အခန်း ( ၃၂ ) – လောဘနှင့် တဏှာ
ရှန်တန်၏ ဝီချက်သည် ဆက်လက်မြည်နေဆဲ။ သူမသည် ဝီချက်ကိုဖွင့်လိုက်သည်နှင့် အားလုံးက အဆင်ပြေရဲ့လားဟုမေးထားသော မက်ဆေ့ချ်များကို တွေ့လိုက်ရသည်။ ထို့ကြောင့် ဤမတော်တဆမှုက ဟော့တော့ပ်ပစ်ထဲသို့ ထပ်ရောက်သွားကြောင်း သဘောပေါက်သွားခဲ့သည်။
ဖန်အနည်းငယ်က စိတ်ပူနေမည်ကို သူမ စိုးရိမ်သောကြောင့် ပတ်တီးစည်းထားပြီးသော ဒဏ်ရာပုံကို ပို့ရန် ဖန်ဂရုချက်သို့ တကူးတက သွားခဲ့သည်။
ရှန်းတန် V : စိတ်ပူပေးကြတဲ့ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ အဆင်ပြေပါတယ်။ ချစ်တယ်နော်။ ပုံ…
[ဘယ်လိုဖြစ်ပြီး အဲ့လောက် ထိခိုက်မိသွားတာလဲ။ ဘုရားရေ ကြည့်ရတာတောင် တော်ဝောာ်နာမယ့်ပုံပဲ။]
[တန်ပေါင်က ဘယ်လိုဖြစ်ပြီး ထိခိုက်မိသွားတာလဲ။ OMG သူ့လက်ထောက်က မစောင့်ရှောက်ပေးဘူးလား။]
[ဝါးးး တန်ပေါင် နာသွားလားဟင်။]
[ရှန်းတန်ဆိုတာက ဘယ်သူလဲ။ ဘယ်လိုလုပ်ပြီး အမြဲတမ်း hot search ကို နေ့တိုင်းရောက်နေရတာလဲ။ hot searchရေ အိမ်ဝယ်လို့ ရပြီလား။ သူမရဲ့ အဖွဲ့က hot searchတွေ ဝယ်နေတာ ရပ်ပေးလို့ ရမလား။]
ရှန်းတန်က ဖန်တစ်ယောက်ချင်းစီတိုင်းကို တုန့်ပြန်ခဲ့သော်လည်း အခြားသူများ ပြောနေသည်ကိုတော့ အရေးမစိုက်ပေ။
သူမ၏ မျက်ဝန်းများက သူမရှေ့တွင် ရပ်နေသော ခြေတံရှည်များဆီသို့ အမှတ်တမဲ့ ရောက်သွားသည်။
သူမ၏ ခေါင်းကို မော့လိုက်သော် သူမရှေ့တွင်ရှိနေသော ခန္ဓာကိုယ် အစိတ်အပိုင်းကို မလွှဲမသွေ ကြည့်မိသွားသည်။ အတော်လေးကို ကြီးတယ်။ အဟွတ် အဟွတ်။
ကုဟွိုင်အန်း မျက်နှာထက်တွင် တည်ငြိမိနေသော်ငြား သူ့ဘေးတွင်ရှိသော ထိုင်ခုံထက်သို့ တော်တော်လေး ရွှေ့ထိုင်ချင်စိတ်ပေါက်သွားသည်။
ဒီမိန်းမ !!!
ရှန်းတန်က ခေါင်းလေးငဲ့လိုက်ရင်း “ရှင်က ဒီမှာ ဘာလုပ်နေတာလဲ။” ဟု မေးလိုက်သည်။
[ဟမ့်… ရှင် ဒီကိုရောက်တာ တော်တော်လေး မြန်တာပဲ။]
[ဘစ်ဘော့စ်ကြီးရော ဒဏ်ရာရသွားတာလား။]
ရှန်းတန်က သူ့ကိုယ်ပေါ်ကို စုန်ချည်ဆန်ချည်ကြည့်လိုက်သည်။
“မင်း ဒဏ်ရာရသွားတယ်လို့ ကြားမိလို့။”
ကုဟွိုင်အန်းက နည်းနည်းတော့ မပျော်ရွှင်တော့ပေ။ သူမ ဒဏ်ရာရနေတာကို မြင်ရတာ သူ မကြိုက်ပေ။
ရှန်းတန်က သူမ၏ ဒဏ်ရာကို ထိကြည့်မိသော် နာကျင်မှုကြောင့် အသက်ပြင်းပြင်းရှိုက်မိသွားသည်။
“ကျွန်မ အဆင်ပြေတယ်။ ဆရာဝန်က သိပ်မဆိုးဘူးလို့တော့ပြောတယ်။”
[အိုး ငါ့မျက်နှာ ပျက်စီးလုနီးပါးပဲ။ လီရှင်းက ဘာတွေ တွေးနေပြီး ငါ့ကို လူတွေရှေ့မှာတောင် တိုက်ခိုက်ရဲသေးတာတုန်း။]
[ထားပါတော့။ ငါလည်း ဘာမှ ရက်ရက်စက်စက် မလုပ်ခဲ့ပါဘူး။]
ရှန်းတန် သူမ၏ ဘဝရွေးချယ်မှုအပေါ် သံသယဝင်လာသည်။
ကုဟွိုင်အန်း၏ အမူအရာသည် မည်းမှောင်လာ၏။ လီရှင်း… ဟမ့်… သူ့စိတ်ထဲမှာ မှတ်ထားလိုက်ပြီ။
“တခြားစစ်ဆေးမှုတွေ ထပ်လုပ်ဖို့ ကိုယ်မင်းကို ကိုယ်ပိုင်ဆေးရုံကို ခေါ်သွားပေးမယ်။”
“အာ… ကျွန်မအထင်တော့ ဒါက မလိုဘူးလားလို့လေ။”
[အဲ့တာက ဒီတိုင်း ဒဏ်ရာသေးသေးလေးပဲကို။ ဘာကိစ္စ တခြားဆေးရုံမှာ သွားစစ်မှာလဲ။ ဒဏ်ရာကတော့ အနာဖေးတောင် တက်ပြီးသွားလောက်ပြီ။]
ဒါက အမှန်တကယ်ကို ချဲ့ကားပြောခြင်း ဖြစ်သည်။ ထိခိုက်ဒဏ်ရာက ထိုမျှ မြန်မြန် မပျောက်ကင်းနိုင်ပေ။
“လာ သွားစို့။ ကုအုပ်စုအောက်မှာရှိတဲ့ဆေးရုံတွေက ထိပ်တန်းအဆင့်တွေပဲ။ မင်းရဲ့ ဒဏ်ရာအနေအထားနဲ့ဆို အမာရွတ် ကျန်နေမှာကို မကြောက်ဘူးလား။”
ဒါက ရှန်းတန်ရဲ့ ပူပန်မှုကို တကယ် ထိမိသွားသည်။
“ဟုတ်ပြီလေ။ အဲ့တာဆိုလည်း ဒုက္ခခံပေးတာ ကျေးဇူးတင်ပါတယ်။”
“ဒုက္ခမဖြစ်ပါဘူး။”
ကုဟွိုင်အန်း လက်ကို ဆန့်တန်းလိုက်သော် ရှန်းတန်က သူ့ကို အားပြု၍ မတ်တပ်ရပ်လိုက်သည်။
သူတို့နှစ်ယောက်သားသည် ဘေးချင်းကပ်ကာ လျှောက်သွားသည်။
သို့သော်ငြား အချို့သော လူအနည်းငယ်က ရှန်းတန်ကို မှတ်မိသွားပြီး လူတစ်ဦးက သူတို့၏ နောက်ကျောများကို ဓာတ်ပုံရိုက်ယူကာ ဝေ့ပေါ်ပေါ်သို့ တင်လိုက်သည်။
[သူတို့ အတူတူရှိနေပြီထင်တယ်။ အရည်အချင်းရှိတဲ့ လူကြီးလူကောင်းတစ်ယောက်နဲ့ မိန်းမလှလေး၊ ရှန်းတန်က အရင်ဘဝတုန်းက စကြာဝဠာကြီးကို ကယ်တင်ခဲ့တာ ထင်တယ်။]
[အိုးး သူ့ရဲ့နောက်ကျောလေးနဲ့တင် ခန့်ညားပါတယ်လို့ မင်းက ပြောနိုင်တယ်ပေါ့လေ။]
[မင်း အဲ့လိုကြီး တရားသေ စဉ်းစားလို့ မရဘူး။ သူမမှာ အရင်က ရည်းစားဟောင်း နည်းနည်းလည်း ရှိနေသေးတယ်လေ။]
သူတို့နှစ်ဦးသည် ဆေးထပ်စစ်ကာ ဒဏ်ရာကို ပတ်တီးပြန်စည်းဖို့ ဆေးရုံကိုသွားရန် အလျင်လိုနေသောကြောင့် မေ့လျော့သွားခဲ့သည်။
ရှန်းတန်က မျက်နှာကို မဲ့ကာ အော်ငိုမိတော့မတတ်ကို နာကျင်နေသည်။
[အိုး…၊ ဒုတိယအကြိမ် ညှင်းဆဲခံရဖို့ကို မလာသင့်ဘူးဆိုတာ ငါသိလိုက်ရမှာ။]
[ဝါး တကယ်လို့ ဒါက နောက်ထပ် ရိုက်ရမယ့် ရိုက်ကွက်တွေကို သက်ရောက်သွားရင် ငါ့ကို လစာဖြတ်မှာလားမသိ။]
ကုဟွိုင်အန်းသည် အနည်းငယ် အကူညီမဲ့သလို ခံစားလိုက်ရသည်။ အခုလိုမျိုးဖြစ်နေတဲ့အချိန်မှာတောင် သူမက ပိုက်ဆံအကြောင်း တွေးနိုင်သေးတယ်ပေါ့လေ။
“သေသေချာချာ အနားယူလိုက်ပါ။ ဒီကိစ္စကို ကိုယ် သင့်တော်သလို သေချာစီစဉ်ပေးပါ့မယ်။”
“ကျေးဇူးတင်ပါတယ်။”
“ကိုယ် ပြောထားသားပဲ။ မင်း ကိုယ့်ကို ကျေးဇူးတင်ကြောင်းပြောဖို့ မလိုပါဘူးဆို။”
ရှန်းတန် သူမ၏ နှုတ်ခမ်းထောင့်များကို ဆွဲဆန့်လိုက်သည်။
[ကုဟွိုင်အန်းက ဘာတွေဖြစ်နေတာလဲ။ လူအထင်လွဲမယ့်စကားတွေကို ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ ပြောထွက်နေရတာတုန်း။]
[ကျစ် ဒီလို မျက်စိအစာလေးက ငါ့ရှေ့မှာ ရှိနေတာတောင် မြင်သာမြင်ရ မကြင်ရပါဘူးဟယ်။ ဘယ်လိုတောင် စိတ်ညစ်ဖို့ကောင်းလိုက်လဲ။]
[ဒါမယ့် သူ့မျက်နှာလေးက အတည်ကြီး ကြည့်ကောင်းတာ။ သူကျ အနုစိပ် ထွင်းထုထားပြီး ငါ့ကျ ဘေးမှာ ပိုနေတာတွေနဲ့ လုပ်ထားတဲ့ ရွှံ့မီးခွက်ကျနေတာပဲ။]
[အယ် ခဏလေး။ ငါလည်း တကယ့် တကယ်ကျ အဲ့လောက်တော့ မဆိုးပါဘူးဟ။]
ကုဟွိုင်အန်း : “ …..”
ပိုက်ဆံကို လောဘကြီးတဲ့နေရာတွင်တော့ ရှန်းတန်ကို ဒုတိယ ဟုပြောရင် ဘယ်သူမှ ပထမနေရာ ယူရဲမှာ မဟုတ်ပေ။
သူမ၏ မျက်နှာ ထိခိုက်မိထားသောကြောင့် နောက်ထပ် ရိုက်ကူးရေးများကို ရွှေ့ဆိုင်းထားရမည်ဖြစ်သည်။
ထိုကိစ္စနှင့် ပတ်သက်၍ ရှန်းတန်က အနည်းငယ် စိုးရိမ်မိသည်။
ကံကောင်းထောက်မစွာဖြင့် အကုန်လုံးက တော်တော်လေးကို နားလည်ပေးတတ်ကြပြီး သူမကို အပြစ်တင်လာသူမရှိပေ။ သူတို့က သူမ၏ scenesတွေကို နောက်ရက်ကို ရွှေ့ပြီး တခြားရိုက်စရာရှိသည်များကို အရင်ရိုက်နှင့်မည်ဖြစ်သည်။
လီရှင်းကတော့ တစ်စုံတစ်ယောက်ကို တမင်တကာ ထိခိုက်နာကျင်စေမှုကြောင့် အဖွဲ့က အလုပ်ဖြုတ်ခံလိုက်ပြီး ထောင်ထဲတွင် အချိန်ဖြုန်းရတော့မည်ဖြစ်သည်။
ဒါက တကယ်ကို ကြောက်ဖို့ကောင်းသောကိစ္စဖြစ်သည် ။သူမက လျော်ကြေးငွေ တော်တော်များများကို ပေးဆောင်လိုက်ရမည်ဖြစ်ပြီး သူမ၏ အသက်မွေးဝမ်းကျောင်းလည်း အဆုံးသတ်သွားချေတော့သည်။
ရှန်းတန်ကတော့ သူမကို စာနာမပေးနိုင်ပေ။ ဒါတွေက လီရှင်းကိုယ်တိုင် ရွေးချယ်ခဲ့တာ ဖြစ်သည်။
ထို့နောက်တွင်တော့ ရှန်းတန်သည် ရိုက်ကွင်းသို့ ပြန်မသွားခဲ့ချေ။ ထိုအစား ကုဟွိုင်အန်းက သူမကို အိမ်ပြန်ခေါ်လာသည်။
အစ်မထောင်နှင့် အမွှာနှစ်ယောက်တို့သည် ရှန်းတန်၏ မျက်နှာပေါ်မှ ဒဏ်ရာကိုမြင်သော် သတိလွတ်မတတ် ထိတ်လန့်သွားရသည်။
“အမလေး ဘုရားရေ။ ဒါက ဘယ်လိုဖြစ်ရတာတုန်း။”
“မမ နာလားဟင်။ မမကို လေနဲ့ မှုတ်ပေးမယ်လေ။”
“မမ တစ်ယောက်ယောက်က မမကို ထိခိုက်အောင်လုပ်တာလား။”
ရှန်းတန် မပြုံးဘဲ မနေနိုင်တော့ပေ။ ဒီကမ္ဘာကိုရောက်လာပြီးတည်းက သူမမိသားစုနှင့် ပိုပြီး ရင်းနှီးလာပုံရသည်။
“အဆင်ပြေပါတယ်။ ဒဏ်ရာက မြင်ရတာ ပိုဆိုးတယ်လို့ ထင်ရရုံပဲရယ်။”
အစ်မထောင်၏ မျက်ခုံးတို့ စုကျုံ့သွားခဲ့သည်။ “မဟုတ်ဘူး မဟုတ်ဘူး။ မလှုပ်နဲ့။ လာ လာ ထိုင်ဦး။ ငါ အစားသောက်ပလန်တွေ ပြန်လုပ်ဦးမယ်။ ဒဏ်ရာရထားတဲ့အတောအတွင်း မစားရမှာတွေ ရှိတယ်။”
သူမက ဟင်းအမယ်တွေကို တတွတ်တွတ်ရွတ်ရင်း မီးဖိုချောင်ထဲသို့ အပြေးအလွှား သွားခဲ့သည်။
ကုဟွိုင်အန်းက ထိုင်ချရန် ပြင်လိုက်သော်ငြား အမွှာနှစ်ယောက်က ရှန်းတန်၏ ဘေးတစ်ဖက် တစ်ချက်စီသို့ ထိုင်ချလိုက်ပြီဖြစ်သောကြောင့် အနေခက်စွာဖြင့် ထိုနေရာတွင်သာ ရပ်နေရတော့သည်။
ကုဝူယန်က ဇဝေဇဝါဖြင့် မော့ကြည့်လိုက်သည်။ “ဦးလေးက မပြန်သေးဘူးလား။”
ကုအန်းရန်လည်း တစ်ချက်မော့ကြည့်ကာ မေးလိုက်သည်။ “ဦးလေး အလုပ်မသွားဘူးလား။ မေမေဆို နေ့တိုင်း နေ့တိုင်း အလုပ်ကြိုးစားတာကို။”
ကုဟွိုင်အန်း : “ ……..”
ဘယ်မှာလဲ သိုးမွှေးအနွေးဂျာကင်လေးရဲ့ စာနာထောက်ထားမှု။
“ငါ အခု ကုမ္ပဏီသွားတော့မှာ။ မင်းတို့နှစ်ယောက် ကောင်းကောင်း စောင့်___”
ကုဝူယန်က ကုဟွိုင်အန်း၏ စကားကို ဖြတ်ပြောလာသည်။ “ပွစိပွစိလုပ်နေတာတွေ တော်ပါတော့။”
“သိတယ်လို့။ မမကို ကောင်းကောင်း စောင့်ရှောက်ထားလိုက်မယ်။”
ရှန်းတန်က အားနည်းစွာဖြင့် လက်မြှောက်ပြီး ပြောပြချင်လာသည်။ သူမ ဒဏ်ရာရထားတာက မျက်နှာမှာဖြစ်ပြီး ခြေထောက်နဲ့ လက်ကတော့ အကောင်းကြီးပင်။ ဘယ်သူမှ သူမကို စောင့်ရှောက်ပေးဖို့ မလိုပေ။
သို့သော်ငြား ကုဟွိုင်အန်းတစ်ယောက် ကလေးနှစ်ဦး ပိတ်ပင်တားမြစ်ခြင်းကို ခံလိုက်ရပြီး စကားတစ်လုံးမှပင် ထွက်လို့မရသည်ကိုမြင်သော် သူမ ရယ်သာ ရယ်ချင်လာတော့သည်။
ကုဟွိုင်အန်း၏ အကြည့်တို့သည် ရုတ်ချည်း သူမပေါ်သို့ ကျရောက်လာသည်။ ရှန်းတန်က သူမမျက်နှာထပ်ရှိ အပြုံးကို ရပ်တန့်ကာ မလှိမ့်တပတ် အမူအရာလေးသာ ကျန်နေခဲ့တော့သည်။
ကုဟွိုင်အန်း အနည်းငယ် အကူညီမဲ့သယောင် ခံစားလိုက်ရသည်။ “ဒါဆို ငါသွားတော့မယ်။”
“ဦးလေး တာ့တာ”
“သွားတော့။ သွားတော့။”
“မနက်ဖြန်မှ တွေ့မယ်နော်။”
ကုဟွိုက်အန်း၏ ခြေလှမ်းတို့ ဇဝေဇဝါဖြင့် ရပ်တန့်သွားရသည်။ ဆိုတော့ သူ ဒီနေ့ည ပြန်မလာဘူးလို့လည်း မပြောခဲ့ဘူးလေ။
ကလေးနှစ်ယောက်က ရှန်းတန်ကို အလျှံအပယ် ဂရုစိုက်နေသည်။ သူမက ထိုင်ပြီး နားနေရုံသာ လိုအပ်ပြီး ဘာမဆို သူမကို ယူလာပေသည်။ သူမကို ရေချိူခန်းသို့ ခေါ်သွားပေးပြီး ဘောင်းဘီချွတ်ဖို့ပင် မမှီတမှီနဲ့ ကူညီပေးရှာသည်။
ရှန်းတန် : ‘“......”
အဲ့တာက မလိုဘူးလေလို့။
ကလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အချောလေး၊အလှလေးဟု အပြန်အလှန်ခေါ်နေကြရာမှ မာန်ဝင့်ဝင့်ကောင်းကင်နဂါးနှင့် အိပ်မက်သလင်းနှင်းပွင့်ဟု နာမည်ပြောင်းလိုက်ကြသည်ကို ကြည့်ရသည်မှာ အဆင်ပြေပါသေးသည်။
အထိတ်တလန့်ဖြစ်ရသည်မှာတော့ သူတို့ကို ထိုနာမည်အတိုင်း ခေါ်ပေးမလားဟု မေးလာချိန်တွင်ဖြစ်သည်။
တခြားသူများတော့ မသိပေမယ့် ရှန်းတန်၏ ခြေချောင်းလေးများ တွန့်လိမ်သွားကာ ကြမ်းပြင်ထက်တွင် ကြက်သေသေသွားရသည်။
စားသောက်နေချိန်တွင် ရှန်းတန်သည် ယွမ်ယွမ့်ဆီမှ အစ်ကိုဝမ်က သူမဆီ ဆက်သွယ်ပြီး ရှန်းတန်ကို ကုမ္ပဏီလာခဲ့ဖို့ပြောကြောင်း ဝီချက်မက်ဆေ့ချ်ကို လက်ခံရရှိသည်။
ရိုးရိုးသားသားပြောရကြေးဆိုပါက ရှန်းတန် မသွားချင်ပေ။
အစ်ကိုဝမ်က ဆက်သွယ်လာတိုင်း မဟုတ်သုတ်ခတွေသာ ဖြစ်လေ့ဖြစ်ထ ရှိသည်။
သို့ပါသော်ငြား သူမကတော့ သူ ကျိတ်ကြံစည်ထသော တစ်ထွာတမိုက်မျှ အစီအမံကို တော်တော်လေးသိချင်နေသည်။
အခုကတော့ တော်တော်လေး ညဉ့်နက်နေပြီဖြစ်သောကြောင့် အမွှာနှစ်ယောက်နှင့် အစ်မထောင်တို့က ရှန်းတန်တစ်ယောက်တည်း အပြင်ထွက်ခွင့်ပြုရန် တွန့်ဆုတ်နေကြသည်။
ဦးလေးဟယ်က ဖြောင့်တန်းသော ကိုယ်ဟန်၊ အမူရာမဲ့သော မျက်နှာပေး၊ ရပ်နေရုံမျှဖြင့် အဟန့်ကောင်းပြီး အရပ် 1.7 မီတာကျော် ရှည်သော မိန်းကလေးသက်တော်စောင့်ကို ဘယ်ကနေ ဘယ်လိုခေါ်လိုက်မှန်း မသိချေ။
ထိုမိန်းကလေးက တိတ်တဆိတ် ခေါင်းငြိမ့်ကာ “သခင်မလေး ကျွန်မကို ရှောင်ယွီလို့ ခေါ်လို့ရတယ်။” ဟု ပြောလာခဲ့သည်။
ရှန်းတန်က ထိုမိန်းကလေးရဲ့ လက်မောင်းကို အားကျစွာဖြင့် ဖျစ်ညစ်လိုက်သည်။
“ဝိုးး ကြွက်သားတွေက အကြီးကြီးပဲ။”
ရှောင်ယွီက သူမ၏ အမူအရာကင်းမဲ့သော မျက်နှာပေးကို ဆက်လက်ထိန်းသိမ်းထားသော်ငြား သူမ၏ နားရွက်ဖျားလေးများက တိတ်တိတ်ကလေး အနီသွေးခြယ်သွားသည်။
ထိုသည်ကို ရှန်းတန်မြင်သော် သူမ၏ပါးစပ်ကိုအုပ်ကာ တခစ်ခစ်ရီတော့သည်။သူမက အရှက်သည်းတဲ့ချစ်စရာလေးအဖြစ် ပြောင်းသွားတာပဲ။