Chapter 11
“အိမ်ဝယ်လိုက်ပြီ”
ဂျင်ဆင်းနှင့် တောဝက်ကို ရောင်းချပြီးနောက်မှာ ဖူမင်ယိုက လဲလှယ်ရရှိထားသော ငွေကိုယူပြီး ရှလီရမ်နှင့်အတူ ပြန်လာခဲ့သည်။
ရှကျားရွာ ငြိမ်သက်တိတ်ဆိတ်နေသည်မှာ အတော်ကြာခဲ့ပြီပင်။
သို့ပေသိ ဖူမင်ယို ရောက်လာကတည်းက သူသည်ကား တောဝက်ကို အမဲလိုက်နိုင်ခဲ့သည်သာမက ဂျင်ဆင်းမြစ်ကိုပါ တူးဖော်ရရှိခဲ့သည်။ ဤသည်မှာ ကြီးမားသော ဖြစ်ရပ်တစ်ခုဖြစ်ပေ၏။
အကြောင်းမှာကား ဤနှစ်များစွာအတွင်း တစ်စုံတစ်ယောက် ဂျင်ဆင်းရှာဖွေတွေ့ရှိခဲ့ဖူးသည်မှာ ကြာလှပြီဖြစ်၏။ မဟုတ်လျှင် အိမ်တိုင်းဂျင်ဆင်းမြစ်ကြောင့် ချမ်းသာကြွယ်ဝနေလောက်သည်။
သူတို့ပြန်လာမှာကို စောင့်မျှော်နေရှာသော အမေရှသည်ကား အိမ်မှာရှိနေသော လူများကို စိတ်မပါတပါဖြင့် ဆက်ဆံနေရသည်။ ဖူမင်ယိုတို့ စျေးမှာ ငွေဘယ်လောက်နှင့် ရောင်းချနိုင်မည်ကို လူတိုင်း စိတ်ဝင်စားနေကြသည်။ လူများစွာက ရှအိမ်တော်ကို ရောက်ရှိနေပြီး စကားစမြည်ပြောနေကြ၏။
သို့သော် တကယ်တမ်းမှာ အမေရှက စိတ်ပျက်အားငယ်နေ၏။ သူမက ပုံမှန်နေ့တွေမှာ မရင်းနှီးသော ဤလူများကို သူ့အိမ်မှာ မထားချင်ပေ။
သို့ပေသော်ငြား လူတိုင်းက တစ်ရွာသားချင်းဖြစ်နေ၍ သူမက လူစုလူဝေးကို နှင်ထုတ်ဖို့ရန် အားနာနေသည်။
လူတိုင်း၏ စပ်စုလိုစိတ်နှင့် သက်ဝင်မှုများကြား၌ ညနေစောင်းတော့မည်အချိန်မှာ နွားလှည်းတစ်စီးက ရွာဝင်ပေါက်မှ တရွေ့ရွေ့ဝင်လာတော့သည်။
ဤနွားလှည်းက ရွာလူကြီး၏ အကူအညီဖြင့် ငှားရမ်းထားခြင်းဖြစ်သည်။ ဖြတ်သွားစဥ်မှာ ရှလီရမ်က ဝယ်လာသောမုန့်များကို ရွာလူကြီး၏ဇနီးအား ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကာ ဖူမင်ယိုနှင့် တခြားသူများကို ပြန်ခေါ်လာသည်။
“အိမ်ဦးနတ်ကြီး.. ရှင်အရင်ကပြောတာ မှန်သားပဲ” ရွာလူကြီး၏ဇနီးက သူမလက်ထဲရှိ ဂျုံပေါင်မုန့်တစ်ပေါင်ကိုကြည့်ပြီး ရှလီရမ်၏ ရက်ရောမှုကြောင့် အံ့အားသင့်နေသော်လည်း တစ်ချိန်တည်းမှာပင် ဖူမင်ယိုအား မရိုးရှင်းသူဟု ခံစားလိုက်ရသည်။
မည်သို့ပင်ဆိုစေကာမူ သူမ ဝမ်းသာနေသေးသည်။ ဤဂျုံမုန့်တစ်ပေါင်ကို ချွေတာစားသုံးပါက ကလေးများ အကြာကြီးစားသုံးနိုင်ပေမည်။
ရွာလူကြီးက ပြုံးလျက် လက်ဖက်ရည်တစ်ငုံသောက်ကာ ပြောလိုက်၏။ “ငါပြောတာမှားဖူးလို့လား?” ရွာလူကြီး၏ ဇနီးက သူ့ကို မျက်စောင်းချိတ်ပြီး မုန့်များကို ဗီရိုထဲထည့်သိမ်းလိုက်၏။
ရှလီရမ်နှင့် တခြားသူများ အိမ်ပြန်ရောက်သောအခါ လူအပြည့်မြင်လိုက်ရပြီး မှင်တက်သွားတော့သည်။
“အို.. သူတို့ပြန်ရောက်ပြီ”
“ဖူရှောင်ကျစ်… မင်းရဲ့တောဝက်က ဘယ်လောက်နဲ့ရောင်းရလဲဟင်?”
“အခုချိန်ဆို တောဝက်သားက စျေးကောင်းမှာပဲနော်”
ဖူမင်ယိုက ထိုလူအုပ်ကိုကြည့်ပြီး ချက်ချင်းပင် နားလည်သွားကာ ပြုံးလိုက်၏။ “အဒေါ်တို့.. နောက်ကျနေပြီလေဗျာ.. ညစာပြင်ဆင်ဖို့ မပြန်ကြတော့ဘူးလား”
သူ့ပုံစံက ရောင်းရငွေကို ရူးမိုက်မိုက်ပြောပြမယ့် ငတုံးနဲ့တူလို့လား။
လူတိုင်းက အပြုံးမျက်နှာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သော်လည်း သူတို့သည်ကား ရှလီရမ်တို့မိသားစုနှင့် ခင်မင်ရင်းနှီးမှု လုံးဝမရှိသဖြင့် ရင်ထဲကနေ နားလည်လိုက်၏။
တစ်ဖက်လူက ငယ်ရွယ်သော်လည်း ပေါင်းသင်းဆက်ဆံရလွယ်ကူမည်မဟုတ် ဟူ၍ပင်။
“ဟဲဟဲဟဲ. ဟုတ်သားပဲနော်… ညနေတောင်စောင်းတော့မယ်.. ငါတို့ပြန်သင့်ပြီ”
“ဟုတ်တယ်… ကျွန်မယောကျာ်းလည်း အိမ်ပြန်ချက်ပြုတ်မှာကို စောင့်နေတယ်”
“စကားပြောရင်း အချိန်မကြည့်မိလိုက်တာ မှောင်တောင်မှောင်တော့မယ်”
“အဒေါ်ရေ ဒါဆို ကျွန်မတို့သွားပြီနော်”
လူတိုင်းက အားတုံ့အားနာ ရယ်မောလျက် ဆင်ခြေပေးကာ ထွက်သွားကြသည်။
လူတိုင်းထွက်သွားပြီးနောက် ကျန်နေခဲ့သူများက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ ရှောင်ပေါင်တစ်ယောက်တည်းကသာ သူတို့အားလုံး ဘာကိုရယ်နေလဲမသိ၍
ကြောင်တက်တက်အမူအရာဖြင့် ကြည့်နေလေသည်။
“နောက်ကျနေပြီ.. ရှီးရှီးရေ.. အမေကို လာကူချက်ပေးပါဦး”
လူရှိနေသောကြောင့် အမေရှက ချက်ပြုတ်လို့မရဖြစ်နေခဲ့သည်။ မဟုတ်ပါက ရှလီရမ်တို့ ပြန်လာသည်နှင့် ပူပူနွေးနွေး စားသုံးနိုင်မှာဖြစ်၏။
ဤတစ်ကြိမ်မှာ ရှလီရမ်လိုက်ပါလာသောကြောင့် ဖူမင်ယိုက ဘာမှမဝယ်ဖြစ်ခဲ့ပေ။ ကံအားလျော်စွာ ယခင်က အများကြီးဝယ်ထားပြီးသည်မို့ ယခုမဝယ်လည်း အဆင်ပြေလေသည်။
ဤကိစ္စပြီးဆုံးသွားသော်လည်း ရွာထဲမှာ ကောလာဟလတချို့ရှိနေသေးသည်။
ဖူမင်ယိုက ဂရုမစိုက်ပါပေ။ ထိုလူများက သူနှင့် ပတ်သက်မှုမရှိသည့်အတွက် စိတ်ထဲမထားချေ။ မည်သို့ပင်ဖြစ်စေ သူသည်ကား စကားပြောချင်သည့် သူများပါးစပ်ကို မတားနိုင်ပေ။
“ရှလောင်တ”
ဦးလေးနျိုက အလုပ်ပြီးသွားသည့်အခါ ရွာကိုပြန်လာပြီး ရှလီရမ်အား ရှာဖွေခဲ့သည်။
ရှလီရမ်ကလည်း အိမ်မှာရှိနေသည်။ ယခု သူက မြက်ရှင်းပြီးသွား၍ ဖူမင်ယို ပုံဆွဲပြသည့်အတိုင်း ရှောင်ပေါင်အတွက် အရုပ်လေးများ လုပ်ပေးနေသည်။
ရှတာနျိုကို တွေ့သောအခါ ရှလီရမ်က ချက်ချင်းထရပ်ပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။ “ဦးအစ်ကိုတာနျို လာပြီလား.. ရှီးရှီးရေ မင်း ဦးလေးအတွက် ရေတစ်ခွက်ခပ်ပေးပါဦး”
ရှတာနျိုက ချက်ချင်းလက်ခါပြပြီး ပြောသည်။ “ရတယ်..ရတယ်….ငါ မင်းနဲ့ အိမ်ကိစ္စပြောဖို့လာခဲ့တာ”
ရှလီရမ်က အိမ်ဝယ်ဖို့ သူ့ဆီလာခဲ့သော်လည်း သူ အလုပ်ရှုပ်နေသောကြောင့် ယနေ့မှသာ အချိန်ရ၍ ပြန်လာခြင်းဖြစ်၏။
သူ ယခုလေးတင် အိမ်ဟောင်းကို ကြည့်လာသည်။ ၎င်းက အနည်းငယ် ဟောင်းနွမ်းနေသော်လည်း ခြံထဲရှိ မြက်များမှလွဲ၍ ကျန်တာအားလုံးအဆင်ပြေသည်။
“ရတာပေါ့… တာနျိုရယ်.. အထဲဝင်ထိုင်ပြီး စကားပြောကြရအောင်လေ”
ရှလီရမ်က ပြုံးလိုက်ပြီး တစ်ဖက်လူအား အိမ်မကြီးထဲသို့ လက်မောင်းဖက်ခေါ်သွားပြီး အော်ပြောလိုက်၏။ “ရှောင်ဖူရေ မင်းရဲ့ ဦးလေးနျိုရောက်လာပြီ”
ထိုအချိန်တွင် ကိုယ်ပိုင်အခန်းလေးထဲမှာရှိနေသော ဖူမင်ယိုက အသံကြားပြီး ချက်ချင်းထွက်လာ၏။
“မင်္ဂလာပါ…ဦးလေးနျို..ကျွန်တော်က ဖူမင်ယိုပါ ရှောင်ဖူလို့ခေါ်လို့ရပါတယ်”
ဖူမင်ယိုက ဘေးနားမှာထိုင်နေသော ရှတာနျိုကို မြင်သောအခါ ပြုံးပြ၍ သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။
ရှတာနျိုက စိတ်ထဲကနေ နားလည်လိုက်ပြီး ရှလီရမ်ကိုကြည့်ကာ ပြောလိုက်သည်။ “ဒီလူငယ်လေးကို မမြင်ဖူးပါလား.. မင်းတို့မိသားစုနဲ့ သွေးဝေးတဲ့ဆွေမျိုးလား”
ဤရှောင်ဖူအား သူ တကယ်မသိပေ။ တစ်ချက်ကြည့်ရုံဖြင့် ဝေးလံသောအရပ်မှလာသူဖြစ်ကြောင်း သိလိုက်သည်။
ရှလီရမ်က ပြုံးလျက် အရင်က အကြောင်းအရာများကို အကျဥ်းချုံးရှင်းပြလိုက်သည်။ “ရှောင်ဖူက မင်းရဲ့အိမ်နဲ့မြေကို ဝယ်ချင်လို့ စျေးနှုန်းသတ်မှတ်ပေးပါ”
ရှတာနျိုတို့ တစ်မိသားစုလုံးက မြို့ပေါ်ပြောင်းသွားကြပြီဖြစ်၍ ရွာထဲရှိ အိမ်သည်လည်း လွတ်နေသောကြောင့် ရောင်းလိုက်တာပိုကောင်းသည်။
မည်သို့ပင်ဖြစ်စေကာမူ သူတို့သည်ကား ပြန်လာဖို့ ရည်ရွယ်ချက်မရှိ၍ ရွာထဲရှိ မြေအားလုံးကို အငှားချထားသည်။
“ဟားဟား…ဒါဆိုကောင်းတာပေါ့…ငါ ခုနကပဲ သွားကြည့်လာတာ..အိမ်က အကောင်းကြီးပဲဆိုတော့ သန့်ရှင်းရေးနည်းနည်းလုပ်ပြီးတာနဲ့ နေလို့ရပါပြီ”
ရှတာနျိုက ပြုံးလိုက်ပြီး တခဏမျှ စဥ်းစားပြီးနောက် ပြောလိုက်သည်။ “ငွေဆယ်တေးလ်ပါ.. ဦးလေး မင်းကို မလိမ်ပါဘူး.. ဒီစျေးအတိုင်းပဲပေးပါ”
ဖူမင်ယိုသည်လည်း အိမ်ကို သွားကြည့်ဖူးသည်။ ၎င်းက အမှန်တကယ် ကောင်းမွန်ပြီး မြေနေရာက အလွန်ကျယ်သည်။ အရေးအကြီးဆုံးမှာ မြေကွက်သည်လည်း ဤစျေးနှုန်းနှင့် တန်နေခြင်းပင်။
ထို့အပြင် ဖူမင်ယိုက ငွေကြေးချမ်းသာ၍ ထိုငွေအနည်းငယ်ကို စျေးမဆစ်ချင်ပေ။
“ကောင်းပါပြီ. ကျေးဇူးပါ ဦးလေး.. ကျွန်တော် ငွေသွားယူလိုက်မယ်”
ဖူမင်ယိုက ခေါင်းညိတ်ပြကာ အခန်းထဲပြန်သွားပြီး ငွေယူချင်ယောင်ဆောင်လိုက်၏။
အမှန်မှာ သူ့ငွေအားလုံးက သူ၏ ဒိုင်မန်းရှင်းစနစ်ထဲ၌ရှိပြီး အပြင်မှာ ငွေအများကြီးမရှိသောကြောင့် အခန်းထဲငွေသွားယူသလို ဟန်ဆောင်လိုက်ရသည်။
ရှလီရမ်က ပြုံးပြီး ရေတစ်ငုံသောက်ကာ ပြောလိုက်သည်။ “တာကျွမ်းတို့ရှိနေတာဆိုတော့ မင်းလည်း နောက်ဆို ပျော်ရမှာပါ”
ဤရှတာနျို၏ မိသားစုသည် ရွာထဲမှာ အခြေအနေကောင်းသည်ဟု သတ်မှတ်ခံထားရသည်။ အသေးစားစီးပွားရေးလုပ်ခြင်းဖြင့် မိသားစုကို နိုင်နင်းစွာ ထောက်ပံ့နိုင်သည်။
“ဟေ.. အဲ့ဒီလုပ်ငန်းသေးသေးလေးက ဘာမှမပြောပလောက်ဘူးကွာ”
ရှတာနျိုက သက်ပြင်းချပြီး ဖြည်းဖြည်းချင်းပြောပြလာ၏။ “ကံကောင်းတာက ဆိုင်က ငါ့မိန်းမနာမည်နဲ့ဆိုတော့ မြေးလေးတွေရဲ့ ပညာရေးကို မထိခိုက်စေဘူးပေါ့… ကလေးတွေ ငါတို့ဘိုးဘေးတွေရဲ့ ဂုဏ်ကိုမြှင့်တင်ပေးနိုင်ဖို့ တစ်ဘဝလုံး ဆုတောင်းနေရတာပါပဲ”
သူတို့ မြို့ပေါ်ပြောင်းသွားရခြင်း အကြောင်းအရင်းမှာ မြို့ပေါ်မှာ ပညာရေးကျောင်းများ ပိုမိုများပြား၍ပင်။
ရှတာနျိုသည် အရင်တုန်းက မြို့ပြင်များကို သွားလာဖူး၍ စာသင်ခြင်း၏ အရေးကြီးပုံကို သိသည်။
သားက ကြီးနေပြီမို့ နောက်ကျနေပြီဖြစ်သော်လည်း မြေးလေးကတော့ အရွယ်ကောင်းသေးသည်။
ထိုအချိန်တွင် အခန်းထဲမှထွက်လာသော ဖူမင်ယိုက ထိုစကားကိုကြားလိုက်ရပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။ “စာသင်တာက ကောင်းတဲ့အရာပါ..ဦးလေးရဲ့မြေးမှာ တောက်ပတဲ့အနာဂတ်ရှိမှာ သေချာတယ်”
ရှာတာနျိုကပြုံး၍ ဖူမင်ယို၏လက်ထဲမှ ငွေကိုယူပြီး ပြန်ပြောလိုက်၏။ “ဟားဟား ဒါဆို ရှောင်ဖူရဲ့ စကားကိုပဲ နိမိတ်ဆောင်လိုက်ပါ့မယ်”
သူ ယနေ့မှ ပြန်လာသော်လည်း ဤလူငယ်နှင့်ပတ်သက်သည့် ကောလာဟလများကို ကြားဖူးပြီးပြီပင်။
ထို့နောက် သူတို့အားလုံးက ရွာလူကြီးအိမ်သို့ တိုက်ရိုက်သွားလိုက်ကြပြီး ငွေပေးချေမှုနှင့် ပစ္စည်းပေးပြီးကြောင်း စာရွက်စာတမ်းရေးသားခဲ့ကြသည်။ စာချုပ်သုံးစောင်ထားရှိ၍ တစ်ယောက်တစ်စောင်စီယူကာ ကျန်တစ်စောင်ကိုတော့ ရွာလူကြီးထံမှာ မှတ်တမ်းအဖြစ် သိမ်းဆည်းထားလိုက်၏။