Chapter 02
အချိန်ကူးပြောင်းခြင်း
အိပ်ပျော်နေသော ဖူမင်ယိုသည် သူ့ကြောင့် ရှယန်ရှီးက မိဘများ၏ အဆူခံလိုက်ရသည်ကို မသိခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် ကောတစ်ယောက်က ယောကျာ်းတစ်ယောက်ကို ကယ်တင်ပြီး တစ်ခန်းတည်းမှာ အတူနေခဲ့ခြင်းက အတင်းအဖျင်းများ ထွက်လာမှာမို့ပင်။
“တော်ပါပြီ..ရှင်ရယ်.. ရှီးရှီးက ကူညီပေးခဲ့ရုံပါ”
အမေရှက သူ့သားကိုကြည့်ပြီး အဖေရှ၊ ရှလီရမ်ကို ပြောလိုက်သည်။
ရှလီရမ်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သော်လည်း ရှယန်ရှီးကိုကြည့်ကာ ပြောလိုက်၏။ “နောက်တစ်ခါ ဒီလိုဖြစ်လာရင် အဖေ့ကိုပြော.. အဖေ ဖြေရှင်းမယ်”
ရှယန်ရှီးက ချက်ချင်းပြုံးကာ ပြောလိုက်၏။ “ကျေးဇူးပါ အဖေ..ကျွန်တော် နားလည်ပါပြီ”
ဖူမင်ယိုက ငွေအများကြီးပေးခဲ့သောကြောင့် ရှယန်ရှီး ထိုရွှေတုံးကို မဖွက်ထားရဲဘဲ မိဘများထံ အပ်လိုက်သည်။
“ဒီကိစ္စကို စိတ်မပူပါနဲ့.. မင်းအဖေရှိတယ်”
အမေရှက ရှယန်ရှီးကိုကြည့်ကာ ဆက်ပြောလိုက်သည်။ “မင်း ဒီနှစ်ဆိုရင် ဆယ့်ငါးနှစ်ပြည့်ပြီ.. နောက်သုံးလေးလလောက်ဆိုရင် အိမ်ထောင်ဖက်ရှာဖို့ အရွယ်ရောက်ပြီ”
“အမေ.. ကျွန်တော် အိမ်ထောင်မပြုချင်သေးဘူး.. အမေတို့နဲ့ အိမ်မှာပဲနေချင်တယ်”
ရှယန်ရှီးက နှုတ်ခမ်းစူပြီး သူ့အမေကို မှီလိုက်သည်။
ကောတစ်ယောက်အနေဖြင့် သူ မလွဲမသွေ လက်ထပ်ရမှာကိုသိသည်။
သို့သော်လည်း ခဏလေးပဲ တွေ့ဖူးသည့်လူ၊ တစ်ကြိမ်လေးပဲ တွေ့ဖူးသည့်လူနှင့် လက်မထပ်ချင်ပေ။
ရှလီရမ်က ကောင်းကင်ကိုကြည့်ကာ ပြောလာသည်။ “ဒီကိစ္စက အလျင်မလိုပါဘူး..
အခုနေ့လည်စာအရင်စားရအောင်”
“ဟုတ်ကဲ့အဖေ ကျွန်တော်ချက်လိုက်မယ်”
ရှယန်ရှီးက ချက်ချင်းခေါင်းညိတ်ပြပြီး မီးဖိုချောင်ထဲ အပြေးဝင်သွားသည်။
အမေရှက သူမခင်ပွန်းကိုကြည့်ပြီး ပြောလိုက်သည်။ “ရှင် သူ့ကို အရမ်းအလိုလိုက်နေတာပဲ”
“ဟွေ့နျန်း.. ကိုယ်တို့မှာ ကောလေးတစ်ယောက်ပဲရှိတာလေ… သူ့ကို အလိုမလိုက်လို့ ဘယ်သူ့ကိုလိုက်ရမှာလဲ?”
ရှလီရမ်က ပြုံးပြီး ပြောလိုက်၏။
သူနဲ့ ဟွေ့နျန်း လက်ထပ်ပြီးနောက်မှာ ကောအာလေးတစ်ယောက် မွေးဖွားခဲ့သည်။ ဆယ်နှစ်အကြာမှာ သားလေးတစ်ယောက် ထပ်ရခဲ့သော်လည်း သူတို့နှစ်ယောက်က သားငယ်လေးကြောင့် သားအကြီးကို လျစ်လျူရှုခဲ့တာမျိုးမရှိပေ။
လီဟွေ့နျန်း၏ ပါးစပ်ထောင့်က ကော့တက်သွားပြီးမှ သူမက တစ်ခုခုကို စဥ်းစားမိပြီး မျက်မှောင်ကြုတ်သွားသည်။ “အိမ်ဦးနတ်ကြီး.. ရှင် ဒီရွှေတုံးကို သိမ်းထားလိုက်ပါ.. ဒါက သခင်လေးဖူရဲ့ ပစ္စည်းပဲ.. အိမ်ဟောင်းကလူတွေကို မသိစေနဲ့… မဟုတ်ရင် ပြဿနာတက်လိမ့်မယ်နော်”
“ဟွေ့နျန်း စိတ်မပူပါနဲ့.. ငါ ဘာလုပ်ရမလဲသိပါတယ်”
ရှလီရမ်က ဖြူစင်ရိုးသားသော်လည်း လိုအပ်လာလျှင်တော့ ပါးနပ်မှုရှိသည်။
သူတို့ အိမ်ဟောင်းကနေ ခက်ခက်ခဲခဲ ခွဲထွက်လာခဲ့ပြီးမှ အိမ်ဟောင်းကလူတွေနဲ့ ဘယ်လို ဆက်ပြီး ပတ်သက်နိုင်မှာလဲ။
လွန်ခဲ့သည့်တစ်လခန့်က သူတို့မိသားစု ခွဲထွက်လာသည်ဟူသော စကားထက် သူတို့လင်မယား မောင်းထုတ်ခံလိုက်ရသည်ဟု ပြောလျှင် ပိုမှန်မည်။
ဖူမင်ယိုနိုးလာတော့ ထမင်းနံ့သင်းသင်းလေးကို ရှုရှိုက်လိုက်မိသည်။
“နိုးလာပြီလား?”
ပန်းကန်တွေသယ်လာသော ရှလီရမ်က ဖြည်းဖြည်းချင်း ထထိုင်နေသော ဖူမင်ယိုကိုကြည့်ပြီး ပြုံးပြုံးလေးဖြင့် မေးလိုက်သည်။
ဖူမင်ယိုက ပြန်မဖြေဘဲ တစ်ဖက်လူကို အနည်းငယ် ရှုပ်ထွေးသော မျက်နှာဖြင့် ကြည့်လိုက်သည်။
“ငါက ရှလီရမ်ပါ.. ငါ့သားအကြီးဆုံးက မင်းကိုကယ်ခဲ့တာ”
ရှလီရမ်က သူ့ကိုယ်သူ အတိုချုံးမိတ်ဆက်လိုက်ပြီးမှ ပန်းကန်တွေကို ဘေးမှာချရင်း ပြောလိုက်သည်။ “သမားတော်က မင်းကို ကောင်းကောင်းဂရုစိုက်ပေးရမယ်လို့ ပြောထားတယ်.. ကူညီတာလည်း အဆုံးထိကူညီရမှာဆိုတော့ ဒီရက်ပိုင်း မင်း ဒီမှာပဲ အနားယူလိုက်ပါ”
သူ့မှာ မိသားစုမရှိကြောင်း ရှီးရှီးက ပြောပြထား၍ သနားစရာကောင်းလှသည်။
“ကျေးဇူးပါ ဦးလေးရှ”
ဖူမင်ယိုက ခေါင်းညိတ်ပြပြီး တစ်ဖက်လူအား ယဥ်ကျေးမနေတော့ဘဲ ဆန်ပြုတ်ကို ကုန်အောင်သောက်ပစ်လိုက်သည်။
နောက်ရက်တွေမှာတော့ ဖူမင်ယိုက ဒဏ်ရာများကိုကုသရင်း အိမ်မှာပဲ အချိန်ကုန်နေခဲ့သည်။
ဤကာလအတွင်းမှာ သူ ဤဒေသ၏ ဓလေ့ထုံးတမ်းတချို့ကို လေ့လာခဲ့သည်။
ဤကမ္ဘာက သူ့ကမ္ဘာနှင့် ကွဲပြားသည်။ ဤနေရာ၌ အမျိုးသမီး၊ အမျိုးသားနှင့် ကောဟူ၍ သုံးမျိုးသုံးစားရှိသည်။
ရှယန်ရှီးက ကောတစ်ယောက်ဖြစ်၍ တစ်ဖက်လူက သူ့ကို ထိတွေ့ဆက်ဆံဖို့ ရှောင်ရှားနေသည်မှာ အံ့သြစရာမရှိတော့ချေ။
ဤကမ္ဘာရှိ ကောများက အိမ်ထောင်ပြုဖို့လိုအပ်သည်။
ကံအားလျော်စွာ ဖူမင်ယို သွယ်ဝိုက်မေးမြန်းကြည့်ရာတွင် မျက်ခုံးနှစ်ခုကြားမှ မှဲ့နီပါသူများက ကောများဟု ဆိုကြသည်။ ဤကမ္ဘာပေါ်မှာ သူ့ကို ကောတစ်ယောက်ဟု သတ်မှတ်တာမခံရ၍ သူ စိတ်အေးသွားသည်။ မဟုတ်ပါက သူ မည်သည့်နေရာမှာ သွားငိုရမည်ကိုပင် သိမည်မဟုတ်ချေ။
“ဖူကောကောလည်း အပြင်မှာကစားဖို့ ထွက်လာတာလား?”
ရှောင်ပေါင်က ခြေတံတိုလေးများဖြင့် ပြေးလာပြီး
အပြင်ထွက်လာသော ဖူမင်ယိုကိုကြည့်ကာ မျက်လုံးအဝိုင်းသားဖြင့် ချက်ချင်းလျှောက်လာလေသည်။
ဖူမင်ယိုက တစ်ဖက်လူကိုကြည့်ပြီး နေရောင်ခံရန် ဘေးမှာ ဝင်ထိုင်လိုက်သည်။ “အင်း”
“ဒါဆို ရှောင်ပေါင်နဲ့ ကစားပေးလို့ရမလား?”
ရှောင်ပေါင်က သူ့အနားကပ်ပြီး နှုတ်ခမ်းစူကာ နို့သံချိုချိုလေးဖြင့် ပြောလိုက်သည်။ “ ရှောင်ပေါင်က အရမ်းပျင်းနေတာ.. ရှောင်ပေါင်နဲ့ ဆော့ပေးမယ့်သူမရှိဘူး”
ဖူမင်ယိုက သူ့ကို ကောက်ချီလိုက်ပြီး ပိန်ပါးနေသော ပါးလေးကို ဖျစ်ညှစ်လိုက်သည်။ “ဘာလို့ ရှောင်ပေါင်နဲ့ ဆော့ပေးမယ့်သူမရှိတာလဲ?”
ကလေးက အမှန်တကယ်ပင် ပေါ့ပါးသေးကွေးလွန်းနေပြီး သုံးနှစ်သားလေးနဲ့ လုံးဝမတူပေ။
“ကောကောက တောင်ပေါ်တက်သွားတယ်”
ရှောင်ပေါင်က အနည်းငယ်ဝမ်းနည်းနေပြီး မျက်တောင်လေး ပုတ်ခတ်ကာ ပြောလိုက်၏။ “ဒါပေမယ့် ရှောင်ပေါင် လုံးဝဝမ်းမနည်ဘူး.. ကောကောက သားတို့အတွက် စားစရာသွားရှာတာမို့လေ”
သူ့မိသားစုက ဆင်းရဲသောကြောင့် တစ်ခါတစ်ရံမှာ ရှယန်ရှီးက ဟင်းသီးဟင်းရွက်များရှာရန် တောင်ပေါ်တက်ရသည်ကို သူသိသည်။
ဖူမင်ယိုက တခဏမျှ အံ့သြသွားပြီးမှ တစ်ဖက်လူက သူ့ပိုက်ဆံကို မသုံးမှန်း သဘောပေါက်သွားသည်။
“ကောင်းပြီ.. ဒါဆို ဒီကောကောက မင်းနဲ့တူတူဆော့ပေးမယ်”
သူ့ခန္ဓာကိုယ်က ယခုဆိုလျှင် အများကြီးပိုကောင်းလာပြီဖြစ်၍ အရိုးများမှာ ဒဏ်ရာမရှိတော့ဘဲ အရေးပြားလေးသာ အနည်းငယ် ပြင်းထန်နေသည်။
ရှောင်ပေါင်က ထိုစကားကြားသောအခါ ချက်ချင်းပင် ဝမ်းသာအားရ လက်ခုပ်တီးလိုက်သည်။
ရှလီရမ်နှင့် သူ့ဇနီးက လယ်ကွင်းထဲမှာ အလုပ်သွားလုပ်ပြီး ရှယန်ရှီးက တောင်ပေါ်သွားသောကြောင့် အိမ်မှာ သူတို့နှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
မတ်လ၏နေရောင်က အလွန်သက်တောင့်သက်သာရှိ၍ ဖူမင်ယိုက မနာကျင်တော့သည့် သူ့ခြေထောက်များကိုလှုပ်ရှားလိုက်ပြီး သူ့စိတ်ထဲမှာ အကြံတစ်ခုရလာခဲ့သည်။
“ရှောင်ပေါင်.. ကောကောပြန်လာပြီ”
ရှယန်ရှီးက နောက်ကျောပေါ်မှာ တောင်းလေးတစ်ခုလွယ်ထားလျက် တံခါးဖွင့်ကာ အပြုံးလေးဖြင့် ပြောလိုက်သည်။
ဖူမင်ယိုက တစ်ဖက်လူ၏ ချွေးစိုနေသော မျက်နှာနှင့် အနက်ရောင်စပျစ်သီးနှင့်တူသော မျက်လုံးများကို ကြည့်လိုက်သည်။ ထိုအခိုက်အတန့်မှာ သူ့နှလုံးသားကို တစ်ခုခုထိမိသွားပုံရသည်။
“ဟင်..ဖူတာ့ကော.. ဘာလို့ အိပ်ရာထဲက ထလာတာလဲ?”
ရှယန်ရှီးက ခြံထဲမှာထိုင်နေသော ဖူမင်ယိုကို ကြည့်ပြီး ချက်ချင်းဆိုသလို တောင်းကိုချကာ စိုးရိမ်တကြီး လျှောက်သွားလိုက်သည်။
တစ်ဖက်လူ၏မျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှုကို မြင်သောအခါ ဖူမင်ယိုက နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်ရင်း ပြောသည်။ “အဆင်ပြေပါတယ်.. အများကြီးကောင်းသွားပြီ”
“တော်ပါသေးတယ်.. ဒါပေမယ့် အနားယူဖို့ ဂရုစိုက်ပါဦး”
ရှယန်ရှီးက ဖူမင်ယို၏ ထူးဆန်းသောအကြည့်ကို သတိမထားမိဘဲ သူ့ဘေးက ရှောင်ပေါင်ကိုကြည့်ပြီး ပြောလိုက်သည်။ “ရှောင်ပေါင်က အိမ်မှာ ဖူကောကောကို စောင့်ရှောက်ပေးထားတာပဲ.. တော်လိုက်တာ”
“ဟီးဟီး.. ရှောင်ပေါင်လည်း အလုပ်တွေလုပ်တတ်ပါတယ်” ကလေးလေးက သူ့မျက်နှာကို လက်နဲ့အုပ်ရင်း ရယ်မောလိုက်သည်။
သူ့ရှေ့က အကြီးနှင့်အသေးလေးနှစ်ယောက်ကို ကြည့်ရင်း ဖူမင်ယို၏ နှလုံးသားက နွေးထွေးသွားသည်။
ဒါကမှ သာမန်ညီအစ်ကို ချစ်ခြင်းမေတ္တာဖြစ်မည်။
သူ့မိသားစုထဲက စည်းကမ်းတင်းကြပ်သောဖခင်၊ လျစ်လျူရှူထားသော အဒေါ်နှင့် အကောက်ကြံတတ်သော ညီဖြစ်သူနှင့်ယှဥ်ပါလျှင် သူ ဤဘဝမျိုးကို ပိုနှစ်သက်သည်။
နေ့လည်စာစားပြီးနောက်မှာ ဖူမင်ယိုက ခဏအနားယူရင်း ကမ္ဘာအချင်းချင်းကုန်သွယ်ရေးစနစ်ကို ဖွင့်လိုက်သည်။
သူ့မှာ သိမ်းထားသော ပစ္စည်းများကိုကြည့်ပြီး ခဏစဥ်းစားပြီးနောက်မှာ သူက ဒဏ်ရာကုသဆေးကို ထုတ်စားလိုက်သည်။
သူ့လက်ရှိအခြေအနေက ကုန်သွယ်ဖို့ မဖြစ်နိုင်သောကြောင့် သူက ကုန်သွယ်ရေးကမ္ဘာကို “အလုပ်ရှုပ်နေသည်”ဟု သတ်မှတ်ထားလိုက်သည်။
(စနစ်မှာ 'Busy’လို့ သတ်မှတ်လိုက်တာကိုပြောတာပါ)
ဒဏ်ရာကုသဆေးသောက်ပြီးနောက်မှာ ဖူမင်ယိုက ပေါ့ပါးသွားသည်။ အရင်ရက်အနည်းငယ်က ဆေးများစွာသောက်ခဲ့ရ၍ ယခုမူ စနစ်ထဲရှိ ဆေးကိုသောက်လိုက်သည့်အခါ သူ့ကျန်းမာရေးက ပို၍ပင် ကောင်းမွန်လာသည်။