Chapter
10
“မြို့ပေါ်တက်ရောင်းချခြင်း”
“အမလေးလေး..
ဖူရှောင်ကျစ်ရယ်.. မင်း ဘယ်လိုတွေဖြစ်လာတာလဲ?”
ဖူမင်ယိုကိုမြင်တော့
ရွာလူကြီး၏ဇနီးက သေချာစူးစမ်းကြည့်ပြီးမှပင် မှတ်မိတော့သည်။
ယခင်က
ယဥ်ကျေးသိမ်မွေ့သော ပုံစံနှင့် နှိုင်းယှဥ်ပါက ယခု ဖူရှောင်ကျစ်သည် ဖရိုဖရဲနှင့် ညစ်ပေနေသည့်ပုံ
ပေါက်နေသဖြင့် သူမမှတ်မိဖို့ပင် ခက်ခဲလှသည်။
ဖူမင်ယိုက
ပင်ပန်းနွမ်းနယ်ဟန်ဖြင့် ပြုံးပြပြီး မြေပြင်ပေါ်ထိုင်ချရင်း ပြောလိုက်သည်။ “အဒေါ်…
ဦးလေးလီရမ်တို့အိမ်ကို တစ်ချက်သွားခေါ်ပေးပါဦး.. ကျွန်တော်ကံကောင်းလို့ တောဝက်တစ်ကောင်ရလာတာ၊
ထပ်မဆွဲနိုင်တော့လို့ ဦးလေးလီရမ်ကိုခေါ်ပေးပါ..”
ရွာလူကြီး၏
ဇနီးသည်က တအံ့တသြဖြစ်သွားသော်လည်း ချက်ချင်းပင် သဘောတူလိုက်သည်။ “မင်းဒီမှာပဲစောင့်နေ..
မလှုပ်နဲ့နော်.. ခါးနာသွားလိမ့်မယ်”
မကြာမီတွင်
ဖူမင်ယို တောဝက်ရလာသည်ဟူသော သတင်းက တစ်ရွာလုံးကို ပျံ့သွားလေတော့သည်။
“လီရမ်တို့အိမ်က
ဖူရှောင်ကျစ်က တကယ်ကို ကံကောင်းလွန်းပါတယ်ကွာ”
“အင်းလေ…
ပြောမနေနဲ့တော့.. ဒီတောဝက်က အရင်တစ်ခေါက်က တောဝက်ထက် ပိုတောင်ဝနေတယ်”
“ကျစ်ကျစ်ကျစ်…
ဒီတောဝက်က အနည်းဆုံး အသားပေါင်ငါးရာလောက်တော့ ရှိမှာပဲ”
“ဘုရားသခင်…
ဒီဖူရှောင်ကျစ်က အရမ်းတော်တာပဲ.. တောဝက်ကိုတောင်ဖမ်းနိုင်တယ်”
လူတိုင်းစကားများနေတာကို
မြင်သောအခါ ဖူမင်ယိုက မျက်နှာငယ်လေးဖြင့် ပြောသည်။ “ဒီမှာ… ဦးလေးနဲ့ အဒေါ်တို့.. ကျွန်တော်
ဒီတောဝက်ကို ဖမ်းခဲ့တာမဟုတ်ပါဘူး.. ကျွန်တော် သစ်ပင်နောက်မှာ ပုန်းနေတာကိုတွေ့တော့
သူ့ဘာသူ ပြေးဝင်လာရင်း သစ်ပင်နဲ့တိုက်မိသွားတာပါ”
ရှလီရမ်သည်
မူလက ရှနျိုတို့မိသားစုအလာကို စောင့်နေသော်လည်း ဖူမင်ယို တောဝက်တစ်ကောင် ထပ်ဖမ်းခဲ့သည်ကို
ကြားသောအခါ အလွန်အမင်း စိတ်လှုပ်ရှားသွားလေ၏။
ဒီဖူရှောင်ကျစ်က
တကယ့်ကို ကံကောင်းခြင်းနက္ခတ်ပဲ..
“ဦးလေးနဲ့
အဒေါ်.. ကျွန်တော်ဒီမှာပါ”
ဖူမင်ယိုက
ရှလီရမ်နှင့် အမေရှ၏ အသံကို ကြားလျှင် ချက်ချင်းလက်ထောင်၍ ပြောလိုက်သည်။
ရှလီရမ်က
သူ့ကိုကြည့်ပြီး သနားသောလေသံဖြင့် မေးလိုက်သည်။ “မင်း ပင်ပန်းနေပြီလား.. လှုပ်ကောလှုပ်နိုင်ရဲ့လား?”
ဖူမင်ယိုက
ရုတ်တရက် ထရပ်ကာ ပြန်ဖြေ၏။ “လှုပ်လို့ရပါတယ် ဦးလေးရဲ့.. ကျွန်တော် ဒီတောဝက်ကို မြို့ပေါ်မှာ
သွားရောင်းချင်လို့ပါ.. အိမ်ဆောက်ဖို့အဆင်ပြေသွားအောင်လေ၊ ပြီးတော့ တောင်နက်ထဲမှာလည်း
ဂျင်ဆင်းတစ်ပင်တွေ့ခဲ့သေးတယ်”
လူအုပ်ကြီးရှိနေသည်ကို
အသုံးချ၍ သူ ဤပစ္စည်းများကို လူသိရှင်ကြား ထုတ်ပြောလိုက်သည်။ သို့မှသာ သူ ပစ္စည်းဝယ်ပြီး
အိမ်ဆောက်သည့်အခါ လူတိုင်းက သူ့ဝင်ငွေအရင်းအမြစ်ကို သိသွားပေလိမ့်မည်။
ထိုစကားကြားတော့
အားလုံးအံ့သြသွားကြ၏။
မယုံနိုင်စရာကောင်းလိုက်တာ..
ရှကျားရွာက ဒီလူသစ်လေးက အရမ်းကို အင်အားကြီးတာပဲ…
လူအများစုက
၎င်းကိုတွေးမိသည်နှင့်တစ်ပြိုက်နက် သူတို့မိသားစုမှာ အိမ်ထောင်ပြုရန် အသင့်ဖြစ်နေသော
မိန်းမငယ်လေး သို့မဟုတ် ကောလေးရှိမရှိ စဥ်းစားလိုက်ကြသည်။ သို့ဆိုလျှင် နောင်မှာ သေချာပေါက်
စည်းစိမ်ခံစားရပေမည်။
နံဘေးရှိ
ရှလီရမ်သည်လည်း အံ့သြမှင်တက်သွားပြီး ဝမ်းသာအားရပြုံးလိုက်၏။ “သွားရအောင်.. အရင်ဆုံး
တောဝက်ကို အိမ်သယ်သွားမယ်.. ခဏနေရင် နွားလှည်းငှားပြီး မြို့ပေါ်သွားကြမယ်”
ဤတောဝက်ကို
လတ်လတ်ဆတ်ဆတ် ရောင်းဝယ်ရမည်ဖြစ်ရာ စျေးနှုန်းကမြင့်မားမည်မှာ သေချာသည်။ ယခုက နွေဦးပေါက်ဖြစ်၍
တောဝက်များ ရှားပါးသောကြောင့် မြို့ပေါ်ရှိ တည်းခိုဆောင်များက လိုချင်ကြမှာ သေချာ၏။
မြို့ပေါ်ကပေးသော
စျေးနှုန်းက မြင့်မားလျှင် ရာသီဥတု မပူသေးမီ ခရိုင်မြို့သို့ သွားလို့ရသည်။
ဖူမင်ယိုက
မသိနားမလည်ဟန်ဆောင်ကာ ပြုံးလိုက်ပြီးမှ သူနှင့် ရှလီရမ်က တောဝက်ကို အိမ်သယ်သွားလိုက်ကြပေ၏။
ရှမိသားစုမှာ
နွားလှည်းမရှိသောကြောင့် ရှလီရမ်က ရွာလူကြီး၏ အကူအညီဖြင့် ရွာထိပ်ရှိ ရှတာကျူး၏ အိမ်မှာ
နွားလှည်းသွားငှားလိုက်သည်။
“အဖေ..အဖေ…
ရှောင်ပေါင်လည်း လိုက်ချင်တယ်”
ရှောင်ပေါင်က
ဝဖြိုးသော တောဝက်ကြီးကိုကြည့်ပြီး သူ့အဖေ မြို့ပေါ်သွားမှာကို သိ၍ သူက ချက်ချင်းပင်
လက်လေးနှစ်ဖက်ဆန့်ပြီး ချွဲ့နွဲ့သောအသံလေးဖြင့် ပြောလိုက်သည်။
ရှလီရမ်က
သူ့ဆံပင်ကို ဖွဖွသပ်ပေးပြီး ပြောလိုက်သည်။ “ရှောင်ပေါင်က လိမ္မာပါတယ်… အဖေ ရှောင်ပေါင်အတွက်
မုန့်ဝယ်လာပေးမယ်လေနော်”
ရှောင်ပေါက်က
နှုတ်ခမ်းစူပြီး ပြောလိုက်သည်။ “ဒါဆို အဖေ ကတိတည်ရမယ်နော်”
ကလေးလေး၏
သေးကွေးလှသော ပုံစံကိုကြည့်ပြီး ဖူမင်ယို ပြုံးလိုက်မိသည်။ “ဦးလေး.. တောဝက်သွားရောင်းတာက
အလုပ်မရှုပ်ပါဘူး.. ရှောင်ပေါင်ကို လိုက်ခိုင်းလိုက်ကြမလား?”
“ဟုတ်ပါပြီ…
ရှီးရှီးက ညီလေးကိုကြည့်ထား ဟိုဟိုသည်သည် လျှောက်မသွားစေနဲ့နော်”
ရှလီရမ်က
တခဏမျှ တွေးတောပြီး ရှယန်ရှီးကို မှာလိုက်၏။
ဒါပေါ့.. သားကြီးက လိုက်မယ်ဆိုရင် သားငယ်လည်း လိုက်ကစားချင်မှာပဲ..
“ဒါဆို
ကျွန်တော် ရှောင်ပေါင်ကို ချီထားမယ်”
ရှယန်ရှီးက
အပြုံးလေးဖြင့် တုံ့ပြန်လိုက်ပြီး မျက်လုံးများ မှေးစင်းသွားသည်အထိ ပြုံးနေသည်။
ရှရှောင်ပေါင်က
ဝမ်းသာအားရ လက်ခုပ်တီးလိုက်ပြီးမှ ချက်ချင်းပင် ရှယန်ရှီးဆီ လက်ဆန့်တန်းပြီး ခပ်ချွဲချွဲပြောလိုက်၏။
“ကောကော.. ချီ”
အမေရှက
ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်၏။ “စောစောသွားပြီး စောစောပြန်လာကြနော်”
ရှလီရမ်က
နွားလှည်းမောင်းကာ မြို့ပေါ်တက်သွား၏။ ရှယန်ရှီးက ရှောင်ပေါင်ကို တစ်လမ်းလုံးချီထား၏။
ကလေးမှာ သုံးနှစ်သာရှိသေးပြီး ယခင်က ကောင်းကောင်းမစားရသောကြောင့် ပိန်ညှပ်ပေါ့ပါးနေသည်။
“ရှီးရှီး….ကိုယ်ချီပေးမယ်..
လက်မောင်းတွေနာနေလား?”
ဖူမင်ယိုက
ရှောင်ပေါင်ကို တိုက်ရိုက် လွှဲချီလိုက်ပြီး ရှယန်ရှီးကို စိုးရိမ်သောလေသံဖြင့် ပြောလိုက်၏။
ရှယန်ရှီးက
ရှက်ပြုံးလေးဖြင့် သူ့ကိုကြည့်သည်။ “ရပါတယ်… ရှောင်ပေါင်က မလေးပါဘူး”
ဖူမင်ယိုက
ပြုံးလျက် ရှောင်ပေါင်၏ပါးကို ဖျစ်ကာဆိုသည်။ “ရှောင်ပေါင်က တကယ်မလေးတာပဲ.. နောက်ဆို
အသားများများစား.. ဖြူဖြူဖွေးဖွေးနဲ့ ဝဝကစ်ကစ်လေးဖြစ်လာလိမ့်မယ်.”
ကလေးဆိုတာ
ဖြူဖြူဖွေးဖွေး နုနုနယ်နယ်လေးမှ ချစ်စရာကောင်းတာမလား…
ရှရှောင်ပေါင်က
ဖူမင်ယို၏ လက်မောင်းထဲ၌ မှီဝဲနေရင်း အားရပါးရပြုံးရယ်လျက် ပြောသည်။ “အရမ်းဝလို့မဖြစ်ဘူး..
ဒုတိယဦးလေးရဲ့ အကြီးဆုံးအစ်ကိုဆိုရင် အရမ်းဝလို့ ဒုတိယအဒေါ်က မချီနိုင်ဘူး”
ထိုစကားကြားတော့
ဖူမင်ယိုက မျက်ခုံးပင့်လျက်မေးလိုက်သည်။ “ဘယ်လောက်ဝလို့လဲ?”
“သားထက်
ဝတယ်”
ရှရှောင်ပေါင်က
ပြုံးလိုက်ပြီးမှ ပတ်ပတ်လည်ရှိ ရှုခင်းများကိုကြည့်ကာ မျက်လုံးများတောက်ပလာသည်။ “ရွာကနေ
ခုမှပဲ ပထမဆုံးအကြိမ် အပြင်ထွက်ဖူးတာ.. အဖေ… သား နောက်ဆိုလည်း အပြင်ထွက်လည်မယ်နော်”
ရှလီရမ်က
နွားလှည်းမောင်းရင်း ပျော်နေသောသားဖြစ်သူကိုကြည့်ကာ ပြောလိုက်သည်။ “လည်တာကရတယ်.. ဒါပေမယ့်
အဖေတို့နဲ့ပဲသွားရမယ်.. သားတစ်ယောက်တည်း မြို့ပေါ်သွားရင် ကလေးသူခိုးတွေက ဖမ်းသွားမှာပေါ့..
သူစိမ်းတွေနဲ့ မရိုးသားတဲ့သူတွေကို သတိထားရမယ်..
နားလည်လား”
ရှောင်ပေါင်က
ခေါင်းညိတ်ပြသည်။ “ဟုတ်ကဲ့ပါ..ဖေဖေ.. သား မှတ်ထားပါ့မယ်”
သူ ငယ်သေးတာကြောင့်
တစ်ယောက်တည်း ထွက်ကစားမှာမဟုတ်ပေ။ သွားကစားချင်သည့်တိုင် အဖေတို့နဲ့ပဲ လိုက်သွားရမည်။
မြို့ပေါ်
ရောက်ပြီးနောက် ရှလီရမ်က ဦးဆောင်ပြီး တည်းခိုခန်းကောင်းကောင်းတစ်ခုရှာပြီး တောဝက်ကိုရောင်းချခဲ့သည်။
ထို့နောက် ဆေးဆိုင်များကို နှိုင်းယှဥ်ပြီး ဂျင်ဆင်းကိုလည်း ရောင်းချခဲ့သည်။
အဆုံးမှာ
ဖူမင်ယိုသည် ငွေတေးလ်၁၈၀ဝကျော် ရရှိခဲ့ပြီး ၁၅၀၀မှာ ဂျင်ဆင်းရောင်းရငွေနှင့် ကျန်တာကတော့
တောဝက်ရောင်းရငွေဖြစ်၏။
တောဝက်က
ရှားပါးသော်လည်း စျေးနှုန်းကအတူတူပင်။ တကယ်တန်ဖိုးရှိတာက ဂျင်ဆင်းဖြစ်၏။ အကြောင်းကတော့
ဂျင်ဆင်းရှာနိုင်တဲ့သူ သိပ်မရှိလို့မလား။ တောင်ပေါ်က ဂျင်ဆင်းရိုင်းအစစ်ဆို ပိုတောင်ရှားပါးတာပေါ့။