Ch 4
Viewers 9k

Chapter 04


“သက်ဝင်နေခြင်း”



ရွာထဲကလူများ၏ ပြောစကားများကို ကြားသော် ရှယန်ရှီးက ရှက်ပြုံးလေးဖြင့် ပြောလိုက်သည်။ “ဖူတာ့ကော ဖမ်းခဲ့တာပါ.. ကျွန်တော်မဟုတ်ပါဘူး”



ဤရက်တွေမှာ ရှမိသားစုက တောင်ပေါ်ကလူတစ်ယောက်ကို ကယ်ပြီး ခေါ်ထားကြောင်း ရွာခံများအားလုံးသိကြသည်။ မထင်မှတ်ထားသည်မှာ တစ်ဖက်လူက အင်မတန်အင်အားကြီးနေတာကိုပင်။




“ရှီးရှီး.. ဖူသခင်လေး”


ရှလီရမ် လယ်ကွင်းထဲသွားခါနီးတွင် တောဝက်တစ်ကောင်ကို ဆွဲလာသော လူနှစ်ယောက်ကို မြင်လိုက်ရ၍ မယုံနိုင်သလို အော်ခေါ်လိုက်သည်။



ရှယန်ရှီးက သူ့အဖေကို မြင်သည်နှင့် ချက်ချင်းပြောလိုက်သည်။ “အဖေ. မြန်မြန်လာကူပါဦး”



ရှလီရမ်က ချက်ချင်းတုံ့ပြန်လာပြီး သူ့လက်ထဲက ပေါက်တူးကို အမေရှထံ ပေးလိုက်သည်။ “အိုက်ယား.. ရှီးရှီး.. မင်း ဒီလိုလက်သေးသေး ခြေသေးသေးနဲ့ မင်းအဖေကို ဘာလို့မခေါ်တာလဲ?”



“ဦးလေး.. အဲဲဒါ ကျွန်တော့်အမှားပါ”


ဖူမင်ယိုက ရှလီရမ် လယ်ကွင်းထဲသွားပြီထင်၍ သူ့ကို မခေါ်ခဲ့တာဖြစ်၏။


ရှလီရမ်က 'ကိစ္စမရှိဘူး'ဆိုသော အမူအရာဖြင့် လက်ဝှေ့ယမ်းပြလိုက်ပြီး သူ့လေသံမှာ ဝမ်းသာမှုများ ပြည့်နှက်လျက်ရှိသည်။ “သွားရအောင်.. အရင်ဆုံး အိမ်ပြန်ကြစို့”




ရှယန်ရှီးက ပြုံးပြပြီး သူ့လက်မောင်းကို ပွတ်ရင်း ပြောလိုက်သည်။ “အဖေ၊အမေ… ပြန်ကြရအောင်.. ရှောင်ပေါင်မြင်ရင် ပျော်သွားမှာပဲ”



“လက်မောင်းက အဆင်ပြေရဲ့လား?”




အမေရှက သားအကြီးဆုံးကိုကြည့်ရင်း စိုးရိမ်တကြီး မေးလိုက်သည်။




ရှယန်ရှီးက ဘာမှမဖြစ်သလို ခေါင်းခါပြကာ ပြောသည်။ “ဘာမှမဖြစ်ပါဘူး.. နည်းနည်းလေးနာနေတာ၊ ဒီတောဝက်က အဲ့လောက်မလေးပါဘူး”






အမေရှက ပြုံးပြီး ပြောလိုက်သည်။ “အရင်ပြန်ပြီး ဆေးကြောလိုက်ဦး”


“ဟုတ်တယ်… မင်းတို့နှစ်ယောက်လုံး ဖုန်တွေနဲ့ ပေကျံနေတာ ရေချိုးပြီး အဝတ်အစားလဲလိုက်ကြ”



တောဝက်သတ်မည့် ကိစ္စမှာ ရှလီရမ်၏ တာဝန်ဖြစ်သွားသည်။




ရွာက ဤမျှလောက် အသက်မဝင်တာ ကြာပြီဖြစ်၏။ လူတိုင်းက နွေဦးရာသီမှာ စိုက်ပျိုးရင်းဖြင့် အလုပ်ရှုပ်နေကြသည်။ ယခု လူတစ်ယောက်က တောဝက်ကို ဖမ်းလာနိုင်သောကြောင့် ဝိုင်းကြည့်နေကြခြင်းပင်။ တစ်ဖက်လူသည် တောဝက်ကို ရွာသားအချင်းချင်း အိမ်မွေးဝက်စျေးဖြင့် ရောင်းချလို့ရသည်။


ဖူမင်ယိုနှင့် ရှလီရမ်က တောဝက်ကို အိမ်ပြန်သယ်လာပြီး အိမ်မှာကစားနေသော ရှောင်ပေါင်က သူတို့နှစ်ယောက် တောဝက်ဆွဲလာတာကို မြင်သောအခါ အံ့အားသင့်ပြီး ချက်ချင်းခုန်ပေါက်လိုက်၏။




“အာ့ အာ့ အာ့ အဖေ. အဖေ တောဝက်ကို ဖမ်းလာတာလား”


ရှောင်ပေါင်က တောဝက်ကိုမြင်သွားပြီး မျက်လုံးများ တောက်ပလာကာ အော်ဟစ်နေလေ၏။



ရှလီရမ်က သူ့လက်မောင်းကို ပွတ်သပ်ရင်း ပြုံးကာ ပြောလိုက်သည်။ “မင်းအဖေမှာ အဲ့လောက်အရည်အချင်းမရှိပါဘူး.. မင်းရဲ့ ဖူကောကော ဖမ်းလာတာ”




ဖူမင်ယိုက မျက်နှာပေါ်မှ ချွေးတွေကိုသုတ်ပြီး တောဝက်ကိုကြည့်ကာ ပြောလိုက်သည်။ “ဦးလေး ဝက်သတ်တတ်လား?”


ဖူမင်ယိုက အမဲလိုက်တတ်သော်လည်း ဝက်သတ်တာမျိုးတော့ မလုပ်ဖူးချေ။



ရှလီရမ်က ပြုံးကာ ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး.. ရှီးရှီး.. မီးဖိုချောင်မှာ ရေနွေးသွားတည်လိုက်”



“ဟုတ်ကဲ့.. အဖေ.. ကျွန်တော်သွားလိုက်မယ်”


ရှယန်ရှီးက ချက်ချင်းပင် ပြုံးပြုံးရွှင်ရွှင် ပြန်ဖြေလိုက်၏။


ဤတောဝက်မှာ တခြားအစိတ်အပိုင်းများကို ဖယ်လိုက်လျှင်ပင် ပေါင်တစ်ရာကျော် ကျန်ပေဦးမည်။ အထဲက ဝက်အရိုးများသည်ပင် ဟင်းချိုလုပ်၍ ကောင်းနေသေးသည်။


တောဝက်ကြောင့် လူတိုင်းက အလုပ်ရှုပ်နေပြီး ရွာသားများသည်လည်း လာရောက်ကြည့်ရှူကာ အဓိကအားဖြင့် ဝက်သားရောင်းမရောင်း မေးဖို့ လာခဲ့ခြင်းဖြစ်၏။


ဖူမင်ယိုသည် အရင်က မလုပ်ဖူးသော်လည်း ရှလီရမ်၏ အကူအညီဖြင့် ပါဝင်ကူညီခဲ့သည်။



ဝက်သွေးထုတ်၊ အရေခွံနွှာ၊ အသားခွဲထုတ်တာတွေကို ဟိုစဥ်က သူများ ဝက်သတ်တာကို ကူညီပေးခဲ့ဖူးသည့် ရှလီရမ်က အစီအစဥ်တကျ လုပ်ဆောင်နေသည်။




“ကောကော.. သားတို့ ဒီနေ့ အသားစားရတော့မှာလား?”


ရှောင်ပေါင်က တောဝက်ကို လောဘတကြီးကြည့်ရင်း တံတွေးမျိုချကာ အပြုံးလေးဖြင့် မေးလိုက်၏။



ရှယန်ရှီးက သူ့ညီလေးကို သနားကြင်နာစွာ ပွတ်သပ်လိုက်ပြီး သူ စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာ ဘေးမှာ အနားယူနေသော ဖူမင်ယိုက သူ့ကို ကောက်ချီပြီး ပြောလိုက်သည်။ “အင်း.. နေ့လည်ကျရင် အသားစားရတော့မယ်.. ရှောင်ပေါင်ပျော်လား?”


ရှောင်ပေါင်က ခပ်ပြင်းပြင်း ခေါင်းညိတ်ပြပြီး နို့သံလေးဖြင့် ပြောလိုက်၏။ “ပျော်တယ်..ဖူကောကော.. ရှောင်ပေါင် ဒီနေ့အများကြီးစားချင်တယ်”



“ရတာပေါ့”


ဖူမင်ယိုက ပြုံးလိုက်၏။ ဤတောဝက်ကို ရောင်းပြီး ပိုက်ဆံရှာဖို့ သူ မစဥ်းစားထားပေ။ ရှမိသားစုက တစ်လတစ်ကြိမ်၊နှစ်ကြိမ်လောက်သာ အသားစားကြ၍ သူတို့၏ နေ့စဥ်အစားအသောက်က ရိုးရှင်းလှသည်။



တုံးပြီးသားအသားတွေကို ကြည့်ရင်း ဖူမင်ယိုက သူ့နံဘေးရှိ အမေရှကို ကြည့်ကာ ပြောလိုက်သည်။ “အဒေါ်.. ဒီအသားတွေကို အဒေါ်တို့ပဲ ခွဲဝေယူကြပါ.. ရင်းနှီးတဲ့လူတချို့ကိုလည်း ခွဲဝေပေးလို့ရတယ်.. မဟုတ်ရင် ဒီလောက်အများကြီး ကုန်မှာမဟုတ်ဘူး”


အမေရှက ချီတုံချတုံ ပြောလိုက်သည်။ “ဒါတော့ သိပ်မကောင်းလောက်ဘူးထင်တယ်.. ဘာပဲဖြစ်ဖြစ် မင်းဖမ်းလာတာဆိုတော့ ရွာထဲကလူတွေကို မရောင်းချင်ဘူးလား?”



“ဟင့်အင်း… မလိုဘူး” ဖူမင်ယိုက အပြုံးလေးဖြင့် ခေါင်းခါပြကာ ဆက်ပြောလိုက်သည်။ “ပြီးတော့ ရှီးရှီးလည်း ကျွန်တော့်ကို ဒီနေ့ကူညီပေးခဲ့တော့ ဒီအသားကို ရှီးရှီးလည်းပိုင်ပါတယ်”


ရှယန်ရှီးက ရှက်ပြုံးလေးပြုံးကာ ပြောလိုက်၏။ “အမေ.. ဖူတာ့ကောက ဒီလိုပြောနေမှတော့ ကျွန်တော်တို့ အရမ်းအားနာနေရင် သူစိမ်းဆန်သွားလိမ့်မယ်”




အမေရှက အပြုံးလေးဖြင့် ပြောလိုက်သည်။ “အေး..ဟုတ်ပါပြီ…ဒါဆိုလည်း မိသားစုတွေကိုယ်စား ဖူသခင်လေးကို ကျေးဇူးတင်ပါတယ်”


ထိုစကားပြောပြီးနောက် ရှမိသားစုနှင့် ရှဇနီးမောင်နှံတို့က တိုင်ပင်ဆွေးနွေးပြီး သူတို့နှင့် ရင်းနှီးသောမိသားစုများကို နည်းနည်းစီ ခွဲဝေပေးလိုက်ပြီး ရှမိသားစု၏ အိမ်ဟောင်းကိုလည်း နည်းနည်းပို့ပေးလိုက်၏။


ဤတောဝက်တစ်ကောင်ကို အစိတ်အပိုင်းတချို့ဖယ်ပြီးနောက်မှာ ပေါင်၁၅၀-၁၆၀ခန့် ကျန်သည်။




အိမ်ဟောင်းကို အသားပေါင်နှစ်ဆယ်နှင့် အရိုးဆယ်ပေါင်ပေးပြီး မိသားစုတစ်ခုချင်းစီကို အသားငါးပေါင်နှင့် အရိုးငါးပေါင်စီ ခွဲဝေပေးလိုက်သည်။ အသားပေါင်တစ်ရာခန့် ကျန်နေသေးသည်။



ယခုချိန်၌ ရှလီရမ်၏မိဘများက ရှယန်ရှီး လာပို့သော တောဝက်ကိုကြည့်ပြီး ခေါင်းတညိတ်ညိတ်ဖြင့် ကျေနပ်နေသည်။




မဆိုးဘူး. မဆိုးဘူး…. သားကြီးတို့က မိသားစုခွဲထွက်သွားပေမယ့်လည်း သူတို့လာတဲ့နေရာကို မမေ့သေးဘူး..




မဟုတ်ရင်တော့ သူတို့ သေချာပေါက် ပြဿနာရှာပစ်မှာ..



“အဘိုး..အဘွား.. သားတို့ ဒီနေ့အသားစားရတော့မှာလား?”



ရှမိသားစုမှ ဒုတိယသား၏ အငယ်ဆုံးကလေးမှာ အသားအများကြီးကို မြင်ပြီး မျက်လုံးများ တောက်ပသွားသည်။


အဘွားရှက သူမ၏ အဖိုးတန်မြေးလေးကို အမြတ်တနိုးပွတ်သပ်ပြီး ပြောလိုက်၏။ “အသားစားမယ်..အသားစားမယ်”



သူမဘေးမှာရပ်နေသော အမျိုးသမီးတစ်ယောက်က ခြင်းတောင်းထဲမှ အသားကိုကြည့်ရင်း သူမမျက်နှာပေါ်နှာ အပြုံးတစ်ခု ပေါ်လာသော်လည်း သူမမျက်လုံးတွေကတော့ စူးစမ်းလိုသော အရိပ်အယောင်ရှိနေသည်။ “ရှီးရှီး.. အဲ့ဒီတောဝက်က ဘယ်လောက်ကြီးလဲ?”



ရှယန်ရှီးက သူမကိုကြည့်ပြီး မျက်နှာသေနှင့် ပြောလိုက်သည်။ “အဘွား…အသားလည်းပို့ပြီးပြီဆိုတော့ ကျွန်တော်ပြန်တော့မယ်.. အိမ်မှာကူစရာရှိသေးလို့”


အဘွားရှက ဂရုမစိုက်စွာ လက်ဝှေ့ယမ်းပြလိုက်သည်နှင့် ရှယန်ရှီးက ချက်ချင်းပင် ထွက်ခွာသွားသည်။




ဘေးမှာရပ်နေသော အမျိုးသမီးက မျက်နှာပျက်သွားသော်လည်း စကားတစ်ခွန်းမျှမဆိုဘဲ စိတ်ထဲကနေ ကြိမ်းမောင်းလိုက်လေ၏။


အိမ်ဟောင်းက ထွက်လာပြီးနောက်မှာ ရှယန်ရှီးက သက်ပြင်းဖွဖွချကာ အိမ်ပြန်လာခဲ့သည်။



ဖူမင်ယိုက ရှောင်ပေါင်နှင့်ကစားနေပြီး ရှယန်ရှီး ပြန်လာတာကို တွေ့လျှင် သူ ချက်ချင်းရှေ့တိုးလာကာ မေးလိုက်သည်။ “ပို့ပြီးပြီလား?”



ရှယန်ရှီးက ခေါင်းညိတ်ပြ၏။ “ပြီးပြီ”


ထိုအချိန်တွင် အမေရှကလည်း အသားပို့ဖို့ လမ်းမှာရောက်နေပြီး သူမက ဟောင်းနွမ်းနေသော မိသားစုတစ်ခု၏ အိမ်တံခါးကို ဖွဖွခေါက်ကာ တိုးတိုးလေးခေါ်လိုက်၏။



“အစ်မလီ..  အထဲမှာရှိလား?”



အမေရှက ခပ်ဖွဖွပြုံးကာ ခေါ်လိုက်၏။



အထဲကလူက အသံကြားတော့ ချက်ချင်းထွက်လာသည်။ တစ်ဖက်လူကို မြင်သောအခါ သူက ချက်ချင်းပြုံးပြပြီး ပြောလာသည်။ “ဟွေ့နျန်း.. အထဲမှာ လာထိုင်ပါဦး”



ရှအမေက ပြုံးပြီး အားနာမနေဘဲ အထဲဝင်သွားကာ သူမလက်ထဲက ခြင်းကို ပေးလိုက်သည်။ “ဒီနေ့ဖူသခင်လေးက တောဝက်ဖမ်းလာလို့ ငါ နင်တို့မိသားစုအတွက် ယူလာပေးတာ”



အစ်မလီက ခဏရပ်သွားပြီးမှ သူမလက်ကို သူမရှေ့က ရှေ့ဖုံးခါးစည်း(apron) နဲ့ သုတ်လိုက်သည်။ “ဒါအရမ်းတန်ဖိုးကြီးလွန်းတယ်.. နင်တို့မိသားစုစားဖို့ပဲ သိမ်းထားပါ”



“နင် ဘာလို့ ငါ့ကို အားနာနေတာလဲ?”


အမေရှက ပြုံးလိုက်ပြီးမှ ခြင်းတောင်းကို သူမလက်ထဲထိုးပေးလိုက်၏။ “အိမ်မှာ အများကြီးရှိသေးတယ်.. နင်တို့မိသားစုကို အားရှိအောင်ကျွေးလိုက်.. ရှောင်ပေါင်ကလည်း ထျဲကျူးကို သတိရနေတာ.. အချိန်ရရင် ငါတို့အိမ်မှာ လာဆော့ပါစေ”


“အင်း.. ထျဲကျူးကလည်း ခုတလော ရှောင်ပေါင်အကြောင်းပဲ ပြောနေတာ”



အစ်မလီက ပြုံးပြီး ထပ်မငြင်းတော့ဘဲ အသားနှင့်အရိုးများကို အောက်ချထားလိုက်သည်။



အမေရှက ပစ္စည်းပေးပြီး ပြန်ဖို့ပြင်လိုက်၏။



တကယ်တော့ တခြားမိသားစုထက် အစ်မလီတို့ မိသားစုကို ပိုထည့်လာပေးခဲ့သည်။ တခြားသူများနှင့်ယှဥ်လျှင် သူတို့မိသားစုက ပိုဆင်းရဲသောကြောင့်ပင်။


တစ်အိမ်ဝင်တစ်အိမ်ထွက် တောဝက်သား ပို့ပြီးနောက်မှာ အမေရှက စိတ်သက်သာရာရသွား၏။




သူမ ပို့ပေးခဲ့သူများမှာ သူမတို့ အိမ်ခွဲထွက်လာတုန်းက ကူညီပေးခဲ့ကြသော မိသားစုများဖြစ်၏။ အရင်က ပြန်ပေးစရာမရှိခဲ့၍ ယခုသူတပါး၏ အကူအညီဖြင့် သူမတို့ ပြန်ပေးဆပ်နိုင်ပြီဖြစ်သည်။



အသားရသူအားလုံး ပျော်နေကြပြီး ရှမိသားစုက သူတို့ပေးခဲ့တဲ့ အကူအညီသေးသေးလေးကိုတောင် အမှတ်ရနေသေးသည်ဟု တွေးနေကြသည်။