Ch 30
Viewers 7k

အခန်း ( ၃၀ ) - မင်း လုပ်ခဲ့တာလား။


ကုဟွိုင်အန်းက ရှန်းတန်၏ အမျိုးမျိုး ပြောင်းနေသော အမူအရာကိုကြည့်ပြီး အတော်လေး ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။


ဤကိစ္စက အမှန် မဟုတ်ကြောင်း သူသိပါသော်လည်း မေးချင်နေဆဲ ဖြစ်သည်။


ထို့ကြောင့် ဖုန်းခေါ်ရမည့်အစား ဗွီဒီယိုကောလ်ခေါ်လိုက်ခြင်း ဖြစ်သည်။


"ကြည့်ပြီးပြီလား။"


ရှန်းတန် မျက်မှောင်ကြုတ်လိုက်သည်။ "ဘယ်လိုတောင် အဓိပ္ပါယ်မရှိတာလဲ၊ ဒီဓာတ်ပုံက။"


သူတို့ တည်းနေသော ဟိုတယ်ကို ရိုက်ကူးရေးအဖွဲ့မှ ငှားရမ်းထားခြင်းဖြစ်ပြီး အပြင်လူများ မဝင်နိုင်ပေ။


ထို့အပြင် အချိန်နှင့်ရှုထောင့်ကိုကြည့်ခြင်းအားဖြင့် ထိုလူကို သံသယမဝင်မိစေရန် ခက်ခဲလွန်းလှသည်။


ကုဟွိုင်အန်း ဖုန်းခေါ်ထားသည်ကို ရုတ်တရက်ဆိုသလို သတိထားမိသွားပြီး သူမကို ဖောက်ပြန်နေသည်ဟု သံသယဝင်သွားသည်ဟု တွေးလိုက်မိသည်။


"ကျွန်မ ရှင်းပြတာ နားထောင်ပါဦး။"


"အင်း။"


"ကျွန်မနဲ့ သူနဲ့ ဘာပတ်သက်မှု မရှိပါဘူး၊ တကယ်ပြောတာပါ။"


"အင်း။"


ထို့နောက်တွင် ရှန်းတန်က ရှန်းရှို့ရန် မည်မျှ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းကြောင်း ကုဟွိုင်အန်းကို ညီးညူပြလေတော့သည်။


အမှန်တကယ်တွင်လည်း နှစ်ယောက်သားက ရိုက်ကူးရေးလုပ်နေစဉ်မှလွဲ၍ အဆက်အသွယ် သိပ်မရှိချေ။


ထို့ကြောင့် သူက သူမကို အမှန်တကယ် သဘောကျသည်ဟုပြောလျှင်ပင် ယုံမည်မဟုတ်ပေ။


သူက သူမနှင့်အတူ CP လုပ်ချင်နေသည်ဟု သံသယဝင်နေမိသည်။


ဤကိစ္စက ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် ဖြစ်နေကြဖြစ်သည်။ ဖြစ်နေကြအရာဟုဆိုသော်လည်း မှန်ကန်သည်ဟု မဆိုလိုပေ။


"ကျွန်မ သူ့ကို တကယ် သည်းမခံနိုင်တော့ဘူး သိလား၊ သူ့ဦးနှောက်ပျက်နေတာလားလို့တောင် ထင်နေမိတယ်။"


တစ်ယောက်ယောက်ကို သဘောကျသည်မှာ မမှားယွင်းသလို လိုက်လံပိုးပန်းသည်မှာလည်း မမှားပေ။ သို့သော်လည်း မိမိသဘောကျနေသူ ပိုးပန်းနေသူကို စိတ်ဖိစီးမှုဖြစ်စေပြီး ဒုက္ခဖြစ်စေလာလျှင်တော့ ထိုလုပ်ရက်များက မမှန်ကန်တော့ချေ။ 


ရှန်းတန် အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်နေပြီဖြစ်သည်။


ကုဟွိုင်အန်းက ရုတ်တရက်ဆိုသလို ရယ်မောလိုက်သည်။


"အကူအညီလိုလား။"


ရှန်းတန် ခေါင်းခါလိုက်သည်။ "မလိုပါဘူး၊ ဒီကိစ္စ နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ ကျွန်မ သိတယ်လို့ ထင်မိတယ်။"


အတည်ပြုရန် လိုအပ်သေးသော်လည်း ရှန်းတန်က ဆယ်ပုံပုံလျှင် ကိုးပုံအထိ သေချာနေပြီ ဖြစ်သည်။


ထို့နောက်တွင် ကုဟွိုင်အန်းနှင့် ခဏမျှ စကားပြောခဲ့သည်။ ရှန်းတန်က အများဆုံးပြောခြင်းဖြစ်ပြီး ကုဟွိုင်အန်းက တည်တည်ငြိမ်ငြိမ် နားထောင်ပေးခြင်း ဖြစ်သည်။ ထို့နောက်တွင် ညနက်သွားပြီဖြစ်၍ ရှန်းတန်က ဖုန်းချလိုက်တော့သည်။


သူမကိုယ်သူမ စိတ်မသက်မသာဖြစ်နေခြင်းတို့ မရှိတော့ဘဲ အတော်လေး စိတ်လက်ပေါ့ပါးကာ သက်သောင့်သက်သာရှိသွားသည်ဟု ခံစားနေရသည်။


ခုတင်ဘေးတွင် ခဏတာမျှ ထိုင်နေပြီးမှ ဖုန်းကိုကိုင်၍ အပြင်ထွက်လိုက်သည်။


ထိုလူ၏ အခန်းရှေ့သို့ သွားပြီး ဖြေးညှင်းစွာ တံခါးခေါက်လိုက်သည်။


"ဘယ်သူလဲ။"


"ငါပါ။"


တံခါးပွင့်လာပြီး လီရှင်းက ညင်သာနူးညံ့ကာ သဘောကောင်းပုံပေါက်သော အပြုံးလေးဖြင့် ပြုံးပြလာသည်။ "အစ်မတန်ပါလား၊ ဘယ်လိုလုပ် ရောက်လာတာလဲ။"


ရှန်းတန် ကွေ့ဝိုက်မနေဘဲ ဒဲ့ပြောလိုက်သည်။ "နင် မဟုတ်လား။"


လီရှင်း ပဟေဠိဖြစ်သွားလေသည်။ "အစ်မ ဘာကိုပြောနေတာလဲဟင်။"


"ဓာတ်ပုံ။"


"ဘာဓာတ်ပုံလဲ။"


ရှန်းတန် သက်ပြင်းချလိုက်သည်။ "ဟန်ဆောင်နေစရာ မလိုတော့ပါဘူး လီရှင်းရယ်၊ အဲအချိန် အဲ့ရှုထောင့်အရဆို နင်ကလွဲပြီး ကျန်တဲ့သူ မဖြစ်နိုင်ဘူးလေ။"


လီရှင်း၏ အပြုံးက ဖြေးဖြေးချင်း ပျောက်ကွယ်သွားလေတော့သည်။ "သိသွားပြီပေါ့လေ။"


"ငါ နားမလည်တော့ဘူး၊ ဘာလို့များ အဲ့လိုဓာတ်ပုံတွေကို ရိုက်ရတာလဲ၊ ငါနင့်ကို စော်ကားမိတာမျိုးလည်း မရှိပါဘူး။"


ရှန်းတန်က သူမအတွက် ထိခိုက်စေပြီး အကျိုးအမြတ် မရှိစေသော အရာမျိုး ပြုလုပ်မိမည်ဟုလည်း မယုံကြည်ပေ။


"နင်လုပ်ချင်ရာ လုပ်တော့။" ရှေ့ဆက်ပြော၍လည်း အဓိပ္ပါယ်မရှိတော့သဖြင့် ရှန်းတန် လှည့်ထွက်သွားလိုက်သည်။


သူမအခန်းထဲပြန်ရောက်ချိန်တွင် အသံသွင်းထားသည်ကိုကြည့်ပြီး သူမ၏ မျက်နှာအမူအရာက သုန်မှုန်သွားရသည်။


မူလက ဤကိစ္စကို ဖြေရှင်းမနေတော့ဘဲ သူ့အလိုလို ငြိမ်ကျသွားစေရန်သာ မျှော်လင့်နေခဲ့မိသည်။


သို့သော်လည်း ရှန်းရှို့ရန် ဘာတွေးနေသလဲ သူမလည်း မသိတော့ပေ။ သူက အတင်းအဖျင်းဘလော့ဂါတင်ထားသော ဓာတ်ပုံကို ပြန်တင်ထားပြီး ကပ်ပရှင်ပင် ရေးထားသေးသည် - လှလှလေး ရိုက်ပေးထားတာပဲ။


ရှန်းတန် အတော်လေး စိုးရိမ်ပူပန်သွားရပြီး ဆံပင်များပင် ကျွတ်ကျလာလုနီးနီးပင် ဖြစ်သွားရသည်။


သူမ ဝီချက်ကိုဖွင့်ပြီး ရှန်းရှို့ရန်ကို ရှာလိုက်သည်။


[အစွဲအလမ်းကြီးတဲ့ မျောက်အမေ : စိတ်လွတ်သွားပြီလား။]


[ရှန်းရှို့ရန် : ဘာဖြစ်လို့လဲ။]


[အစွဲအလမ်းကြီးတဲ့ မျောက်အမေ : ဝေ့ပေါ်မှာ အဲလို ဘာဖြစ်လို့ ပြောတာလဲ။]


[ရှန်းရှို့ရန် : ဖွီး၊ ရှန်းတန်၊ မင်းက အဲ့လို အရာတွေကို ကြောက်နေတုန်းပဲလား။]


ထိုစာကိုမြင်လိုက်ပြီး ရှန်းတန်လည်း အနည်းငယ် စိတ်မသက်မသာဖြစ်သွားရသည်။


မူလကိုယ်ကလည်း ထိုကဲ့သို့သော ကိစ္စမျိုးဖြင့် ဝေ့ပေါ်တွင် မကြာခဏ နာမည်ကြီးလေ့ ရှိသည်။ သို့သော်လည်း ထိုအရာများက မူလကိုယ်ပြုလုပ်ခြင်းမျိုး မဟုတ်ဘဲ ကုမ္ပဏီ၏ ဆုံးဖြတ်ချက်ဖြစ်၍ သူမတွင် ရွေးချယ်စရာ မရှိချေ။


[ရှန်းရှို့ရန် : ကျွန်တော် ဘာမှ အများကြီး မပြောလိုက်ပါဘူး၊ ဓာတ်ပုံရိုက်ထားတာ လှတယ်လို့ ခံစားရလို့ပါ။]


[အစွဲအလမ်းကြီးတဲ့ မျောက်အမေ : မေ့လိုက်ပါတော့။]


[ရှန်းရှို့ရန် : စိတ်မပူပါနဲ့၊ ရက်နည်းနည်းကြာရင် မေ့သွားကြမှာပါ။]


[အစွဲအလမ်းကြီးတဲ့ မျောက်အမေ : မျှော်လင့်ရတာပါပဲ။]


ထို့နောက်တွင် ရှန်းတန်က ပို၍ သတိထားကြည့်ခဲ့သည်။


သို့သော်လည်း ပရိယာယ်ဆန်သော ထောင့်များမှ ရိုက်ထားသော ဓာတ်ပုံများလည်း ရှိနေသေးသည်။


တစ်ဖက်လူကလည်း အတော်လေး ပြင်ဆင်ထားပြီး ဖော်ထုတ်၍မရသောနေရာများကို ဝါးထားကာ ရှန်းတန်၏ မျက်နှာကိုသာ ရှင်းရှင်းလင်းလင်း မြင်ရစေရန် ထုတ်ဖော်ထားသည်။


ရှန်းတန်နှင့် ရှန်းရှို့ရန်၏ ဓာတ်ပုံများအပြင် ဒါရိုက်တာဟော်နှင့် အခြားအမျိုးသားဇာတ်ဆောင်များနှင့်ပါ ရှိနေသေးသည်။


ရှန်းတန်။ "...."


သူမ ဆွံ့အသွားရသည်။


တစ်ဖက်လူက သူမ၏ ဓာတ်ပုံများစွာကို ရိုက်ထားသဖြင့် သူမကို အချစ်စစ် အချစ်မှန်နှင့် ချစ်နေမိသည်ဟုပင် ထင်နေမိတော့သည်။ 


ဓာတ်ပုံတိုင်းတွင်လည်း သူမ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး သုံးရာ့ခြောက်ဆယ်ဒီဂရီအပြည့် ဖော်ပြထားသည်။


ငါ အရမ်းလှတာပဲရော။


နေစမ်းပါဦး၊ ဒါက အဓိကအချက် မဟုတ်ဘူးလေ။


ရှန်းတန်က လီရှင်းကို ထပ်မံ၍ သွားရှာခဲ့သည်။ "နင် မပြီးနိုင်သေးဘူးလား။"


လီရှင်းက ပခုံးတွန့်သည်။ "အစ်မရှန်းတန်ရေ၊ စွပ်စွဲမယ်ဆိုလည်း သက်သေလေး ဘာလေး ရှိဦးမှပေါ့၊ ညီမဖုန်းက အခု အခန်းထဲမှာ ရှိနေတာပါနော်။"


ရှန်းတန် သူမကိုကြည့်ပြီး လီရှင်း၏လက်ထောက်ဆီသို့သွားကာ အိတ်ကို ဆွဲလုလိုက်သည်။


လက်ထောက်လေးက အားဖြင့် ရုန်းသော်လည်း ရှန်းတန်၏ ခွန်အားကို မယှဉ်နိုင်ချေ။


ရှန်းတန် လက်ထောက်လေး၏ အိတ်ထဲမှ ဖုန်းကို ဆွဲထုတ်လိုက်သည်။ "ဒါဆို ဒါက ဘာကြီးလဲ။"


ထိုလက်ထောက်လေး သူမ၏ ဓာတ်ပုံများကို ခိုးဝှက်၍ ရိုက်နေသည်ကို မမြင်ခဲ့ပါက ဤနေရာသို့ ပေါ့ပေါ့ဆဆလာခဲ့မည် မဟုတ်ပေ။ 


"လီရှင်း၊ ငါနင့်ကို အခွင့်အရေး တစ်ခါ ပေးပြီးသွားပြီ။"


ထိုစကားကိုကြားပြီး လီရှင်း အနည်းငယ် ထိတ်လန့်သွားသော်လည်း သူမကိုယ်သူမ စိတ်ငြိမ်အောင် လုပ်လိုက်သည်။


"ဓာတ်ပုံရိုက်လို့မရဘူးဆိုတဲ့ ဥပဒေ မရှိဘူးလေ အစ်မတန်ရဲ့။"


"နင် ဘယ်လိုထင်လဲ။"


ရှန်းတန် အဓိပ္ပါယ်အပြည့်ဖြင့် ပြုံးပြပြီး လှည့်ထွက်သွားလိုက်သည်။


လက်ထောက်လေးက အလွန်စိုးရိမ်နေပြီဖြစ်သည်။ "အစ်မရှင်း၊ ညီမတို့ ပြဿနာမတက်ဘူးမဟုတ်လားဟင်။"


ရှန်းတန် အခြားသူများကို တရားစွဲခဲ့သည်ကို သူမ မှတ်မိနေဆဲဖြစ်၍ ကြောက်လန့်နေပြီဖြစ်သည်။


လီရှင်းက အနည်းငယ် စိုးရိမ်နေသော်လည်း စိတ်ဓာတ်ခိုင်မာချင်ယောင်ဆောင်နေလေသည်။ "ဘာကြောက်စရာလိုလို့လဲ၊ ငါတို့မှ ဥပဒေကို မချိုးဖောက်ထားတာ။"


သို့သော်လည်း နောက်ပိုင်းတွင် ရိုက်ကူးရေးလုပ်ရာတွင် အမှားများစွာ ပြုလုပ်မိပြီး အဆင်ပြေနိုင်ရုံသာ သရုပ်ဆောင်နိုင်ခဲ့သည်။


ဒါရိုက်တာက သူမကို အကြိမ်တိုင်း ပြင်းထန်စွာ ဆူပူခဲ့သဖြင့် လီရှင်းလည်း ရှန်းတန်ကိုသာ မျက်စောင်းထိုးနေမိသည်။


ဒါတွေအားလုံး သူ့အမှားတွေချည်းပဲ။


ရှန်းတန် မျက်ခုံးပင့်ပြီး ပါးစပ်ဟရုံသာ ပြောလိုက်သည်။ "နင်နဲ့ ထိုက်တန်တယ်။"


လီရှင်း ဒေါသထွက်လွန်း၍ အဆုတ်များပင် ပေါက်ကွဲတော့မည်ဟု ခံစားနေရသည်။


လီရှင်း လုံးဝ လက်သင့်မခံနိုင်ပေ။ ရှန်းတန်လို ဂုဏ်သတင်းဆိုးရွားနေသူက ဒုတိယဇာတ်လိုက်အဖြစ် သရုပ်ဆောင်ရပြီး သူမက အလွန်ကြိုးစားပါသော်လည်း တတိယဇာတ်လိုက် ဖြစ်နေရသနည်း။


ရှန်းတန်က အပြစ်တင်ရသည်ကို သဘောကျလျှင် စိတ်တိုင်းကျ အပြစ်တင်ခိုင်းလိုက်မည်ဖြစ်သည်။


လီရှင်း အွန်လိုင်းပေါ်တွင် အများပြည်သူ၏ အမြင်ကို တိတ်တိတ်လေး ခိုး၍ ရှာကြည့်လိုက်သည်။ လူတိုင်းက ရှန်းတန်ကို ဆူဆဲနေသည်ကိုမြင်ပြီး သူမရင်ထဲမှ တောင့်တင်းနေမှုက နောက်ဆုံးတွင် စိတ်သက်သာရာရသွားခဲ့သည်။


ရှန်းတန်ရေ ရှန်းတန်ရ၊ နင့်ဘာသာ ရွှံ့ထဲလူးနေတာ ကောင်းတာ မဟုတ်ဘူးလား၊ ဘာလို့များ ရွှံ့ထဲကနေ ထွက်လာပြီး ငါ့ဟာတွေကို လာလုချင်နေရတာလဲ။