Ch 3
Viewers 9k

Chapter 03


တောဝက်ဖမ်းခြင်း



“ရှီးရှီး… ကိုယ် သက်သာနေပါပြီ.. နက်ဖြန်မနက်ကျရင် တောင်ပေါ်မှာ စားစရာရှာဖို့ မင်းနဲ့လိုက်ခဲ့မယ်”



လူသန်ကြီးတစ်ယောက်ဖြစ်သည့် ဖူမင်ယိုသည် ယခုလက်ရှိ ကျန်းမာနေပြီဖြစ်၍ မိသားစု၏ စားရေးသောက်ရေးအတွက် ကောလေးတစ်ယောက်ကို ဒုက္ခခံစေမှာမဟုတ်ပေ။


“ဖူတာ့ကော.. ခင်ဗျားခန္ဓာကိုယ်က အားနည်းနေသေးတယ် တောင်ပေါ်တက်တာက အန္တရာယ်များလွန်းပါတယ်”





ရှယန်ရှီးက ခပ်တည်တည်မျက်နှာဖြင့် သဘောမတူကြောင်း ပြောသည်။



ဖူမင်ယိုက ပြုံးကာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့.. ကိုယ် တကယ်ကောင်းနေပါပြီ”



သူ ဤနေရာ၌ တစ်လနီးပါး အနားယူခဲ့ပြီး သူပေးခဲ့သော ရွှေတုံးကိုလည်း ဤမိသားစုက သူ့အတွက် သုံးခဲ့ပုံရသည်။




“ကောင်းပါပြီ.. ဒါဆို နက်ဖြန် ခင်ဗျား ကျွန်တော်နဲ့လိုက်ခဲ့.. လျှောက်သွားလို့တော့မရဘူး”



သူ တကယ်ပဲ ဘာမှမဖြစ်တော့သလို သူ့အမူအရာက ခိုင်မာနေတာကို တွေ့လိုက်ရ၍ ရှယန်ရှီးက ဆက်ငြင်းဖို့ မကောင်းလောက်ဟု တွေးမိလိုက်သည်။


နောက်နေ့မနက်တွင် ဖူမင်ယိုက ရှယန်ရှီးနှင့်အတူတူ အပြင်ထွက်လာသည်။



အနှီလူသည် အရင်က ဒဏ်ရာရထားပြီး သူ့အဝတ်အစားတွေကလည်း သူတို့နဲ့ မတူသောကြောင့် ရှလီရမ်က တစ်ဖက်လူအား သူ့အဝတ်အစားတွေပေးခဲ့သည်။




နောက်ပိုင်းမှာ ရှယန်ရှီးက ဖူမင်ယိုအတွက် စျေးထဲမှ အဝတ်အစားသစ်များ ဝယ်ပေးခဲ့သဖြင့် တစ်ဖက်လူမှာ ယခု အဝတ်အစားအသစ်များ ရှိနေခြင်းဖြစ်သည်။




“တောင်က အန္တရာယ်များတယ်.. ခင်ဗျား လျှောက်သွားလို့မရဘူးနော်”



တစ်ဖက်လူက ဤနေရာနှင့် မရင်းနှီးသဖြင့် ဟိုဟိုသည်သည်လျှောက်သွားပြီး အန္တရာယ်ဖြစ်မှာကို ရှယန်ရှီး စိုးရိမ်မိသည်။




ဖူမင်ယိုက ပြုံးပြုံးလေး ပြောလိုက်၏။ “စိတ်မပူပါနဲ့.  ကိုယ် မင်းနောက်ကနေ ထက်ကြပ်မကွာလိုက်လာမယ်”





ထိုစကားကြားတော့ ရှယန်ရှီး၏မျက်နှာက နီရဲသွားသည်။




နှစ်ယောက်သားက တောင်ပေါ်တစ်ဝိုက် လျှောက်သွားလိုက်ကြသည်။ ယခုကာလက မတ်လကုန်ခါနီး နွေဦးအစပိုင်းသာ ရှိသေးသောကြောင့် တောရိုင်းဟင်းသီးဟင်းရွက်များ မရှိသည့်အပြင် အသီးအနှံများဆို ပိုတောင်ဝေးသေးသည်။



“ရှူး”





ဖူမင်ယိုက ဗလုံးဗထွေးအသံတစ်ခုကို ကြားလိုက်ရ၍ ချက်ချင်းပင် ရှယန်ရှီးကို တိတ်တိတ်နေဖို့ အချက်ပြလိုက်၏။


ရှယန်ရှီးက နားမလည်နိုင်ဖြစ်သွားသော်လည်း နာခံစွာဖြင့် တစ်ဖက်လူ၏စကားကို နားထောင်ပြီး တိတ်တိတ်လေး နောက်ဘက်ကနေ ပတ်သွားလိုက်သည်။



နှစ်ယောက်သား ဆယ်မီတာကျော် လျှောက်သွားပြီးနောက် မနီးမဝေးမှာ

တောရိုင်းဟင်းသီးဟင်းရွက်များ ရှာဖွေနေသော တောဝက်တစ်ကောင်ကို တွေ့လိုက်ရသည်။



ဖူမင်ယို၏ မျက်ဝန်းက တောက်ပလာ၏။ ဤသည်မှာ သဘာဝအတိုင်း ကြီးပြင်းလာသော တောရိုင်းဝက်တစ်ကောင်ဖြစ်၏။ သူ ရှမိသားစုမှာ နေခဲ့စဥ်က အသားစားခဲ့ရသော်လည်း ယခင်ကစားခဲ့ရသော အသားနှင့်ယှဥ်ပါလျှင် ၎င်းက အများကြီးကွာခြားလှသည်။ ယခုဆိုလျှင် အသားစားချင်စိတ်က ပို၍ပင် ပြင်းပြနေ၏။




“မလှုပ်နဲ့.. ကိုယ်ရှင်းလိုက်မယ်”



ဖူမင်ယိုက တိုက်ကွမ်ဒိုသင်ဖူး၍ သူ့အရည်အချင်းက မဆိုးပေ။ သူ ယနေ့ မလာခင်ကလည်း သူ၏ ဒိုင်မန်းရှင်းနေရာလွတ်ထဲမှ ဓားကြီးတစ်ချောင်းကို တကူးတက ထုတ်ယူလာခဲ့သည်။ 



ဤသည်မှာ ဟိုစဥ်က ပန်းပဲဆရာတစ်ယောက်နှင့် လဲလှယ်ထားသော ပစ္စည်းဖြစ်သည်။ တစ်ဖက်လူ ထွင်းထုသော ပစ္စည်းများက ပေါ့ပေါးပါးပါးရှိပြီး အင်မတန် ချွန်ထက်သည်။



ယခု ဖူမင်ယိုက တောဝက်ကို တွေ့ပြီဖြစ်၍ လွှတ်ပေးတော့မည် မဟုတ်ချေ။


ရှယန်ရှီးက တစ်ဖက်လူ၏ လက်ထဲမှ ပစ္စည်းကိုကြည့်ပြီး သဘောပေါက်သွားသည်။ တစ်ဖက်လူက ၎င်းကို ထူးဆန်းသောအိတ်တစ်ခုထဲမှ ထုတ်လိုက်တာဖြစ်ပြီး ၎င်းမှာ အလွန်စူးရှချွန်ထက်သော ဓားတစ်ချောင်းဖြစ်ပေသည်။



ရှယန်ရှီးက နေ့တိုင်း တောင်ပေါ်တက်လေ့ရှိသော်လည်း ဟင်းသီးဟင်းရွက်ခူးခြင်း၊ တစ်ခါတစ်ရံ ထောင်ချောက်ဆင်ပြီး တောကြက်နှင့် တောယုန်လေးများကိုသာ ဖမ်းလေ့ရှိသည်။ သူ့အသက်အန္တရာယ်ထိခိုက်မှာ စိုးရိမ်သောကြောင့် တောဝက်များကို မထိဝံ့ခဲ့ပေ။


ဖူမင်ယို ရှေ့သို့ တိုက်ရိုက်တိုးဝင်သွားပြီး ဓားကြီးကိုကိုင်ကာ တောဝက်ဆီသို့ ပြေးဝင်သွားသည်။



ဤတောဝက်ကြီးက သိပ်မကြီးဘဲ ပေါင်နှစ်ရာသုံးရာမျှသာ ရှိပြီး အစာရှာဖို့ ထွက်လာပုံရသည်။



ယနေ့ကံကောင်းနေသည်။ 'အသားနည်းနည်းလေးပဲရရ အသားဆိုတာ အသားပဲ’ဟု ဖူမင်ယိုတွေးလိုက်၏။



သူ့ခွန်အားလေးဖြင့်ဆိုလျှင် အနှောင့်အယှက်ဖြစ်စေမှာစိုး၍ ရှယန်ရှီးက နောက်မှာပဲပုန်းနေပြီး ရံဖန်ရံခါတွင်တော့ သူကိုင်ထားသော တုတ်လေးတစ်ချောင်းနှင့် တောဝက်ကို ကူထိုးပေးသည်။



အလုပ်မဖြစ်သော်လည်း ၎င်းက တောဝက်ကို အနည်းငယ်ထိခိုက်အောင် လုပ်နိုင်လေသည်။



ဖူမင်ယို၏ ကိုယ်ခံပညာက အလွန်ကောင်း၍ အနည်းဆုံးတော့ သူ ဤတောဝက်လေးကို ရင်ဆိုင်သည့်အခါ အေးအေးဆေးဆေး ကိုင်တွယ်နိုင်လေသည်။



လက်ထဲရှိ ဓားကြီးနှင့်အတူ ဖူမင်ယိုက တောဝက်ကို အကြိမ်ရေအနည်းငယ် ခုတ်လိုက်သည်။ နာကျင်မှုက တောဝက်ကို စူးစူးဝါးဝါး အော်ဟစ်စေပြီး သူ့ဆီသို့ အရူးအမူးပြေးဝင်လာစေသည်။



မနီးမဝေးမှာရှိနေသော ရှယန်ရှီးသည် အရူးအမူး ပြေးဝင်လာသော တောဝက်ကိုကြည့်ပြီး ရင်တထိတ်ထိတ်ဖြင့် အလွန်စိုးရိမ်ပူပန်နေသည်။




ပြေးဝင်လာသော တောဝက်ကိုကြည့်ရင်း ဖူမင်ယိုက နောက်ဆုတ်ရမည့်အစား ရှေ့သို့ ပြေးဝင်သွားပြီး ကိုယ်ကိုလှည့်၍ တောဝက်၏လည်ပင်းကို ချက်ချင်းလှီးဖြတ်လိုက်တော့သည်။


တောဝက်က လည်ပင်းလှီးဖြတ်ခံရခြင်းကြောင့် အော်သံတစ်ချက်ဖြင့် မြေပြင်ပေါ်လဲကျသွားပြီး အကြိမ်အနည်းငယ် တုန်ယင်သွားပြီးနောက် ငြိမ်ကျသွားသည်။



ရှယန်ရှီးက ထိုနေရာကိုသွားပြီး တောဝက်ကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်လိုက်သည်။ “ဖူတာ့ကောက အရမ်းတော်တာပဲ” ဤလူက တောဝက်ကိုပင် မကြောက်မရွံ့ သတ်ဖြတ်နိုင်သည်။ ရွာထဲရှိ မုဆိုးများထက်ပင် ပိုတော်ပုံရသည်။



ဖူမင်ယိုက ပြုံးကာ ပြောလိုက်၏။ “ဒါဆို ပြန်ရအောင်လေ”


တောဝက်ရထားသည့်အတွက် တောင်ပေါ်မှာ စားစရာဆက်ရှာဖို့ မသင့်တော်ပေ။



ရှယန်ရှီးက ချက်ချင်းခေါင်းညိတ်ပြပြီး မျက်လုံးတွေ လက်လက်ထနေလေ၏။ “ဖူတာ့ကောက သိုင်းတတ်တာလား?”



မဟုတ်ရင် တစ်ဖက်လူက ဘယ်လိုလုပ် ခုန်ပေါက်နိုင်မှာလဲ။



၎င်းမှာ လူတွေပြောကြသည့် သိုင်းပညာဖြစ်ပုံရသည်။



ဖူမင်ယိုက အပြုံးတစ်ချက်ဖြင့် ခေါင်းခါပြကာ ပြောလိုက်၏။ “သိုင်းမတတ်ပါဘူး.. ဒီတိုင်း ခန္ဓာကိုယ်သုံးရတဲ့ အကွက်တချို့လောက်ပဲရတာ.. ကိုယ့်မှာ အတွင်းအားမရှိဘူး”




သူ့မှာ အမှန်တကယ်ပင် အတွင်းအားမရှိဘဲ အရင်တုန်းက တိုက်ကွမ်ဒို သင်ဖူးခဲ့ခြင်းသာဖြစ်၏။



ရှယန်ရှီးက ပြုံးကာ ပြောသည်။ “ဒါတောင်မှ အရမ်းတော်တာပဲ”



သူ့ထက် အများကြီးအင်အားကြီးသည်။ သူသာ တောဝက်ကိုတွေ့လျှင် ရှေ့တိုးဖို့နေနေသာသာ မပြေးဘဲနေနိုင်လျှင်ပင် တော်နေလေပြီ။


သူတို့နှစ်ယောက်က သူတို့ရှေ့ရှိ တောဝက်ကိုကြည့်ကာ ခဏလောက် ဆွေးနွေးလိုက်ပြီး တစ်ယောက်တစ်ဖက် ခြေထောက်ကိုဆွဲလျက် တောင်အောက်ဆင်းလာကြသည်။ 


သူတို့က လူမခေါ်ခဲ့ကြပေ။ ဤတောဝက်လေးက ပေါင်နှစ်ရာလောက်သာရှိပြီး ဗိုက်ဆာနေသောကြောင့် သိပ်မဝတာဖြစ်မည်။



သို့ပေသိ ဤအသားများက ရှမိသားစုအတွက် ကောင်းလွန်းနေလေပြီ။



“ပင်ပန်းနေပြီလား?”



ဖူမင်ယိုက ရှယန်ရှီးကိုကြည့်ပြီး နူးနူးညံ့ညံ့ မေးလိုက်သည်။




ရှယန်ရှီးက ခေါင်းခါပြကာ ပြောလာသည်။ “မပင်ပန်းပါဘူး.. ကံကောင်းတာက တောဝက်မှာ သွေးအများကြီး ထွက်မနေလို့ပါ..မဟုတ်ရင် မြေကြီးတစ်လျှောက် သွေးတွေအိုင်နေမှ ဒုက္ခများမယ်”




ဖူမင်ယိုက ပြုံးကာ ပေါင်းပင်များဖြင့် ကျစ်ကျစ်လျစ်လျစ် ပတ်ထားသော တောဝက်ကိုကြည့်ကာ အေးဆေးတည်ငြိမ်စွာ လမ်းလျှောက်နေသည်။



သူသည် ရှယန်ရှီးအား သူ့နောက်က သွေးများကို လိုက်သိမ်းခိုင်းတာမျိုး မလုပ်စေချင်၍ လက်မအရွယ် အပင်အမျှင်များနှင့် အပေါ်ကိုချုပ်ကာ ပေါင်းပင်များဖြင့် ပတ်ထားခဲ့ပြီး သွေးမကျတော့တာ သေချာမှ တောင်အောက်ဆင်းလာခဲ့ခြင်းဖြစ်၏။



၎င်းက  အတန်ငယ် ဒုက္ခများသော်လည်း တစ်လမ်းလုံးသွေးယိုနေတာထက် ပိုကောင်းပေသည်။


တောင်အောက်ရောက်တော့ ရွာသာအားလုံးက အလုပ်လုပ်ရန် လယ်ကွင်းထဲသွားဖို့ ပြင်နေကြသည်။


ဖူမင်ယိုနှင့် ရှယန်ရှီးက တောဝက်အား အမောတကော သယ်လာသည်ကိုမြင်သည့်အခါ သူတို့မျက်လုံးများ ပြူးကျယ်သွားသည်။



“ဘုရားရေ… ရှီးကောအာက တော်လိုက်တာ”


“အဲ့ဒါ တောဝက်လား.. ရှီးကောအာ တောဝက်ကို ဖမ်းနိုင်မယ်လို့ ငါမထင်ထားဘူး”




“ဒီတောဝက်က သိပ်မဝသလိုပဲ”


ရှယန်ရှီးကို မြင်ပြီးနောက် ရွာထဲကလူများက ချက်ချင်းပင် အလုအယက် ပြောဆိုနေကြလေသည်။