Ch 7
Viewers 9k

Chapter 07 


“သားအဖနှစ်ယောက် လန့်သွားခြင်း”




ရှယန်ရှီးလက်ထဲက ပစ္စည်းများကို မြင်သော် ဖူမင်ယိုက ခေတ္တရပ်ကာ နူးညံ့ညင်သာစွာ မေးလိုက်၏။ “ရှီးရှီး.. မင်းလိုချင်တာဝယ်ပြီးပြီလား?”


ရှယန်ရှီးက အပြုံးပါးလေးဖြင့် ခေါင်းညိတ်၍ဖြေသည်။ “ပြီးသွားပြီ.. အဖေ့ကို သွားစောင့်ရအောင်”


ဖူမင်ယိုက နောက်ပြောင်ကျီစယ်လိုသော အမူအရာဖြင့် ပြုံးလိုက်၏။ “ဒါပေမယ့် ကိုယ်တော့ ဘာမှမဝယ်ရသေးဘူး”



ရှယန်ရှီးက အံ့အားသင့်သွားပြီး တစ်ဖက်လူအား မော့ကြည့်လိုက်သည်။ “ဖူတာ့ကော ဘာဝယ်ချင်တာလဲ?”


ဖူမင်ယိုက အနီးအနားက နေရာတစ်ခုကို လက်ညိုးထိုးပြပြီး ပြောလိုက်၏။ “သွားရအောင်”



ရှယန်ရှီးက သူ့နောက်ကနေ ဆိုင်ထဲလိုက်ဝင်သွားသည်။ ထိုဆိုင်ထဲ၌ အသင့်ဝတ် အဝတ်အစား၊ ဖိနပ်နှင့် တခြားပစ္စည်းများရှိသည်။


“အာ.. ကျွန်တော် သတိမထားမိလိုက်ဘူး.. ဖူတာ့ကောမှာ အဝတ်စားမရှိဘူးပဲ”




ရှယန်ရှီးက သူ့နဖူးသူ ခပ်ဖွဖွရိုက်ပြီးမှ ပြောလိုက်၏။ “ဖူတာ့ကော.. ချုပ်ပြီးသားအသင့်ဝတ်တွေက အရမ်းစျေးကြီးတယ်… အစ်ကို အဝတ်အစားလိုချင်ရင် အိမ်ပြန်ပြီး ချုပ်ကြရအောင်လေ”




ဖူမင်ယိုက ခေါင်းခါပြကာ ပြောသည်။ “အဝတ်အစားချုပ်တာက မျက်စိညောင်းတယ်.. ဝယ်လိုက်တာပဲကောင်းပါတယ်.. မင်း ခဏနေရင် စျေးဆစ်ပေးနော်”



ရှယန်ရှီးက ချက်ချင်းအာရုံပြောင်းသွားပြီး သူ့ရင်ဘတ်သူပုတ်ကာ ပြောလိုက်၏။ “ရတာပေါ့.. ကျွန်တော့်အမေဆီက စျေးဆစ်ဖို့ နည်းလမ်းကောင်းတွေအများကြီး သင်ယူထားတယ်”


ထို့နောက် ဖူမင်ယိုက သူ့အရွယ်အစားအတိုင်း အသင့်ဝတ် အဝတ်အစားနှင့် ဖိနပ်သုံးစုံစီဝယ်လိုက်ပြီး ရှလီရမ်နှင့် ရှောင်ပေါင်အတွက်ပါ နှစ်စုံစီဝယ်လိုက်၏။



တစ်ဖက်လူက သူ့အဖေနှင့် ညီလေးအတွက်ပါ ဝယ်ပေးခဲ့မှန်းမသိဘဲ ရှယန်ရှီးက စတင်စျေးဆစ်ပါတော့သည်။




“သခင်လေးတို့နှစ်ယောက် ဖြည်းဖြည်းလျှောက်ပါ” ဆိုင်အကူနှစ်ယောက်က သူတို့နှစ်ယောက်ကို အပြုံးလေးဖြင့် နှုတ်ဆက်လိုက်၏။



ဖူမင်ယိုက ရှယန်ရှီးကိုကြည့်ကာ ပြောသည်။ “ရှီးရှီးက တကယ်တော်တာပဲ” တစ်ဖက်လူ စျေးဆစ်ကျွမ်းချက်က ထိပ်ဆုံးအဆင့်ရှိ၏။


 

“ကျွန်တော်လည်း အမေ့ဆီက သင်ထားတာပါ”


ရှယန်ရှီးက ရှက်ကိုးရှက်ကန်း ခေါင်းကိုကိုင်လိုက်ပြီးမှ ပြောသည်။ “တခြားဝယ်စရာရှိသေးလား?”


“ရှိတယ်” ဖူမင်ယိုက ခေါင်းညိတ်ပြပြီး ရှယန်ရှီး၏ မှင်တက်နေသော အကြည့်ရှေ့မှာပင် ဆန်၊ ဂျုံ၊ ဆီနှင့် ကစားစရာတချို့ဝယ်လိုက်၏။


ရှယန်ရှီးက သူ့ရှေ့ရှိပစ္စည်းများကိုကြည့်ရင်း ကြောင်စီစီဖြစ်သွား၏။ “ဖူတာ့ကော.. အိမ်မှာ ဆန်တွေ၊ ဂျုံတွေ၊ ဆီတွေရှိပါတယ်”



“သိပါတယ်..ကိုယ်မြင်ဖူးတယ်.. ကုန်ခါနီးနေပြီ”




ဖူမင်ယိုက အနီးနားရှိ လက်ဝတ်ရတနာဆိုင်ကို လက်ညိုးထိုးကာ ပြောလိုက်သည်။ “ရှီးရှီး.. ဆိုင်ထဲဝင်ကြည့်ရအောင်”


ရှယန်ရှီးက သူ့ကိုဆွဲ၍ ပြောလိုက်၏။ “ဖူတာ့ကော ထပ်မဝယ်ပါနဲ့တော့”




ယခုနက အဝတ်အစားနှင့် ဖိနပ်က ကြေးဒင်္ဂါးပြားသုံးရာကျော် ကုန်ကျသွားပြီး ဆန်၊ဂျုံနှင့် ဆီက ကြေးဒင်္ဂါးပြားတစ်ရာဖြစ်၍ ယနေ့မှာတင် ကြေးဒင်္ဂါးပြား ၄၀၀ကုန်သွားလေပြီ။



တစ်နှစ်ပတ်လုံး ကြေးဒင်္ဂါးဆယ်ပြားသာသုံးနိုင်သော ရှယန်ရှီးအတွက် ယင်းက များပြားလှသော ငွေကြေးပမာဏဖြစ်၏။


(Tael 1 တေးလ်= 1000 ကြေးဒင်္ဂါးပြားပါ)


“စိတ်အေးအေးထားပါ.. ကိုယ့်မှာ ပိုက်ဆံရှိပါသေးတယ်”



ဖူမင်ယိုက တစ်ဖက်လူ၏ပုံစံကိုကြည့်ကာ ပြုံးလိုက်မိသည်။ ပြီးနောက် ဆန်၊ဂျုံ၊ဆီများကို ဆိုင်ရှင်ဆီမှာ အပ်ထားခဲ့ပြီး ရှယန်ရှီးကိုခေါ်ကာ လက်ဝတ်ရတနာဆိုင်ထဲ ဝင်သွားလိုက်သည်။



ဤသည်မှာ ရှယန်ရှီး ဤကဲ့သို့ဆိုင်မျိုးကို ပထမဆုံးဝင်ရောက်ဖူးခြင်း ဖြစ်၏။ အထဲကပစ္စည်းတွေမှာ တလက်လက်တောက်ပပြီး လှနေသည်။


“လူကြီးမင်းတို့နှစ်ယောက်ကြွပါ ဘယ်ပစ္စည်းလေးများ ဝယ်ချင်ပါလဲခင်ဗျ” ဆိုင်ရှင်က သူတို့နှစ်ယောက်ကိုကြည့်ပြီး မေးသည်။


ဖူမင်ယိုက ဆိုင်ကို ဝေ့ဝဲကြည့်ကာ ပြောလိုက်၏။ “ကောတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်အတွက် သင့်တော်တဲ့ လက်ဝတ်ရတနာလေးများရှိမလား?” ထို့နောက် သူက ရှယန်ရှီးဘက်လှည့်၍ ပြောသည်။ “ရှီးရှီး.. ကူရွေးပေးဦး” တစ်ဖက်လူက ကောတစ်ဦးဖြစ်ပြီး အမေရှကလည်း သူ့အမေဖြစ်၍ လက်ဆောင်ရွေးဖို့ အဆင်ပြေသည်။



အပြင်လူတစ်ယောက်အနေဖြင့် သူက လက်ဆောင်ရွေးကူဖို့ မသင့်တော်ပေ။



ရှယန်ရှီးက တအံ့တသြ ခေါင်းမော့ကြည့်ပြီး မေးလိုက်၏။ “ဖူတာ့ကော.. ကျွန်တော်နဲ့ အမေအတွက် ဝယ်ပေးတာလား”



ဒီလူသိတဲ့ ကောနဲ့ အိမ်ထောင်သည်အမျိုးသမီးက သူတို့ပဲရှိတာမလား။


ဖူမင်ယိုက ခေါင်းညိတ်ပြပြီး အပြုံးလေးဖြင့် ပြောလိုက်၏။ “မင်းတို့က ကိုယ့်ကို အကြာကြီး စောင့်ရှောက်ပေးခဲ့တာလေ၊ ကိုယ့်ဘက်က ကျေးဇူးတင်ကြောင်း ပြရမှာပေါ့”



“မဟုတ်တာ.. မဟုတ်တာ.. ဒါက တန်ဖိုးကြီးလွန်းတယ်.. လုံးဝမရဘူး”


ရှယန်ရှီး ချက်ချင်းခေါင်းခါပြပြီးမှ ပြောလိုက်၏။ “ခုနက ဝယ်ပေးခဲ့တဲ့ ဆန်၊ ဂျုံ၊ ဆီနဲ့တင် ကျေးဇူးတင်ကြောင်းပြဖို့ လုံလောက်ပါပြီ”



ဖူမင်ယိုက ပြုံးပြီး သူ့ဆံပင်ကို ခပ်ဖွဖွလှမ်းထိသည်။ “ရှီးရှီး.. ကိုယ့်ကို ကူရွေးပေးပါ” ငွေရေးကြေးရေးက သူ့အတွက် အရေးမကြီးပေ၊ ရှမိသားစုကို လန့်သွားအောင် မလုပ်ချင်၍သာ မဟုတ်ပါက သူ ရွှေတေးလ်တစ်ထောင်ကျော် ထုတ်ပေးလိုက်မှာဖြစ်၏။



ဘေးနားက ဆိုင်ရှင်မှာ အင်မတန်ပါးနပ်သည်။ ဖူမင်ယိုက သာမန်ကာလျှံ ဝတ်ဆင်ထားသော်လည်း သူဟာ သာမန်လူနှင့်မတူကြောင်း တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်းသိသည်။ 



လူနှစ်ဦး၏ ဖိအားပေးသော စကားအောက်မှာ ရှယန်ရှီးက ငွေဆံထိုးတစ်ချောင်းနှင့် ငွေအနားကွပ် ဆံထုံးသရဖူတစ်ခုကို ယူလိုက်၏။



“ငွေလက်ကောက်နဲ့ ဘေးနားက ကျောက်စိမ်းလက်ကောက်ကိုပါ ထည့်တွက်လိုက်ပါ”


ဖူမင်ယိုက ရှောင်ပေါင်နှင့် ရှယန်ရှီးအတွက် လိုက်ဖက်သော ကျောက်စိမ်းလက်ကောက်ကိုပါ ထည့်တွက်ခိုင်းလိုက်၏။



ဆိုင်အကူက ဝမ်းသာသွားပြီး ချက်ချင်းပြောလာသည်။ “ကောင်းပါပြီ.. ကျွန်တော် အခုထုပ်ပိုးပေးလိုက်ပါမယ်”



ဖူမင်ယို: “ဘယ်လောက်ကျလဲ” ဆိုင်အကူက ချက်ချင်းစျေးတွက်ပြီး ပြောသည်။ “ငွေဆံထိုးက ဆယ့်နှစ်တေးလ်.. ဆံထိုးသရဖူက ၅တေးလ်၊ ငွေလက်ကောက်နဲ့ ကျောက်စိမ်းလက်ကောက်က ၈တေးလ်နဲ့ ၁၅တေးလ်စီပါ.. ၅% လျှော့စျေးနဲ့ အစွန်းထွက်ကို နှုတ်လိုက်ရင် စုစုပေါင်း ၃၆တေးလ်ကျပါတယ်”



ရှယန်ရှီးက မျက်လုံးအပြူးသားဖြင့် ချက်ချင်းပြောလိုက်၏။ “စျေးကြီးလွန်းတယ်..ဆံထိုးသရဖူ၊ ငွေလက်ကောက်နဲ့ ကျောက်စိမ်းလက်ကောက်က မယူတော့ဘူး.. ငွေဆံထိုးကို စျေးပေါတာလေးတစ်ခုခုနဲ့ လဲပေးပါ”




နှမြောဖို့ကောင်းတယ်… နှမြောဖို့ကောင်းတယ်.. စျေးကြီးလွန်းတယ်..



ဆယ်တေးလ်တန် ငွေဆံထိုးဝယ်လာတာကို သိသွားလို့ကတော့ သူ့အမေ ဒေါသထွက်မှာသေချာတယ်..


ဖူမင်ယိုက တစ်ဖက်လူကို ကြည့်ကာ ပြုံးလိုက်၏။ “စျေးမကြီးပါဘူး..”




ပြောပြီးနောက် သူက အိတ်ကပ်ထဲရှိ ငွေစက္ကူကိုထုတ်ပြီး ဆိုင်အကူအား ပေးလိုက်သည်။


ဆိုင်အကူက ချက်ချင်းလက်ခံလိုက်ပြီး ပြန်အမ်းငွေအမြန်သွားရှာတော့သည်။


သူ ပြောသားပဲ.. ဒီလူက သာမန်လူမဟုတ်ဘူးလို့.. ငွေတေးလ်ငါးဆယ်တန် ငွေစက္ကူကို ရှောရှောရှူရှူ ထုတ်ပေးနိုင်တာ သာမန်လူဖြစ်နိုင်ပါ့မလား။



“စျေးကြီးလိုက်တာ”



ရှယန်ရှီးက သူ့ရှေ့ကဘူးကို စိတ်ပျက်လက်ပျက် ကြည့်လိုက်၏။ ငွေသုံးဆယ့်ခြောက်တေးလ်..ဒါနဲ့ဆို ဆန်ဘယ်လောက်တောင် ဝယ်လို့ရလိုက်မလဲ။



နှစ်ယောက်သား ပစ္စည်းတွေယူပြီး ယာမန်ရုံးကို သွားလိုက်ကြသည်။ ခဏအကြာမှာ ရှလီရမ် ရောက်လာ၏။



“အဖေ”



ရှယန်ရှီး၏ ကြောင်တက်တက်ဖြစ်နေသော ဦးနှောက်က အဆုံးမှာ အသိပြန်ဝင်လာပြီး တစ်ဖက်လူအား ကြည့်ကာ ပြောလိုက်၏။ “ဦးလေးနျိုရဲ့အိမ်မှာ စာချုပ်သွားချုပ်တော့မှာလား?”



ရှလီရမ်က ပြုံးကာ ပြောသည်။ “အိမ်အရင်ပြန်ရအောင်.. သူတို့ မနက်ဖြန် ရွာကိုပြန်လာပြီး အိမ်ရဲ့အခြေအနေကို စစ်ဆေးပြီးမှ ဆုံးဖြတ်မယ်လို့ပြောလိုက်တယ်”




တကယ်တော့ သူတို့သည် အိမ်တန်ဖိုးစုံစမ်းဖို့သာ လာခဲ့ခြင်းဖြစ်၍ ရှလီရမ်က အလျင်လိုမနေချေ။