Ch 29
Viewers 7k

အခန်း ( ၂၉ ) - သံသယဖြစ်ဖွယ် ဆက်ဆံရေးကို ဖော်ထုတ်ခံရခြင်း။


ရှန်းတန် အောက်ထပ်ဆင်းလာချိန်တွင် လူတိုင်းက သူမကို အဓိပ္ပါယ်အပြည့်ဖြင့် ကြည့်နေကြောင်း မြင်လိုက်ရသည်။


ထိုသူများက ရှာဖွေမှုအများဆုံးလူစာရင်းကို မြင်ပြီးသွားကြပုံပင်။


ရှန်းတန်က သူတို့ ယုံသလား မယုံသလား မသိပေ။ မည်သို့ဆိုဆိုစေ အမှန်တရားက သူ့အလိုလို ထွက်ပေါ်လာမည်သာ ဖြစ်သည်။


ဤအသိုင်းအဝိုင်းထဲတွင် လူတိုင်း၌ အမှန်တရား၊ အမှန်တရားတစ်ဝက်နှင့် ကောလဟလများဟူ၍ ရှိသည်။


ဒါရိုက်တာ ရောက်လာခဲ့သည်။ "ငါတို့ မင်းကို စောင့်နေကြတာ၊ အရင်ဆုံး လေ့ကျင့်ကြရအောင်။"


"တောင်းပန်ပါတယ်။"


ရှန်းတန်က အလွန်ကျွမ်းကျင်ကာ ဇာတ်ကောင်ထဲသို့ ချက်ချင်း နစ်ဝင်သွားခဲ့ပြီး သူမနှင့်အတူ သရုပ်ဆောင်ကြသောသရုပ်ဆောင်များကိုလည်း ဇာတ်ကောင်စရိုက်ထဲသို့ ချက်ချင်း နစ်ဝင်သွားစေခဲ့သည်။


ဇာတ်ကွက်အနည်းငယ်အပြီးတွင် လူတိုင်းက သူမအပေါ် ထင်မြင်ချက်များ ပြောင်းလဲသွားတော့သည်။


ရိုက်ကူးရေးလုပ်နေစဉ်အတွင်း မတော်တဆ တစ်ခု ဖြစ်သွားခဲ့သည်။ ယွမ်ယွမ်၏ အမေက ရုတ်တရက် ဖျားနာလာမှုကြောင့် ဆေးရုံတက်လိုက်ရပြီး ယွမ်ယွမ်က တစ်ဦးတည်းသောသမီးဖြစ်သဖြင့် ဆေးရုံသို့ ချက်ချင်း လိုက်သွားရလေသည်။


"တောင်းပန်ပါတယ် အစ်မတန်တန်။"


သူမ ရှန်းတန်ကို ထားခဲ့ရမည်ကို အတော်လေး အပြစ်ရှိသလို ခံစားနေရသော်လည်း သူမအမေ၏ ခွဲစိတ်မှုက စွန့်စားမှုအချို့ လိုအပ်သဖြင့် စိတ်မချနိုင်ဖြစ်နေရသည်။


"အဆင်ပြေပါတယ်၊ သွားလိုက်ပါ၊ အစ်မ တစ်ယောက်တည်း ကိုင်တွယ်နိုင်ပါတယ်။" ရှန်းတန်က ယွမ်ယွမ်ကို ငွေပင်လွှဲပေးလိုက်သေးသည်။ "အန်တီ့ကို အစ်မအစား လူနာသတင်း မေးပေးပါဦးနော်။"


ယွမ်ယွမ် အတော်လေး ရင်ထဲထိသွားရပြီး မျက်ဝန်းများပင် နီရဲလာရသည်။ "ညီမ အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်။"


"အလျင်မလိုပါဘူး၊ အန်တီ သက်သာမှ ပြန်လာခဲ့ပါ။"


ယခင်ဘဝ၌လည်း ရှန်းတန်တွင် လက်ထောက်မရှိသဖြင့် ယခုတွင် အရာအားလုံးကို တစ်ယောက်တည်း ကိုင်တွယ်နိုင်နေသည်။


နောက်နေ့များတွင် လေးနက်စွာ သရုပ်ဆောင်ခဲ့ပြီး ရှာဖွေမှုအများဆုံးလူစာရင်းကိစ္စများကို စိတ်ထဲမှ ထုတ်ပစ်ခဲ့သည်။


ကုဟွိုင်အန်းက အသေအချာ ကိုင်တွယ်မည်မှန်း သူမ ယုံကြည်ပေသည်။


သူမကို အနည်းငယ် စိတ်တိုစေသောအရာမှာ ရှန်းရှို့ရန်က သူမကို အခြားလူများရှေ့တွင်ရော နောက်ကွယ်တွင်ပါ အတော်လေး ကောင်းပေးနေခြင်းပင် ဖြစ်သည်။


ဥပမာပြောရလျှင် သူမအတွက် မနက်စာယူပေးခြင်း၊ ပန်ကာအသေးလေးယူပေးခြင်း၊ အားလပ်ချိန်တိုင်း သူမနှင့် စကားပြောပေးခြင်းတို့ပင် ဖြစ်သည်။ အဓိပ္ပါယ်က သိသာလွန်းလှသည်။


သူက ဇာတ်လိုက်မကို လိုက်ပိုးရမှာ မဟုတ်ဘူးလား။


သူမဆီ ဘာလို့ လာနေရတာလဲ။


ရှန်းရှို့ရန်၏ နာမည်ဂုဏ်သတင်းက သူမထက် အလွန်မြင့်မားကျော်ကြားလှသည်။ သူက အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုနှင့် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရထားသည်။ ထိုကဲ့သို့သောလူမျိုးက သူမလို နာမည်ကြီးမင်းသမီးပေါက်စလေးအပေါ် အဘယ်ကြောင့် မျက်စိကျသွားသလဲ သူမလည်း မသိတော့ပေ။ 


သူမရဲ့ ရုပ်ရည်ကို သဘောကျလို့များလားနော် ဟားဟားဟား။


သူမတို့နှစ်ယောက်သား အတူတူရိုက်ကူးရသည့် ဇာတ်ကွက်ကများသလို သူမ၏ တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်တစ်ဖုံ ငြင်းဆန်နေမှုကို ရှန်းရှူရန်က နားမလည်ဟန်ဆောင်နေသဖြင့် အတော်လေး စိတ်အနှောင့်အယှက်ဖြစ်လာရသည်။


ထို့ကြောင့် ရှန်းတန်က သူမ ရိုက်ကူးပြီးသည်နှင့်ချက်ချင်း အခန်းသို့ပြန်သွားကာ အခြားသူများ၏ သရုပ်ဆောင်မှုကိုကြည့်ပြီး မလေ့လာဖြစ်တော့ပေ။


ယနေ့တွင်လည်း ရိုက်ကူးရေးပြီးသည်နှင့် ချက်ချင်း ပြန်ရန် ပြင်သော်လည်း မထင်မှတ်ထားစွာဖြင့် တတိယအမျိုးသမီးဇာတ်လိုက်ထံမှ တားမြစ်ခံလိုက်ရသည်။ 


ထိုမိန်းကလေးက အနည်းငယ် ရှက်ရွံ့နေလေသည်။ "အစ်မရှန်းတန်၊ အားနာပေမဲ့လေ ညီမနဲ့အတူ လေ့ကျင့်ပေးလို့ရမလားဟင်။"


"အိုး...၊ ရတာပေါ့။"


ရှန်းတန်က မိန်းကလေးများ၏ ယုတ္တိရှိသော တောင်းဆိုချက်များဆိုလျှင် ဘယ်သောအခါမှ ငြင်းဆန်လေ့ မရှိပေ။


တတိယအမျိုးသမီးဇာတ်လိုက်နာမည်က လီရှင်းဟုခေါ်ပြီး မျက်နှာသစ်လေး တစ်ယောက် မဟုတ်ပေ။


သူမ၏ မျက်နှာက အလွန်ထင်ရှားခြင်း မရှိသောကြောင့် ဒရာမာထဲတွင် မျက်နှာမဲ့အပိုဇာတ်ကောင်လေးအဖြစ် သတ်မှတ်ခံရလုနီးပါးပင်။


လီရှင်းက ရှန်းတန်ကို သူမ၏ဟော်တယ်ခန်းထဲသို့ခေါ်ပြီး သရုပ်ဆောင်လေ့ကျင့်ခဲ့ကာ လေ့ကျင့်ပြီးချိန်တွင် သန်းခေါင်ယံပင်ရောက်လုနီးသွားခဲ့ပြီဖြစ်သည်။


လီရှင်း၏ အခန်းက ရှန်းတန်၏ အခန်းနှင့် မဝေးဘဲ ထောင့်နားလေးတွင် ရှိနေသည်။


ရှန်းတန် လမ်းထောင့်စွန်းနားသို့ရောက်ချိန်တွင် ဖိတ်ခေါ်မထားပါသော ဧည့်သည်တစ်ယောက် သူမ အခန်းရှေ့သို့ ရောက်နေကြောင်း မြင်လိုက်ရသည်။


ရှန်းရှို့ရန်က လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားပြီး နံရံကိုမှီ၍ ခြေထောက်တစ်ဖက်ကို ကွေးညွှတ်ထားပြီး ခေါင်းကို ငုံ့ထားသည်။


ရှန်းတန်၏ နှုတ်ခမ်းထောင့်များ တွန့်သွားရသည်။ သူ့ကိုယ်သူ ချောတယ်လို့ တကယ်ကြီး ထင်နေတာလား။


သူမ ရုတ်တရက်ဆိုသလို စကားတစ်ခွန်းကို သတိရသွားခဲ့သည် - အဲ့နှစ်က ငါ လက်တစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားပြီး ရန်သူဆိုတာ ဘယ်လိုမျိုးလဲ မသိခဲ့ဘူး။


ထိုသို့တွေးမိပြီး ရှန်းတန် အော်ရယ်လုနီးပါးပင်။


ရှန်းရှို့ရန် ခေါင်းမော့ကြည့်လာသည်။ "တိုက်ဆိုင်လိုက်တာ။"


ရှန်းတန် အခန်းနံပါတ်ကိုကြည့်ပြီး အမူရာမဲ့စွာ ပြောလိုက်သည်။ "ရှင် ကျွန်မအခန်းရှေ့မှာ ရပ်နေတာလေ။”


ရှန်းရှို့ရန်က ရုတ်တရက်ဆိုသလို ပြုံးလိုက်ပြီး တိုက်ရိုက်မေးလာခဲ့သည်။ "အခုရက်ပိုင်းမှာ မင်းငါ့ကို ရှောင်နေတာလား။"


"ဟုတ်တယ်။"


အနားတွင် မည်သူမှ မရှိ၍ ရှန်းတန် ပွင့်ပွင့်လင်းလင်းသာ ထုတ်ပြောလိုက်သည်။ "အမှန်အတိုင်း ပြောရရင် ရှင် ကျွန်မအနား ဘာလို့ကပ်နေလဲ မသိတော့ဘူး၊ အခုတလော ရှင့်ရဲ့ အပြုအမူတွေက ကျွန်မကို အတော်လေး စိတ်ဖိစီးစေတယ်။"


ရှန်းရှို့ရန် ခပ်ဖျော့ဖျော့လေး ရယ်မောလိုက်သည်။ 


အမှန်တကယ်ဆိုလျှင် သူက အမျိုးသားဇာတ်လိုက်များထဲမှ တစ်ယောက် ဖြစ်သဖြင့် ရုပ်ရည်က ချောမောလှသည်။ 


သို့သော်လည်း ရှန်းတန်မှာ ကုဟွိုင်အန်း၏ မျက်နှာကို နေ့တိုင်းတွေ့နေရ၍ ကျင့်သားရနေပြီဖြစ်သည်။ သို့မဟုတ်ပါက ထိုသူ၏ ရုပ်ရည်ကြောင့် ဆွဲဆောင်ခံရမည်ဖြစ်သည်။ 


"ရင်နာသွားရပါပြီနော်၊ ကိုယ်မင်းကို လိုက်နေတာ သတိမထားမိဘူးလား။"


"အရမ်းကို မြောက်သွားရတယ်ဆိုပေမဲ့ လောလောဆယ် ကျွန်မ ဘယ်သူနဲ့မှ တွဲဖို့ အစီအစဉ် မရှိဘူး။"


ရှန်းတန် ခပ်ဖျော့ဖျော့လေး ပြုံးလိုက်သည်။ "ခွင့်ပြုပါဦး၊ ကျွန်မ အခန်းထဲ ပြန်ဝင်ချင်လို့ပါ။"


ရှန်းတန် သူမ အခန်းကတ်ကိုထုတ်ပြီး တံခါးဖွင့်လိုက်သည်။ သူမ အခန်းထဲဝင်လိုက်ပြီး တံခါးပိတ်ရန်ပြင်ချိန်တွင် ရှန်းရှို့ရန်က လက်ဆန့်၍ သူမကို လှမ်းတားလိုက်သည်။


သူ့ကြည့်ရသည်မှာ အနည်းငယ် ဒေါသထွက်နေပုံပင်။ "ကိုယ့်ကို အခွင့်အရေးလေးတစ်ခုတောင် မပေးချင်ဘူးလား ရှန်းတန်။"


ရှန်းတန်က လက်ထပ်ပြီးသားဖြစ်သလို ရှန်းရှို့ရန်က အမျိုးသမီးဇာတ်ဆောင်၏ အမျိုးသားဇာတ်လိုက် တစ်ဦးလည်း ဖြစ်သဖြင့် ရှန်းတန်ကို ထိုသူနှင့်အဝေးဆုံးတွင်နေရန် ဆုံးဖြတ်မိစေသည်။


"ကျွန်မ တောင်းပန်ပါတယ်။"


ရှန်းတန် သက်ပြင်းချလိုက်သည်။ "ရှင့်ကို နှောင့်ယှက်မိပြီလို့ပဲ သတ်မှတ်လိုက်ပါတော့။"


သူ လက်လွှတ်လိုက်ပြီး ရှန်းတန်က ချက်ချင်း တံခါးပိတ်လိုက်သည်။


သူမက ဤကိစ္စ ဤနေရာတွင် အဆုံးသတ်ပြီဟုထင်ခဲ့သော်လည်း နောက်ဆက်တွဲများ ရှိနေသေးလေသည်။


နောက်တစ်နေ့ ရှန်းတန် အောက်ဆင်းလာချိန်တွင် လူတိုင်းက သူမကို လှောင်ပြောင်သော၊ အတင်းပြောချင်သော၊ မယုံသင်္ကာဖြစ်သော၊ မနာလိုသော အကြည့်များဖြင့် ကြည့်နေကြောင်း မြင်လိုက်ရသည်။ 


နေစမ်းပါဦး၊ ဘာတွေ မနာလိုဖြစ်နေရတာလဲ။


လီရှင်းက သူမဆီ အပြေးရောက်လာပြီးတိတ်တိတ်လေး မေးလေသည်။ "အစ်မရှန်းတန်၊ အစ်မနဲ့ ရှန်းရှို့ရန်တို့ တွဲနေကြတာလားဟင်။"


"ဟမ်၊ မဟုတ်ပါဘူး၊ ဘာလို့မေးတာလဲ။"


"အစ်မတို့ မနေ့က အတူစကားပြောနေကြတဲ့ပုံတွေ အွန်လိုင်းပေါ်တက်လာလို့လေ။"


"အာ။"


ရိုက်ကူးရေးလုပ်နေစဉ်အတွင်း ဖုန်းမသုံးရ၍ ရှန်းတန်က လက်ရှိတွင် အွန်လိုင်းပေါ် တက်မကြည့်နိုင်ချေ။


သူမ၏ စိတ်ထဲတွင် စိုးရိမ်စရာများစွာ ရှိနေသဖြင့် ရိုက်ကူးနေစဉ်တွင် NG နှစ်ကြိမ် ရခဲ့သည်။ 


ထို့နောက်တွင် ဤသို့ ဆက်ဖြစ်နေ၍ မရတော့ကြောင်း သတိထားမိ၍ ချက်ချင်း စိတ်အခြေအနေကို ပြောင်းကာ လေးလေးနက်နက် သရုပ်ဆောင်လိုက်တော့သည်။ 


သူမ ရိုက်ကူးရေးပြီးသည်နှင့် အခန်းထဲသို့ ချက်ချင်းပြန်လိုက်ပြီး ဖုန်းကိုကိုင်လိုက်သည်နှင့် ကုဟွိုင်အန်းထံမှ ဗွီဒီယိုကောလ်တစ်ခု လက်ခံရရှိခဲ့သည်။


"မစ္စတာကု။"


"အမ်း။"


"ရှင့်မှာ ဆွေးနွေးစရာ တစ်ခုခုများ ရှိလို့လား။"


ဤသည်က နှစ်ယောက်သား ပထမဆုံး ဗွီဒီယိုကောလ် ပြောဖူးခြင်း ဖြစ်ပြီး ရှန်းတန် အနည်းငယ် သက်သောင့်သက်သာမရှိဖြစ်နေသည်။


သို့သော်လည်း ကုဟွိုင်အန်း၏ ရုပ်ချောချောကို ရက်အနည်းငယ် မမြင်ခဲ့ရ၍ ထိုရုပ်ချောချောမျက်နှာလေးကို အနည်းငယ် လွမ်းမိပါသည်။


"ရှာဖွေမှုအများဆုံးလူစာရင်းကို ကြည့်ပြီးပြီလား။"


"မကြည့်ရသေးဘူး။"


"ဒါဆို အရင်ကြည့်လိုက်ပါဦး။"


ရှန်းတန် ဗွီဒီယိုကောလ်ကို နောက်ခံအဖြစ် ထားကာ ဝေ့ပေါ် ဖွင့်ကြည့်ချိန်တွင် ရှာဖွေမှုအများဆုံးလူစာရင်း၏ တတိယနှင့် ဆဋ္ဌမနေရာက သူမနှင့် ရှန်းရှို့ရန်အကြောင်း ဖြစ်နေသည်ကို မြင်လိုက်ရသည်။


#သရုပ်ဆောင်ဆုရ မင်းသားက မင်းသမီးတစ်ယောက်နှင့် ညနက်တွင် လျှို့ဝှက်တွေ့ဆုံခြင်း#


#ရှန်းရှို့ရန်နှင့် ရှန်းတန်တို့၏ ဆက်ဆံရေး ဖော်ထုတ်ခံလိုက်ရခြင်း#


ဓာတ်ပုံက သူမနှင့် ရှန်းရှို့ရန်တို့ ဟော်တယ် လျှောက်လမ်းတွင် စကားပြောနေကြသောပုံ ဖြစ်သည်။ ရှန်းရှို့ရန်က ခေါင်းငုံ့ထားစဉ်တွင် သူမက ခေါင်းမော့နေပြီး ဓာတ်ပုံမှာ အတော်လေး ထင်ထင်ရှားရှား ရှိနေသည်။


သူမသာ ထိုဓာတ်ပုံထဲမှလူမဟုတ်လျှင် ယုံမိသွားမည်ဖြစ်သည်။


ရှန်းတန်။ "....."


အဓိပ္ပါယ်ကို မရှိဘူး၊ ဒါကြီးက လွန်လွန်းပါတယ်။


နေစမ်းပါဦး၊ ဓာတ်ပုံရဲ့ ဒီဒေါင့်က...


ရှန်းတန်၏ မျက်နှာမည်းမှောင်သွားသည်။ ထိုလူက ဤပုံကို ရိုက်ကူးထားမည်ဟု သူမ မယုံနိုင်ဖြစ်သွားရသည်။


ကောမန့်များကိုကြည့်လိုက်ချိန်တွင် ထင်ထားသည့်အတိုင်း လူတိုင်းက သူမကို ဆူပူကြိမ်းမောင်းနေကြလေသည်။


[လာပါပြီ၊ တိမ်ဖမ်းသူမကြီး၊ နောက်ကျနေပေမဲ့ အခုတော့ ပေါ်လာခဲ့ပြီ။]


[ငါတို့ကောကောကိုတောင် မမေးမစမ်းနဲ့ ဆွဲခေါ်သွားသေးတယ်၊ အမြင့်တက်ချင်တဲ့ဟာမကြီး ဝေးဝေးမှာ သွားမသေနိုင်ဘူးလား။]


[ငါ လက်လျော့လိုက်ပြီ၊ ရှန်းတန်က ယောက်ျားမရှိဘဲ မနေနိုင်တာလား။]


[အကြောင်းအရာ အပြည့်အစုံ မသိဘဲ မှတ်ချက်မပေးကြပါနဲ့။]


[အခုတော့ သက်သေအပြည့်အစုံ ဓာတ်ပုံနဲ့တကွ ထွက်လာပြီ၊ ရှန်းတန်က နာမည်ကြီးမင်းသားရှန်းရဲ့ ပေါင်လုံးကို ဖက်ထားလို့ အခုလို ဒါရိုက်တာဟော်ရဲ့ ဇာတ်လမ်းမှာ ဒုတိယဇာတ်လိုက်မအဖြစ် ရိုက်ကူးခွင့်ရတာ ဖြစ်လိမ့်မယ်၊ မဟုတ်ရင် တခြားမင်းသမီးတွေတောင် အရွေးမခံရတာကို သူက ဘာမလို့လဲ။]


[မင်းတို့တွေ ရှူးဂါးဒယ်ဒီကိစ္စကို မေ့နေကြတာလား၊ ရှန်းတန်က မယားငယ်မ မဟုတ်လောက်ပေမဲ့ အဆက်အသွယ်တော့ ရှိလောက်တယ်၊ တရားစွဲမခံချင်ရင် ကောလဟာလတွေ လျှောက်မဖွကြနဲ့။]


ယခင်တစ်ခေါက်က လူအိုကြီးတစ်ယောက်၏ မယားငယ်ဟူသော ကောလဟာလတွင် အများစုက ပို့စ်ကိုဖျက်ပြီး ဝေ့ပေါ်တွင် တောင်းပန်စကားဆိုခဲ့ကြသည်။ အချို့သော မျှော်လင့်ချက် အသေးလေးကို လက်ကိုင်ထားထားသည့်လူများမှာတော့ နောက်ဆုံးတွင် တရားစွဲခံခဲ့ရလေသည်။


ထိုလူများတွင် အချို့က ကျောင်းသားများ ဖြစ်ကြပြီး ငိုယိုကာ တောင်းပန်ခဲ့ကြလေသည်။


ထိုကိစ္စက အတော်လေးသက်ရောက်မှုရှိပြီး ရှန်းတန်၏ anti-fanများပင် ငြိမ်ကျသွားခဲ့ရသည်။


ယနေ့ကိစ္စတွင်လည်း အများစုက အပေါ်ဆန်ဆန်သာ မှတ်ချက်ပေးကြပြီး မကောင်းသည့် မှတ်ချက်များကို မပေးရဲကြပေ။


ဒေါသတကြီးဖြင့် ခုန်ပေါက်နေကြသည်မှာ ရှန်းရှို့ရန်၏ ဖန်များသာ ဖြစ်ပေသည်။


ပိုကြောက်စရာကောင်းသည်မှာ သူမတို့ကို ship နေကြသည့်လူများပင် ဖြစ်သည်။


ပို၍ ပို၍ ကြောက်စရာကောင်းသည်မှာ ထို ship နာမည်က အန်တီ (Auntie) ဟူ၍ပင်။


ရှန်းတန်၏ မျက်နှာတွင် မေးခွန်းသင်္ကေတများပင် ပေါ်လာခဲ့သည်။ ဒီ ship နာမည်က တကယ်ကြီးလားဟ။


ဒါတွေက anti တွေ မဟုတ်တာ သေချာပါတယ်နော်။