Ch 5
Viewers 9k

Chapter 05


“အခြေချနေထိုင်ခြင်း”





တောဝက်မှာ အဆီများသောကြောင့် ရှယန်ရှီးက ဆီကြော် ကြော်လိုက်၏။


တောဝက်ကို ပြီးစီးအောင် လုပ်ပြီးနောက် ရှလီရမ်က လယ်ကွင်းထဲမှာ အလုပ်လုပ်ရန် ပြန်သွားခဲ့သည်။


လူတွေကို ပေးကမ်းလိုက်သော်လည်း တောဝက်သားများစွာ ကျန်နေသေးသည်။ ယခုက မတ်လဖြစ်သော်လည်း ချမ်းစိမ့်စိမ့်ဖြစ်နေဆဲပင်။




ဖူမင်ယိုက ရှယန်ရှီးအား အသားထိန်းသိမ်းနည်းတချို့ ပြောပြလိုက်သည်။ ဝက်အူချောင်းနှင့် ဝက်သားခြောက်တချို့ ပြုလုပ်မည်ဆိုပါက အချိန်တစ်ခုကြာအောင် ထိန်းသိမ်းထားနိင်မှာဖြစ်၏။



တစ်မနက်လုံး အလုပ်ရှုပ်နေပြီးနောက်မှာ ရှယန်ရှီးက သူ၏ အချက်အပြုတ်စွမ်းရည်ကို အပြည့်အဝအသုံးချပြီး နေ့လည်စာတစ်နပ် ပြင်ဆင်ခဲ့သည်။



“ရှီးရှီး ချက်တာ အရမ်းကောင်းတယ်”


ရှလီရမ်က အသားတစ်ဖဲ့ကို ကျေကျေနပ်နပ်စားရင်း ချီးကျူးလိုက်သည်။


ရှယန်ရှီးက ပြုံးပြီး သူ့ညီလေးကို ဟင်းခပ်ထည့်ပေးနေသည်။


ဖူမင်ယို၏ မျက်ဝန်းထဲမှာလည်း အပြုံးရိပ်ရှိနေပြီး တစ်ဖက်လူက အမှန်တကယ်ပင် အချက်အပြုတ်ကောင်းလေသည်။



ရှမိသားစုမှာ ထမင်းစားနေချိန် စကားမပြောရဟူသော အယူအဆမရှိပေ။ ဖူမင်ယိုမှာ သူ့ကိုယ်ပိုင် အစီအစဥ်များရှိ၍ မိသားစု၏ အိမ်ထောင်ဦးစီးကိုကြည့်ကာ ပြောလိုက်သည်။ “ဦးလေးရှ.. ကျွန်တော်က တစ်ယောက်တည်းသမားဆိုတာ ဦးလေးတို့သိပါတယ်.. ကျွန်တော် ဒီရွာမှာ အခြေချနေထိုင်ချင်တယ်.. ကျွန်တော် သတိထားစရာများရှိလား?”




“ဒါဆို နေ့လယ်ကျရင် ငါနဲ့အတူ ရွာလူကြီးအိမ်ကို လိုက်ခဲ့”


ရှလီရမ်က ခေါင်းညိတ်ပြလိုက်၏။ အိမ်မှာ တောဝက်သားနှင့် အရိုးများရှိနေသေးသည်။ ဖူမင်ယိုက ရှကျားရွာမှာနေဖို့ ဆုံးဖြတ်လိုက်သဖြင့် တစ်ခုခုစီစဥ်ပေးဖို့ လိုအပ်သည်။


ဤစကားကြားတော့ ရှယန်ရှီးက ရုတ်တရက် ဝမ်းနည်းသလို ခံစားလိုက်ရသော်လည်း ဤခံစားချက်က တခဏချင်း ပျောက်ကွယ်သွားသည်။


ဖူမင်ယိုက ပြုံးပြုံးလေး ခေါင်းညိတ်ကာ ပြောလိုက်၏။ “အခုက မတ်လဆိုတော့ အိမ်ဆောက်လို့ရနေပါပြီ.. ကျွန်တော် ရွာထဲကလူတွေကို အကူညီတောင်းချင်တယ်.. ကျွန်တော် သူတို့နဲ့ မရင်းနှီးတော့ ဦးလေးရှကိုပဲ အကူညီတောင်းရတော့မယ်”


ရှလီရမ်က ပြုံးလိုက်ပြီးမှ ချီတုံချတုံပြောလိုက်သည်။ “အိမ်ဆောက်မယ်ဆိုရင် ငွေကြေးအကုန်အကျများမှာနော်”




“ဦးလေးရှ.. အဲ့အတွက် စိတ်မပူပါနဲ့”


ဖူမင်ယို ပြုံးလိုက်သည်။ သူ့မှာ ငွေရှာနိုင်သည့် နည်းလမ်းကောင်းတစ်ခု ရှိပြီးသားပင်။



နေ့လည်စာစားပြီး တအောင့်နားနေပြီးနောက်မှာ ရှလီရမ်က အသားဆယ်ပေါင်နှင့် နံရိုးဆယ်ပေါင်ယူကာ ရွာလူကြီးအိမ်ကိုသွားခဲ့သည်။



ရှကျားရွာ၏ ရွာလူကြီးက အနောက်ဘက်မှာ နေထိုင်ပြီး အိမ်ကို အုတ်ဖြင့်ဆောက်ထားသောကြောင့် ရွာထဲ၌ အတော်လေးကောင်းမွန်သည်။


လူနှစ်ယောက် ပစ္စည်းတွေသယ်လာတာကို မြင်သောအခါ သူ့မျက်ဝန်းထဲ၌ အံအားသင့်မှု အရိပ်အယောင်ပေါ်လာပြီး ဖူမင်ယိုကို တအံ့တသြကြည့်လိုက်လေသည်။




ဤလူက ကြည့်လိုက်ရုံနှင့် သာမန်လူမဟုတ်မှန်း သိသာသည်။


ရှလောင်တ** ဒီလူကို ကယ်ရလောက်တဲ့အထိ ကံကောင်းနေမယ်လို့ မထင်ထားဘူး….


(**မိသားစုရဲ့ သားအကြီးဆုံးလို့ ခေါ်တာပါ)




ရွာလူကြီး၏ ဇနီးသည်က ရှလီရမ်၏လက်ထဲမှ အသားကို မြင်သောအခါ ပါးစပ်မစိနိုင်အောင် ပြုံးနေပြီး ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လိုက်၏။ “လီရမ်.. မင်းလာမယ်ဆိုလာပေါ့.. ဘာလို့ လက်ဆောင်တွေ ယူလာနေသေးတာလဲ?”


ရှလီရမ်က ပြုံးပြီး အသားကိုဘေးချကာ ပြောလိုက်သည်။ “ယူလာရမှာပေါ့ဗျာ.. အဓိကက ကျွန်တော် ဦးလေးနဲ့ ဆွေးနွေးစရာလေးရှိလို့ပါ”



“လီရမ်… လာထိုင်လေ၊ လက်ဖက်ရည်သောက်ပါဦး” ရွာလူကြီး လက်ဝှေ့ယမ်းပြကာ အပြုံးလေးဖြင့် ပြောသည်။



ရှလီရမ်က ရှေ့တိုးသွားပြီး ရွာလူကြီးကိုကြည့်ကာ ပြောလိုက်သည်။ “ဦးလေး.. ဒါက ဖူမင်ယိုပါ.. တစ်ယောက်တည်း လမ်းသွားရင်းနဲ့ ကံဆိုးပြီး ဓားပြတိုက်ခံလိုက်ရလို့ သူ့အိမ်ထောင်စုမှတ်ပုံတင်နဲ့ တခြားပစ္စည်းတွေအားလုံး ဆုံးရှုံးသွားပါတယ်.. သူ ဒီရွာမှာအခြေချပြီး အိမ်ဆောက်နေချင်တာဆိုရင် ဘာတွေလုပ်ဖို့လိုအပ်လဲဗျ”



ရွာလူကြီးက ဖူမင်ယိုကိုကြည့်ပြီး ပြောသည်။ “ဒီလူငယ်လေးက ဒီမနက် တောဝက်ဖမ်းလာခဲ့တဲ့သူလား?”





“မင်္ဂလာပါ...ရွာလူကြီး.. ကျွန်တော်က ဖူမင်ယိုပါ”


ဖူမင်ယိုက ပြုံးပြီး ခေါင်းညိတ်ကာ သူ့ကိုယ်သူမိတ်ဆက်လိုက်၏။


ရှလီရမ်က ပြောလိုက်သည်။ “မနက်က သူတို့ကံကောင်းသွားလို့ပါ.. တောဝက်က ဆောင်းတွင်းတစ်ခုလုံး ဆာလောင်နေတာမို့ အားမရှိတော့ဘူးလေ.. မဟုတ်ရင် ဒီကလေးတွေက အဲ့ဒီအကောင်ကို ဘယ်လိုဖမ်းမိနိုင်ပါ့မလဲ”



လက်ခံလိုက်တာကောင်းသော်လည်း ရို့ကျိုးနိမ့်ချဖို့တော့ လိုသေးသည်။



ရွာလူကြီးက ပြုံးပြုံးဖြင့် ပြောလာ၏။ “အခြေချဖို့က ခက်ခဲတဲ့ကိစ္စတော့မဟုတ်ဘူး.. ငါ အိမ်ထောင်စုမှတ်ပုံတင် စာရွက်စာတမ်းရေးပေးလိုက်မယ်… မင်းက မြို့ပေါ်က ယာမန်ရုံးမှာ သွားလုပ်လိုက်ရင်ရပြီ.. ငါတို့ရဲ့ ခရိုင်တရားသူကြီးက ပြည်သူတွေကို သားသမီးလို သဘောထားတာဆိုတော့ အခုမြို့ပေါ်မှာ အိမ်ထောင်စုမှတ်ပုံတင်ဖို့ သီးသန့်နေရာတောင်ရှိနေပြီ… ပြည်သူတွေအလုပ်ရှုပ်သက်သာသွားတာပေါ့”



“ဟုတ်ကဲ့ ဒါဆို ဦးလေးကိုပဲ ဒုက္ခပေးရတော့မယ်”


ရှလီရမ်က အပြုံးလေးဖြင့် ခေါင်းညိတ်ပြပြီး ဖူမင်ယိုအား အချက်ပြလိုက်၏။


ဖူမင်ယိုကလည်း ချက်ချင်းပင် ပြုံးပြီးပြောလိုက်သည်။ “ဒါဆို ရွာလူကြီးကို ကျေးဇူးတင်ပါတယ်”


ရွာလူကြီးက လက်ဝှေ့ယမ်းပြကာ တစ်ဖက်လူအား စာတစ်စောင်ရေးပေးလိုက်၏။



“အိမ်ဦးနတ်ကြီး.. .ရှင်ဘာလုပ်လိုက်တာလဲ?” ရွာလူကြီး၏ဇနီးက သူ့ခင်ပွန်းကိုကြည့်ပြီး ထွက်သွားသော နှစ်ယောက်၏ နောက်ကျောကိုစိုက်ကြည့်ကာ နားမလည်နိုင်စွာ ပြောလိုက်၏။



ရွာလူကြီးက လက်ဖက်ရည်တစ်ငုံသောက်ကာ ဆိုသည်။ “ဒီဖူဆိုတဲ့ ကောင်လေးက သာမန်လူမဟုတ်ဘူး” ရွာလူကြီး၏ဇနီးက ပြန်လှည့်လာပြီး မျက်စောင်းထိုးကာ ပြောလိုက်သည်။ “တော်စမ်းပါ.. ဒီစကားကို ရှင်အခါသုံးဆယ်လောက်ပြောပြီးပြီ.. ကျွန်မ ရှင်နဲ့ စကားဆက်မပြောတော့ဘူး.. အသားတွေသိမ်းပြီး ကလေးတွေကို ညစာပိုကျွေးဖို့ ပြင်တော့မယ်”


ဤရှမိသားစုနှင့် ဖူရှောင်ကျစ်*က တကယ်ကို အလိုက်သိသောသူများဖြစ်၏။ အသားဆယ်ပေါင်နှင့် အရိုးဆယ်ပေါင်က ထမင်းအနပ်ပေါင်းများစွာ စားဖို့လုံလောက်သည်။


(ရှောင်ကျစ်က လူကလေး၊ လူငယ်လေးလို့ပြောတာပါ)


သူတို့နှစ်ယောက်ပြန်ရောက်ပြီးနောက် ဖူမင်ယိုက စာရွက်ပေါ်က စာတွေကိုကြည့်ပြီး မည်သို့ဖော်ပြရမှန်း မသိတော့ချေ။ သူ ဤနေရာကိုရောက်ပြီးနောက် စာသိပ်မဖတ်တတ်ဘူးဖြစ်နေသည်။



“မင်း မဖတ်တတ်ဘူးမလား?”




ရှလီရမ်က စာရွက်ကို ငေးငိုင်ကြည့်နေသော သူ့ကိုကြည့်ကာ ပြောလိုက်သည်။ “ငါတို့ရွာမှာ စာဖတ်တတ်တဲ့သူက ဆရာသခင်ကြီးအပြင် ရွာလူကြီးတစ်ယောက်ပဲရှိတယ်”


ဖူမင်ယိုက ခေတ္တရပ်ကာ ပြောလိုက်၏။ “ကျွန်တော်တို့ရွာမှာ ဆရာသခင်ရှိတာလား”



ရှောင်လီရမ် ခေါင်းညိတ်ပြီး ပြန်ဖြေသည်။ “အိမ်ရဲ့နောက်က တန်းမှာ အိမ်နှစ်လုံးကျော်ရင် အနီရောင်တံခါးကြီးရှိတဲ့အိမ်ပေါ့”



ဖူမင်ယို စဥ်းစားခန်းဝင်နေသည်။ သူသည်ကား ယခင်က ဒေါက်တာဘွဲ့နှစ််ခုရဖူးသူဖြစ်သော်လည်း မထင်မှတ်ထားသည်မှာ ဤနေရာ၌ စာမတတ်တစ်ဝက်ဖြစ်နေလေသည်။



သူ စာပြန်ကြိုးစားသင့်သည်ဟု ထင်မိသည်။


အချိန်ခရီးသွားခြင်းကြောင့်လား မသိသော်ငြား ယခုသူ့ပုံစံက အသက်နှစ်ဆယ်အရွယ်သာဖြစ်၏။



တွက်ကြည့်လျှင် အမြတ်ရသည်ဟု ဆိုနိုင်သည်။



သူ မသေခဲ့ရုံတင်မကဘဲ နှစ်အနည်းငယ် ပြန်ငယ်သွားခဲ့သည်။


ယခုချိန်မှာ ဖူမင်ယိုက ရွာလူကြီးရေးပေးသော စာရွက်စာတမ်းကို ရရှိခဲ့ပြီဖြစ်၍ နောက်တစ်ဆင့်က မြို့ပေါ်မှာ သွားလုပ်ဖို့ဖြစ်သည်။



ရွာနှင့် မြို့ကြား နွားလှည်းမရှိသောကြောင့် ဖူမင်ယိုက ခြေလျင်လျှောက်သွားရပေမည်။


နောက်နေ့မနက်၊ ကောင်းကင်ယံမှာ နေရောင်ခြည်ထွက်လာသောအခါ ဖူမင်ယိုက အိပ်ရာထလာပြီး ရှလီရမ်၊ ရှယန်ရှီးတို့နှင့်အတူ မြို့ပေါ် တက်သွားကြသည်။


မူလက ရှလီရမ်သည် ဖူမင်ယိုကိုသာ ခေါ်သွားဖို့ စီစဥ်ထားသော်လည်း မြို့ပေါ်မရောက်တာကြာပြီဖြစ်သော ရှယန်ရှီးက အပျော်ခရီးလိုက်ပါချင်သည်ဟု အတင်းတောင်းဆိုခဲ့သည်။



ထိုအချိန်မှာ ရွာခံအားလုံးနီးပါး ထနေကြပြီဖြစ်၍ သူတို့သုံးယောက်က မုန့်အခြောက်အခြမ်းနှင့် သောက်ရေယူလာပြီး မြို့ပေါ် ခြေလျင်လျှောက်သွားလိုက်ကြသည်။



ရှကျားရွာပိုင်သော မြို့အမည်မှာ လင်းရွှေမြို့ဖြစ်သည်။ ထိုနေရာမှာ ကျယ်ဝန်းသောမြစ်တစ်စင်းရှိပြီး မြစ်ရှိနေသည့်အတွက် လင်းရွှေမြို့အခြေအနေက ကောင်းမွန်သည်။


“အဖေ၊  အစ်ကိုဖူ အိမ်ဆောက်ချင်တယ်ဆိုရင် ကျွန်တော်တို့ရွာမှာ နေရာရှိသေးလို့လား?”



ရှယန်ရှီးက သူတို့နှစ်ယောက်၏ နောက်ကိုလိုက်ရင်း တိုးတိုးလေးပြောလိုက်သည်။



ရှလီရမ်က ပြုံးကာ ပြောလိုက်သည်။ “မေ့သွားပြီလား? ငါတို့အိမ်နဲ့ နှစ်အိမ်ကျော်က ဦးလေးနျိုက အိမ်ရောင်းဖို့လုပ်နေတာလေ?”




သူတို့အိမ်က အတော်လေးပျက်စီးနေပြီဖြစ်၍ ဝယ်ပြီးသွားလျှင် အမြစ်ပါဖြိုချပြီး ပြန်ဆောက်လို့ရသည်။