Chapter 06
“အိမ်ကိစ္စ”
သူ့ဖခင်၏စကားကို ကြားသောအခါ ရှယန်ရှီးက သတိရသွားပြီး ဆိုသည်။ “ဦးလေးနျိုရဲ့အိမ်က အကြီးကြီးပဲ”
ဖူမင်ယို ၎င်းကိုမကြိုက်လျှင် အလုပ်သမားငှားပြီး ကိုယ်ပိုင်အိမ်ဆောက်လို့ရသည်။
ဖူမင်ယိုက မှတ်ဉာဏ်ထဲက အိမ်ကို သတိရသွားပြီး ရှလီရမ်ကို ကြည့်ကာ ပြောလိုက်၏။ “ဦးလေး.. သူတို့က အဲဲ့ဒီအိမ်ကို မလိုချင်တော့ဘူးလား?”
“ဟုတ်တယ်” ရှလီရမ်က ပြန်ဖြေ၏။ “ဒီနေ့မင်းကို မြို့ပေါ်ခေါ်လာတာက သူတို့အိမ်ကို သွားမေးဖို့လည်းပါတယ်.. ရောင်းမယ်ဆိုရင်တော့ မင်း အဲ့ဒါကိုဖြိုပြီး အသစ်ပြန်ဆောက်လို့ရတယ်”
ဖူမင်ယိုက အပြုံးလေးဖြင့် တုံ့ပြန်လိုက်ပြီး သူတို့သုံးယောက်က မြို့ပေါ်သို့ တန်းတန်းမတ်မတ် သွားလိုက်ကြသည်။
ရှကျားရွာက လင်းရွှေမြို့နှင့် မဝေးသည့်အပြင် ခြေလျင်လျှောက်လျှင် ၇မိုင်၈မိုင်သာ ကြာသည်။
“ဒီလောက်အဝေးကြီး လျှောက်ပြီးပြီဆိုတော့ မင်းတို့ဗိုက်ဆာနေပြီလား?”
ရှလီရမ်က ရှယန်ရှီးကိုကြည့်ပြီး နူးနူးညံ့ညံ့ မေးလိုက်၏။
ရှယန်ရှီးက ချက်ချင်းခေါင်းခါပြပြီး ပြန်ဖြေသည်။ “ဟင့်အင်း.. ရပါတယ်”
သူတို့မလာခင်က မုန့်ခြောက်များစားခဲ့ကြ၏။ မြို့ပေါ်က စားစရာများမှာ စျေးမပေါသောကြောင့် ချွေတာသင့်သလောက် ချွေတာရမည်။
ဖူမင်ယို၏မျက်ဝန်းက အရောင်လက်သွားသည်။ ယခုချိန်မှာ မြို့ပေါ်ကဆိုင်အားလုံး ဖွင့်နေကြပြီ။ သူက မနီးမဝေးမှ ဘဏ်ကိုကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။ “ဦးလေးနဲ့ ရှီးရှီး.. ကျွန်တော့်ကို ခဏစောင့်နေပါ”
ရှလီရမ်နှင့် သူ့သားက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တစ်ဖက်လူပြောစကားကို နားမလည်ပေ။
ဖူမင်ယိုက ဘဏ်ထဲဝင်သွားပြီး သူ့အိတ်ကပ်ထဲက ရွှေတွေကို ငွေတေးလ်နှင့် ကြေးဒင်္ဂါးပြားများအဖြစ် လဲလှယ်လိုက်၏။
(QianZhuang= ရှေးခတ်စတိုင်ဘဏ်၊ ငွေသွင်းငွေထုတ်လုပ်ငန်းပုံစံမျိုး၊ စာချောအောင်ဘဏ်လို့ပဲ သုံးလိုက်ပါမယ်နော်)
အိမ်ထောင်စုမှတ်ပုံတင်သွင်းရမှာဖြစ်၍ ငွေပေးဖို့လိုသည်။ တစ်ချိန်တည်းမှာ ထိုယာမန်အစိုးရဝန်ထမ်းများနှင့် ဆက်ဆံရာတွင် ငွေအနည်းငယ်သုံးရပေမည်။
ထို့အပြင် ဦးလေးနျိုဆီက အိမ်ဝယ်ဖို့ဆိုလျှင်လည်း သေချာပေါက် ငွေလိုလိမ့်မည်။
သူ၏ ဒိုင်မန်းရှင်းထရိတ်ဒင်းစနစ်ထဲ၌ ရွှေမြောက်များစွာရှိ၍ ထုတ်သုံးဖို့ နှမြောနေခြင်းမရှိ။
သူ ထုတ်ယူလိုက်သည်မှာလည်း ရွှေတုံးအသေးလေးသာဖြစ်၍ တခြားသူများ၏ အာရုံကို ဆွဲဆောင်မိမှာ မဟုတ်ပေ။
တစ်ဖက်လူက ဘဏ်ထဲမြန်မြန်ဆန်ဆန်ဝင်သွားပြီး မြန်မြန်ဆန်ဆန် ပြန်ထွက်လာတာကို တွေ့ရသောအခါ သူတို့ အံ့သြသွားကြသည်။
“ဦးလေးနဲ့ ရှီးရှီး.. မနက်စာသွားစားရအောင်”
ဖူမင်ယိုက သူ့လက်ထဲရှိ ကြေးနီဒင်္ဂါးပြားကို ခါယမ်းပြလျက် အပြုံးလေးဖြင့် ပြောသည်။
ရှလီရမ်က သူ့ကို ချက်ချင်းစိုက်ကြည့်ပြီး ပြောလိုက်၏။ “ဖူရှောင်ကျစ်.. ပိုက်ဆံကိုလူမြင်အောင် မပြရဘူး.. အမြန်သိမ်းလိုက်”
ဖူမင်ယိုသည်လည်း တခြားသူများ၏အကြည့်ကို ခံစားမိပြီး ပြုံးလိုက်ရင်း သူ့အင်္ကျီလက်ကို ပေါ့ပေါ့ပါးပါး လှန်တင်လိုက်သည်။ “ဦးလေး စိတ်မပူပါနဲ့. ကျွန်တော်က တောဝက်တစ်ကောင်ကိုတောင် သတ်နိုင်တဲ့သူပါ.. မကောင်းတဲ့ရည်ရွယ်ချက်ရှိတဲ့ လူတစ်ယောက်နဲ့သာ တွေ့မယ်ဆိုရင် ဘယ်သူက ဘယ်သူ့ကိုလုမယ်ဆိုတာ မသိနိုင်ဘူး”
“ဒီကောင်လေးကတော့….”
ရှလီရမ်က ခေါင်းတခါခါဖြင့် ပြုံးလိုက်ပြီး သူတို့နှစ်ယောက်ကို ပေါက်စီဆိုင်တစ်ခုဆီခေါ်သွားကာ ဆန်ပြုတ်တစ်ပွဲမှာလိုက်သည်။
မနက်စာစားလိုက်သော်လည်း ရှလီရမ်က တစ်ဖက်လူအား ငွေရှင်းခွင့်မပေးပေ။ သူ့အမြင်တွင် ဖူမင်ယိုသည်လည်း ရှယန်ရှီးလို ကလေးတစ်ယောက်သာဖြစ်၏။
သုံးယောက်သား ပေါက်စီအလုံးကြီးဆယ်လုံးနှင့် ဆန်ပြုတ်သုံးပန်းကန် စားခဲ့ကြသည်။ စားပြီးနောက် ဖူမင်ယိုက ဆိုင်ရှင်ကို ဆယ့်ရှစ်ဝမ်ပေးလိုက်၏။
ဗိုက်ဝသွားမှ ဖူမင်ယိုလည်း နေရထိုင်ရကောင်းသွားတော့သည်။
ဤနေရာရှိ ပစ္စည်းများက စျေးသိပ်မကြီးပေ။ သက်သက်လွတ်ပေါက်စီက တစ်ဝမ်သာရှိပြီး အသားပေါက်စီက နှစ်ဝမ်သာရှိသည်။
သူ့မှာရှိသောငွေက တစ်သက်လုံး အပူအပင်မရှိ စားသောက်နိုင်လေ၏။
ယာမန်ရုံးကိုရောက်တော့ ရှယန်ရှီးက သူတို့နှစ်ယောက်နောက်ကနေလိုက်ပြီး ဟိုဟိုသည်သည် စိတ်ဝင်တစား လျှောက်ကြည့်နေသည်။
ရှလီရမ်က လာရင်းအကြောင်းအရာကို ရှင်းပြလိုက်ပြီး ယာမန်စာရေးကို ငွေအနည်းငယ်ထိုးပေးလိုက်၏။ စာရွက်စာတမ်းရေးသားပြီး တံဆိပ်တုံးထုပြီးနောက် အားလုံးပြီးဆုံးသွားသည်။
“အတော်လေးမြန်တာပဲ”
ဖူမင်ယိုက သူ့လက်ထဲရှိ စာအုပ်လေးကိုကြည့်ပြီး မျက်ခုံးပင့်လိုက်မိသည်။
ရှလီရမ်က ပြုံးကာပြောလိုက်၏။ “မင်းက ဘယ်လောက်ခက်ခဲတယ်လို့ ထင်ထားလို့လဲ?”
ဤကျေးလက်ဒေသမျိုးမှာ အိမ်ထောင်စုစာရင်းပျောက်တာက ပုံမှန်ဖြစ်သည်။ ရွာလူကြီးဆီမှ စာရွက်စာတမ်းရှိလျှင် အစားပြန်လုပ်တာက ကြီးကြီးမားမားကိစ္စမဟုတ်ချေ။
ဖူမင်ယိုက နားလည်သလို ခေါင်းညိတ်ပြပြီး ဆိုသည်။ “ဒီရောက်နေပြီဆိုတော့ လျှောက်ပတ်ကြည့်ကြမလား?”
ရှယန်ရှီးက ခေါင်းညိတ်ပြလိုက်၏။ “အဖေ.. လျှောက်ကြည့်ရအောင်.. ကျွန်တော်တို့ မြို့ပေါ်မရောက်တာ တော်တော်ကြာနေပြီ”
“အရင်ဆုံး ဦးလေးနျိုရဲ့အိမ်ကိုဝယ်ဖို့ သွားလိုက်ရအောင်. ပြီးမှပဲ လျှောက်ကြည့်တာပေါ့”
အရေးကြီးတာကို အရင်လုပ်သင့်သည်။ အိမ်ဝယ်တာက အရေးကြီးဆုံးအရာပင်။
ရှယန်ရှီးက ခေါင်းညိတ်ပြပြီး ဝယ်ပြီးနောက် လျှောက်လည်ဖို့ စဥ်းစားနေသည်။
ဖူမင်ယိုက တခဏမျှစဥ်းစားကာ ပြောလိုက်သည်။ “ဦးလေး…. ပုံမှန်ဆိုရင် အိမ်ဝယ်ဖို့ ငွေဘယ်လောက်ကုန်မှာလဲ?”
“သူ့အိမ်က အရမ်းဟောင်းနေပြီ အိမ်ရဲ့အုတ်မြစ်ပါမယ်ဆိုရင် ဆယ်ပြားလောက်တော့ ကျလိမ့်မယ်”
ရှလီရမ်က ခန့်မှန်းလိုက်သည်။ ဖူမင်ယိုက အိမ်ဝယ်ချင်တာဖြစ်ပြီး အုတ်မြစ်ကိုတော့ မယူဘူးဟူ၍ အစောတည်းက ရှင်းရှင်းလင်းလင်း ပြောထား၏။
ဖူမင်ယိုက ခေါင်းညိတ်ပြပြီး ငွေတေးလ်နှစ်ဆယ် ထုတ်ပေးလိုက်သည်။ “ဦးလေး.. ဒါက ငွေတေးလ်နှစ်ဆယ်ပါ.. ဦးလေး အရင်ဆုံး သူ့အိမ်မှာ သွားစုံစမ်းကြည့်ပါလား.. ရောင်းဖို့သဘောတူတယ်ဆိုရင် စာချုပ်ချုပ်ကြတာပေါ့.. မရောင်းချင်ဘူးဆိုရင်တော့ တခြားနည်းလမ်းရှာကြမယ်”
ရှလီရမ်က တခဏမျှ တွေဝေသွားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်ပါပြီ.. ဒါဆို လျှောက်သွားမနေကြနဲ့ဦးနော်… စျေးဝယ်ထွက်ပြီးရင် ငါ့ကို ယာမန်မှာစောင့်နေ”
ကံကောင်းသည်မှာ ဦးလေးနျို၏အိမ်က ယာမန်နှင့် သိပ်မဝေးသဖြင့် သူ အရင်သွားကြည့်ဖို့ အဆင်ပြေသည်။
ဖူမင်ယို ဤမျှချမ်းသာနေသည့် အကြောင်းအရင်းကို သူမသိသော်လည်း သူ အပိုမေးခွန်းတွေ မေးမည်မဟုတ်။
မည်သို့ပင်ဖြစ်စေ တစ်ဖက်လူက ရိုးရှင်းပုံမပေါ်ပေ။
ဓားပြတိုက်ခံခဲ့ရသည့်တိုင် သူ့ဆီမှာ ငွေအနည်းငယ်ကျန်နေသေးသည်။
ရှယန်ရှီး ထိုစကားကြားတော့ မျက်လုံးတွေလက်လာပြီး ချက်ချင်းပြောလိုက်၏။ “အဖေ… ကျွန်တော်တို့ လျှောက်မသွားပါဘူး”
ဖူမင်ယိုက တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးမည့်သဘောဖြင့် ခေါင်းညိတ်ပြလိုက်သည်။
နှစ်အနည်းငယ် ငယ်ရွယ်သွားသော ဖူမင်ယိုက ခန္ဓာကိုယ်မပြောင်းသွားဘဲ ယခင်ကထက် ပို၍နုပျိုနေပုံပေါ်သည်။ သို့ပေသိ သူ၏ ယောကျာ်းပီသမှုကို မဖုံးကွယ်နိုင်ချေ။
ဖူမင်ယိုက ရှယန်ရှီးကိုကြည့်ကာ ပြောလိုက်သည်။ “မင်း ဝယ်ချင်တာရှိလား?”
ရှယန်ရှီးက တစ်ဖက်လူ၏ ချောမောသောမျက်နှာကိုကြည့်ပြီး ရှက်ပြုံးလေးဖြင့် ပြောလိုက်သည်။ “လျှောက်ကြည့်ရအောင်.. ဖူတာ့ကောရော ဝယ်ချင်တာတစ်ခုခုရှိလား?”
ဖူမင်ယို ပြုံး၍ဖြေသည်။ “အင်း.. နောက်မှ ခဏနေမှ တစ်ခုခုဝယ်မယ်”
ရှအိမ်တော်မှာ အကြာကြီးနေခဲ့စဥ်က မိသားစုဝင်အားလုံး သူ့အပေါ်ကောင်းပေးခဲ့ကြပြီး သူ့ဒဏ်ရာကို စိတ်မပျက်သည့်အပြင် ဂရုတစိုက် ပြုစုစောင့်ရှောင့်ပေးခဲ့သည်။
အစောပိုင်းက သူ့ပေးခဲ့သည့် ရွှေတုံးအသေးလေးကိုပင် မသုံးဘဲ သူ့အတွက် သုံးပေးခဲ့ကြသည်။
ရှမိသားစုက ဆင်းရဲ၍ ပစ္စည်းသိပ်ဝယ်လေ့မရှိမှန်း သိသောကြောင့် ဖူမင်ယိုက သူတို့မိသားစုကို လက်ဆောင်တချို့ဝယ်ပေးချင်၏။
ရှယန်ရှီးက ဆိုသည်။ “တူတူလျှောက်ကြည့်ကြမယ်”
ဖူမင်ယိုက အပြုံးလေးဖြင့် တုံ့ပြန့်လိုက်ပြီး နှစ်ယောက်သားက မြို့တစ်ဝိုက် လျှောက်သွားလိုက်ကြသည်။
ကောတစ်ယောက်နှင့် အမျိုးသားတစ်ယောက်၊ လူနှစ်ဦး အတူတူလျှောက်သွားကြရာတွင် ဖူမင်ယိုက လူတချို့၏ ကလိကျီစယ်ချင်သော မျက်လုံးများကို မြင်လိုက်ရပြီး အကြောင်းအရင်းကို သဘောပေါက်သွား၏။
သို့ပေသော်ငြား ဖူမင်ယိုသည် ပျော်နေသော ရှယန်ရှီးကိုကြည့်ပြီး ပြုံးရုံသာပြုံးနေလိုက်သည်။
ရှယန်ရှီးက အများကြီး လျှောက်ပတ်ကြည့်ခဲ့သော်လည်း ပစ္စည်းတစ်ခုမှ မဝယ်ခဲ့ပေ။
အရုပ်ဆိုင်တစ်ဆိုင်မှာ ရှောင်ပေါင်အတွက် အရုပ်လေးတစ်ရုပ်သာ ဝယ်ခဲ့၏။