Ch 25
Viewers 7k

အခန်း ( ၂၅ ) - လူ့သဘာဝ


ထိုညတွင် ရှန်းတန်က သူ၏ ညီအစ်မများကိုခေါ်ပြီး ပုံမှန်အတိုင်း ဂိမ်းကစားလေသည်။ သူမ၏ တိုက်ခိုက်ပုံက ပြင်းထန်လွန်း၍ အပြစ်တင်ပြောဆိုမှု အချို့ကို ခံလိုက်ရသည်။ ရှန်းတန်တွင် အမြှီးလေးရှိနေလျှင် ယခုအချိန်တွင် ကောင်းကင်အထိပင် ဆန့်တန်းနေတော့မည် ဖြစ်သည်။ 


သူမ နောက်ထပ် ဂိမ်းတစ်ပွဲ ထပ်ဆော့ရန် ပြင်လိုက်ချိန်တွင် ရုတ်တရက်ဆိုသလို တံခါးခေါက်သံထွက်ပေါ်လာသည်။ 


ရှန်းတန် တံခါးဖွင့်ကြည့်ချိန်တွင် ရေချိုးတဘက်သာ ပတ်ထားသော ကုဟွိုင်အန်းကို မြင်လိုက်ရသည်။ သူ့ဆံပင်ထဲတွင် မပြောင်စင်သေးသော ခေါင်းလျှော်ရည်များပင် ရှိနေသေးသည်။ ရေစက်များက သူ့ရင်ဘတ်မှတဆင့် အောက်ပိုင်းသို့ တဖြေးဖြေး လိမ့်ဆင်းနေသည်။ ကံဆိုးစွာဖြင့် အောက်ပိုင်းမြင်ကွင်းကို တဘက်ဖြင့် တင်းကြပ်စွာ ကာရံခံထားရသည်။ 


[အရမ်း ဆက်ဆီကျတာပဲ၊ ဆက်ဆီကျလွန်းလို့ သေမှာ မကြောက်ဘူးလား မသိဘူး]


[ညဘက်ကြီး ဒီလောက် နောက်ကျမှ ဘာလို့ ရောက်လာရတာလဲ၊ ငါ့ကို မြှူစွယ်မလို့များလား]


[ဟားဟား ကိုယ့်လူရေ၊ ကျွန်မဆိုတာက ရှင် မရနိုင်တဲ့ မိန်းမတစ်ယောက်ဖြစ်လာဖို့ ကံကြမ္မာပါပြီးသားနော်]


အဆိုပါ အတွေးများအားလုံးကို ကြားလိုက်ရသော ကုဟွိုင်အန်း : "....."


ရှန်းတန်ကို မကောင်းတာ တစ်ခုခုများ ပူးကပ်နေလားပဲ။


သူ ရှင်းပြလိုက်သည်။ "အောက်ထပ်မှာ ရေချိုးလို့ မရတော့လို့ပါ၊ အားနာပေမဲ့ ရေချိုးခန်းကို သုံးလို့ရမလား မသိဘူး။"


ဝတ္ထုများထဲမှ ဇာတ်ကွက်မျိုး အပြင်ဘက် ကမ္ဘာကြီးထဲတွင် ရှိလာမည်ဟု သူလည်း မထင်မိခဲ့ချေ။


"အိုး... ရပါတယ် လာခဲ့လေ။" ရှန်းတန်က အများကြီး မတွေးဘဲ သူ့ကို ဝင်ခွင့်ပေးလိုက်သည်။ မည်သို့ပင်ဆိုစေ သူ့တွင် သူမကို လိမ်ညာရန် အကြောင်းပြချက်မရှိ၍ဖြစ်သည်။


ထို့အပြင် ဤသည်က သူတို့နှစ်ယောက် အခန်းတစ်ခုတည်းတွင် အတူရှိနေရသည့် ပထမဆုံးအကြိမ်လည်း မဟုတ်ချေ။


 သို့သော်လည်း သူမ အနည်းငယ် ပဟေဠိဖြစ်နေဆဲ ဖြစ်သည်။ ဗီလာထဲမှ ရေချိုးခန်းက နှစ်ခုတည်းရှိတာများလား၊ မဖြစ်နိုင်လောက်ပါဘူး။


ရေချိုးခန်းထဲမှ ရေများစီးကျနေသံ ထွက်ပေါ်လာသည်။ 


ရှန်းတန်တစ်ယောက် အနည်းငယ် အာရုံပျက်သွားပြီး ဂိမ်းဆော့နေရင်း အမှားများစွာကို ဆက်တိုက်ပြုလုပ်ခဲ့မိသည်။


ချိုမြိန်တဲ့ ကြောင်ပေါက်လေးက မနေနိုင်ဘဲ မေးလိုက်မိသည်။ "အစ်မ နေမကောင်းလို့လားဟင်။"


ရှန်းတန် အသိပြန်ဝင်လာပြီး သူမကိုယ်သူမ တဏှာကြီးလှချေလားဟု ဆူပူလိုက်တော့သည်။ ယောက်ျားများဆိုသည်မှာ ဂိမ်းကစားရာတွင် အနိုင်ရရှိနှုန်းကို သက်ရောက်မှုရှိစေသော လူများသာ ဖြစ်ပေသည်။


သူမ မိုက်ကိုဖွင့်ပြီး ပြန်ဖြေလိုက်သည်။ "ဘာမှ မဖြစ်ပါဘူး၊ နည်းနည်း အာရုံပျက်သွားရုံလေးပါ၊ နောက်တစ်ခေါက်ကျရင် ကောင်းကောင်း ကစားပါ့မယ်။"


နှစ်ယောက်သား ရင်းနှီးလာကတည်းက ရှန်းတန်တစ်ယောက် ဂိမ်းကစားရာတွင် မိုက်ကိုဖွင့်၍ စဆော့တော့သည်။


ဘာကြောင့်လဲ မသိသော်လည်း မြောင်မြောင်၏ အသံနှင့် ရင်းနှီးနေသည်ဟုခံစားရသော်လည်း မည်သူလဲဟု မမှတ်မိဖြစ်နေရသည်။


မြောင်မြောင်ကလည်း သူမနှင့် ထပ်တူ ခံစားရသည်ဟု ပြောခဲ့သည်။


သူတို့က ယေဘုယျအားဖြင့် မိန်းကလေးများ၏ အသံများ ဆင်တူကြသည်ဟု မှတ်ယူလိုက်ကြသည်။ 


လေးလေးနက်နက် ဆော့နေသော ရှန်းတန်က မည်သူမှ အနိုင်မယူနိုင်သည့်လူအဖြစ် ပြောင်းလဲသွားပြီး ဂိမ်းပွဲကို ပြောင်းပြန်လှန်ပစ်တော့သည်။


အဖွဲ့အခန်းထဲ ရောက်ချိန်တွင် မြောင်မြောင်က တိုးတိုးလေး မေးလာသည်။ "အစ်မ အခု အစ်မအခန်းထဲမှာ တစ်ယောက်ယောက် ရေချိုးနေတာလား။"


ရှန်းတန် ပြန်မဖြေနိုင်ခင် ကုဟွိုင်အန်းက ရေချိုးခန်းထဲမှ ခေါင်းကို ရေသုတ်ရင်း ထွက်လာသည်။


"ကျေးဇူးပဲ၊ ကိုယ်ရေချိုးလို့ပြီးသွားပြီ။"


တစ်ဖက်မှ မြောင်မြောင်က တအံ့တသြ ပင့်သက်ရှိုက်လိုက်မိသည်။


ကုဟွိုင်အန်း ထွက်သွားသည်ကို ကြည့်ပြီးနောက်တွင် ရှန်းတန် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။"


"ဘာမှ မဟုတ်ပါဘူး၊ အခု ကြားလိုက်ရတဲ့လူရဲ့ အသံက နည်းနည်းရင်းနှီးနေလို့ပါ။"


မြောင်မြောင် တွေးလိုက်မိသည်။ ကောင်းမွန်သည့် အသံများက များသောအားဖြင့် ဆင်တူကြသည်။ သူမ ထင်နေသည့်လူ မဟုတ်လောက်ပါချေ။


နှစ်ယောက်သား ရှန်းတန် အနားမယူခင်အထိ အကြိမ်ရေ နည်းနည်း ဆော့လိုက်ကြသည်။


ရှန်းတန် တစ်ညလုံး ကုဟွိုင်အန်း ရေချိုးနေသည်ကို အိပ်မက်မက်ခဲ့သည်။ ထိုသူ၏ ခန္ဓာကိုယ် အပေါ်ပိုင်းက ဗလာကျင်းနေပြီး ထင်ရှားသည့် ရင်အုပ်ကြွက်သားများနှင့် ဝမ်းဗိုက်ကြွက်သားများကို ဖော်ပြထားသည်။ သူမ၏ အကြည့်များ တဖြေးဖြေး အောက်ဆင်းသွားပြီး စိတ်ကြွစရာ တစ်ခုခုကိုမြင်ခါနီးတွင် ရုတ်တရက် သူမ လန့်နိုးသွားခဲ့သည်။


ရှန်းတန်။ "....."


သူမ ဒေါသထွက်ထွက်ဖြင့် ခေါင်းအုံးကို ရိုက်ချလိုက်သည်။


"အား၊ သေစမ်း။"


နည်းနည်းလေးပဲ၊ နည်းနည်းလေးပဲဆိုရင် မြင်ရတော့မှာကို။


လူရွေးပွဲဖြေရမည့်နေ့က ခပ်မြန်မြန် ရောက်ရှိလာခဲ့သည်။


ရှန်းတန် ကုမ္ပဏီအဆောက်အဦးကို အစောရောက်လာခဲ့သော်လည်း သူမထပ် စော၍ ရောက်လာသော သရုပ်ဆောင်အချို့ရှိနေခဲ့သည်။


သူမကို မြင်ချိန်တွင် သူတို့အားလုံး အနည်းငယ် အံ့ဩသွားကြသည့် အမူအရာများ ပြသလာကြသည်။


ရှန်းတန်လည်း နံပါတ်စဉ်စာရွက်ကိုယူပြီး ထောင့်တစ်နေရာတွင်သွားထိုင်၍ ဇာတ်ညွှန်းကို ဆက်ဖတ်နေလိုက်သည်။


လူရွေးပွဲအခွင့်အရေးက သူမအတွက် အလွန်အရေးကြီးသဖြင့် အမှားလုပ်မိ၍ မဖြစ်ချေ။


ကံဆိုးစွာဖြင့် သူမက ပြဿနာကို မရှာသော်လည်း ပြဿနာကတော့ သူမကို လာရှာခဲ့လေသည်။


"အိုး၊ ဒါ လူလိမ် မဟုတ်လား၊ ဘာလို့ လိမ်လည်မှု မကျုးလွန်ဘဲ လူရွေးပွဲလာဖြေနေရတာလဲ။"


ရှန်းတန် ခေါင်းမော့ပြီး သူမရှေ့မှ မိန်းမကို ကြည့်လိုက်သည်။ "ဆောရီး၊ ရှင်က ဘယ်သူများလဲ။"


ထိုမိန်းမက ဒေါသကြောင့် ပေါက်ကွဲလုနီးနီးဖြစ်သွားခဲ့သည်။ "ရှန်းတန်၊ နင် ဟန်ဆောင်မနေစမ်းနဲ့၊ နင့်အဖွဲ့က ငါ့ရုပ်ရည်ကို မကောင်းပြောပြီး ငါ့ CP ကို ဆွဲချခဲ့တာ၊ ဒါကို နင်က အခု ငါဘယ်သူလဲဆိုတာ မသိဘူးတဲ့လား။"


ရှန်းတန် အသေအချာ တွေးသော်လည်း ထိုမိန်းမကို မမှတ်မိသေးချေ။


သူမ ရိုးရိုးသားသား ပြောလိုက်သည်။ "ငါ မကောင်းပြောပြီး ပြဿနာတက်အောင်လုပ်ခဲ့တဲ့လူတွေက အများကြီးဆိုတော့ နင်ဘယ်သူလဲဆိုတာ ငါတကယ်မမှတ်မိဘူးရယ်။"


ရိုးသားမှုက လူသတ်နိုင်သည့် အကွက်တစ်ခုပင်။ ထိုစကား ထွက်လာသည်နှင့် ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်တရက်ကြီး တိတ်ကျသွားခဲ့သည်။


အဆိုပါ မိန်းမကလည်း ရှန်းတန် ထိုသို့ ပြန်ဖြေလာမည်ဟု မထင်ထားခဲ့သဖြင့် နေ့တစ်ဝက်မျှ တိတ်ကျသွားရသည်။


"....."


ခိုးနားထောင်နေကြသောလူတိုင်းလည်း အားပါးတရ မရယ်ချပစ်မိရန် သူတို့၏ ဘဝတွင် ကြုံတွေ့ခဲ့ရသော ဝမ်းနည်းစရာကိစ္စများကို ဦးနှောက်ကို ခြစ်ထုတ်၍ စဉ်းစားနေကြတော့သည်။


"ဟမ့်၊ နင့်ဘာသာ မှတ်မိသည်ဖြစ်စေ မမှတ်မိသည်ဖြစ်စေ ငါပြောလိုက်မယ်၊ နင် ဒီဇာတ်ကောင်ကို မရစေရဘူး။" ထိုမိန်းမလည်း ဒေါသထွက်သွားပြီး မကောင်းသည့် စကားအချို့ပြော၍ ထွက်သွားတော့သည်။


ရှန်းတန် ပခုံးတွန့်လိုက်ပြီး ဂရုစိုက်မနေတော့ချေ။


သူမ၏ သရုပ်ဆောင်စွမ်းရည်ကို အတော်လေး ယုံကြည်ချက် ရှိနေဆဲ ဖြစ်သည်။ ဆယ်နှစ်ကြာအောင် အရောင်တင်လာခဲ့ပြီးပြီဖြစ်ပြီး သူမတွင် လစ်လပ်နေသည်မှာ အခွင့်အရေးများသာ ဖြစ်သည်။


ခဏအကြာတွင် ပတ်ဝန်းကျင်တွင် တီးတိုးစကားသံများ ထွက်ပေါ်လာခဲ့သည်။ ရှန်းတန် ထိုသူများကို ဂရုစိုက်မနေဘဲ ကိုယ်ပိုင်အတွေးကမ္ဘာထဲတွင် နစ်မြုပ်နေလိုက်သည်။


ခဏအကြာတွင် လူရွေးပွဲ စတင်လေသည်။ လူတိုင်း နံပါတ်စဉ်အလိုက် တစ်ယောက်ပြီး တစ်ယောက် အခန်းထဲ ဝင်သွားကြသည်။


ပြန်ထွက်လာသည့် လူတိုင်း၏ အမူအရာက သိပ်မကောင်းလှသဖြင့် ကျန်နေသည့်လူများကို အလွန်အမင်း ယုံကြည်ချက်ရှိသွားစေခြင်း သို့မဟုတ် အလွန်အမင်း စိုးရိမ်မိခြင်းတို့ ဖြစ်သွားစေသည်။


ရှန်းတန် စိတ်ငြိမ်စေရန် အသက်ပြင်းပြင်း ရှူသွင်းနေလိုက်သည်။


ခုနက သူမကို ရန်စကားဆိုခဲ့သော မိန်းမ၏ အလှည့် ရောက်လာခဲ့လေသည်။ ထိုမိန်းမက မိနစ်အနည်းငယ်အတွင်း ပြန်ထွက်လာပြီး အလွန်မောက်မာတင်စီးနေပုံပေါက်နေသဖြင့် အောင်မြင်သွားသည့်ပုံပင်။


ထိုမိန်းမက ရှန်းတန်ရှေ့ရောက်လာပြီး ဆံပင်ကို ခါ၍ ပြောလိုက်သည် "အချိန်ဖြုန်းမနေဖို့ အကြံပေးလိုက်မယ်၊ နင် ဒီဇာတ်ကောင်ကို ရမှာမဟုတ်ဘူး။"


ရှန်းတန် ဇာတ်ညွှန်းစာအုပ်ကို ပိတ်၍ ပြောလိုက်သည်။ "အိုး..."


"ဟမ့်၊ ကြည့်နေလိုက်ပါ၊ နင် ခဏနေ ငိုရတော့မှာ။"


ထိုမိန်းမထွက်သွားပြီးချိန်တွင် ရှန်းတန်ရှိရာဆီသို့ အကြည့်များစွာ ရောက်ရှိလာခဲ့သည်။ ရှန်းတန်က အလွန်အမင်း တည်ငြိမ်နေခဲ့လေသည်။


ခဏအကြာတွင် ရှန်းတန် အလှည့်ရောက်လာလေသည်။ 


သူမ အသက်ပြင်းပြင်းရှူပြီး အခန်းထဲဝင်လိုက်သည်။


"အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မက ရှန်းတန် ဖြစ်ပါတယ်၊ ကျွန်မ အစမ်းသရုပ်ဆောင်ပြမယ့် ဇာတ်ကောင်ကတော့ ဒုတိယအမျိုးသမီးဇာတ်လိုက်ဖြစ်တဲ့ ထောင်ကျစ်ပဲ ဖြစ်ပါတယ်။"


သူမ စကားသံဆုံးသည်နှင့် ရုတ်တရက်ဆိုသလို တစ်ခန်းလုံး တိတ်ကျသွားခဲ့သည်။ ရှန်းတန်၏ စိတ်ထဲတွင် အတော်လေး စိတ်လှုပ်ရှားနေမိပြီဖြစ်သည်။


အခန်းအလယ်တွင် လူ ငါးယောက် ထိုင်နေကြသည်။ မည်သည့်တစ်ယောက်က ရင်ရင်၏ ဝမ်းကွဲလည်း သူမ မသိပေ။ ရင်ရင်က သူမ၏ ဝမ်းကွဲမှာ သရုပ်ဆောင်အရည်အချင်းမှလွဲ၍ ကျန်သည်ကို ဂရုမစိုက်ဟု ပြောထားသော်လည်း ကျန်လေးယောက်က မည်သို့ တွေးမလဲ သူမ မသိချေ။ 


ထိုလူများက အချင်းချင်း အကြည့်များ ဖလှယ်လိုက်ကြပြီး နောက်ဆုံးတွင် အလယ်တွင် ထိုင်နေသည့် ဆံပင်ရှည်နှင့် ယောက်ျားက ပြောလိုက်သည်။ "ကျေးဇူးပြုပြီးတော့ ထောင်ကျစ်က မင်းသားကျင်း ဇာတ်လိုက်မင်းသမီးရဲ့ အဖေအတွက် သက်သေတွေကို ဖျောက်ပေးနေတဲ့အကြောင်း သိသွားတဲ့အချိန်ကို သရုပ်ဆောင်ပြပါ။"


"ဟုတ်ကဲ့။"


ရှန်းတန် မျက်လုံးမှိတ်လိုက်ပြီး သူမ မျက်လုံးပြန်ဖွင့်ချိန်တွင် အမူအရာနှင့် ကိုယ်နေဟန်ထားက ထောင်ကျစ် အသက်ဝင်လာသည့်အလား ချက်ချင်း ပြောင်းလဲသွားခဲ့သည်။


မူလက စိတ်မဝင်စားဟန်ဖြစ်နေကြသော လူများ၏ အမူအရာက ချက်ချင်း အလေးအနက်ဖြစ်လာခဲ့သည်။


ခဏအကြာတွင် ရှန်းတန် ခါးကိုင်း၍ အရိုအသေပေးလိုက်သည်။ "ကျွန်မ သရုပ်ဆောင်တာ ပြီးသွားပါပြီ၊ အားလုံးကို ကျေးဇူးတင်ပါတယ်။"


ထိုသူများက အချင်းချင်း ပြန်ကြည့်လိုက်ကြပြီး မှတ်စုစာအုပ်ထဲတွင် စာအချို့ ရေးမှတ်လိုက်ကြပေသည်။


အလယ်မှ လူက ထပ်ပြောလာသည်။ "ပြန်သွားပြီး အကြောင်းကြားချက်ကို စောင့်ပေးပါ။"


ရှန်းတန် ခေါင်းငြိမ့်ပြီး ထပ်မံ ဦးညွှတ်၍ အခန်းထဲမှ ထွက်လာလိုက်သည်။


သူမ အခန်းထဲမှထွက်လာသည်နှင့် လူတိုင်းက သူမရှိရာဆီ လှည့်လာပြီး သူမ၏ အမူအရာကို အသေးစိတ် ဂရုစိုက်၍ ကြည့်နေကြသည်။


ရှန်းတန် တည်ငြိမ်စွာ ပြန်ထွက်လာခဲ့သည်။ ဓာတ်လှေကားထဲရောက်ချိန်တွင် ရုတ်တရက်ဆိုသလို အစ်ကိုဝမ်က ဖုန်းဆက်လာခဲ့သည်။


သူမဖုန်းကို ကိုင်လိုက်ပြီးသည်နှင့် နားရွက်နှင့် ခပ်ကွာကွာတွင် ထားလိုက်သည်။ "ရှန်းတန်... မင်းမှာ လူရွေးပွဲဝင်ဖြေဖို့ အခွင့်အရေးရတာကို ကုမ္ပဏီကို မပြောဘူးပေါ့လေ၊ တစ်နေ့နဲ့ တစ်နေ့ ပိုပိုပြီး လုပ်ရဲလာပါလား။"


"အခြားသူသာ မပြောပြရင် ငါ သိမှာတောင် မဟုတ်ဘူး။"


"အခုချက်ချင်း ကုမ္ပဏီကို လာခဲ့စမ်း။"


"ရှန်းတန်၊ မင်း ငါပြောတာကိုရော နားထောင်နေရဲ့လား။"


ရှန်းတန် တည်ငြိမ်စွာ ပြောလိုက်သည်။ "အယ် လိုင်းမကောင်းဘူးထင်တယ်၊ အစ်ကိုဝမ် ဘာပြောလိုက်တာလဲဟင်၊ ဟယ်လို... ဟယ်လို...။"


ထိုသို့ပြောပြီး ချက်ချင်း ဖုန်းချပစ်လိုက်သည်။


ဟာသပဲ၊ ကုမ္ပဏီကို လုံးဝ သွားမှာ မဟုတ်ဘူးနော်။ သူတို့နဲ့ တွေ့လို့ ဘာကောင်းတာမှ ဖြစ်လာမှာ မဟုတ်ဘူး။ လူရွေးပွဲကို လက်လျှော့ဖို့ပါ ပြောရင် ပြောလိမ့်ဦးမယ်။


ပြီးတော့ အစ်ကိုဝမ်ရဲ့ ကောင်းမွန်လှတဲ့ ရည်ရွယ်ချက်တွေဆိုတာကို တစ်ပြားဖိုးမှ မယုံပါဘူးနော်။ 


ကံကောင်းစွာဖြင့် သူမ လူရွေးပွဲဖြေခဲ့ပြီးပြီဖြစ်ပြီး သူမ၏ ကိုယ်ပိုင်ဖုန်းနံပါတ်ကို ချန်ထားခဲ့ပြီးပြီဖြစ်သည်။


သို့မဟုတ်ပါက ပြဿနာ မည်မျှ တက်လာမည်မှန်း မည်သူ သိမည်နည်း။


ရှန်းတန် လော့ချန်၏နေရာသို့ရောက်ချိန်တွင် နှစ်ယောက်သား ရသစုံရှိုးအကြောင်း ဆွေးနွေးခဲ့ကြသည်။


ရှန်းတန်တွင် အတွေ့အကြုံများစွာရှိ၍ အကြံပြုချက်မြောက်များစွာကို ပြောပြခဲ့သည်။ လော့ချန်ကလည်း အားလုံးနီးပါးကို သဘောတူခဲ့သည်။


နှစ်ယောက်သားအတူ မဆုံးဖြတ်ရသေးသည့် တစ်ခုတည်းသောအရာက ဧည့်သည်စာရင်းပင် ဖြစ်ချေသည်။


ရှန်းတန်က အမျိုးသမီးဇာတ်လိုက်ကို အကြံပြုထားသည်။ လော့ချန်က ယခုအချိန်တွင် အမျိုးသမီးဇာတ်လိုက်ကို မသိသေးပေ။ သို့သော်လည်း သူမ ပါဝင်သည့် ဒိတ်တင်းရှိုးက နာမည်ကြီးလှသဖြင့် လော့ချန်က မသေချာ မရေရာဖြစ်နေခဲ့သည်။


"သူ လာမှာ မဟုတ်လောက်ဘူး ထင်တယ်။"


ထိုအချက်ကို ငြင်းဆန်နိုင်စရာ မရှိပေ။ အမျိုးသမီးဇာတ်လိုက်က အမျိုးသမီးဇာတ်လိုက်သာ ဖြစ်သဖြင့် သူမ၏ ရုပ်ရည်က ထိပ်တန်း ဖြစ်ပေသည်။


ရှန်းတန်က ဝတ္ထုကို ဖတ်ပြီးပြီ ဖြစ်သည်။ အမျိုးသမီးဇာတ်လိုက်က စိတ်ခံစားချက်နှင့် ပတ်သက်ရာတွင် စိတ်ပိုင်းဖြတ်နိုင်ခြင်း မရှိသော်လည်း အတော်လေး သဘောမနောကောင်းသူ ဖြစ်သည်။


"ကျွန်မတို့ ကြိုးစားကြည့်လို့ ရတယ်လေ၊ ကျွန်မတော့ သူ ပါမယ် ထင်တာပဲ။"


အခြားဧည့်သည်များအတွက်မူ မည်သူမျှ မလာလျှင် ရှန်းတန်ကိုယ်တိုင် ပါဝင်၍ ရပေသည်။ မည်သို့ပင်ဆိုစေ သက်သောင့်သက်သာရှိမှုက ငွေကြေးနှင့် ယှဉ်လျှင် ပမွှားလေးသာ ဖြစ်သည်။


လော့ချန်ထံ အရာအားလုံးကို လွှဲပေးပြီနောက်တွင် ရှန်းတန်က အိမ်သို့ပြန်လိုက်တော့သည်။


သူမ အိမ်ပြန်ရောက်ချိန်တွင် ကုဟွိုင်အန်းက ဆိုဖာပေါ်တွင်ထိုင်ရင်း ဖိုင်တွဲများ ထိုင်စီနေသည်ကို မြင်လိုင်ရသည်။ 


သူက သံကိုင်းတပ်မျက်မှန်ကိုတပ်ထားပြီး သူ၏ မျက်တောင်ရှည်များက အနက်ရောင်ငှက်မွေးလေးများနှယ် လှပကော့ညွတ်နေလျက်ရှိပြီး ရှပ်အင်္ကျီကို အဆုံးထိ ကြယ်သီးတပ်၍ ဝတ်ဆင်ထားကာ လူကြီးလူကောင်းအလှလေးတစ်ဦးနှင့် တူနေပေသည်။


ထိုမျှလှပသော မြင်ကွင်းလေးကိုမြင်ပြီး ရှန်းတန် တံတွေးမျိုချမိသွားသည်။


[ဝိုး... အရမ်းချောတာပဲ]


[လူကြီးလူကောင်းပုံ ဆန်ကုန်မြေလေး၊ လူအရေခြုံထားတဲ့ သားရဲကြီး ဟီးဟီးဟီး]


[နေ့တိုင်း လုံလုံခြုံခြုံ ဝတ်ထားတာ ဘာလို့လဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်သူ့ဆီကနေ ကာကွယ်နေတာလဲလို့]


ကုဟွိုင်အန်းလည်း အဆိုပါ အဆုံးမသတ်နိုင်သည့် မရိုးမဖြောင့်သော အတွေးများစွာကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာရသည်။


သူ ရှန်းတန်ကို ကြည့်လိုက်သည်။ သူမပုံစံလေးက အပြစ်ကင်းစင်ကာ ဖြူစင်ပုံပေါ်သော်လည်း အမှန်တကယ်တွင် တစ်စက်လေးမှ ဖြူစင်နေခြင်း မရှိချေ။


ရှန်းတန် ပြုံးလိုက်သည်။ "အယ်၊ ရှင် ဒီနေ့ ဒီမှာနေမှာလား။"


"ဟုတ်တယ်၊ အခုတလော အိမ်ပြန်အိပ်ဖြစ်မယ်။"


"သိပြီ။" ရှန်းတန် ကုဟွိုင်အန်းကို မကြည့်ရဲသဖြင့် အကြည့်ကို ရှောင်ဖယ်နေခဲ့သည်။


မည်သို့ပင်ဆိုစေ သူမ မက်ခဲ့သည့် အိပ်မက်က သူ့အပေါ် မလေးစားရာရောက်နေသည် မဟုတ်ပါလော။


ကောင်းကင်ဘုံကြီးရေ၊ သူမ ဒီရှူးဂါးဒယ်ဒီကြီးအပေါ် ဘာရည်ရွယ်ချက်မှ မရှိရပါဘူးနော်။ သူမရဲ့စိတ်ဆန္ဒတွေကို ရိုးရိုးသားသားလေး အလွှတ်ပေးမိတာပါ။


မည်သူမှ သူမကို ပြင်းပြင်းထန်ထန် အပြစ်တင်နိုင်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ လူသားများဆိုသည်မှာ အခြေခံ စိတ်ဆန္ဒများ၏ ထိန်းချုပ်ခံသတ္တဝါများ မဟုတ်ပါလော။