Chapter 01
“ကယ်တင်ခံရခြင်း”
ခန္ဓာကိုယ်အနှံ့နာကျင်မှုက ဖူမင်ယိုကို မျက်မှောင်ကြုတ်သွားစေသည်။ အပေါ်စီးမှ မြင်နေရသော ကောင်းကင်ပြာနှင့် တိမ်ဖြူများကိုကြည့်ရင်း သူ့မျက်ဝန်းထဲ၌ လှောင်ပြောင်ရိပ်တစ်ခု ပေါ်လာခဲ့သည်။
ဖုမိသားစု၏ အမွေဆက်ခံသူတစ်ယောက်အဖြစ် သူသည်ကား သူ့ညီလေး၏ သစ္စာဖောက်ခံခဲ့ရသည်။
မိသားစုစီးပွားရေးကို ဆက်ခံဖို့ စိတ်မဝင်စားကြောင်း သူပြောခဲ့သည့်တိုင်၊
ကမ္ဘာပတ်ပြီး ခရီးထွက်ချင်သည်ဟု သူ ပြောခဲ့ဖူးသည့်တိုင်၊
တစ်ဖက်လူက သူ့အား လွှတ်မပေးခဲ့ပေ။
ထိုလူများ၏ အမြင်မှာ သွေးသားတော်စပ်မှုက ငွေတစ်ပြားလောက်ပင် အရေးမပါမှန်း သူသိခဲ့ရသည်။
သူ့အသက်ဆိုရင်တော့ ပိုလို့တောင် အရေးမပါဘူးမလား။
“ဟွတ်..ဟွတ်.. ငါသေတော့မှာလား?”
ဖူမင်ယိုသည် မျက်လုံးကို အတင်းဖွင့်ဖို့ ကြိုးစားလိုက်သော်လည်း သူ့တစ်ကိုယ်လုံးမှ နာကျင်မှုဒဏ်နှင့် တဖြည်းဖြည်းလျော့ပါးသွားသော ခွန်အားတို့မှာ သူ အသက်ရှင်နိုင်တော့မှာမဟုတ်ကြောင်း ပြောပြနေသည်။
သို့သော်လည်း ယခုချိန်မှာ သူသည် ပြင်ဆင်ထားသော ဆေးကိုသောက်ဖို့ပင် စိတ်မဝင်စားတော့ချေ။
ယခုလို ထွက်သွားလိုက်တာ အကောင်းဆုံးဖြစ်မည်။ တစ်ယောက်တည်းရှိနေရတာ ငြီးငွေ့စရာကောင်းသည်။
မတ်လ၏ နေရောင်ခြည်က နွေးထွေးစပြုလာလေပြီ။
၎င်းက ခန္ဓာကိုယ်အား နွေးထွေးစေသောကြောင့် လူတွေသည် သူတို့၏ ခန္ဓာကိုယ်ပေါ်မှ လေးလံသော အဝတ်အစားများကို ချွတ်ပြီး ပေါ့ပေါ့ပါးပါး စတင်ဝတ်ဆင်လာကြသည်။
သိပ်မဝေးသော နေရာမှ သစ်ပင်တစ်ပင်၌ အဖူးလေးများ စတင်ပေါက်လာပြီး နွေဦးအငွေ့အသက်တို့ ပြည့်နှက်လျက်ရှိသည်။
ရှယန်ရှီးသည် ပုံမှန်လိုပင် ဟင်းသီးဟင်းရွက်များခူးရန် တောင်ပေါ်ရောက်လာသည်။
မလှမ်းမကမ်းမှ သွေးစွန်းလျက် လဲနေသောလူကို မြင်သည့်အခါ သူ လန့်ဖျပ်သွား၍ အော်ဟစ်လိုက်ပြီး အလိုလို နောက်တစ်လှမ်းဆုတ်လိုက်မိသည်။
အသက်တစ်ချောင်းကို ကယ်ဆယ်ပေးခြင်းက ကုသိုလ်ကောင်းမှုတစ်ခုဟုတွေးကာ ရှယန်ရှီးသည် နှုတ်ခမ်းစေ့လျက် လက်ထဲက ဟင်းသီးဟင်းရွက်များကို ချလိုက်သည်။
ဖူမင်ယို သတိပြန်ရလာသည့်အခါ သူ ကုတင်ပေါ်မှာ လဲလျောင်းနေတာကို တွေ့လိုက်ရသည်။
“အား… ကောကော..ကောကော.... သူ သတိရလာပြီ”
သုံးလေးနှစ်အရွယ် ကလေးတစ်ယောက်က ကုတင်ပေါ်မှာ မှီနေသည်။ ဖူမင်ယို နိုးလာတာကို တွေ့သောအခါ သူ့မျက်လုံးများက အံ့သြဝမ်းသာမှုများနှင့် ပြည့်နေလျက် ခြေတံတိုလေးများဖြင့် ပြေးထွက်ကာ ကလေးသံလေးဖြင့် အော်ပြောလိုက်လေသည်။
ရှယန်ရှီးက ရေပုံးကိုချလိုက်ပြီး သူ့ညီလေးဆွဲခေါ်ရာနောက်သို့ လိုက်သွားသည်။
“ခင်ဗျား… ခင်ဗျားနိုးပြီလား?”
တစ်ဖက်လူ၏ ချောမောခန့်ညားသော မျက်နှာကို တွေ့သောအခါ ရှယန်ရှီးက အလိုလို ရှက်သွေးဖြာပြီး ရှက်ရှက်ဖြင့် ပြောလိုက်လေသည်။
ကောတစ်ယောက်အနေဖြင့် ဤသည်မှာ ချောမောခန့်ညားသော ယောကျာ်းတစ်ယောက်ကို သူ ပထမဆုံးအကြိမ်အဖြစ် တွေ့ဖူးတာဖြစ်သည်။
ရွာထဲက လူတွေထက် ကြည့်ကောင်းလွန်းသည်။
ဖူမင်ယိုသည်ကား ဖြူဖျော့သော်လည်း နုနယ်သော မျက်နှာပိုင်ရှင်ကိုကြည့်ပြီး ထထိုင်ဖို့ ကြိုးစားလိုက်သည်။ “မင်း ငါ့ကို ကယ်ခဲ့တာလား?”
ရှယန်ရှီးက တစ်ဖက်လူ၏ ဒဏ်ရာကို ဂရုတစိုက်ရှောင်ရင်း ချက်ချင်းထူပေးလိုက်သည်။ “ဟင်... ဖြေးဖြေးထပါ.. သမားတော်က ခင်ဗျားရဲ့ ဒဏ်ရာတွေ အရမ်းပြင်းလို့ သေချာဂရုစိုက်ဖို့လိုတယ်လို့ ပြောထားတယ်”
“သမားတော်?” ဖူမင်ယိုက ထိုရှေးခတ်အသုံးအနှုန်းကို နားထောင်ရင်း မျက်မှောင်ကြုတ်လိုက်ပြီးမှ တစ်ဖက်လူ၏ ထူးဆန်းသော လျှော်ချောထည် အဝတ်အစားကို ကြည့်၍ မဝံ့မရဲမေးလိုက်သည်။ “ဒါက ဘယ်နှစ်ခုနှစ်လဲ?”
“ကောကော...ကောကောက အရမ်းတုံးတာပဲ”
ကလေးငယ်လေးက အားရပါးရပြုံးကာ ပြောလိုက်သည်။ “ဒီနှစ်က ဝမ်ခန်း၁၃နှစ်လေ”
ဖူမင်ယို လန့်ဖျပ်သွား၏။ သူက တံတွေးမျိုချရင်း သူ့ရင်ထဲက အံ့အားသင့်မှုကို ထိန်းချုပ်ရန် အကောင်းဆုံးကြိုးစားလိုက်သည်။ “ဒါဆို ဒါက?”
“ဒါက ရှကျားရွာပါ”
ရှယန်ရှီးက သူ့ညီလေး၏ ပါးစပ်ကို လှမ်းအုပ်ပြီး တိုးတိုးလေးဖြေလိုက်၏။
ဖူမင်ယို ခေါင်းမူးသွားသည်။ သူ ကမ္ဘာကူးပြောင်းလာတာလား?
မထင်မှတ်ထားသည်မှာ သူ စိတ်ကူးယဥ်ခေတ်တစ်ခုကို ရောက်လာခြင်းပင်။
ကံအားလျော်စွာ သူ၏ လက်ခံနိုင်စွမ်းက အမြဲတမ်းလိုလို သန်မာသေးသည်။
သူ လူတစ်ယောက်၏ ကယ်တင်ခံလိုက်ရတာကလည်း အံ့သြစရာကောင်းလှသည်။
“ကိုယ့်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်.. အခုနည်းနည်းပင်ပန်းနေတယ်”
ဖူမင်ယို၏မျက်နှာက ဖြူဖျော့နေသေးပြီး တစ်ခုခုလုပ်ဖို့ လိုအပ်နေသည်။
ရှယန်ရှီးက ချက်ချင်းခေါင်းညိတ်ပြပြီး သူ့ညီလေးကို ပွေ့ဖက်လိုက်၏။ “ဒါဆို အရင်အနားယူလိုက်ပါ.. ကျွန်တော် ခဏနေရင် ဆေးပြုတ်ပေးပါမယ်”
တစ်ဖက်လူထွက်သွားသောအခါ ဖူမင်ယိုက သူ့လက်ကောက်ဝတ်ကို ချက်ချင်းစမ်းသပ်လိုက်သည်။ သူ့မျက်လုံးများက မှေးကျဥ်းသွားပြီး တစ်ချိန်တည်းမှာ သူ စိတ်သက်သာရာရသွားသည်။
ကံအားလျော်စွာ သူ့၌ ဒိုင်မန်းရှင်းစနစ်*ရှိနေသေးသည်။
(**အကျယ်တဝင့်ရှင်းပြချက် အောက်ဆုံးမှာပါပါဆယ်)
သူသည်ကား ဒိုင်မန်းရှင်းစနစ်ကို သူနဲ့အတူ အမြဲသယ်ထားပြီး ယခင်ကဆိုလျှင် သူ့ရာထူးနှင့် သရုပ်သကန်ကို အသုံးပြု၍ တခြားကမ္ဘာများနှင့် အရောင်းအဝယ်များစွာ လုပ်ဖူးသည်။
ကံအားလျော်စွာ သူ ဤကိစ္စများကို သူ့မိသားစုအား မပြောပြခဲ့ဖူးပေ။ မဟုတ်ပါက သူ့ကို သတ်ဖို့ကြံသော အန္တရာယ်က ပို၍ဆောလျင်စွာ ရောက်လာပေမည်။
ဖူမင်ယို၏ မျက်ဝန်းထဲ၌ ခနဲ့တဲ့တဲ့ အရိပ်အယောင်တစ်ခုပေါ်လာသည်။
အသက်ပြင်းပြင်းရှူကာ မကောင်းသော စိတ်ခံစားချက်များကို သူ့ရင်ထဲမှ ဖယ်ထုတ်လိုက်ပြီးနောက် ဖူမင်ယိုက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တော့သည်။
အိမ်ထဲရှိ ပရိဘောဂအဟောင်းများကို ကြည့်ခြင်းအားဖြင့် ယင်းမှာ အိုဟောင်းသော အိမ်ကြီးတစ်လုံးမှန်း သိသာလေသည်။
“ဟိုလေ..သခင်လေး ဆေးကို ကိုယ်တိုင်သောက်လို့ရမလား”
ရှယန်ရှီးက ပန်းကန်တစ်လုံးနှင့် အထဲဝင်လာပြီး တိုးတိုးလေး မေးလိုက်၏။
ဖူမင်ယိုက တစ်ဖက်လူကိုကြည့်ပြီး သူ့ကိုယ်သူ အတတ်နိုင်ဆုံး နူးညံ့အောင် ကြိုးစားလိုက်သည်။ “ရပါတယ်”
“ကောင်းပြီ.. ဒါဆို ပူနေတုန်း သောက်လိုက်ပါ”
ရှယန်ရှီးက ခေါင်းညိတ်ပြလိုက်သော်လည်း သူ့စိတ်ထဲမှာတော့ နက်ဖြန်တောင်ပေါ်သွားလျှင် ဆေးထပ်ဝယ်ဖို့ လိုမလို တွက်ချက်နေ၏။
တစ်ဖက်လူ၏ ခန္ဓာကိုယ်မှာ သိပ်မကောင်းသေးသလိုပင်။
ဖူမင်ယိုက ခေါင်းညိတ်၍ပြောလိုက်၏။ “ကိုယ့်နာမည်က ဖူမင်ယို၊ ဖူက ဆရာ၊ မင်က တရားထိုင်တာ၊ ယိုက ခရီးသွားတာပါ.. မင်းနာမည်ဘယ်လိုခေါ်လဲ?”
“ကျွန်တော်၊ ကျွန်တော့်နာမည်က ရှယန်ရှီးပါ”
ရှယန်ရှီးက နှုတ်ခမ်းစေ့လိုက်ပြီးမှ မေးလိုက်သည်။ “ကျွန်တော် သခင်လေးကို တောင်ပေါ်မှာတွေ့ခဲ့တာ.. သခင်လေးရဲ့ မိသားစုကို အကြောင်းကြားဖို့လိုလား?”
ဖူမင်ယိုက ခေါင်းခါပြီး ပြန်ဖြေ၏။ “မလိုဘူး… ကိုယ့်မှာမိသားစုမရှိဘူး”
“စိတ်မကောင်းပါဘူး.. ဒါဆို သခင်လေး ကျွန်တော့်အိမ်မှာပဲနေပြီး ဒဏ်ရာတွေပျောက်သွားအောင် ကောင်းကောင်းအနားယူလိုက်ပါ”
ရှယန်ရှီး ခဏရပ်ပြီး နှုတ်ခမ်းစေ့ကာ စိတ်ပိုင်းဖြတ်ထားသလို ပြောလိုက်၏။
ကောတစ်ယောက်အနေဖြင့် ယောကျာ်းတစ်ယောက်ကို ကယ်တင်ခြင်းက အတင်းအဖျင်းများ အပြောခံရနိုင်သော်လည်း ယင်းမှာ ကုသိုလ်ကောင်းမှုတစ်ခုဖြစ်သည်။
တစ်ဖက်လူမှာ မိသားစုမရှိသောကြောင့် သူ မောင်းမထုတ်ဝံ့ချေ။
“ကျေးဇူးပါ” ဖူမင်ယိုက သန်မာချင်ယောင်မဆောင်ခဲ့ပေ။ သူက တစ်ဖက်လူ၏ စုတ်ပြဲနေသော အဝတ်အစားကို မသိမသာကြည့်လိုက်ပြီး သူ့ကိုယ်ပိုင်ဝတ်ရုံထဲ လက်ထည့်ကာ စနစ်ထဲမှ ရွှေတုံးအသေးလေးတစ်တုံးကို ထုတ်ယူလိုက်သည်။ “အရင်က ဓားပြတိုက်ခံလိုက်ရလို့ ပစ္စည်းတော်တော်များများ ဆုံးရှုံးလိုက်ရပေမယ့် ဖွက်ထားတာ နည်းနည်းတော့ရှိတယ်.. ဒါကို ဆေးဖိုးဝါးခအဖြစ် လက်ခံပေးပါ”
ဤမိသားစု၏အခြေအနေကို ကြည့်ရတာ ချမ်းသာပုံမပေါ်ပေ။
သူ့မှာ ဒဏ်ရာရှိနေသေး၍ ဆေးကုသဖို့ လိုအပ်သည်။
သူ့စနစ်ထဲမှာ ကုသဆေးများရှိသော်လည်း သံသယမဝင်စေရန် လောလောဆယ် ဤဆေးများကိုသာသောက်ဖို့ ဆုံးဖြတ်လိုက်သည်။
“ဒါ.. ဒါတော့မဖြစ်ဘူး… အရမ်းများနေတယ်”
ရှယန်ရှီး အလိုလိုခေါင်းခါယမ်းပြပြီး မျက်လုံးပြူးကြီးဖြင့် ပြောလိုက်၏။ “ဆေးအတွက် ပိုက်ဆံအများကြီးမကုန်ပါဘူး”
“ဒါဆို ကျန်တာက ကိုယ့်စားစရိတ်နဲ့ နေစရိတ်အတွက် သုံးလို့ရတယ်”
တစ်ဖက်လူ၏ ပုံစံကိုကြည့်ပြီး ဖူမင်ယို ပြုံးလိုက်မိသည်။ သူက သူ့လက်ထဲရှိ ရွှေတုံးများကို တစ်ဖက်လူ၏လက်ထဲသို့ အတင်းထည့်ပေးလိုက်၏။ “ကိုယ် အခု နေမကောင်းဖြစ်နေတော့ ပြန်ကောင်းလာအောင် ကောင်းကောင်းစားဖို့လိုတယ်လေ”
ရှယန်ရှီးက နှုတ်ခမ်းစေ့ပြီး သူ့မျက်ဝန်းက အနည်းငယ် ရှုပ်ထွေးသွားပုံရသော်လည်း သူ တစ်ခုခုကိုစဥ်းစားပြီး ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ… နောက်ကျရင် ကျွန်တော်သုံးတဲ့ငွေကို သခင်လေးကို ပြန်ပြောပြပါမယ်”
၎င်းကိုမြင်တော့ ဖူမင်ယိုက ပြုံးလိုက်သည်။
သူ့ရှေ့ကလူက အခွင့်အရေးယူတတ်သူမဟုတ်ကြောင်း သူ အလိုလိုသိနေသည်။
ခါးသက်သက်ဆေးကို သောက်ပြီးနောက်မှာ ဖူမင်ယိုက ဆေးအရှိန်ကြောင့် အိပ်ပျော်သွားခဲ့သည်။
(Plane Trading System ရှင်းလင်းချက်၊ ရှေ့မှာ Reference မရှိထားတော့ ဒါလေးကို ကမ္ဘာအချင်းချင်း ကုန်သွယ်ရေးစနစ်*လို့ ဘာသာပြန်လိုက်ပါတယ်၊ Plane ဆိုတာ Dimensionနဲ့တူတယ် >> စကြာဝဠာ၊ ကမ္ဘာဆိုတဲ့အဓိပ္ပါယ်ပါ၊ ကမ္ဘာအချင်းချင်း ကုန်သွယ်ရေးစနစ်က နေရာလွတ်နဲ့သဘောတရားတူပေမယ့် နည်းနည်းလေးတော့ကွဲပါတယ်။ Plane Trading System ပိုင်ရှင်တွေက တခြားကမ္ဘာကို ကူးသန်းသွားလာပြီး သူ့ကမ္ဘာမှာရှိတဲ့ပစ္စည်းတွေကို ရောင်းဝယ်ကုန်သွယ်မှုလုပ်နိုင်တဲ့စနစ်ပါ။ ဒါမှမဟုတ် တခြားကမ္ဘာ or သူ့လိုပဲ ဒီစနစ်ရှိတဲ့လူတွေနဲ့ သတ်မှတ်ထားတဲ့ဆုံမှတ်တစ်ခုမှာ နည်းပညာနဲ့ ကုန်စည်ပစ္စည်းတွေကို အချင်းချင်းရောင်းဝယ်ကုန်သွယ်တဲ့စနစ်ကိုခေါ်ပါတယ်။ ဒီNovel မှာ ဘယ်လိုသွားမလဲဆိုတာကတော့ နောက်မှသိပါလိမ့်မယ်/ အသုံးအနှုန်းကတော့ ဒိုင်မန်းရှင်းစနစ်၊ ဒိုင်မန်းရှင်းနေရာလွတ်အဖြစ် စသဖြင့်သုံးသွားပါမယ်နော်)