Chapter 08
“ကျေးဇူးဆပ်ချင်ရုံပါ”
ဖူမင်ယိုက ပြုံးလျက် ခေါင်းညိတ်ကာ ဆို၏။ “ကောင်းပြီ.. ဒါဆို အခုပြန်ကြစို့”
တစ်ဖက်လူ မရောင်းချင်လျှင်လည်း သူ့မှာ နည်းလမ်းများစွာရှိသေးသည်။
အဆိုးဆုံးအနေဖြင့် အိမ်ရောင်းလိုသူရှိမရှိ စုံစမ်းဖို့သာလိုသည်။ အလုပ်မဖြစ်ပါက ငွေအနည်းငယ်သုံး၍ မြေကွက်ဝယ်ကာ ကိုယ်တိုင်ဆောက်လိုက်လို့ရသည်။
ရှလီရမ်က နံဘေးရှိ ရှယန်ရှီးကို နောက်ပြောင်လိုသော လေသံဖြင့် မေးလိုက်၏။ “ဒီနေ့ ရှီးရှီး ပစ္စည်းတွေအများကြီးဝယ်လာတာပဲ.. စုဆောင်းထားသမျှ ကုန်သွားပြီလား”
ထိုမျှလောက်များပြားသော ဂျုံ၊ဆန်နှင့်ဆီများသည် ကြေးဒင်္ဂါးတစ်ရာကျော် ကုန်ကျပေလိမ့်မည်။
ထိုစကားကြားသောအခါ ရှယန်ရှီး၏မျက်နှာက ရုတ်ချည်းနီမြန်းသွားပြီး သူက သူ့အဖေကိုကြည့်ကာ တိုးတိုးလေးပြောလိုက်၏။ “အဖေ.. ဒါ ကျွန်တော်ဝယ်လာတာမဟုတ်ပါဘူး”
ရှလီရမ်က ပင့်သက်ရှိုက်လိုက်ပြီးမှ ဖူမင်ယိုဘက် လှည့်ကာ မေးလိုက်သည်။ “ဖူရှောင်ကျစ်.. ဒါ မင်းဝယ်လာတာတွေလား?”
ဖူမင်ယိုကပြုံးလျက် ပြန်ဖြေသည်။ “ဦးလေး.. ကျွန်တော် ဦးလေးတို့အိမ်မှာ စားသောက်နေထိုင်တာ ကြာပြီဆိုတော့ ဆန်၊ဂျုံ၊ဆီ နည်းနည်းလောက်ဝယ်လာတာပါ.. စျေးမကြီးပါဘူး”
“အဖေ.. ဒါတွေလည်းပါသေးတယ်”
ရှယန်ရှီးက သူ့လက်ထဲကဘူးကို သူ့ဖခင်လက်ထဲသို့ ထိုးထည့်ပေးကာ ဆိုလိုက်သည်။ “အဖေ.. ဖူတာ့ကောကိုပြောပေးပါ.. အခုသွားလဲရင်လည်း မှီပါသေးတယ်.. အရမ်းစျေးကြီးလွန်းတယ်”
ရှလီရမ်က သားဖြစ်သူ၏ စိုးရိမ်ပူပန်နေသော မျက်နှာကိုကြည့်ပြီး ဖူမင်ယို၏ ပုံမှန်လိုမျက်နှာထားကို မြင်သောအခါ သိချင်စိတ်ဖြင့် ဘူးကိုဖွင့်လိုက်ပြီး ရုတ်တရက် လန့်သွားခဲ့သည်။
“ဒါ..ဒါက… ဖူရှောင်ကျစ် မင်း အိမ်ဝယ်မယ့် ပိုက်ဆံတွေသုံးလိုက်တာတော့ မဟုတ်ဘူးမလား?”
ရှလီရမ်က အတွင်းမှ လက်ဝတ်ရတနာများကြောင့် လန့်ဖျပ်သွားသည်။ ဤလက်ဝတ်ရတနာများသည် အနည်းဆုံး ငွေတေးလ်နှစ်ဆယ်ခန့် တန်ဖိုးရှိလိမ့်မည်။
သူသည်ကား ဘာမျှနားမလည်သော လယ်သမားတစ်ဦးဖြစ်သော်ငြား ဤပစ္စည်းများသည် တစ်ချက်ကြည့်ရုံဖြင့် တန်ဖိုးရှိကြောင်း သိနိုင်သည်။
ရှလီရမ်သည် ဖူမင်ယို၏ ကိုယ်ပိုင်ငွေများ ကုန်သွားပြီဟု ထင်မှတ်ကာ ချက်ချင်းပြောလိုက်သည်။ “သွားမယ်. ပြန်သွားလဲမယ်…. စျေးကြီးလွန်းတယ်”
ဤလက်ဝတ်ရတနာများကို မြင်လိုက်သည်နှင့် ဖူမင်ယိုက သူ့ဇနီးနှင့် ကောလေးအတွက် ဝယ်ပေးခဲ့မှန်း သူသိသည်။
ဖူမင်ယိုက ထိုသားအဖနှစ်ယောက်ကို အတော်လေးဆင်တူသည်ဟု တွေးလိုက်မိသည်။ ရှယန်ရှီးသည်လည်း မနက်တုန်းက ထိုနည်းအတိုင်း ပြုမူခဲ့သည်။ သူ အပြုံးလေးဖြင့်သာ ပြောလိုက်ရတော့သည်။ “ဦးလေး.. ညနေစောင်းတော့မယ်.. အိမ်ပြန်ရအောင်ပါ၊ အဒေါ်နဲ့ တခြားလူတွေ စိတ်ပူနေလိမ့်မယ်.. စိတ်ချပါ.. ဒီငွေလောက်က ကျွန်တော့်အတွက်ဘာမှမဟုတ်ဘူး.. ကျွန်တော့်အသက်က ဒီပစ္စည်းတွေထက် အများကြီးပိုတန်ဖိုးရှိတယ်… ဦးလေးတို့က ကျွန်တော့်ကို ကယ်တင်ပေးခဲ့လို့ ကျွန်တော် ကျေးဇူးဆပ်ချင်ရုံပါ”
သူ၊ ဖူမင်ယို၏အသက်သည် ဤလက်ဝတ်ရတနာများနှင့်ယှဥ်လျှင် များစွာပို၍တန်ဖိုးရှိသည်။
သူ ထိုနေ့က သတိလစ်မူးမေ့နေသော်လည်း သူ့မှတ်ဉာဏ်ထဲမှာ သူ့ကို တွေ့ခဲ့သူသည် ရှယန်ရှီးတစ်ဦးတည်းသာမဟုတ်ပေ။
သူ မပြောသော်လည်း ဖြစ်ရပ်မှန်ကို သိနေသေးသည်။
ထို့နေ့က သူ တောထဲမှာ သတိလစ်နေစဥ် စုစုပေါင်း လူသုံးယောက်ကို တွေ့ခဲ့သည်။
တစ်ယောက်မှာ ဟင်းသီးဟင်းရွက်လာခူးသော အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမက သူ့ကိုမြင်တော့ အော်ဟစ်ကာ အလျင်စလို ထွက်ပြေးသွားခဲ့သည်။
ဒုတိယတစ်ယောက်မှာ အမျိုးသားတစ်ဦးဖြစ်ပြီး သူ့ကိုမြင်တော့ ထိုလူက သူ အသက်ရှင်နေသေးလား စစ်ဆေးကြည့်သည်။ သူ့အဝတ်အစားတွေကိုပင် လှန်လှောရှာဖွေခဲ့ပြီး ပိုက်ဆံမရှိတာကိုမြင်တော့ ကံမကောင်းလိုက်တာဟုဆိုကာ ထွက်သွားခဲ့သည်။
တတိယလူမှာ ရှယန်ရှီးဖြစ်၏။
တစ်ဖက်လူက လန့်ဖျပ်သွားခဲ့သော်လည်း သူ အသက်ရှူနေသေးတာကို သိလိုက်ရပြီးနောက် ချက်ချင်းပင် ကျောပိုးခေါ်သွားပြီး သူ့အသက်ကို ကယ်တင်ခဲ့သည်။
သို့ပေသော်ငြား သူ ထိုစဥ်က မေ့မြောနေသဖြင့် ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုသာ မှတ်ယူခဲ့သည်။
သူ နိုးလာတော့ ရှယန်ရှီးက သူ့ကို ကယ်တင်ခဲ့ကြောင်း သိခဲ့ရ၍ သူ ရှင်းရှင်းလင်းလင်း မှတ်မိသွားခဲ့သည်။
“ဒါပေမယ့် ငါတို့က တတ်နိုင်သလောက် ကူညီပေးခဲ့ရုံပါပဲ”
ရှလီရမ်က ရင်ထဲမှာ မသက်မသာခံစားလိုက်ရသည်။ သူ့လိုရိုးသားသော လယ်သမားတစ်ယောက်သည် ထိုလက်ဆောင်မျိုးကို ရရှိသည့်အတွက် စိတ်ထဲမှာ မလုံမလဲဖြစ်နေသည်။
ဖူမင်ယိုက ပြုံးလိုက်၏။ “ဦးလေး.. အဆင်ပြေပါတယ်.. တကယ်ပါ.. ကျွန်တော့်ဆီမှာ ဒီပမာဏထက်ပိုတဲ့ ရွှေတွေရှိပါတယ်”
သို့သော် သူက နောက်ဆုံးစကားကိုတော့ တိုးတိုးလေးသာ ပြောလိုက်သည်။
ထိုစကားကြားတော့ ရှလီရမ်က ချက်ချင်းပင် သူ့ပခုံးကိုပုတ်ပြီး အနီးအနားပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် လှည့်ပတ်ကြည့်ရှုလိုက်သည်။ လူမရှိတာကိုတွေ့မှ သူက ဖူမင်ယိုကို ပြူးစိုက်ကြည့်လိုက်၏။ “နောက်နောင် ဒီလိုစကားမျိုးတွေမပြောနဲ့”
သို့သော်လည်း သူ့စိတ်ထဲမှာတော့ အနည်းငယ် စိတ်အေးသွားသည်။ တစ်ဖက်လူသည် အရင်က သူ့ကို ရွှေပေးဖူးသောကြောင့် ယခုချိန်မှာ အိမ်ဝယ်ရန် ငွေတကယ်ရှိပုံရ၏။
ထိုနှစ်ယောက် စိတ်အေးသွားသည်ကို တွေ့သောအခါ ဖူမင်ယိုက ပြုံးလိုက်ပြီး ရှလီရမ်အား နွားလှည်းတစ်စီးငှားစေကာ ရှကျားရွာသို့ ခေါ်သွားစေသည်။
သူတို့ဝယ်ထားသော ပစ္စည်းက များပြားလှ၍ လမ်းလျှောက်သွားလျှင် အတော်လေး ပင်ပန်းလိမ့်မည်။
ဖြစ်ချင်သော အနီးနားရှိ ရွာ၌ နွားလှည်းလုပ်ငန်းလုပ်နေသော လူတစ်ဦးရှိ၍ သူတို့ကို လမ်းကြုံခေါ်တင်သွားခဲ့သည်။
ရှလီရမ်က လှည်းသမားကို ကြေးဒင်္ဂါးသုံးပြားပေးပြီးနောက် ပစ္စည်းတွေဆွဲပြီး အိမ်ပြန်လာခဲ့သည်။
“အို.. အိမ်ဦးနတ်ကြီး ပြန်လာပြီ”
အမေရှက လူသုံးယောက်ကို တွေ့ပြီး ဝမ်းသာအားရပြောသည်။
အခန်းထဲမှာရှိနေသော ရှရှောင်ပေါင်က အသံကြားသည်နှင့် ချက်ချင်းခုန်ပေါက်ထွက်လာ၏။
“အ…ကောကောနဲ့ ဖေဖေတို့ ဒီနေ့နေ့လည်စာစားဖို့ ပြန်မလာတော့ဘူးထင်တာ”
ရှရှောင်ပေါင်က သူ့အဖေ၏ခြေထောက်ကို ဖက်တွယ်ပြီး ပြုံးလျက်ပြောလိုက်၏။
ရှလီရမ်က သူ့သားငယ်လေးကို ချက်ချင်းပွေ့ချီကာ ပြုံးလိုက်သည်။ “ရှောင်ပေါင်နဲ့အတူ ထမင်းစားဖို့ ”
ပြန်လာရတာပေါ့”
အမေရှက ပြုံးလိုက်ပြီးမှ သူတို့ဝယ်လာသော ပစ္စည်းများကိုကြည့်ကာ စိုးရိမ်သောလေသံဖြင့် ပြောလိုက်သည်။ “အိမ်ဦးနတ်ကြီး.. အိမ်မှာ ဆန်၊ဂျုံ၊ဆီတွေ ရှိပါသေးတယ်.. ဘာလို့ အဲ့လောက်အများကြီးဝယ်လာတာလဲ?”
ဆန်ချောက ဒီလောက်တန်ဖိုးကြီးတာ၊ ဘာလို့ အများကြီးဝယ်လာရတာလဲ။ အိမ်မှာ ဆန်ကြမ်းတောင် မကုန်သေးဘူးလေ…
“အဟမ်း…. အမေ.. ဒါတွေကို ဖူတာ့ကောဝယ်လာတာပါ”
ရှယန်ရှီး ချောင်းဟန့်ပြကာ အားတုံ့အားနာပြောသည်။
ထိုစကားကြားတော့ အမေရှ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူမက ချက်ချင်းပင် ရှလီရမ်ကို တစ်ချက်ရိုက်ပြီး ဆူလိုက်သည်။ “ရှင်ဘာလို့ ကလေးရဲ့ပိုက်ဆံနဲ့ ပစ္စည်းဝယ်လာတာလဲဟမ်.. ဘာတွေလျှောက်လုပ်နေတာလဲ?”
ရှလီရမ်က သူ့သားကို အောက်ပြန်ချပြီး လက်မောင်းကို ပွတ်သပ်လိုက်၏။ “အာ့..ဟွေနျန်း..ဟွေ့နျန်း ကိုယ်မှားသွားပါတယ်”
သူတို့မိသားစု ရန်ဖြစ်နေတာကိုကြည့်ပြီး ဖူမင်ယိုက ပြုံးလိုက်သည်။ တကယ်တမ်းကျတော့ ဒါကမှ ပုံမှန်မိသားစုလို့ ခေါ်တာမလား။
“အဒေါ်.. ကျွန်တော်ကိုယ်တိုင်ဝယ်လာတာပါ.. ဦးလေးနဲ့မဆိုင်ပါဘူး”
ရှလီရမ် အထင်လွဲမှားခံနေရသည်ကို ကြည့်မနေနိုင်တာ့၍ ဖူမင်ယိုက ယခင်ပြောစကားကိုပဲ ချက်ချင်းပြန်ပြောလိုက်သည်။
အမေရှက ထိုစကားကြားသောအခါ တစ်ဖက်လူဝယ်လာပေးသော လက်ဆောင်ကိုကြည့်ပြီး သက်ပြင်းချလိုက်မိ၏။ “ရှောင်ဖူရယ်.. မင်းမှာငွေရှိတယ်ဆိုရင်တောင် ဒီလိုမျိုးသုံးလိုက်လို့မရဘူးလေ… မြေဝယ်ပြီး အိမ်ဆောက်ဖို့လည်း ပိုက်ဆံလိုတယ်.. နောက်ကျ မင်းမိန်းမယူတာတို့ ဘာတို့ဆိုရင်လည်း ပိုက်ဆံလိုမှာပဲ.. မဖြစ်ဘူး. မဖြစ်ဘူး.. ဒါကို ချက်ချင်းပြန်လဲလိုက်.. စျေးကြီးလွန်းတယ်”
ဖူမင်ယိုက ပြုံးလျက်ဆို၏။ “အဒေါ်… ကျွန်တော် လက်ခံစာတမ်း (ဘောက်ချာ)မယူခဲ့မိဘူး”
ထိုအချိန်က ဆိုင်ရှင်သည် သူ့အား လက်ခံစာရွက်စာတမ်းပေးခဲ့သော်လည်း သူ တမင်တကာမယူဘဲ တစ်ဖက်လူအား စုတ်ဖြဲပစ်စေခဲ့သည်။
ဆိုင်ရှင်သည် အံ့အားသင့်သွားပုံရသော်လည်း ထိုစဥ်က ရှယန်ရှီးကိုကြည့်ပြီး တစ်ခုခုကို နားလည်သွားကာ ဖူမင်ယို၏ စကားအတိုင်း လိုက်နာခဲ့သည်။
အမေရှ ထိုစကားကြားသော် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။ “ကလေးတွေကတော့ တကယ်ပါပဲ.. ဘယ်လိုလုပ် လက်ခံစာတမ်း မယူခဲ့ရတာလဲ”
ဤလက်ဝတ်ရတနာဆိုင်မျိုးက တန်ဖိုးကြီးပစ္စည်းများဝယ်လျှင် လက်ခံစာတမ်းပေးသည်။
တစ်ဖက်လူ ထိုသို့ပြောလိုက်သည်မှာ သူတို့အား စိတ်အေးစေရန်သာဖြစ်၏။
ဖူမင်ယိုက ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်ပြီးမှ ရှောင်ပေါင်အား လက်ယပ်ခေါ်လိုက်သည်။
ဤရက်များမှာ ကောင်းကောင်းမွန်မွန် စားသောက်ရ၍ ရှရှောင်ပေါက်သည် အသားရည် ပိုမိုဖြူဝင်းလာလျက် အသားတက်လာကာ တစ်ကိုယ်လုံး ပို၍ချစ်ဖို့ကောင်းလာသည်။
“ဖူကောကော”
ရှောင်ပေါင်က ဘာကြောင့်မှန်း နားမလည်သော်လည်း သူ့ရှေ့လျှောက်သွားကာ နို့သံလေးနှင့် ခေါ်လိုက်သည်။
ဖူမင်ယိုက ဘူးသေးသေးလေးကိုဖွင့်ပြီး ကလေးအတွက်ဝယ်လာသည့် ငွေလက်ကောက်လေးကို တပ်ပေးလိုက်သည်။ “ရှောင်ပေါင် ကြိုက်ရဲ့လား?”
“အာ.. အသံမြည်တယ်.. မိုက်လိုက်တာ”
ရှောင်ပေါင်၏ မျက်လုံးများ အရောင်တောက်သွားပြီး ဖူမင်ယိုကိုကြည့်ကာ ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။ “ရှောင်ပေါင်ကြိုက်တယ်.. ကျေးဇူးတင်ပါတယ်..ဖူကောကော”
ဖူမင်ယိုက သူ့ဆံပင်ကို ပွတ်သပ်ပေးပြီး သူဝယ်လာသော အဝတ်အစားကို ထုတ်ယူလိုက်၏။