အခန်း ( ၃၁ ) - ငရဲကို သွားလိုက်။
ရှန်းတန်က သူမနှင့် ပတ်သက်၍ မည်မျှပင် သေးငယ်သော ကိစ္စလေးဖြင့်ဖြစ်ပါစေ ရှာဖွေမှုအများဆုံးလူစာရင်းတွင် ရောက်သွားပြီး လူမှုကွန်ရက်များတွင် နာမည်ကျော်ရန် ကံကြမ္မာပါလာကြောင်း သတိထားမိသွားသည်။
အင်တာနက်အသုံးပြုသူတွေ မပျင်းဘူးလား မသိဘူး။
သူမ ဝေ့ပေါ်အကောင့်၏ ကောမန့်များတွင် ဖရဲသီးစားနေကြသော အင်တာနက်အသုံးပြုသူများဖြင့် ပြည့်နေပြီး သူမ၏ အတိတ်မှ ကောလဟာလများပင် တူးထုတ်ခံလိုက်ရသည်။
ပို၍ ဆိုးသည်မှာ ရှန်းတန်ပင်လျှင် ထိုဓာတ်ပုံများကိုကြည့်လေလေ သူမနှင့် ထိုမင်းသားများကြားတွင် အတော်လေး chemistry မိသည်ဟု ခံစားရလေလေ ဖြစ်လာရခြင်းပင်။
ဒီလို ပြောလို့ သင့်တော်ပါ့မလားနော်။
ဟားဟားဟား။
လီရှင်းကိုယ်တိုင်က ဤကိစ္စကို နောင်တမရသဖြင့် ရှန်းတန်လည်း ယဉ်ကျေးမနေတော့ပေ။
သို့သော်လည်း ထိုသို့ပြုလုပ်လိုက်လျှင် ရိုက်ကူးရေးအဖွဲ့ကို စိုးရိမ်စေမိမည်ကိုစိုး၍ အလျင်စလို မလုပ်ဘဲ ဒါရိုက်တာနှင့် အရင်ဆုံး ဆွေးနွေးရမည်ဖြစ်သည်။
ရှန်းတန်၏ ရည်ရွယ်ချက်ကို နားထောင်ပြီးနောက်တွင် ဒါရိုက်တာဟော်က ခဏမျှ ငြိမ်ကျသွားပြီးမှ ပြောလာသည်။ "ငါ ဒီကိစ္စထဲ ဝင်ပါမှာ မဟုတ်ဘူး၊ မင်းက ဒီကိစ္စမှာ နစ်နာသူဆိုတော့ မင်း ကျေနပ်သလိုသာ လုပ်ပါ။"
"မစိုးရိမ်ပါနဲ့။"
ဒါရိုက်တာ၏ ခွင့်ပြုချက်ဖြင့် ရှန်းတန် စတင်၍ လှုပ်ရှားတော့သည်။
သူမ အသံသွင်းထားသော အသံဖိုင်ကို ကုအုပ်စု၏ ဥပဒေဌာနကို ပို့ပေးလိုက်ပြီး လီရှင်းကို သူမ၏ ဝေ့ပေါ်အကောင့်တွင် မန်းရှင်းခေါ်လိုက်သည်။
ရှန်းတန် V : ရှင်းပြချင်လား @လီရှင်းV
လီရှင်းက ရှန်းတန်တစ်ယောက် သူမကို ဝေ့ပေါ်တွင် တိုက်ရိုက်မေးခွန်းထုတ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမ၏ ဝေ့ပေါ်အကောင့်ကို အကြိမ်ရေ အနည်းငယ် အောက်ဆွဲချလိုက်သည်။ ကောမန့်များတွင် ဖရဲသီးစားနေကြသည့် အင်တာနက်အသုံးပြုသူများစွာ ရှိနေပြီး အစွန်းရောက်အချို့က သူမကို စတင်ဆဲဆိုကြိမ်းမောင်းနေကြပြီဖြစ်သည်။
ရှန်းတန်၏ ဖန်များမှာတော့ အများကြီး ရှိပုံမပေါ်ချေ။
လီရှင်း အနည်းငယ် စိုးရိမ်သွားသော်လည်း သူမကိုယ်သူမ စိတ်ငြိမ်အောင် လုပ်နိုင်လိုက်သည်။
သူမသာ ဝန်မခံသ၍ မည်သူကမျှ သူမ တရားခံဟု ညွှန်ပြနိုင်သော သက်သေက မည်သူ့တွင်မှ မရှိပေ။
သူမဘေးတွင် ရပ်နေပြီး အလွန်စိုးရိမ်ပူပန်နေပုံပေါ်နေသော လက်ထောက်လေးကိုကြည့်ပြီး လီရှင်းလည်း အကြံတစ်ခုရသွားဟန်ဖြင့် မျက်လုံးများ တောက်ပလာရသည်။
ထိုညတွင် လီရှင်း၏ လက်ထောက်လေးက သူမ၏အပြစ်ကိုဝန်ခံပြီး ဓာတ်ပုံများကို ရည်ရွယ်ချက်ရှိရှိ ရိုက်ထားခဲ့ခြင်းမဟုတ်ကြောင်းနှင့် ထိုဓာတ်ပုံများ မည်သို့ ပျံ့သွားကြောင်း မသိဘူးဟု ဆိုလေသည်။ သူမဖုန်းကို ဖုန်းပြင်ဆိုင်ပို့ချိန်က မတော်တဆပျံ့သွားခြင်းဖြစ်ရမည်ဟု ခန့်မှန်းမိသည်ဟုပင် ပြောသေးသည်။
ဒီလို ဆင်ခြေမျိုးကို ဘယ်သူက ယုံမှာလဲ၊ ဘယ်သူ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလဲ။
ရှန်းတန် ပြုံးလိုက်သည်။
အမှန်အတိုင်းပြောရလျှင် လီရှင်းက လက်ထောက်လေးကို အပြစ်ခံခိုင်းမည်မှန်း သူမ ခန့်မှန်းထားပြီးသား ဖြစ်သည်။
ထို့ကြောင့်လည်း အသံသွင်းထားသည်ကို တိုက်ရိုက်မတင်ပစ်လိုက်ခြင်း ဖြစ်သည်။
အင်တာနက်အသုံးပြုသူများက လွယ်လွယ်အရူးလုပ်၍ရသူများ မဟုတ်ပေ။ ဤသည်က သူတို့၏ ပုန်ကန်လိုသော စိတ်ဆန္ဒကိုပါ အသက်ဝင်လာစေခဲ့သည်။
ကိစ္စများက လုံးဝ မငြိမ်သက်သွားခဲ့ပေ။ လီရှင်းက ရှန်းတန် ဘာမှမတတ်နိုင်တော့ဟုထင်နေချိန်တွင် ရှန်းတန်က မီးလောင်ရာလေပင့်သည့်အနေဖြင့် အဆိုပါ အသံဖိုင်ကို တင်ပစ်လိုက်လေသည်။
လီရှင်း၏ ဝေ့ပေါ်မှာ လုံးဝ ဖျက်စီးခံလိုက်ရတော့သည်။
[ရှိနေသေးရင် ထွက်လာခဲ့စမ်းပါ။]
[သေချင်ယောင်ဆောင်မနေနဲ့၊ နင်ရှိနေသေးတာ ငါတို့သိတယ်။]
[သူ့ရုပ်ရည်က နင့်ထက်လှလို့များလားနော်၊ ပြန်မဖြေလည်းသိပါတယ်၊ နင့်ရဲ့ မေ့လွယ်တဲ့ရုပ်ရည်နဲ့ မနာလိုဖြစ်မှာ သဘာဝပဲလေ။]
လီရှင်း ဘာဆက်ဖြစ်သွားသလဲဆိုသည်ကိုတော့ ရှန်းတန် လုံးဝ မသနားပေ။
ပထမဆုံးအနေဖြင့် လီရှင်းက ယခုလိုဖြစ်သွားအောင် ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအနေဖြင့် ရှန်းတန်ကိုယ်တိုင်လည်း ယခုလိုကိစ္စမျိုးကို အထူးတဆန်း ဖြစ်မနေတော့၍ ဖြစ်သည်။
ဤကိစ္စမျိုးက အကြီးအကျယ် မဟုတ်သော်လည်း ဆိုးဝါးလှသည်ဟု ပြောနိုင်မည်ဖြစ်သည်။
လီရှင်း၏ ဂုဏ်သတင်းမှာ ဆိုးဆိုးရွားရွား ပျက်စီးသွားပြီဖြစ်ပြီး သူမနှင့်အတူ လက်တွဲလိုသော လုပ်ငန်းများမှာလည်း နောက်ကျောဓားထိုးခံရမည်ကို စိုးရိမ်၍ ပြန်စဉ်းစားကုန်ကြပြီဖြစ်သည်။
ရှန်းတန်က ဤအပြစ်ပေးမှုကို သဘောကျနေမိသည်။
လီရှင်း သဘောကျသည် မကျသည်ကတော့ သူမ ဂရုမစိုက်ပေ။
သူမ ရေချိုးပြီး မကြာမီတွင် အခန်းတံခါးကို တဒုန်းဒုန်း အထုခံလိုက်ရသည်။
"ရှန်းတန်၊ တံခါးဖွင့်ပေး။"
"နင် အထဲမှာရှိတာ ငါသိတယ်၊ မကြားချင်ယောင်ဆောင်မနေနဲ့။"
ရှန်းတန်။ "....."
ရှန်းတန် တံခါးဖွင့်မပေးမည်ဖြစ်ကြောင်း သတိထားမိသွား၍ လီရှင်း၏ အသံက ဒေါသထွက်နေရာမှ တဖြေးဖြေးချင်း တောင်းဆိုနေသည့်အသံအဖြစ် ပြောင်းလဲသွားသည်။ "ရှန်းတန်၊ ငါတောင်းပန်ပါတယ်ဟာ၊ တံခါးဖွင့်ပေးပါ။"
"ငါ့ကို တောင်းပန်ခွင့်ပေးလေနော်။"
"ဝေ့ပေါ်မှာ ပြန်ပြီး ရှင်းပြပေးလို့ရမလား။"
ရှန်းတန် နားကြပ်တပ်ပြီး မျက်လုံးကာကိုတပ်၍ အိပ်ရန်ပြင်လိုက်သည်။
ဟာသပဲ၊ ဘာလို့ တံခါးဖွင့်ပေးရမှာတဲ့လဲ။ အန္တရာယ်များတာ တစ်ခုခု ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။
ထို့အပြင် မတိုင်ခင်က သူမ လီရှင်းကို အခွင့်အရေး တစ်ခု ပေးခဲ့သော်လည်း ထိုအခွင့်အရေးကို မဖမ်းဆုပ်ခဲ့သူမှာ လီရှင်းသာ ဖြစ်ပေသည်။
ရှန်းတန် ဖြေးဖြေးချင်း အိပ်ပျော်သွားခဲ့ပြီး တစ်ညလုံး နှစ်ချိုက်စွာ အိပ်ပျော်သွားခဲ့သည်။
နောက်တစ်နေ့မနက် ရိုက်ကူးရေးလုပ်ချိန်တွင် ရှန်းတန် လီရှင်း၏ မျက်လုံးများအောက်မှ အမည်းရောင်အကွင်း နှစ်ခုကို မြင်လိုက်ရသည်။ တစ်ဖက်လူက သေချာပေါက် ကောင်းကောင်း မအိပ်ခဲ့ရပုံပင်။
ရှန်းတန် အကြည့်လွှဲလိုက်ပြီး ဆက်မကြည့်တော့ပေ။
လီရှင်းက ရိုက်ကူးရေးအဖွဲ့သားများ သူမကို ခဏခဏ လှမ်းကြည့်နေပြီး တစ်ခါတစ်ရံတွင် ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။
အခြားသူများက သူမကို လှောင်ပြောင်နေကြပြီး သူမနောက်ကွယ်တွင် မကောင်းပြောနေကြကာ သူမနှင့် ထိုက်တန်သည်ဟုပင် ပြောနေကြသည်ဟု သံသယဝင်နေမိတော့သည်။
လီရှင်း ယနေ့တွင် စိတ်အခြေအနေ ဆိုးဝါးနေသဖြင့် ကောင်းမွန်စွာ သရုပ်ဆောင်နိုင်စွမ်း မရှိပေ။ ဤသို့ဖြင့် ဒါရိုက်တာထံမှ အကြိမ်ရေများစွာ ဆူပူခံရပြီး သူမ၏ ဇာတ်ကွက်များကိုပင် နောက်သို့ ရွှေ့ပစ်လိုက်တော့သည်။
သူမ ကောင်းမွန်စွာ သရုပ်ဆောင်နေသော ရှန်းတန်ကိုကြည့်ပြီး ရင်ထဲမှ အမုန်းတရားများက ထိန်းမနိုင်သိမ်းမရဖြစ်သွားလုနီးနီးပင် ဖြစ်သွားရသည်။
ဘာလို့လဲ။
သူမက ကောင်းကောင်း အိပ်မရပေမဲ့ ရှန်းတန်ကျတော့ ဘာလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရတာလဲ။
ရှန်းတန်က မဟုတ်က ဟုတ်က ကောလဟလတွေကနေ လွယ်လွယ်နာမည်ရနိုင်ပြီး သူမ အရမ်းအလုပ်ကြိုးစားတာတောင် ရှန်းတန်ကို မကျော်နိုင်တာ ဘာကြောင့်လဲ။
ဒီလောက်နှစ်တွေကြာတာတောင်မှ သူမက ရှန်းတန်လို ကောလဟာလတွေကြား နစ်နေတဲ့လူရဲ့ အောက်မှာ ဘာလို့ ရှိနေသေးတာလဲ။
လီရှင်း တွေးလေလေ ပို၍ စိတ်မသက်မသာဖြစ်လာရလေလေဖြစ်သည်။ လူတိုင်းက ရှန်းတန်နှင့် ပျော်ပျော်ကြီး စကားပြောနေသည်ကိုမြင်ပြီး သူမ၏ ဒေါသများ အထွတ်အထိပ်သို့ ရောက်သွားရသည်။
ဘေးနားတွင် ရှိနေသော ဇာတ်ဝင်ပစ္စည်းချိတ်တစ်ခုကို မြင်လိုက်ချိန်တွင် ကောက်ယူလိုက်ပြီး သူမအနောက်တွင် ဝှက်ကာ ရှန်းတန်ဆီ သွားလိုက်သည်။
လီရှင်း ရောက်လာသည်ကိုမြင်ချိန်တွင် လူတိုင်း စကားပြောရပ်သွားကြသည်။
လီရှင်း၏ မျက်ဝန်းထဲတွင် အလင်းတစ်ချို့ဖြတ်ပြေးသွားလေသည်။
"ရှန်းတန်၊ ငါမှားခဲ့တာတွေအတွက် တောင်းပန်ချင်လို့ပါ၊ ငါ့ကို ခွင့်လွှတ်ပေးမယ် မဟုတ်လားဟင်။"
ရှန်းတန်က လီရှင်း ယခုလို လူရှေ့သူရှေ့တွင် ပြောရခြင်းမှာ သူမဘက်က မျက်နှာပျက်မည်ကိုစိုးရိမ်၍ ခွင့်လွှတ်ပေးမည်ဟု ထင်နေခြင်းဖြစ်လောက်သည်ဟု တွေးလိုက်မိသည်။ တစ်ဖက်လူ၏ ရည်ရွယ်ချက်မှာ ထင်ရှားလွန်းလှပေသည်။
သို့သော်လည်း ရှန်းတန်ဆိုသည်မှာ မည်သည့် အရာကိုမှ ဂရုစိုက်တတ်သူမျိုး မဟုတ်သည်မှာ နှမျောစရာကောင်းလွန်းလှသည်။
"ရတယ်လေ၊ ငါ့ကို ဝေ့ပေါ်မှာ သုံးရက်လုံး တောင်းပန်ရင် ငါ ခွင့်လွှတ်ပေးမယ်။"
လီရှင်း ခေါင်းမော့ကြည့်လာသည်။ "ဒါပေါ့၊ ငါလုပ်ပေး.."
စကားပြောနေရင်း ချိတ်ကို ရှန်းတန်၏ မျက်နှာသို့ အားဖြင့် လွှဲ၍ ရိုက်ချလိုက်သည်။
ငါ ဒီမျက်နှာကို ဖျက်စီးပစ်မယ်။ နင့်မျက်နှာကိုသုံးပြီး ပိုက်ဆံရှာမရအောင် လုပ်ပစ်မှာ။
အခြားမိန်းကလေးများက အော်ဟစ်နေကြချိန်တွင် ရှန်းတန်က လီရှင်း၏ လက်ကို လက်တစ်ဖက်ဖြင့် ဖမ်းကိုင်လိုက်ပြီး နောက်လက်တစ်ဖက်ဖြင့် သူမ၏ မျက်နှာကို ကာလိုက်သည်။
စက္ကန့်ပိုင်းအတွင်း ရှန်းတန်က လီရှင်း၏ လက်ကို တင်းတင်းကြပ်ကြပ် ဖမ်းကိုင်လိုက်နိုင်သည်။ "နင် ရူးသွားပြီလား။"
လီရှင်း ပြင်းပြင်းထန်ထန် ရုန်းကန်ပြီး သူမ၏ လက်ကို လွတ်သွားအောင် လုပ်နေပါသော်လည်း သူမ၏ လက်ကောက်ဝတ်များသာ ကျိုးတော့မလို ခံစားလိုက်ရသည်။
"လွှတ်စမ်း။"
ဟုတ်ပါ့၊ နင့်ကို လွှတ်ပေးပြီး ငါ့ကို ထိခိုက်အောင် လုပ်ခိုင်းမှာကြလို့။ ရှန်းတန် တွေးလိုက်သည်။
"ရှန်းတန်၊ သွေးတွေ ထွက်နေတယ်။" အခြားလူများ အလန့်တကြား အော်ဟစ်ကြသည်။
ထိုအခါမှသာ သူမ၏ နားရွက်က အလွန်နာကျင်နေမှန်း သတိထားလိုက်မိပြီး ထိကိုင်ကြည့်ချိန်တွင် လက်ဖဝါးပြင်ပေါ်တွင် သွေးများ စိုရွှဲသွားရသည်။
နာကျင်မှုများအားလုံး စုပြုံရောက်ရှိလာပြီး ရှန်းတန် တောင့်ခဲသွားရသည်။
ချီးပဲ။ ငါ့မျက်နှာလေး ပျက်စီးသွားပြီလို့ မပြောနဲ့နော်။
ပိုက်ဆံရှာနိုင်ရန်အတွက် သူမ၏ မျက်နှာလေးကို လိုအပ်နေဆဲ ဖြစ်ပေသည်။
"လူနာတင်ကား အမြန်ခေါ်ကြ။"
"ဘုရားရေ၊ လီရှင်းတော့ စိတ်လွတ်သွားပြီ။"
"အား။"
ရိုက်ကူးရေးတစ်ဖွဲ့လုံး ရှုပ်ယှက်ခတ်သွားကာ ရှန်းတန်က လူနာတင်ကားပေါ် အတင်ခံရ၍ ဆေးရုံသို့ အမြန်အပို့ခံလိုက်ရသည်။
လီရှင်းက ထိန်းသိမ်းခံလိုက်ရသည်။
ကျန်သည့်လူများက ရဲကိုခေါ်လိုက်ကြပြီး ရိုက်ကွင်းနေရာကိုလည်း ချိတ်ပိတ်ကာ သတင်းပျံ့မသွားအောင် လုပ်ခဲ့ကြသည်။
သို့သော်လည်း အပြင်တွင် စောင့်နေကြသော ပါပါရာဇီများက လူနာတင်ကားကိုမြင်၍ လိုင်းပေါ်သတင်းတင်လိုက်ကြသည်။
မည်သူဒဏ်ရာရသလဲ မသိ၍ အင်တာနက်အသုံးပြုသူများက ခန့်မှန်းချက်များစွာ ထုတ်ခဲ့ကြသည်။
ရှန်းတန်၏ သူငယ်ချင်း မိတ်ဆွေများကလည်း ထိုသတင်းများကို ကြားခဲ့ကြသည်။
သို့သော်လည်း သူမက အလွန်သန်မာသူဖြစ်၍ မည်သူကမှ ဒဏ်ရာရသူမှာ ရှန်းတန်ဖြစ်မည်ဟု မထင်ခဲ့ကြပေ။
ထိုအချိန်တွင် တစ်ယောက်ယောက်က ရှန်းတန်တစ်ယောက် ဆေးရုံသို့ မျက်နှာတစ်ခြမ်းလုံးတွင် သွေးများစီးကျလျက်ရောက်လာသည့်ပုံကို ဓာတ်ပုံရိုက်၍ တင်ခဲ့လေသည်။
#ရှန်းတန် ဒဏ်ရာရသွားခြင်း# က ချက်ချင်းဆိုသလို ရှာဖွေမှုအများဆုံးလူစာရင်းတွင် နာမည်ကြီးလာခဲ့သည်။
ဒဏ်ရာမှာ သွေးများစီးကျနေသဖြင့် အလွန်ပြင်းထန်ဟန်ပေါ်သော်လည်း အမှန်တကယ်တွင် အလွန်ပြင်းထန်ခြင်း မရှိပေ။
ချိတ်က သူမ၏ နားရွက်နှင့် ပတ်ဝန်းကျင်နေရာများကို ဖြတ်သွားခဲ့သည်။ ဒဏ်ရာများက အလွန်မနက်သော်လည်း ပြန်လည်ကောင်းမွန်နိုင်ရန် အချိန်ကြာဦးမည်ဖြစ်သည်။
အမာရွတ်ကျန်နိုင်ချေအတွက်မူ ဆရာဝန်က အမာရွတ်ဖယ်ရှားသော ခွဲစိတ်မှုကို ထောက်ခံချက်ပေးလေသည်။
ရှန်းတန် အနည်းငယ် စိတ်ဓာတ်ကျနေမိသည်။
သူမ၏ မျက်နှာက ခန္ဓာကိုယ်တစ်ခုလုံးတွင် တန်ဖိုးအရှိဆုံးသောအရာပင် မဟုတ်ပါလော။