Ch 26
Viewers 7k

အခန်း ( ၂၆ ) - ရှောင်ရွှိုက်နဲ့ ရှောင်မေ့တဲ့လား။


ကုဟွိုင်အန်း ဆိုဖာပေါ်တွင်ထိုင်ပြီး အလုပ်လုပ်နေချိန်တွင် ရှန်းတန်က ပုခက်ပေါ်တွင်ခွေနေပြီး ဖုန်းဆော့နေခဲ့သည်။


မတိုင်ခင်က နှစ်ယောက်သား သဘောတူထားခဲ့သော နှစ်ယောက်ကြားမှ အကွာအဝေးကို သုံးမီတာထားမည်ဟူသော သဘောတူချက်မှာ မည်သူမှ သတိမထားမိဘဲ တဖြေးဖြေးချင်း ပျောက်ကွယ်သွားခဲ့သည်။


သူတို့၏ လက်ရှိ ဆက်ဆံရေးတွင် ရှန်းတန်က ကုဟွိုင်အန်းမှာ ကောလဟာလများထဲကလို အေးစက်ပြီး ခင်ခင်မင်မင်မရှိသူ မဟုတ်ကြောင်း သိနေပြီ ဖြစ်သည်။ ဆန့်ကျင့်ဘက်အားဖြင့် ထိုသူက အလွန် ထောက်ထားငဲ့ညှာတတ်ကာ ဖော်ရွေတတ်သူ ဖြစ်သည်။


အထူးသဖြင့် ပိုက်ဆံနှင့်ပတ်သက်ရာတွင် သူက ရှန်းတန်က ကြွယ်ဝချမ်းသာမှုနတ်ဘုရားဖြစ်ပြီး လက်ချောင်းများကို မြှောက်လိုက်တိုင်း ငွေများ လျှံကျလာသည့် ရှူးဂါးဒယ်ဒီကြီးလည်း ဖြစ်နေသေးသဖြင့် သူမကို လျင်မြန်စွာ ချမ်းသာလာစေခဲ့သည်။


သို့သော်လည်း ပိုက်ဆံများက သူမလက်ထဲမှ ဖြတ်သွားရုံသာဖြတ်သွားပြီး လော့ချန်၏ လက်ထဲသို့ အဆုံးသတ်လေသည်။ 


ရှန်းတန် နာကျင်လွန်းသဖြင့် သူမရင်ဘတ်သူမ အုပ်ကိုင်မိသွားရသည်။ 


ထိုပိုက်ဆံများက ပိုများသည့် ပိုက်ဆံများ ဖြစ်လာမည်ဟု တွေးမိလိုက်မှသာ နေရထိုင်ရ သက်သာသွားရသည်။


လော့ချန် ပြင်ဆင်နေသော ရသစုံရှိုးအတွက် အစီအစဉ်များက အတော်လေးအဆင်ပြေနခြဲပြီး ဇာတ်လိုက်မင်းသမီးကိုပင် ဆက်သွယ်ခဲ့ပြီးပြီဖြစ်သည်။


သို့သော်လည်း ရှန်းတန်က သူမ သွားဖြေခဲ့သော လူရွေးပွဲမှ မည်သည့် ရလဒ်ကိုမှ မကြားရသေးသဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။


သူမ အွန်လိုင်းတွင် ရှာဖွေကြည့်ပြီး မရေမရာသော အချက်အလက်များစွာကိုသာ ရှာတွေ့ခဲ့သည်။


သူမ လူရွေးပွဲသွားဖြေသည့်အကြောင်းကို တင်ထားသော ဘလော့ဂါတစ်ယောက်ပင် ရှိနေပြီး သူမကို လှောင်ပြောင်သရော်နေကြသော လူအုပ်ကြီးပင် ရှိနေသေးသည်။


ရှန်းတန်က လုံးဝ ဂရုမစိုက်ချေ။ သူမ လုံလောက်အောင် အဆူအဆဲခံရပြီးဖြစ်၍ လုံးဝ မနာကျင်တော့ချေ။


ဤနယ်ပယ်တွင် လူများကို အပြစ်တင်ခြင်း ချီးကျူးခြင်းက မျက်စိတစ်မှိတ်အတွင်း ပြောင်းသွားနိုင်သည်မှာ ဓမ္မတာပင်ဖြစ်သည်။


ထို့အပြင် သူမ ပို၍ ဂရုစိုက်သည်မှာ လူရွေးပွဲ အောင်သလား မအောင်သလားဆိုသည့် အရာပင်ဖြစ်သည်။


သူမ စိုးရိမ်နေသည်ဖြစ်၍ ဟော်ရင်ရင်ကို အတွင်းသတင်း တစ်ခုခု သိမလားဟု မထိန်းနိုင်ဘဲ ဆက်သွယ်မေးမြန်းလိုက်မိသည်။


ဟော်ရင်ရင်က သူမ၏ အမြင်မပွင့်သော အစ်ကိုထံမှ ပြင်းပြင်းထန်ထန် အဆူခံခဲ့ရသည်ဟု ဆိုလာသည်။


"ညီမကတော့ အစ်မမှာ အောင်မြင်နိုင်ချေ အများကြီးရှိတယ်လို့ထင်တယ်၊ စိတ်မပူပါနဲ့။"


ဒါရိုက်တာဖြစ်သူက ငွေကြေးချို့တဲ့သူဖြစ်ပါက သရုပ်ဆောင်နှင့် ဇာတ်ညွှန်းပိုင်းတို့နှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူများထံမှ ထိန်းချုပ်ခံရမည်လား ပူပန်ရဦးမည်ဖြစ်သည်။ သို့သော်လည်း ဒါရိုက်တာက သူမ၏ အစ်ကို ဖြစ်သဖြင့် ထိုကိစ္စနှင့် ပတ်သက်ပြီး လုံးဝ စိတ်ပူစရာ မရှိချေ။


ရှန်းတန်ကလည်း သူမ၏ သရုပ်ဆောင်စွမ်းရည်ကို ယုံကြည်ချက်ရှိသဖြင့် ဟော်ရင်ရင်၏ စကားကို ကြားချိန်တွင် စိတ်သက်သာရာ ရသွားခဲ့သည်။


သို့သော်လည်း ဒါက အနည်းငယ်သာ ဖြစ်သည်။


ဝိုင်းစက်နေသည့် လမင်းကြီး ကောင်းကင်ယံတွင် ချိတ်ဆွဲနေချိန် ရှန်းတန် ညစာစားပြီးချိန်တွင် လူရွေးပွဲနှင့် ပတ်သက်သည့် ရလဒ်များက သူမ၏ ဖုန်းထဲသို့ မက်ဆေ့တစ်ဆောင်အဖြစ် ရောက်ရှိလာခဲ့သည်။


သူမ အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။ မည်သို့ပင်ဆိုစေ သူမ၏ ယခင်ဘဝ၌ ဒုတိယအမျိုးသမီးဇာတ်လိုက်အဖြစ် တစ်ကြိမ်တစ်ခါမှ သရုပ်ဆောင်ဖူးခြင်း မရှိခဲ့ချေ။


ထိုညတွင် ရှန်းတန်တစ်ယောက် ဟိုလှိမ့်ဒီလှိမ့်လုပ်ရင်း အိပ်မပျော်တော့ပေ။ သူမ ပြွတ်သိပ်နေအောင် ရေးထားသည့် ဇာတ်ကောင်များ၏ အကြောင်းကို ပြန်လှန်ကာ ဖတ်နေမိသည်။


ဂရုထဲတွင်လည်း အလွန်အမင်း တက်ကြွနေခဲ့သည်။ ချီယွဲ့ အပါအဝင် ရှန်းတန် ရသစုံရှိုး၌တွေ့ခဲ့သော သူငယ်ချင်းများအားလုံးက သူမကို ဂုဏ်ပြုစကားဆိုနေကြသည်။


ဇာတ်လမ်းတွဲ၏ တရားဝင်ဝေ့ပေါ်အကောင့်ကလည်း တက်ကြွလှုပ်ရှားနေသည်။ ကြည့်စရာပင်မလိုဘဲ ကောမန့်များက ဆိုးရွားနေမည်ဟု သူမ သိပြီးသားဖြစ်သည်။


လူတိုင်းကို ဝေ့ပေါ်မကြည့်ပါဟု ကတိပေးခဲ့သော်လည်း ရှန်းတန် စိတ်မထိန်းနိုင်ဘဲ တစ်ချက်ခိုးကြည့်လိုက်မိသည်။


ထင်ထားသည့်အတိုင်း ကောမန့်များတွင် မူရင်းဝတ္ထု၏ ဖန်များက ရှန်းတန်ကို အပြစ်ဆိုနေကြပြီး လူလဲပေးပါရန် တောင်းဆိုနေကြသည်။


ရှန်းတန် အနည်းငယ် ဝမ်းနည်းသွားရသော်လည်း သူမ နားလည်ပါသည်။


သူမ ဘာမှ ပြန်မပြောခဲ့ချေ။ ယခုအချိန်တွင် သူမ ပြောသမျှက အသုံးမဝင်ဖြစ်နေမည်သာဖြစ်သည်။


ယခုအချိန်တွင် အကောင်းဆုံးသော ဖြေရှင်းနည်းက ဇာတ်လမ်းတွဲကို ထုတ်လွှင့်သည့် အချိန်ကို စောင့်ရန်သာဖြစ်သည်။


ထိုအကြောင်းကိုတွေးပြီး သူမ အိပ်မပျော်တော့ပေ။ ထို့ကြောင့် ရိုက်ကူးရေးအဖွဲ့ထဲမဝင်ခင် ရက်အနည်းငယ်သာ လိုတော့သဖြင့် ခရီးဆောင်အိတ်ကို စတင်ထုတ်ပိုးလိုက်သည်။


ရိုက်ကူးရေးအဖွဲ့က ရိုက်ကွင်းကိုပိတ်၍ ရိုက်ကူးကြမည်ဖြစ်သဖြင့် ရိုက်ကူးနေတုန်း ထွက်သွား၍မရသဖြင့် ပစ္စည်းများစွာကို ယူသွားမှရမည်ဖြစ်သည်။


ရှန်းတန် ကောင်းကင်ကြီးစတင် လင်းလာချိန်အထိ ခရီးဆောင်အိတ်များကို ထုတ်ပိုးနေခဲ့ပြီး နောက်ဆုံးတွင်မှ အိပ်ပျော်သွားခဲ့သည်။


သူမ နေ့လည်ခင်းအထိပင် အိပ်နေခဲ့လိုက်သည်။ ရီဝေဝေဖြင့် အောက်ထပ်ကို ဆင်းလာချိန်တွင် ဧည့်ခန်းထဲ၌ ကောင်မလေးနှင့် ကောင်လေး ကလေး နှစ်ယောက်က ဆော့ကစားနေကြောင်း မြင်လိုက်ရသည်။


သူမ ကုဟွိုင်အန်းကိုကြည့်ပြီး လွှတ်ခနဲမေးမိလိုက်သည်။ "ရှင့်ကလေးတွေလား။"


[ဟေး.. ကလေးတွေက သူနဲ့ အတော်လေး တူတယ်နော်၊ သူ့ရဲ့ သွေးသားရင်းကလေးတွေပဲ ဖြစ်ရမယ်။]


ကုဟွိုင်အန်း ခဏမျှ ရပ်တန့်သွားရသည်။ "ဒါ ကိုယ့်အစ်မရဲ့ ကလေးတွေ၊ နိုင်ငံခြားကနေ ဒီကို ခဏပြန်လာပြီး အိမ်မှာ နေကြမှာ၊ ရှောင်ရွှိုက်နဲ့ ရှောင်မေ့ အန်တီလို့ ခေါ်လိုက်ကြဦး။"


"အန်တီ။"


"မင်္ဂလာပါ အန်တီ။"


ကလေးနှစ်ယောက်က အလွန်လိမ္မာကြသည့်ပုံပင်။


ထိုအခါမှ ရှန်းတန်လည်း အပြည့်အဝ နိုးလာပြီး မျက်လုံးပွင့်လာတော့သည်။ 


ရှောင်ရွှိုက်နဲ့ ရှောင်မေ့တဲ့လား။ ဒီနာမည်တွေက ကုမိသားစုနဲ့ လုံးဝ မလိုက်ဖက်သလိုပဲနော်။


ကုဟွိုင်အန်း သူ့နှာနုရိုးသူ ဖိလိုက်မိသည်။ "အဲဒါ သူတို့ဘာသာ သူတို့ ရွေးထားတဲ့ နာမည်တွေလေ၊ သိပ်မကြာခင်ကြရင် ပြန်ပြောင်းသွားကြမှာပါ၊ သူတို့ရဲ့ နာမည်အရင်းတွေက ကုအန်းရန်နဲ့ ကုဝူယန်ပဲ။"


ရှန်းတန်က အလန့်လွန်းပြီး သေမလိုပင် ဖြစ်သွားရသဖြင့် သူမ၏ ရင်ဘတ်လေးကို အုပ်ကိုင်လိုက်မိသည်။


ဤနာမည်များက သူမ ငယ်စဉ်က အဖြစ်အပျက်များကို ပြန်လည် သတိရသွားစေမိသည်။


သူမ ငယ်စဉ်က လိပ်ပြာလေးများကို အလွန်သဘောကျသဖြင့် သူမနာမည်ကို လိပ်ပြာမင်းသမီးလေးဟု ပြောင်းချင်ခဲ့သော်လည်း ကံကောင်းစွာဖြင့် သူမ အမေက မပြောင်းပေးခဲ့ပေ။


ကုဟွိုင်အန်းက ရုတ်တရက် ထရယ်လိုက်သည်။ ရှန်းတန် အနည်းငယ် ပဟေဠိဖြစ်သွားရသည်။ သူ ဘာတွေရယ်နေတာလဲ။


နေစမ်းပါဦး။ မဟုတ်သေးပါဘူး၊ ကုဟွိုင်အန်းမှာ အစ်မရှိတယ်တဲ့လား။


ရှန်းတန် ဇာတ်ကြောင်းကို သေချာပြန်တွေးလိုက်သော်လည်း ဝတ္ထုထဲတွင် ကုဟွိုင်အန်း မိသားစုနှင့် ပတ်သက်၍ အသေးစိတ် ရေးသားထားခြင်း မရှိချေ။


သူမလို မူလဇာတ်ကောင်မဟုတ်သူကြောင့် အပြောင်းအလဲများ ရှိလာသည်ဖြစ်၍ မူလဇာတ်ကြောင်းကို အပြည့်အဝ ယုံကြည်၍ မရတော့သည်မှာ သဘာဝပင် ဖြစ်သည်။


ထို့အပြင် ဤကမ္ဘာရှိလူတိုင်းက အသက်ရှူနေကြသော သက်ရှိလူသားများ ဖြစ်သည်မဟုတ်ပါလော။


သူမ ဤကမ္ဘာတွင်နေတာကြာလာလေလေ ပို၍စိတ်ရှုပ်ထွေးလာလေလေဖြစ်ကာ လက်တွေ့ဘဝလား စာအုပ်လောကလားဟု မခွဲခြားနိုင်ဖြစ်လာရသည်။


သူမကို ဇာတ်ကြောင်းကို ပြီးပြည့်စုံအောင်ပြုလုပ်ရန် တွန်းအားပေးနေသော ဇာတ်ကြောင်းနတ်ဘုရားလည်း မရှိသလို လူတိုင်းက လူအစစ်များလို အသွေးများ အသားများ ရှိနေကြသည်။ ရှန်းတန်က ဤသည်မှာ အစစ်အမှန်ကမ္ဘာတစ်ခုဟု ခံစားနေရသည်။


ကလေးနှစ်ယောက်လုံးက အလွန်ကြည့်ကောင်းကြသည်။ ရှန်းတန်က ကလေးများနှင့် တည့်ရှုသူဖြစ်သဖြင့် ခဏအတွင်း ရင်းနှီးသွားခဲ့ကြလေသည်။


သို့သော်လည်း ရှန်းတန်က အလွန်ငယ်ရွယ်နေသေးသည်ဖြစ်၍ ကလေးနှစ်ယောက်က သူမကို အန်တီဟုဆက်ခေါ်ရန် ခေါင်းမာမာဖြင့် ငြင်းဆိုခဲ့ကြပြီး အစ်မဟု ပြောင်းခေါ်ခဲ့ကြသည်။


ရှန်းတန်က အတော်လေး ပျော်နေပါသော်လည်း ကုဟွိုင်အန်းက ထိုကိစ္စကို သိပ်ကျေနပ်မှုမရှိပေ။


ခဏကအောင် ဆော့ကစားပြီးနောက်တွင် ရှောင်ရွှိုက် (ခ) ကုဝူယန်က ဖုန်းကို ထုတ်လိုက်သည်။ "အစ်မ၊ အစ်မ King of Glory ကစားလား။"


"ကစားတာပေါ့။"


"ဒါဆို အတူကစားရအောင်လေ။"


"ဒါပေါ့လို့၊ ဒီအစ်မကြီးက မင်းကို ပျံသန်းဖို့ ခေါ်သွားပေးမယ်။"


မူလက ရှန်းတန်မှာ သူမတို့၏ ဂိမ်းအဆင့်များ မတူမည်ကို စိုးရိမ်နေခဲ့သော်လည်း ရှောင်ရွှိုက်က Kingအဆင့်တွင် ရှိနေသည်ကိုမြင်၍ အံ့ဩသွားခဲ့ရသည်။


"ဝိုး၊ အရမ်းတော်တာပါပဲလား။"


ရှောင်ရွှိုက်က ခါးကိုဆန့်လိုက်ပြီး ဂုဏ်ယူနေသည်ကို ထိန်းမရသောအပြုံးဖြင့် ပြောလာသည်။ "သာမန်ပါပဲ။"


"ရှောင်မေ့ရော မဆော့ချင်ဘူးလား။" ရှန်းတန် မေးလိုက်သည်။


ရှောင်မေ့ ခေါင်းခါပြသည်။ "ကိုကိုက သမီးကို သူနဲ့အတူ ဆော့ခွင့်မပေးဘူး။"


"ကိစ္စမရှိဘူး၊ အတူဆော့ရအောင်ပါ၊ အစ်မနဲ့အတူ ဆော့။" ထိုသို့ပြောပြီးနောက်တွင် ကုဟွိုင်အန်းကိုကြည့်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "ရှင်ရော အတူဆော့မလား။"


"ကောင်းပြီလေ။"


ရှန်းတန်။ "!!!"


သူမ မေးရုံမေးကြည့်တာလေလို့။


အမှန်အတိုင်းပြောရလျှင် ဤဘစ်ဘော့စ်ကြီး ဂိမ်းကစားလျှင် မည်သို့ပုံပေါက်နေမလဲ သူမ သိချင်မိသည်။


သို့သော်လည်း ကုဟွိုင်အန်းက အရာရာတိုင်းတွင်တော်သဖြင့် ဂိမ်းကစားရာတွင်လည်း ချွင်းချက် မဟုတ်လောက်ပေ။


တစ်ဖက်မှ ရှောင်ရွှိုက်က စကားပြောရန် တုံ့ဆိုင်းနေပုံပေါက်သည်။


ရှန်းတန် ကုဟွိုင်အန်းအတွက် ဂိမ်း ဒေါင်းလော့ဒ်ဆွဲပေးလိုက်ပြီး အပေါ်ယံရှင်းပြလိုက်ကာ ဂိမ်းအခန်းတစ်ခုထဲသို့ အကုန်လုံးကို ဆွဲသွင်းလိုက်သည်။


သူမ မြောင်မြောင်ကိုပါ ထည့်ချင်သော်လည်း ကံဆိုးစွာဖြင့် တစ်ဖက်လူက လိုင်းပေါ်တွင် မရှိချေ။


လေးယောက်သား ကျပန်းကစားသမားတစ်ယောက်ဖြင့် အဖွဲ့ဖွဲ့လိုက်သည်။


သိပ်မကြာခင်တွင် ကုဟွိုင်အန်း၏ ဂိမ်းကစားရန်အတွက် ပါရမီမှာ သုညနီးနီးသာရှိကြောင်း ရှန်းတန် သိလိုက်ရတော့သည်။


သူမပင် မကယ်နိုင်သေးမီ သူက သေချည်းသေနေသည်။


ရှန်းတန်။ "....."


ရှောင်ရွှိုက် သက်ပြင်းချလိုက်သည်။ "တွေ့လား၊ သူ့ကို မခေါ်သင့်ဘူးဆိုတာ သား သိနေတယ်။"


ရှန်းတန် သူ့ကို စိုက်ကြည့်လိုက်သည်။ နင်လည်း အလိုတူအလိုပါပဲလေ။ စောစောစီးစီးက ဘာလို့ မပြောတာလဲ။


သို့သော်လည်း သူမ အမှန်တကယ် စိတ်ထဲမထားပါချေ။ အဆုံးတွင် ဂိမ်းဆော့ရခြင်း၏ မူလရည်ရွယ်ချက်က ပျော်ရွှင်ရန်သာဖြစ်သည်။ သူတို့က ဂိမ်းကစားနေခြင်းဖြစ်ပြီး ကစားခံနေရခြင်း မဟုတ်ချေ။


ကုဟွိုင်အန်း၏ လက်ချောင်းများ ရပ်တန့်သွားပြီး သူ့ဇာတ်ကောင်က ထပ်သေသွားပြန်သည်။


ရှန်းတန် နှစ်သိမ့်လိုက်သည်။ "အဆင်ပြေပါတယ်၊ ခံစစ်ပဲ ကစားကြတာပေါ့၊ အခြေစိုက်စခန်းထဲက မထွက်နဲ့တော့။"


"အမ်း။"


ကံကောင်းစွာဖြင့် သူတို့အဖွဲ့ထဲတွင် အားနည်းသည့်လူမှာ တစ်ယောက်တည်း ရှိသဖြင့် နောက်ဆုံးတွင် အနိုင်ရသွားခဲ့သည်။


ရှောင်ရွှိုက် မဝံ့မရဲမေးလိုက်သည်။ "ဦးလေး၊ ဆက်ဆော့ဦးမှာလား။"


"ဒါပေါ့။"


ရှောင်ရွှိုက်၏ မျက်နှာလေး အိုကျသွားသည်။ သူ ငြင်းချင်ပါသော်လည်း မငြင်းရဲချေ။


"ဘာလဲ၊ မဆော့စေချင်လို့လား။"


"သား မလုပ်ရဲပါဘူး။" ရှောင်ရွှိုက် နှုတ်ခမ်းလေးထော်လိုက်သည်။


"မလုပ်ချင်တာ မဟုတ်ဘဲ မလုပ်ရဲတာဆိုတော့ ဦးလေးကို မဆော့စေချင်ဘူးဆိုတဲ့ သဘောပဲ မဟုတ်လား။"


ရှောင်ရွှိုက်။ "....."


ရှောင်ရွှိုက် ရှန်းတန်၏ လက်မောင်းကို ဖက်တွယ်လိုက်သည်။ "အန်တီ ကြည့်ပါဦး၊ ဦးလေးက သားကို အနိုင်ကျင့်နေတယ်။"


ရှန်းတန် ကုဟွိုင်အန်းကိုကြည့်ပြီး ကိုးရိုးကားရားဖြစ်သွားရသည်။ ပြောရမည်ဆိုလျှင် သူမက ဤကလေးများ၏ အစစ်အမှန် အန်တီတစ်ယောက် မဟုတ်ပေ။


ထို့အပြင် ဤကလေးက အတော်လေး စိတ်ဝင်စားစရာကောင်းလှသည်။ သူမကို မလိုအပ်ချိန်က အစ်မဟုခေါ်ပြီး လိုအပ်ချိန်တွင် အန်တီဟု လာခေါ်နေသည်။ ကျွတ် ကျွတ်....။