတီးစိတ်အရိပ်အယောင်တို့ကို မမြင်လိုက်ရချေ။
"ဖက်ခ်။"
ထိုအသံကိုကြားလိုက်ရ၍ လှည့်ကြည့်ချိန်တွင် ရှန်းရှို့ရန် ခရီးဆောင်အိတ်နှစ်လုံးကို မရန် ကြိုးစားနေကြောင်း မြင်လိုက်ရသည်။
သူက သူမ ခရီးဆောင်အိတ် နှစ်လုံးကို မနိုင်သည်ကိုမြင်၍ သိပ်မလေးလှဟု တွေးထားသည့်ပုံပင်။
အမှန်တကယ်တွင် ရှန်းတန် မလာခဲ့သည့် နှစ်ခုက အပေါ့ဆုံးပင် ဖြစ်သည်။ ဟီးဟီးဟီး...။